ယုံကြည်မှုအတွက် မေးခွန်းတစ်ရပ်ဖြစ်နေတဲ့ စောင့်ကြည့်ထောက်လှမ်းရေးလုပ်ငန်း

ဂျိမ်းစ်ကိုး ရေးသားသည်။

“သူတို့က နေ့ရော ညရောဆိုသလို ကိုယ်တော့်နောက်ကို နောက်ယောက်ခံ လိုက်နေခဲ့ပေမယ့် အခုတော့ ဘေးကင်း လုံခြုံသွားပါပြီ” လို့ Skype ဆက်သွယ်မှုအပေါ် ကြားဖြတ် နားထောင်ခြင်းနဲ့ ပတ်သက်ပြီး အရှင်ဂမ္ဘီရက ဆိုပါတယ်။ အရှင်ဂမ္ဘီရဟာ ရွှေဝါရောင်တော်လှန်ရေးလို့ လူသိများတဲ့ ၂၀၀၇ သံဃာ့အရေးအခင်းမှာ ဦးဆောင်နေရာက ပါဝင်ခဲ့ခြင်းအတွက် ၂၀၁၃ ခုနှစ်က စတင်ပြီး လေးနှစ်ကျော် အကျဉ်းချခံရပြီးနောက် ထိုင်းနိုင်ငံမှာ သွားရောက် နေထိုင်နေပါတယ်။

အစိုးရရဲ့ စောင့်ကြည့်ထောက်လှမ်းရေးအစီအစဉ်တွေရဲ့ ထင်သာတဲ့ အကျိုးသက်ရောက်မှုတွေနဲ့ သူကသိပ်တော့ မစိမ်းလှပါဘူး။

“[တော်လှန်ရေးကာလအတွင်းမှာ] ဂြိုလ်တုဖုန်းနှစ်လုံးကို အသုံးပြုခဲ့ဖူးပါတယ်။ တစ်လုံးက ထိုင်းနိုင်ငံက ဖြစ်ပြီး နောက်တစ်လုံးက စင်ကာပူကဖုန်းပါ။ ကိုယ်တော်ရဲ့ခေါ်ဆိုမှုတွေကို အစိုးရက နားထောင်လို့ မရတော့ဘူးပေါ့” လို့ သူကပြောပါတယ်။

ဆန္ဒပြမှုတွေကို ရက်ရက်စက်စက် အကြမ်းဖက်နှိမ်နှင်းတဲ့ အာဏာပိုင်တွေဘေးက လွှတ်မြောက်ဖို့အတွက် အကောင်းဆုံးကြိုးစားခဲ့ပေမယ့်လည်း အရှင်ဂမ္ဘီရဟာ နောက်ဆုံးမှာ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၆၈ နှစ် ချမှတ်ခြင်း ခံခဲ့ရပါတယ်။ သမ္မတလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ၂၀၁၂ ခုနှစ်အစောပိုင်းမှာ လွှတ်မြောက်လာခဲ့ပြီးနောက် တိုင်းပြည်က မထွက်ခွာခင် ၁၁ လအတွင်းမှာလည်း သုံးကြိမ်ထက်မနည်း ဖမ်းဆီးခံခဲ့ရပါသေးတယ်။

“မြန်မာအစိုးရကို အခုချိန်ထိ မယုံသေးပါဘူး” လို့လည်း ထောင်တွင်းမှာ အနှိပ်စက်ခံခဲ့ရတဲ့ဒဏ်ကြောင့် မကျန်းမမာ ဖြစ်နေတဲ့ အရှင်ဂမ္ဘီရက ဆိုပါတယ်။ “အာဏာလွှဲပြောင်းပြီးတဲ့နောက်မှာ နိုင်ငံရေးပြဿ     နာရပ်များစွာလည်း ပေါ်လာဦးမှာပါ။ ပြဿ     နာတွေ ဆက်ဖြစ်နေဦးမယ်ဆိုပေမယ့် NLD [အမျိုးသားဒီမိုကရေစီအစိုးရအဖွဲ့ချုပ်] အစိုးရသစ် လက်ထက်မှာ ပိုကောင်းလာမှာပါ” လို့လည်း သူက ခန့်မှန်း ပြောဆိုထားပါတယ်။

သို့သော် စောင့်ကြည့်ထောက်လှမ်းရေး အစီအစဉ်နဲ့ပတ်သက်လို့တော့ အရှင်ကမ္ဘီရက အကောင်းမမြင်သေးပါဘူး။ ပြည်ထဲရေးဝန်ကြီးဌာနက စစ်တပ်ထိန်းချုပ်မှုအောက်မှာ ဆက်ရှိနေပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို စောင့်ကြည့်ထောက်လှမ်းတာတွေ ဆက်လက်တည်ရှိနေမယ့် အခြေအနေအပေါ် အရှင်ဂမ္ဘီရက စိုးရိမ်နေပါတယ်။ စစ်တပ်က နိုင်ငံသားတွေအပေါ် ယုံကြည်မှုမရှိတဲ့အတွက် NLD အစိုးရအနေနဲ့ ဒီပြဿနာကို ဖြေရှင်းနိုင်ဦးမှာ မဟုတ်ပါဘူးလို့လည်း သူက ပြောကြားခဲ့ပါတယ်။

“သူတို့က နှစ်ပေါင်း ၅၀ ကြာလောက် ပြဿ     နာတွေ ရှာထားတာကြောင့် လူတွေကို ကြောက်လန့်နေပါတယ်။”

မြန်မာနိုင်ငံက မိုဘိုင်းဖုန်းနည်းပညာ ရယူအသုံးပြုနိုင်ခွင့်ဟာ လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ တစ်ဟုန်ထိုး တိုးတက်လာခဲ့ပြီး တိုင်းပြည်တွင်း ဆင်းကတ်သုံးဆွဲသူဦးရေကလည်း ၃၅ သန်းကျော် ရှိလာပါတယ်။ သုံးစွဲသူများစွာဟာ သူတို့ရဲ့ ဖုန်းခေါ်ဆိုမှု၊ မက်ဆေ့ချ်ပေးပို့မှု၊ အီးမေးလ်ပေးပို့မှုနဲ့ ဖွင့်ကြည့်တဲ့ ဝက်ဘ်ဆိုဒ်တွေတိုင်းကို မှတ်တမ်းတင် ခံနေရတယ်ဆိုတာ မသိကြပါဘူး။ မိုဘိုင်းဖုန်းသုံးစွဲသူတွေရဲ့ တည်နေရာကို သုံးမြှောင့်ချွန်ဧရိယာ ပေ ၂,၀၀၀ (၆၁၀ မီတာခန့်) ပတ်လည်အတွင်းမှာ ဖမ်းယူနိုင်ပြီး စမတ်ဖုန်းအသုံးပြုသူတစ်ဦးကို ၂၇ ပေ ပတ်လည် (ရှစ်မီတာခန့်) အတွင်းမှာ ထောက်လှမ်းရှာဖွေနိုင်ပါတယ်။

ကမ္ဘာ့နေရာအများစုမှာတော့ အချက်အလောက်ပေါင်း ဘယ်လောက်များများကို သိမ်းဆည်းထားသလဲ။ အဲဒါတွေကို ဘယ်သူတွေက ရယူကြည့်ရှုခွင့်ရှိသလဲဆိုတာနဲ့ စောင့်ကြည့်စစ်ဆေးတဲ့ ဘယ်လိုအာဏာတွေကို ထားရှိ အသုံးပြုသလဲဆိုတဲ့အပေါ်မှာ အခိုင်အမာ မေးခွန်းထုတ် ငြင်းခုံနေကြတုန်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံကလည်း ခေတ်နဲ့လျော်ညီစေရေးအတွက် အလျင်အမြန် ဆောင်ရွက်နေပြီး နိုင်ငံသားတွေက ဒေတာအများကြီးကို စတင်ထုတ်လုပ်နေတာနဲ့အမျှ လုံခြုံရေးနဲ့ ကိုယ်ရေးကိုယ်တာကိစ္စရပ်တို့အကြား ဘယ်နေရာမှာ စည်းခြားမလဲဆိုတာကို အလျင်အမြန် ဆုံးဖြတ်မှ ရတော့မှာပါ။

“ရုပ်ပိုင်းဆိုင်ရာနဲ့ ဆက်သွယ်ရေးအရ စောင့်ကြည့်ထောက်လှမ်းခြင်းက မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ခြင်းနဲ့ ဆက်စပ်နေပါတယ်။ မြန်မာအစိုးရအနေနဲ့ ဆက်သွယ်ရေးကိစ္စရပ်တွေအပေါ် စောင့်ကြည့် ထောက်လှမ်းနေတဲ့ အတိုင်းအတာနဲ့ အနေအထား အပြည့်အစုံကို ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် မြန်မာနိုင်ငံဟာ စောင့်ကြည့်ထောက်လှမ်းရေး နည်းပညာတွေကို ဝယ်ယူနေတယ်ဆိုတဲ့ သက်သေအထောက်အထားတွေလည်း ရှိနေပါတယ်” လို့ လန်ဒန်အခြေစိုက် စောင့်ကြည့်လေ့လာရေးအဖွဲ့ဖြစ်တဲ့ Privacy International အဖွဲ့မှ အလက်ဇန်းဒရင်း ပီအာလော့ ဒီ ကော်ဘီယွန်က Frontier ကို ပြောကြားခဲ့ပါတယ်။

စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာရောင်းချခြင်းက မကောင်းသတင်းနဲ့ ကျော်ကြားလှအောင် လျို့ဝှက်မှုရှိပြီး၊ အစိုးရက မည်သည့်အတိုင်းအတာအထိ ရရှိအောင်ဆောင်ရွက်နေတယ်ဆိုတာကို သိရှိဖို့ ခက်ခဲလေ့ ရှိပါတယ်။ သို့ပေမယ့် ယခုနှစ်အစောပိုင်းအတွင်းမှာ ဝီကီးလိခ်က အချက်အလက်တွေအရ Hacking Team ကုမ္ပဏီရဲ့ လျို့ဝှက်အီးမေးလ်တွေ အစုလိုက် ထွက်ပေါ်လာတဲ့အခါမှာ မြန်မာနိုင်ငံတွင်းက အခြေအနေတွေကို အနည်းငယ် သိရှိခွင့်ရရှိခဲ့ပါတယ်။

Hacking Team ကုမ္ပဏီက ပစ္စည်းတွေကြောင့် အစိုးရဟာ ဆက်သွယ်ရေးကိစ္စရပ်တွေအပေါ် စောင့်ကြည့် စစ်ဆေးလာနိုင်စေပါတယ်။ ကုဒ်အဖြစ်ပြောင်းလဲထားတဲ့ လျို့ဝှက်ဖိုင်တွေနဲ့ အီးမေးလ်တွေကို ဖတ်ရှုအဓိပ္ပာယ်ဖော်ခြင်း၊ မိုက်ကရိုဖုန်းနဲ့ ကင်မရာတွေကို အဝေးကနေ ဖွင့်ပေးခြင်း၊ Skype ခေါ်ဆိုမှုတွေကို မှတ်တမ်းတင်ခြင်းနဲ့ Viber မှာ ပြုလုပ်တဲ့ ဆက်သွယ်မှုတွေလို VoIP ခေါ်ဆိုမှုတွေကို ကြားဖြတ်နားထောင်ခြင်းတွေ ပြုလုပ်နိုင်စေပါတယ်။

ဝီကီးလိခ်က ထုတ်ပြန်ခဲ့တဲ့ အီးမေးလ်တစ်ခုကတော့ ၂၀၁၄ ခုနှစ်အတွင်းမှာ နောင်ရိုးနည်းပညာအဖွဲ့က ဦးအောင်လင်းသွေးက Hacking Team ထံ ပေးပို့ခဲ့တဲ့ အီးမေးလ်ဖြစ်ပါတယ်။

“ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်မှူးကြီးနှစ်ဦးနဲ့အတူ ချက်နိုင်ငံက ISS World Training ကို သွားရောက် လည်ပတ်တဲ့အချိန်မှာ သင့်တို့နဲ့ ဆက်သွယ်ဖို့ အချက်အလက်တွေ ရရှိခဲ့ပါတယ်” လို့ ဦးအောင်လင်းသွေးက ရေးသားထားပါတယ်။ “ကာကွယ်ရေးဝန်ကြီးဌာနက Hacking Team ကို သူတို့ကိုယ်စား ဆက်သွယ်ဖို့ ကျွန်တော့်တို့ကို တောင်းဆိုခဲ့ပါတယ်”။

နောက်တစ်လအကြာမှတော့ Hacking Team စင်ကာပူကိုယ်စားလှယ်ရုံးက အကြီးအကဲဖြစ်သူ ဒန်နီရယ်မဂ္ဂလီတာက ပေးပို့ခဲ့တဲ့ ကုမ္ပဏီတွင်းအီးမေးလ်တစ်ခုမှာ “မြန်မာနိုင်ငံကို ပို့လိုက်တဲ့ ကျွန်တော်တို့ရဲ့ ကမ်းလှမ်းချက်နဲ့ပတ်သက်ပြီး ထူးခြားမှုတစ်စုံတစ်ရာ ရှိ၊မရှိ သိရှိလိုပါတယ်” လို့ ရေးသားထားပါတယ်။

အဲဒါ ဘယ်လိုကမ်းလှမ်းချက်မျိုးလည်း၊ ဒါမှမဟုတ် အဆိုပါကမ်းလှမ်းချက်ကို မြန်မာအစိုးရက လက်ခံခြင်း ရှိ၊ မရှိဆိုတာကို မသိရှိရသေးပါဘူး။

“မြန်မာနိုင်ငံဟာ အချိန်အတော်ကြာကြာကတည်းက စောင့်ကြည့်ထောက်လှမ်းတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ရှိနေခဲ့တယ်ဆိုတာနဲ့ ဒီလိုဆောင်ရွက်နေတာဟာ သူ့ရဲ့ လက်ရှိကာလနဲ့ အနာဂတ်ကာလအတွင်းမှာ ပိုင်ဆိုင်မယ့် ချိတ်ဆက်မှုနဲ့ နည်းပညာတွေ မရှိခင်ကတည်းက စတင်ခဲ့တယ်ဆိုတာကို ကျွနု်ပ်တို့ သိရှိခဲ့ရပါတယ်” လို့ လန်ဒန်မြို့မှ ဉာဏ်ကြီးရှင်များအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ စီးပွားရေးနဲ့လူ့အခွင့်အရေးဆိုင်ရာအင်စတီကျူ့က လူစီပါဒန်က ဆိုပါတယ်။

“သူတို့ [အစိုးရ] က သူတို့ ̒နိုင်ငံသားတွေရဲ့̓ ကိစ္စရပ်တွေကို ဖောက်ထွင်းကြည့်ရှုနေတယ်ဆိုရင်၊ ဒါဟာ တရားဝင်မှု မရှိပါဘူး။ သူတို့က အဲဒီသတင်းအချက်အလက်တွေကို ကျွန်တော့်ထံက ရရှိမှာမဟုတ်ပါဘူး” လို့ တယ်လီနောရဲ့ ကော်ပိုရိတ်ရေးရာ အကြီးအကဲဖြစ်သူ ဂန်နာ ဘာတယ်လ်ဆန်က ပြောကြားလိုက်ပါတယ်။

“ဥပမာ ဖေ့စ်ဘွတ်ပေါ်မှာ [အသရေဖျက်မှုနဲ့ အဖမ်းခံထားရတဲ့] ကချင်လူမှုရေး တက်ကြွလှုပ်ရှားသူရဲ့ ကိစ္စရပ်ကို ကြည့်မယ်ဆိုရင် မိုဘိုင်းဖုန်းလုပ်ငန်းလုပ်ကိုင်သူတွေနဲ့ ဘာမှမဆိုင်ပါဘူး” လို့ မစ္စတာ ဘာတယ်လ်ဆန်က ဆိုပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ရဲ့ပုံကို ကွန်ပျူတာနဲ့ ပြုပြင်ပြီး ဖေ့စ်ဘွတ်ပေါ်မှာ တင်ခဲ့တယ်ဆိုတဲ့ စွပ်ဆွဲချက်ကြောင့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ အမှုရင်ဆိုင်နေရတဲ့ ဦးပက်ထရစ်ခွန်ဂျာလီကို ရည်ညွှန်းပြီး သူက ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။

သို့ပေမယ့် ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးကို အထောက်အကူပြုဖို့အတွက် တယ်လီဖုန်းဆက်သွယ်ရေး အချက်အလက်တွေ ဖော်ထုတ်ပေးခြင်းအပါအဝင် ပိုမိုပွင့်လင်းမြင်သာပြီး တရားဝင်မှုရှိတဲ့ စောင့်ကြည့်ထောက်လှမ်းရေး နည်းလမ်းတွေကို အသုံးပြုတာတွေလည်း ရှိပါတယ်။

ဆက်သွယ်ရေးဥပဒေအရ ဖုန်းဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေက သုံးဆွဲသူတွေရဲ့ ဆက်သွယ်ရေးအချက်အလက်တွေကို သိမ်းဆည်းထားဖို့ တာဝန်ရှိပါတယ်။ ထိုဥပဒေရဲ့ ပုဒ်မ ၆၉ မှာ ဖော်ပြထားတာက အစိုးရသည် ဤသတင်းအချက်အလက်ကို ရယူရန်အတွက် တရားရုံးအမိန့်တစ်ရပ်ကို ရယူရမည်လို့ ဖော်ပြထားပါတယ်။ သို့ပေမယ့် ဆက်သွယ်ပြောဆိုမှုများအပေါ် ကြားဖြတ်နားထောင်ခြင်းကို စီမံကွပ်ကဲတဲ့ အာဏာပိုင်တွေရဲ့ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မှုနဲ့ ပတ်သက်သော ဥပဒေကိတော့ ရေးဆွဲရခြင်း မရှိသေးပါဘူး။

ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ရယူကြည့်ရှုဖို့အတွက် ရဲတပ်ဖွဲ့ဝင်တွေဟာ တရားသူကြီးတစ်ဦးထံ “ကနဦးအစီရင်ခံစာ” တစ်ရပ်ကို တင်သွင်းရမှာဖြစ်ပါတယ်။ တရားရုံးကခွင့်ပြုတယ်ဆိုရင် နေပြည်တော်မှာရှိတဲ့ ဆက်သွယ်ရေးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာတို့ထံကို အဆိုပါတောင်းဆိုမှုအား ဆက်လက်ပေးပို့သွားမှာ ဖြစ်ပါတယ်။ အဆိုပါတောင်းဆိုမှုကို အတည်ပြုပေးတယ်ဆိုရင် အကြံပြုစာတစ်စောင်ကို အချက်အလက်တွေ ထုတ်ပေးမယ်၊ မပေးဘူးဆိုတာ ဆုံးဖြတ်မဲ့ တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီထံကို ပေးပို့ရမှာပါ။ “ဒီလို အခြေအနေမျိုးဆိုရင်တော့ အမှန်တကယ်ပဲ ဆိုးရွားတဲ့ မှုခင်းကိစ္စရပ် ဟုတ်မဟုတ်ဆိုတာကို အတည်ပြု ဆုံးဖြတ်ရမှာပါ” လို့လည်း မစ္စတာ ဘာတယ်လ်ဆန်က ဆိုပါတယ်။

ပုဂ္ဂလိကကုမ္မဏီတစ်ခုက တရားရုံးနဲ့ အစိုးရအဖွဲ့အစည်းတွေရဲ့ ဆုံးဖြတ်ချက်ကို ငြင်းပယ်ဖို့ဆိုတာ ဘယ်နေရာမဆို မလွယ်ပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံက လုပ်ထုံးလုပ်နည်းတွေဟာ ကြောင်းကျိုးဆီလျော်မှုမရှိတဲ့ နှောက်ယှက်စပ်စုမှုတွေကို ကာကွယ်ဖို့ အထောက်အကူပြုနေပါသေးတယ်။

“အကျင့်ဟောင်းတွေကို ဖျောက်ဖို့ခက်ပါတယ်” လို့ မစ္စတာ ဘာတယ်လ်လန်က ဆိုပါတယ်။ “ရာဇဝတ်မှုက အချက်အလက်တွေထုတ်ပေးခြင်းရဲ့ နှောက်ယှက်စပ်စုမှုအတွက် အမိန့်စာထုတ်ပေးနိုင်ဖွယ် မရှိဘူးဆိုရင် [အချက်အလက် တောင်းဆိုခြင်းကို] လိုက်လျောမပေးနိုင်ဘူးလို့ ကျွန်တော်ပြောလေ့ရှိပါတယ်” လို့လည်း သူက ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ [တယ်လီနော] ရောက်မလာသေးတဲ့ [၂၀၁၄ ခုနှစ်] မတိုင်မီမှာ အစိုးရက သတင်းအချက်အလက် အမျိုးမျိုးကို နိုင်ငံပိုင် တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းက ရရှိလိမ့်မယ်ဆိုတာကို သင်သတိပြုရမှာပါ။ ဒါကြောင့် အရင်က ဒီလိုမျိုး စစ်ဆေးမှုတွေ မရှိခဲ့ပါဘူး” လို့ သူကပြောပါတယ်။  

တယ်လီနောက သုံးဆွဲသူတစ်ဦး အသုံးပြုခဲ့တဲ့ နောက်ဆုံး ဖုန်းတာဝါတိုင် တည်နေရာအပါအဝင် ဖုန်းခေါ်ဆိုမှုတွေကို ၁၈ လကြာ သိမ်းဆည်းထားပါတယ်။ ဆက်သွယ်ပြောဆိုမှုအကြောင်းအရာတွေကို သိမ်းဆည်းထားတာ မဟုတ်ပါဘူး။ စတုရန်းကီလီမီတာအနည်းငယ်အတွင်းက သုံးဆွဲသူတွေရဲ့ တည်နေရာကို သိရှိနိုင်ရုံလောက်ပါဘဲလို့လည်း မစ္စတာ ဘာတယ်လ်ဆန်က ဆိုပါတယ်။

ရန်ကုန်မြို့လယ်က တယ်လီနောကြော်ငြာတွေရှေ့က လမ်းဘေးစားသောက်ဆိုင်တစ်ဆိုင်မှာ နေ့လည်စာ စားသုံးနေတဲ့ ရန်ကုန်သားများကို တွေ့ရစဉ်။ သတင်းအချက်အလက်တွေပေးအပ်ဖို့အတွက် မကြာခဏဆိုသလို ငြင်းဆန်မှုတွေပြုလုပ်နေတယ်လို့ နော်ဝေကုမ္ပဏီက ဆိုထားပါတယ်။ ဓာတ်ပုံ - အန်ဝေါင်

ရန်ကုန်မြို့လယ်က တယ်လီနောကြော်ငြာတွေရှေ့က လမ်းဘေးစားသောက်ဆိုင်တစ်ဆိုင်မှာ နေ့လည်စာ စားသုံးနေတဲ့ ရန်ကုန်သားများကို တွေ့ရစဉ်။ သတင်းအချက်အလက်တွေပေးအပ်ဖို့အတွက် မကြာခဏဆိုသလို ငြင်းဆန်မှုတွေပြုလုပ်နေတယ်လို့ နော်ဝေကုမ္ပဏီက ဆိုထားပါတယ်။ ဓာတ်ပုံ – အန်ဝေါင်

တယ်လီဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှုပေးအပ်သူတွေက သုံးဆွဲသူတွေရဲ့ အချက်အလက် အနည်းငယ်မျှကိုသာ ထိန်းသိမ်းထားနိုင်ပြီး သုံးဆွဲသူတွေရဲ့ သတင်းအချက်အလက်တွေကို ပေးအပ်ဖို့အတွက် ခိုင်လုံတဲ့ဥပဒေ မရှိဘူးဆိုရင်တော့ ယခုလိုတောင်းဆိုတဲ့ တရားရုံးအမိန့်ကို ဆက်လက်ငြင်းဆန်နေမှာပါ။ ဒီအခြေအနေက ပြောင်းလဲဖို့ ရှိပါတယ်။ လာမယ့်နှစ်လယ်ပိုင်းမှာ အများပြည်သူ အကြံဉာဏ်ရယူဖို့အတွက် ဥပဒေမူကြမ်းတစ်ရပ် ထွက်လာဖို့ ရှိပါတယ်။ “အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ ပါဝင်လာပြီး မူဘောင်တစ်ရပ်ချမှတ်ဖို့ဆိုတာ အရမ်းကို အရေးကြီးပါတယ်” လို့ မစ္စတာ ဘာတယ်လ်ဆန်က ဆိုပါတယ်။

စောင့်ကြည့်စစ်ဆေးမှုတွေရှိတဲ့ခေတ်မှာ မြန်မာနိုင်ငံက တယ်လီဖုန်းဆက်သွယ်ရေးကဏ္ဍ တိုးတက်မှုဟာ နိုင်ငံရေးနဲ့ ဥပဒေပြုရေးလုပ်ငန်းစဉ်တွေထက် ရှေ့ရောက်နေပါတယ်။ နောက်လာမယ့် လွှတ်တော် ကျင်းပတဲ့အခါမှာ အဓိက ဆွေးနွေးငြင်းခုံရမယ့်ကိစ္စရပ်တစ်ခုက ကိုယ်ရေးကိုယ်တာ အခွင့်အရေးပဲ ဖြစ်ပါတယ်။ တစ်ချိန်ထဲမှာ လူတွေရဲ့ ကိုယ်ရေးကိုယ်တာကိစ္စရပ်က ယုံကြည်မှုအပေါ်မှာ မူတည်ပါတယ်။ အစိုးရက စွမ်းအားပြည့်ဝပြီး အချက်အလက်တွေ ရယူနိုင်တဲ့ ဆော့ဖ်ဝဲတွေ အသုံးမှာမဟုတ်ဘူးဆိုတဲ့ ယုံကြည်မှု၊ အစိုးရရဲ့ အချက်အလက်တောင်းဆိုမှုအပေါ် တရားရုံးတွေက လွယ်လွယ်ကူကူ ခွင့်ပြုမှာမဟုတ်ဘူးဆိုတဲ့ ယုံကြည်မှုနဲ့ တယ်လီဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှုပေးအပ်သူတွေက အကြောင်းအရင်း မခိုင်လုံတဲ့ တောင်းဆိုမှုတွေအတွက် အဆုံးသတ် အဟန့်အတားအဖြစ် ဆောင်ရွက်သွားမယ်ဆိုတဲ့ ယုံကြည်မှုတွေ ဖြစ်ပါတယ်။

အောင်မင်းဘာသာပြန်သည်။ 

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.