လိင်ခွဲခြားမှုကို တိုက်ဖျက်နေတဲ့ အမျိုးသမီးတွေ

မအိ၏ လူပြောများသော အနုပညာ ကပြပွဲမှ မြင်ကွင်း တစ်ခု။

မအိ၏ လူပြောများသော အနုပညာ ကပြပွဲမှ မြင်ကွင်း တစ်ခု။

Charlotte England ရေးသားသည်။

ဓာတ်ပုံများ- Charlotte England 

“ကျွန်မက အမျိုးသမီးများ တန်းတူအခွင့်အရေး ရရှိရေးကို မွေးရာပါ စိတ်အားထက် သန်တယ်။ အမျိုးသမီတွေရဲ့ ထမီက ညစ်ပတ်တယ်ဆိုတဲ့ ထုံးတမ်းစဉ်လာ စံနှုန်းတွေကို မေးခွန်းထုတ်တတ်တယ်။ လူအများစုက အမျိုးသမီးတွေဟာ မြန်မာ နိုင်ငံမှာ တန်းတူအခွင့်အရေး ရကြတယ်လို့ ထင်မြင်ကြတယ်။ ဒါပေမဲ့ ဒါက မှန်ကန် တယ်လို့ ကျွန်မ မထင်ဘူး။ ဘာလို့လဲဆိုတော့ ဘာသာရေးနဲ့ ယဉ်ကျေးမှုမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေလောက် အရေးပေး မခံရဘူး” ဟု ဒေါ်ပျိုးလက်ဟန်က ရန်ကုန်မြို့လယ်ရှိ သူ၏ ရုံးခန်းငယ်လေးထဲတွင် ပြောကြားသည်။

ဒေါ်ပျိုးလက်ဟန်သည် အမျိုးသမီး တန်းတူအခွင့်အရေး ရရှိရေးနှင့် ပတ်သက်သည့် စာများရေးသားသည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော မဂ္ဂဇင်းဖြစ်သည့် Rainfall မဂ္ဂဇင်းကို ပြီးခဲ့သောနှစ်က စတင်ထုတ်ဝေခဲ့သည်။ အဆိုပါ မဂ္ဂဇင်းကို အခြား အမျိုးသမီး တက်ကြွလှုပ်ရှားသူ သုံးဦးနှင့် ပူးပေါင်း ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ သူသည် မြန်မာနိုင်ငံတွင် အမျိုးသမီးများ တွေ့ကြုံရသော အဖြစ်အပျက်များ အကြောင်းကို ရေးသားထားသည့် ဝတ္ထုသုံးအုပ်ကို ရေးသားထားသော စာရေးဆရာမတစ်ဦးလည်း ဖြစ်သည်။

“ကျွန်မက ထုံးတမ်းစဉ်လာတွေ လူမှုရေး၊ ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ စံနှုန်းတွေကို ချိုးဖောက်ချင်တယ်။ အမျိုးသမီးတွေကို သူတို့က ဒုတိယတန်းစား နိုင်ငံသားတွေ ဖြစ်နေတယ်ဆိုတာ ကျွန်မက သိစေချင်တယ်။ ကျွန်မက မြန်မာနိုင်ငံမှာ အမျိုးသမီးချင်း ချစ်ကြိုက်တဲ့ ဇာတ်လမ်းဝတ္ထုတစ်အုပ်ကို ပထမဆုံး ရေးသားခဲ့တဲ့ လူဖြစ်မယ်ထင်တယ်” ဟု ဒေါ်ပျိုးလက်ဟန်က ပြောသည်။

ဒေါ်ပျိုးလက်ဟန်သည် မြန်မာနိုင်ငံတွင် အမျိုးသမီး တန်းတူညီမျှရေးဝါဒကို လုပ် ဆောင်နေသော အဖွဲ့အစည်းတစ်ခု၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ၎င်းသည် ပါတီနိုင်ငံရေး ပြင်ပမှ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ထိုလှုပ်ရှားမှုသည် ဖန်တီးမှု များစွာ ပါဝင်သည်။ ခေတ်မီသည်။ ပြုလွယ် ပြင်လွယ်ရှိသည်။ အမျိုးအစား ကွဲပြား သည်။ ထိုလှုပ်ရှားမှုများသည် ဖြည်းဖြည်းနှင့် မှန်မှန် ခြေကုတ်ခိုင်မြဲလာလျှက်ရှိပြီး မြန်မာအမျိုးသမီးများ အပေါ်တွင် တိတ်တဆိတ် ချုပ်ကိုင်လျှက်ရှိသော လိင်ခွဲခြားမှု ဆိုင်ရာ စံနှုန်းများကို ပြောင်းလဲရာတွင် အကူအညီပေးလျှက် ရှိသည်။

“မြန်မာအမျိုးသမီးတွေက လူ့အဖွဲ့အစည်းမှာ တန်းတူညီမျှမှု ရရှိနေတယ်လို့ ယုံကြည်နေကြတယ်” ဟု ရန်ကုန်အခြေစိုက် Gender Equality Network မှ ဒါရိုက်တာဖြစ်သူ အသက် ၃၉ နှစ်အရွယ် ဒေါ်မေစပယ်ဖြူက ပြောသည်။

ဒေါ်မေစပယ်ဖြူ

ဒေါ်မေစပယ်ဖြူ

“ဒါပေမဲ့ လွှတ်တော်မှာ ဆုံးဖြတ်ချက်တွေ ချမှတ်မယ့်လူတွေ၊ တရားစီရင်ရေးက လူတွေနဲ့ အုပ်ချုပ်ရေးပိုင်းက လူတွေအများစုက အမျိုးသားတွေ ဖြစ်နေကြတယ်။ ခေါင်းဆောင်ပိုင်းတွေမှာ အမျိုးသမီးတွေကို တွေ့ရခဲတယ်။ အမျိုးသမီးတွေက အမျိုးသားတွေနဲ့ တန်းတူ လုပ်ခလစာလည်း မရရှိကြဘူး။ တန်းတူ အခွင့်အလမ်းတွေလည်း မရှိဘူး။ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတဲ့အချက်ကလည်း ခွဲခြားမှုတွေ အများအပြား ရှိနေတာကို ပြသနေပါတယ်” ဟု ဒေါ်မေစံပယ်ဖြူက ပြောသည်။

အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုများကို ဖြေရှင်းရသည်မှာ ခဲယဉ်းကြောင်း၊ အဘယ်ကြောင့်ဆိုသော် ခွဲခြားဆက်ဆံမှုကို အသိအမှတ် မပြုကြသောကြောင့် ဖြစ်ကြောင်း ဒေါ်မေစပယ်ဖြူက ဆိုသည်။ ခွဲခြားဆက်ဆံမှုများကို မီးမှောင် ထိုးပြသနိုင်ရန် တန်ပြန်ဖြေရှင်းရေး နည်းလမ်းများ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူမျာက ရှာဖွေနေကြသည် ။

အသက် ၄၃ နှစ် အရွယ်ရှိ ဒေါ်ထားထားသည် အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်ပေးခြင်းဖြင့် အားအင်များ ဖြည့်ဆည်းပေးနေသော Akhaya Women ဟူသော အဖွဲ့အစည်းကို တည်ထောင်ထားသည်။ ၎င်းအဖွဲ့အစည်းသည် လိင်မှုကိစ္စ၊ လိင်ခွဲခြားမှုနှင့် သူတို့၏ ကိုယ်ခန္ဓာအကြောင်းများကို အမျိုးသမီးများ အချင်းချင်း ဘေးကင်းလုံခြုံစွာ ဆွေးနွေးနိုင်သော နေရာတစ်ခု ဖြစ်သည်။

“ကျွန်မတို့က အမျိုးသမီးတွေကို ဒုတိယတန်းစား နိုင်ငံသားတွေအဖြစ် ထားရှိစေတဲ့ လုပ်ထုံးတွေ၊ စံနှုန်းတွေ၊ ယုံကြည်မှုတွေကို ဖြေရှင်းပေးတာပါ။ ဥပမာ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေရဲ့ ရာသီသွေးကို ယုတ်ညံ့တယ်လို့ ယူဆနေကြတယ်။ အမျိုးသမီးတွေရဲ့ ထမီတွေကို အမျိုးသားတွေရဲ့ အဝတ်အစားတွေနဲ့ ရောပြီး မလျှော်ဖွတ်ရဘူး။ မီးပူမတိုက်ရဘူး။ အမျိုးသားတစ်ယောက်က အမျိုးသမီးရဲ့ ထမီကို ထိမိရင် အဲဒီအမျိုးသား ဘုန်းနိမ့်မယ်။ ကံမကောင်းတော့ဘူးစတဲ့ ယုံကြည်မှု တွေရှိတယ်။ ဒီစကားတွေက နေ့တိုင်းပြောနေကြတယ်။ ဒါကိုက အမျိုးသမီးတွေ တစ်ဆင့် နိမ့်နေတာပဲ” ဟု ဒေါ်ထားထားက ပြောသည်။

Akhaya အဖွဲ့အစည်း၏ ဆွေးနွေးမှုတွင် ဒေါ်ထားထားက သူ၏ ဧည့်ခန်းတွင် အမျိုးသမီးများနှင့် စကားပြောဆိုခြင်းဖြင့် အစပြုသည်။ အစီအစဉ်ကို ပုံစံ မူဘောင်များဖြင့် လုပ်ဆောင်ခြင်း မဟုတ်ပေ။ လွတ်လွတ်လပ်လပ် စကားပြောဆို သည့် ပုံစံသာ ဖြစ်သည်။ သို့သော် ထိုအစီအစဉ်ကို ချဲ့ထွင်ရန် ဒေါ်ထားထားက စီစဉ်လျှက် ရှိသည်။ ဦးဆောင်ဆွေးနွေးမည့် လူများကိုလည်း လေ့ကျင့်ပေးလျှက် ရှိသည်။ ကျောင်းများသို့ သွားရောက်ကာ ထိုအစီအစဉ်ကို လုပ်ဆောင်ပေးရန်လည်း ဆွေးနွေးလျှက်ရှိသည်။

“အမျိုးသမီးတွေအတွက် လိင်မှုကိစ္စနဲ့ ပတ်သက်ပြီး လေ့လာစရာ နည်းလမ်းမရှိဘူး။ ကျွန်မတို့က ကျွန်မတို့ ကိုယ်ခန္ဓာကို ကိုယ်ကိုယ်တိုင် ထိတွေ့လေ့လာမှု မရှိကြဘူး။ ကျွန်မတို့ရဲ့ ကိုယ်ခန္ဓာအကြောင်း ကျွန်မတို့ ပြန်လေ့လာတဲ့အခါ ကျွန်မတို့ အားအင်တွေ ပြည့်ဝလာတယ်” ဟု ဒေါ်ထားထားက ပြောသည်။

အနုပညာရှင်တစ်ဦးဖြစ်သည့် အသက် ၃၇ နှစ်အရွယ် မအိက အမျိုးသမီးများ၏ ကိုယ်ခန္ဒာနှင့် ပတ်သက်ပြီး ဖွင့်ဟမပြောဆိုကြရန် ဖိနှိပ်ထားမှုကို စိန်ခေါ်ခဲ့သည်။ ရာသီဓမ္မတာ လာနေချိန်တွင် ပင်ပန်းနွမ်းနယ်နေသော အကြောင်းကို အမျိုးသား သူငယ်ချင်းတစ်ဦးအား ပြောပြချိန်တွင် အမျိုးသားသူငယ်ချင်းက ရှုံ့ချခဲ့သည့် အကြောင်းကို သူ၏ နောက်ဆုံးအနုပညာပွဲ တစ်ခုတွင် ပုံဖော်ပြသခဲ့သည်။ ဓမ္မတာရာသီဟု အမည်ပေးထားသည့် ထိုကပြဖျော်ဖြေပွဲအတွက် သုံးရက်ခန့် ပြင်ဆင်ခဲ့ရသည်။

“ကျွန်မက အမျိုးသားတွေကို သတိပေးချင်တယ်။ ကျွန်မတို့မှာ ဒီလိုကိစ္စမျိုး ရှိ တယ်။ သူတို့ ဒါကို နားလည်ပေးရမယ်။ အမျိုးသမီးတွေရဲ့ ဒီကိစ္စကို လေးလေးစားစား သဘောထားရမယ်” ဟု မအိက ပြောသည်။ မြန်မာနိုင်ငံတွင် ဆွေးနွေးဖော်ပြမှု မရှိသလောက် နည်းပါးသည့် ထိုအကြောင်းအရာများကို ဆွေးနွေး ရန် အချိန်ဖယ်ထားလိုသည်ဟု သူက ပြောသည်။

ထိုအကြောင်းအရာများကို ဖော်ပြပြောဆိုခြင်းမှာ မသန့်ရှင်းဟု လူအများက ယူဆထားကြကြောင်းလည်း ဒေါ်ထားထားက ဆိုသည်။

ရာသီဓမ္မတာ ကိစ္စရပ်ကဲ့သို့ တားမြစ်ထားသော ကိစ္စရပ်ကို သူ သရုပ်ဖော် တင်ဆက်ခြင်းမှာ ပထမဆုံး ဖြစ်သော်လည်း ရံဖန်ရံခါဆိုသလို အလားတူ ဖျော်ဖြေမှုများကို ပြုလုပ်လေ့ရှိသည်။

“တစ်ခါတစ်ရံမှာ ကျွန်မက အမျိုးသားလို ဝတ်ဆင်ထားပြီး ထမင်းဟင်းချက်ပြုတ်တဲ့ အလုပ်ကို လုပ်ဆောင်ပြတယ်။ တစ်ခါတစ်ရံမှာ အိုးခွက်ပန်းကန်တွေကို ရှေ့မှာချပြီး ဘာမှမလုပ်ဘဲ ထိုင်ကြည့်နေသလို လုပ်ဆောင်ပြတယ်” ဟု မအိက ပြောသည်။ အမျိုးသမီးများကို ငယ်ငယ်ရွယ်ရွယ်တွင် လက်ထပ်ပေးရန် စီစဉ်ကြပြီး အလုပ်အကိုင် ဘဝတိုးတက်ရာကို ရှာဖွေကြရမည့်အစား ကလေးမွေးဖွားရန် တိုက်တွန်းလေ့ ရှိကြသည်ဟု ဆိုသည်။ ထို့ပြင် အိမ်တွင် အလုပ်မျိုးစုံကို လုပ်ကိုင်ပေးရန် ပြောဆိုကြသည်ဟု ဆိုသည်။

သမီးဖြစ်သူ ပြုလုပ်ပေးထားသော ဝီစီပုံသဏ္ဍာန် လက်ဝတ်ရတနာကို ဝတ်ဆင်ထားသော ဒေါ်ထားထား။

သမီးဖြစ်သူ ပြုလုပ်ပေးထားသော ဝီစီပုံသဏ္ဍာန် လက်ဝတ်ရတနာကို ဝတ်ဆင်ထားသော ဒေါ်ထားထား။

“အမျိုးသမီး အများစုက အိမ်ထောင်ရှင်မတွေပဲ။ သူတို့မှာ အလုပ်အကိုင်ရှိရင်တောင် အိမ်ပြန်ရောက်တဲ့အခါ အိမ်အလုပ်တွေ အကုန်လုပ်ရတာပဲ” ဟု မအိက ပြောသည်။

ဓမ္မတာရာသီဟု အမည်ပေးထားသည့် ဆောင်းပါးများဖြင့် အစပြုခဲ့သဖြင့် Rainfall မဂ္ဂဇင်းသည် အမျိုးသမီးများ အများအပြား၏ လက်ထဲကို ရောက်ရှိနိုင်ရန် အခွင့်အလမ်းကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီး ရန်ကုန်မြို့၏ အခွင့်ထူးခံ လူတန်းစား တစ်ချို့သာ လက်လှမ်းမှီသော မဂ္ဂဇင်းတစ်စောင် ဖြစ်လာခဲ့သည်။ ထားဝယ်မြို့ရှိ  မိသားစုဝင်များသည် သူ၏ အလုပ်ကို နားလည်မှုမရှိကြကြောင်း ဒေါ်ပျိုးလက်ဟန်ကပြောသည်။ သို့သော် မဂ္ဂဇင်းကို လူတိုင်းလက်ထဲ ရောက်ရှိနိုင်အောင် လုပ်ဆောင်ရန် တွန်းအားများ အများအပြား ရှိနေသည်။ မဂ္ဂဇင်းမှ ဝန်ထမ်းများက မဂ္ဂဇင်းကို နိုင်ငံအနှံ့ရှိ စာဖတ်သူများလက်ထဲ ရောက်ရှိနိုင်စေရန် ဖြန့်ချိရေး ကွန်ယက်တစ်ခုကို တည်ထောာင်ရန် ကြိုးပမ်းလျှက် ရှိသည်။  ထိုမဂ္ဂဇင်း၏ ရည်ရွယ်ချက်မှာ လူတန်းစား အမျိုးမျိုးကြားတွင် အမျိုးသမီး တန်းတူညီမျှရေး ဝါဒကို မြင့်တင်ပေးရန် ဖြစ်သည်ဟု ဒေါ်ပျိုးလက်ဟန်က ပြောသည်။

အမျိုးသမီး တန်းတူညီမျှရေး အရေးကိစ္စကို လုပ်ဆောင်နေသော အမျိုးသမီး တက်ကြွလှုပ်ရှားသူ အများအပြားရှိကြသည်။

ချင်းပြည်နယ်က အသက် ၃၄ နှစ်အရွယ် ဒေါ်ချယ်ရီဇာဟောင်ဟာ ချင်းတိုးတက်ရေးပါတီရဲ့ ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်ပြီး သူ မဲဆွယ် စည်းရုံးရေးသွားတဲ့အခါ ကျွန်မလိုက်သွားလေ့ရှိပါတယ်။ ကျွန်မတို့ဟာ ဝေးလံခေါင်သီတဲ့ ရွာတွေဆီကို ခြေကျင်ဖြစ်ဖြစ်၊ မော်တော်ဆိုင်ကယ်နဲ့ဖြစ်ဖြစ် သွားရောက်ကြပါတယ်။

ဒေါ်ချယ်ရီဇာဟောင်။

ဒေါ်ချယ်ရီဇာဟောင်။

ဒေါ်ချယ်ရီဇာဟောင်ဟာ ၂၀၀၄ ခုနှစ်မှာ Women League of Chinland အဖွဲ့ကို ပူးတွဲတည်ထောင်ပြီးကတည်းက တက်ကြွလှုပ်ရှားသူ တစ်ဦးအဖြစ် ဝေးလံခေါင်သီသော ရွာများက ပြည်သူများကို သူတို့၏ အခွင့်အရေးများ၊ ဒီမိုကရေစီအရေးနှင့် အထူးသဖြင့် အမျိုးသမီးအရေးများကို ပညာပေးမှုများ လုပ်ဆောင်လာခဲ့သူ ဖြစ်ပါသည်။

“၂၀၁၁ ခုနှစ်မှာ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က လုပ်ဆောင်တဲ့ စစ်တမ်းအရ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာ ဆင်းရဲမွဲတေမှုက ၂၆ ရာခိုင်နှုန်းရှိပြီး ချင်းပြည်နယ် တစ်ခုတည်းမှာတင် ဆင်းရဲမွဲတေမှုက ၇၃ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။ ပြီးတော့ ဆင်းရဲမွဲတေမှုနဲ့ လိင်ခွဲခြားမှုကြားမှာ ရှုပ်ထွေးတဲ့ ဆက်နွယ်မှုတစ်ခု ရှိနေတယ်။ ချင်းပြည်နယ်မှာ ဝင်ငွေရရှိမှုတွေ ရှိနေပေမဲ့ ဝင်ငွေအများစုက အမျိုးသားတွေက ရရှိတာပါ။ အမျိုးသမီးတွေက အိမ်မှာပဲနေပြီး လယ်အလုပ် လုပ်ရင်လုပ်၊ မလုပ်ရင် မိသားစုကို ကြည့်ရှုစောင့်ရှောက် ရပါတယ်။ သူတို့က ဝင်ငွေရရှိဖို့ နည်းလမ်းမရှိကြဘူး။ ဒါကြောင့်ပဲ ချင်းအမျိုးသမီး အများစုက အမျိုးသားတွေကို မှီခိုနေရတယ်” ဟု ဒေါ်ချယ်ရီဇာဟောင်က ပြောသည်။

Women’s League of Chinland အဖွဲ့ကြီးနှင့်အတူ ဒေါ်ချယ်ရီဇာဟောင်သည် ချင်းပြည်နယ်အနှံ့သို့ ခရီးများ သွားရောက်ခဲ့ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးခြင်းများအပြင် အမျိုးသမီးများကို အားအင်ပြည့်ဝစေမည့် အစီအစဉ် အသေးစားလေးများကို လုပ်ဆောင်ပေးနေသည်။

ရန်ကုန်မြို့တွင်လည်း ဒေါ်ဝေဝေနုက ဒေါ်ချယ်ရီဇာဟောင်၏ စကားကို အလေးအနက် ထောက်ခံခဲ့သည်။

“ကျွန်မရဲ့ ဆန္ဒကတော့ လူငယ်တွေနဲ့ အမျိုးသမီးတွေအတွက် လုပ်ဆောင်ပေးချင် တာပဲ။ ဒါပေမဲ့ ၂၀၁၂ ခုနှစ်မှာ မွတ်စလင် အရေးအခင်းဖြစ်ပြီးတဲ့အခါ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအကြောင်း ပြောတဲ့လူတွေ၊ သူတို့တွေအတွက် လုပ်ဆောင်ပေးတဲ့ အဖွဲ့အစည်းတွေ အလွန်နည်းပါးနေတာကို တွေ့ရတယ်။ ဒီအမျိုးသမီးတွေအတွက် လုပ်ဆောင်ပေးတဲ့ အဖွဲ့အစည်းတွေ မရှိဘူး။ ကျွန်မ ဒါနဲ့ပတ်သက်ပြီး တစ်ခုခု လုပ်ဆောင်ပေးရမယ်” ဟု ဒေါ်ဝေဝေနုက ပြောပြသည်။

သို့သော် သူ့အနေဖြင့် လူမျိုးတူ အမျိုးသားများနှင့် ပူးပေါင်းဆောင်ရွက်၍ မရကြောင်းနှင့် ၎င်းတို့သည် အလွန် လိင်ခွဲခြားကြသူများဖြစ်ကြောင်း ဒေါ်ဝေဝေနုက ပြောသည်။ သူသည် Women Peace Network of Arakan အဖွဲ့အစည်းကို တည်ထောင်ပြီး အောက်ခြေအဆင့်မှစပြီး လွှတ်တော် အဆင့်အထိ လူမျိုးနွယ်စု အသီးသီးမှ အမျိုးသမီးများနှင့် လူငယ်များအရေးကို ဆောင်ရွက်လျှက်ရှိသည်။ ထို့ပြင် မျိုးနွယ်စုများအကြား အပြန်အလှန် နားလည်မှုများကို မြှင့်တင့်ပေးနိုင်ရန်လည်း ဆောင်ရွက်နေသည်။

“ကျွန်မတို့ဟာ ဘယ်လူတန်းစားဖြစ်စေ၊ ဘယ်လူမျိုး ဖြစ်စေ၊ ဘယ်လိင်ဖြစ်ပါစေ၊ လူသားတစ်ယောက်အဖြစ် တူညီတဲ့ အခွင့်အရေးတွေ၊ လူ့သိက္ခာတွေ၊ ပိုင်ဆိုင်ခွင့်တွေ ရှိပါတယ်” ဟု ဒေါ်ဝေဝေနုက ပြောသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.