ရန်ကုန်က အခြေခံလူတန်းစားတွေရဲ့ အိမ်ယာ ပိုင်ဆိုင်နိုင်ရေး အိပ်မက်

မြေဈေးကြီးမြင့်မှု၊ တန်ဖိုးနည်းအိမ်ရာတွေ နည်းပါးမှုတွေကြောင့် ရန်ကုန်မြို့နေ အခြေခံလူတန်းစားတွေအတွက် အိမ်ခန်းနဲ့ အိမ်ရာ ပိုင်ဆိုင်နိုင်ရေးက အိပ်မက်သဖွယ်ပဲ ရှိနေပါသေးတယ်

ဟိန်းကိုစိုး ရေးသားသည်။

“ဘယ်တော့မှ အိမ်တစ်လုံးကို ကျွန်မသက်တမ်းတစ်လျောက် ပိုင်ဆိုင်နိုင်တော့မှာမဟုတ်ဘူး” လို့ အသက် ၄၆ နှစ် အရွယ်၊ လယ်ယာလုပ်ငန်းကို လုပ်ကိုင်ရတာကြောင့် နေလောင်ထားတဲ့ အသားအရောင်ရှိသူ ဒေါ်နွယ်နွယ်ဝင်းက သူနေထိုင်တဲ့ တာပေါ်လင်စတွေကို ကာရံထားတဲ့ ယာယီ မြေစိုက်တဲငယ်လေးထဲမှာ ဝမ်းနည်းစွာနဲ့ ပြောပါတယ်။

သူက အဲဒီနေရာမှာ နေထိုင်လာတာ အနှစ် ၂၀ ကြာခဲ့ပြီလို့ ဆိုပါတယ်။ ဒါပေမယ့် အိမ်ဈေး၊ မြေဈေးတွေက အရမ်းကြီးလို့ အိမ်တစ်လုံးကို ဒီဘဝတစ်သက်မှာ ပိုင်ဆိုင်နိုင်တော့မယ် မထင်တော့ဘူးလို့ ပြောပါတယ်။

ဒဂုံဆိပ်ကမ်းက ၇၇ ရပ်ကွက်ပိုင်မြေလို့ဆိုတဲ့ လယ်ကွင်းတွေထဲမှာ သူတို့အတွက်အိမ်လို့ သတ်မှတ်ဆောက်လုပ်ထားတဲ့ ရှစ်ပေခန့်သာရှိတဲ့ တဲငယ်လေးနဲ့ ဒေါ်နွယ်နွယ်ဝင်းက အနှစ် ၂၀ နီးပါး  နေထိုင်ခဲ့တာပါ။ သူ့မှာ ကျောင်းတက်နေတဲ့ သမီးတစ်ယောက်နဲ့ အထွေထွေ လုပ်ငန်းခွင်ကို ဝင်ရောက်လုပ်ကိုင်နေပြီဖြစ်တဲ့ သားတစ်ဦးရှိပါတယ်။ သူ့ခင်ပွန်းကတော့ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကပဲ ဆုံးပါးသွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီပတ်ဝန်းကျင်မှာ သူတို့လိုပဲ တဲငယ်လေးတွေနဲ့ နေထိုင်ပြီး ကြုံရာကျပန်းအလုပ်ကို လုပ်ကိုင် အသက်မွေးဝမ်းကျောင်းနေရတဲ့ အိမ်ထောင်စုက ၁၈ စုဟာ တစ်စုတစ်စည်းတည်း နေထိုင်နေကြပါတယ်။ အရင်ကတော့ ရသလောက်မြေဧရိယာထဲမှာ စပါးစိုက်ကြပေမယ့် အခုတော့ အဲဒီမြေပေါ်မှာ စီမံကိန်းတွေ ဖော်ဆောင်မှာမို့ စပါးမစိုက်ပျိုးနိုင်တော့ပဲ ကြုံရာအလုပ်ကို လုပ်ကိုင်နေကြပါတယ်။

သူတို့အများစုလုပ်ကိုင်တဲ့ လုပ်ငန်းခွင်ကတော့ ဦးသိန်းစိန်အစိုးရက ဖော်ဆောင်ခဲ့တဲ့ ရတနာနဲ့ ဧရာဝဏ်အိမ်ရာ ဆောက်လုပ်ရေး စီမံကိန်းအတွင်းမှာ ပန်းရံနဲ့ အထွေထွေလုပ်သားတွေအဖြစ် လုပ်ကိုင်နေကြရတယ်လို့ ဒေါ်နွယ်နွယ်ဝင်းက ဆိုပါတယ်။

၂၀၁၄ ခုနှစ်က ကောက်ယူခဲ့တဲ့ မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအချက် အလက်တွေအရ မြန်မာနိုင်ငံလူဦးရေဟာ ၅၂ ဒဿမ ၅ သန်းအထိရှိနေပြီး အဲဒီဦးရေရဲ့  ၇၀ ရာခိုင်နှုန်းကတော့ ကျေးလက်မှာ နေထိုင်ကြတဲ့သူတွေ ဖြစ်ပါတယ်။

Migrants moving to Yangon in search of work are struggling to find affordable housing in the country’s commercial capital. (Teza Hlaing / Frontier)

Migrants moving to Yangon in search of work are struggling to find affordable housing in the country’s commercial capital. (Teza Hlaing / Frontier)

အဲဒီလို ကျေးလက်တွေမှာ နေထိုင်ရာကနေ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုနဲ့ အခြားသော အကြောင်းအချက်တွေကြောင့် ရန်ကုန်ကို ရွှေ့ပြောင်းနေထိုင်မှုတွေဟာ ယခုနောက်ပိုင်း အလွန်မြင့်မားလာပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေး မြို့တော်ဖြစ်တဲ့ ရန်ကုန်မှာ လူဦးရေ ခုနစ်သန်းကျော် နေထိုင်နေကြပါတယ်။ ရန်ကုန်ဟာ ပြည်တွင်းမှာ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်နေကြသူတွေ၊ ဒေါ်နွယ်နွယ်ဝင်းတို့လို ကျူးကျော်နေထိုင်တယ်လို့ ယူဆရသူတွေနဲ့ ပြည့်နှက်နေပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခုအနက် ရန်ကုန်မြို့ဟာ လူဦးရေအထူထပ်ဆုံး ဖြစ်ပါတယ်။ တစ်စတုန်ရန်း ကီလိုမီတာမှာ လူဦးရေ ၇၂၃ ဦးရှိပါတယ်။ မန္တလေးက ဒုတိယလူဦးရေ အထူထပ်ဆုံးဖြစ်ပြီး တစ်စတုရန်း ကီလိုမီတာမှာ ၂၀၆ ဦး အထိ နေထိုင်နေကြရပါတယ်။

ရန်ကုန်မြို့လူဦးရေရဲ့  ၂၀ ရာခိုင်နှုန်းလောက်က တစ်ခြားဒေသတွေကနေ ပြောင်းရွှေ့လာရောက်နေထိုင်သူ တွေဖြစ်တယ်လို့ တာမွေမဲဆန္ဒနယ်အမှတ် ၁ရဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဝင်းထိန်က ပြောပါတယ်။

“၂၀၁၄ ခုနှစ်စာရင်းတွေအရ ရန်ကုန်မှာ ကျူးကျော်နေတယ်လို့ ယူဆရတဲ့ အိမ်ထောင်စုက တစ်သိန်းလောက်ကို ရှိနေတယ်။ အခုဆိုရင်တော့ ပိုပြီးတော့တိုးလာနေပြီ။ ကျူးကျော်ဆိုတာကို ရန်ကုန်ရဲ့ အပြင်ဖက်က ဒဂုံတောင်၊ ဒဂုံဆိပ်ကမ်း၊ ရွှေပြည်သာ၊ လှိုင်သာယာလို နေရာမျိုးတွေမှာ အများဆုံးတွေ့နိုင်တယ်” လို့ သူကဆိုပါတယ်။

အဲဒီလိုလူတွေ အိမ်ယာပိုင်ဆိုင်နိုင်ဖို့အတွက်ကိုလည်း အစိုးရတွေက တန်ဖိုးနည်းအိမ်ရာတွေ ဖော်ဆောင်ပြီးတော့ ဖြေရှင်းသင့်တယ်လို့ ဦးဝင်းထိန်ကပြောပါတယ်။

Migrants moving to Yangon in search of work are struggling to find affordable housing in the country’s commercial capital. (Teza Hlaing / Frontier)

Migrants moving to Yangon in search of work are struggling to find affordable housing in the country’s commercial capital. (Teza Hlaing / Frontier)

အိမ်ရာပိုင်ဆိုင်နိုင်မှု ခက်ခဲခြင်းက အဆက်ဆက်သော အစိုးရတွေနဲ့ အစိုးရအသစ်တွေအတွက် ဖြေရှင်းရယ့် စိန်ခေါ်မှုတစ်ရပ်အဖြစ် ဆက်ပြီးရှိနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ သူတို့ရွေးကောက်ပွဲမဝင်မီ ကတိပြုထားတဲ့ ရွေးကောက်ပွဲကြေညာစာတမ်းမှာ အလုပ်အကိုင်အခွင့်အလမ်း၊ သဘာဝဘးအန္တရာယ်၊ စီးပွားရေး အခွင့်အလမ်းတွေကြောင့် မြေယာမဲ့၊ အိမ်ယာမဲ့ ရွှေ့ပြောင်းနေထိုင်နေရသူတွေအတွက်  အိမ်ရာတွေကို အကောင်အထည်ဖော်မယ်လု့ိ ဆိုထားပါတယ်။

အစိုးရတွေက သူတို့ လက်လှမ်းမီနိုင်မယ့် အိမ်ရာတွေကို မြို့ပြတွေမှာ အငှား ဒါမှမဟုတ် ရောင်းပေးတာတွေကို လုပ်ပေးသင့်တယ်လို့ ဒဂုံဆိပ်ကမ်းမှာ ကျူးကျော်နေတယ်လို့ ယူဆရတဲ့ မအေးကြည်က ဆိုပါတယ်။

“ကျွန်မအိမ်တစ်လုံးလောက်တော့ ဝယ်ချင်တယ်။ ဒါပေမယ့်မတက်နိုင်ဘူး။ အိမ်ဈေး၊ မြေဈေးတွေက အရမ်းဈေးကြီးတယ်။ ကျွန်မကယောကျ်ားလုပ်အားပေါ် မှီခိုနေရတာပါ။ သားလေးတစ်ယောက်ရှိတယ်။ ကျွန်မ ဘာအလုပ်မှ မရှိဘူး။ ကျွန်မယောက်ျားကလည်း ကျပန်းလုပ်တာ။ အဲဒီတော့ အိမ်ပိုင်ဖို့ဆိုတာ မတွေးနိုင်ဘူး” လို့ သူက ဆိုပါတယ်။

ရန်ကုန်မြို့အပြင်ဖက်မှာတောင် အိမ်ခန်းငှားရမ်းခနှုန်းတွေက ကျပ် ခြောက်သောင်းကနေ၊ တစ်သိန်းကြားအထိ ရှိနေပါတယ်။ မြို့တွင်းမှာ ငှားရမ်းမယ်ဆိုရင်တော့ အနည်းဆုံး ကျပ် တစ်သိန်းခွဲကနေစပြီး အခန်းပေါ်မူတည်ကာ ဈေးနှုန်းတွေက အမျိုးမျိုးရှိတယ်လို့ ဒဂုံဆိပ်ကမ်းမြို့နယ်က အိမ်ရောင်းဝယ်ဌား၊ မြေကွက် အဝယ်အရောင်းလုပ်နေတဲ့ လုပ်ငန်းတစ်ခုက သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု ရာခိုင်နှုန်းက ၁၅ ဒဿမ ၆ ရာခိုင်နှုန်းအထိ ရှိနေသေးတဲ့အပြင် လူဦးရေရဲ့ ၈၅ ရာခိုင်နှုန်းကလည်း ကျေးလက်မှာနေတဲ့ ဆင်းရဲမွဲတေသူ အများအပြားဖြစ်နေတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့  ၂၀၁၅ ခုနှစ်၊ နောက်ဆုံးအချက်အလက်တွေက ညွှန်းဆိုထားပါတယ်။

မြန်မာနိုင်ငံသားတွေရဲ့ တစ်နှစ်ပျမ်းမျှဝင်ငွေကလည်း အမေရိကန်ဒေါ်လာ ၇၀၂ သာ ရှိတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်က ထုတ်ပြန်ထားပါတယ်။ အဲဒီလိုဝင်ငွေနည်းပါးတဲ့ လူတန်းစားတွေ အများစုရှိနေပေမယ့် အိမ်နဲ့ မြေဈေးတွေက တန်ဖိုးများလွန်းလို့ သူတို့တွေ အိမ်ပိုင်ဆိုင်နိုင်ဖို့ကလည်း အခက်အခဲတွေ ရှိနေပါတယ်။

၂၀၁၅ ခုနှစ်အတွင်းမှာပဲ အိမ်ရာမရှိသေးသူတွေ၊ ကျူးကျော်နေထိုင်နေသူတွေအတွက် တန်ဖိုးနည်းအိမ်ရာတွေကို မြို့ပြနဲ့ အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနက ဖော်ဆောင်ထားတယ်လို့ ဌာနရဲ့ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးယုခိုင်က ဆိုပါတယ်။

“ဒီနှစ်အတွင်းမှာပဲ အရစ်ကျစနစ်လို ပေးချေမှုနဲ့ ကျူးကျော်တွေ၊ အိမ်ပိုင်မရှိသူတွေအတွက် တန်ဖိုးနည်းအိမ်ရာတွေ ရောင်းပေးဖို့ ဆောက်လုပ်ရေးဝန်ကြီးဆီ ခွင့်ပြုချက်တောင်းထားတယ်။ ကျွန်တော်တို့ဌာနကနေ ဆောက်ထားတဲ့ တန်ဖိုးနည်းအိမ်ရာတွေက အဆင့်သင့်ဖြစ်နေပါပြီ” လို့ သူကဆိုပါတယ်။

တန်ဖိုးနည်းအိမ်ရာတွေရဲ့ ဈေးကို ကျပ်သိန်း ၁၀၀ ကျော်သတ်မှတ်ထားတယ်ဆိုပေမယ့် ဈေးနှုန်းအတိအကျကိုတော့ မသိနိုင်သေးဘူးလို့လည်း သူကဆိုပါတယ်။

မြို့ပြနဲ့ အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနကနေ တစ်နိုင်ငံလုံးမှာ တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း သုံးသောင်းလောက် ယခုနှစ်အတွင်း ထွက်ပေါ်လာအောင် ဆောက်လုပ်နေတယ်လို့ ဆိုပါတယ်။ ရန်ကုန်မှာတင် အခန်းပေါင်း တစ်သောင်းလောက် ပါဝင်တယ်လို့ သူကဆက်ပြောပါတယ်။

အဲဒီအိမ်ခန်းတွေက လှိုင်သာယာ၊ ဒဂုံတောင်နဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တွေမှာ ဖြစ်တယ်လို့ ဌာနစာရင်းတွေအရ သိရပါတယ်။

ရန်ကုန်မြို့ထဲမှာအခန်းတစ်ခန်း ဝယ်ယူဖို့ဆိုရင် အနည်းဆုံး ကျပ် သိန်း ၁,၀၀၀ လောက်ကစပြီး ပေးမှာဖြစ်သလို မြို့ပြင်ဆိုရင်တော့ အခန်း၊ မြေကွက်တွေက အနည်းဆုံး ကျပ်သိန်း ၂၀၀ ကျပ်လောက် ရှိနေတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီတွေထံက သိရပါတယ်။

Migrants moving to Yangon in search of work are struggling to find affordable housing in the country’s commercial capital. (Teza Hlaing / Frontier)

Migrants moving to Yangon in search of work are struggling to find affordable housing in the country’s commercial capital. (Teza Hlaing / Frontier)

“အိမ်ရော၊ ခြံရော မဝယ်နိုင်ပါဘူး။ အဲဒီတော့ ယုဇနက လမ်းဘေးမှာ တဲထိုးပြီးနေတယ်။ အဲဒီမှာနေတာ ၁၇ နှစ်ရှိပြီ။ တာမွေကနေပြီး ပြောင်းလာတာ။ ကျွန်တော်က မော်တော်ဆိုင်ကယ်ကယ်ရီဆွဲတယ်ဗျာ။ တစ်နေ့ ၅,၀၀၀ လောက်တော့ ဝင်ပေမယ့် ကလေးနှစ်ယောက်လည်း ရှိတယ်။ ကျောင်းသားတွေ” လို့ မော်တော်ဆိုင်ကယ်မောင်းသူ ကိုအကြီးကောင်က ဆိုပါတယ်။

မြန်မာနိုင်ငံရေး အပြောင်းအလဲ စတင်ခဲ့တဲ့ ၂၀၁၁ ခုနှစ်ကစပြီး ရန်ကုန်ကို ရွှေ့ပြောင်းလုပ်သားတွေ အမြောက်အများဟာ အလုပ်အကိုင် ရှာဖွေလုပ်ကိုင်ဖို့အတွက် ပြောင်းရွှေ့လာခဲ့ကြတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဦးဆောင်ညွှန်ကြားရေးမှူးဟောင်း ဦးခင်မောင်ဆိုင်းက ပြောပါတယ်။

အဲဒီလိုပြောင်းရွှေ့နေထိုင်လာကြတဲ့သူတွေ အိမ်ရာပိုင်ဆိုင်နေထိုင်နိုင်ဖို့အတွက်ကို အစိုးရတွေက တန်ဖိုးနည်း အိမ်ရာတွေကို ဖော်ဆောင်ပြီး လက်လှမ်းမီတဲ့ငွေကြေးပမာဏ အရစ်ကျပေးသွင်းတဲ့ ပုံစံနဲ့ရောင်းပေးပြီး အိမ်ရာမဲ့ပြဿနာကို ဖြေရှင်းသင့်တယ်လို့ သူကဆိုပါတယ်။

ရန်ကုန်မှာတော့ အခြေခံလူတန်းစားတွေအတွက် တန်ဖိုးနည်း ဝန်ပါတဲ့အိမ်ရာမျိုးတွေ လုံးဝမရှိဘူးလို့ ပုဂ္ဂလိကဝန်ထမ်းတစ်ဦးဖြစ်သူ ဒေါ်ဝေဖြိုးက ပြောပါတယ်။

သူ့အနေနဲ့ တစ်လကို လစာ ကျပ်တစ်သိန်းခွဲသာရရှိတာဖြစ်လို့ အိမ်ဈေး မြေဈေးတွေကြီးမြင့်နေတဲ့ အချိန်မှာ အိမ်တစ်လုံးပိုင်ဆိုင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အပြင် သူ့လို အိမ်ထောင်ရှိတဲ့သူတွေအတွက် ပိုပြီးတော့ ခက်ခဲတဲ့အရာ ဖြစ်နေတယ်လို့ သူကဆိုပါတယ်။

“ကျွန်မအိမ်တစ်လုံး ပိုင်ဆိုင်နိုင်ဖို့ဆိုတဲ့ အိပ်မက်ရှိတယ်။ ဒါပေမယ့်အဲဒါကလည်း အခုတော့ အိပ်မက်အဖြစ်ပဲကျန်ခဲ့တော့တယ်” လို့ သူကပြောပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.