ဘဝကို အရှုံးမပေးတဲ့ ပခုက္ကူက အမျိုးသမီးသုဘရာဇာ

ပခုက္ကူမြို့ရဲ့သုဿန်တစ်ခုက ရဲရင့်တက်ကြွတဲ့ အမျိုးသမီးတစ်ဦးဟာ အမျိုးသားတစ်ချို့ရဲ့ ခွဲခြားဆက်ဆံမှုနဲ့ စော်ကားပြုမူမှုတွေ ခံစားနေရပါတယ်။

ဟိန်းကိုစိုး ရေးသားသည်။

၂၀၀၈ ခုနှစ်၊ မေလ ၂ ရက်နေ့ ည ၈ နာရီခန့်အချိန်၊ လူသူ လုံးဝမလာတဲ့အရပ်၊ ပခုက္ကူမြို့ရဲ့ အစွန်ဘက် တစ်နေရာမှာ မိသားစုတစ်စုဟာ မိခင်ဖြစ်သူ မီးဖွားတော့မှာ ဖြစ်တဲ့အတွက် အလွန် အလုပ်ရှုပ်နေကြပါတယ်။ ဒီနေရာမှာပဲ ဖခင်ဖြစ်သူနဲ့၊ ကလေးမီးဖွားတော့မယ့် မိခင်အပြင် သားသမီး ငါးဦးတို့ နေထိုင်ကြတာပါ။

ကလေးမီးဖွားမယ့် နေရာမှာတော့ ဆရာဝန်နဲ့ သားဖွားဆရာမရယ်လို့ တစ်ယောက်မှ မရှိပါဘူး။ အမျိုးသား လုပ်သူကလည်း အရပ်လက်သည် ရရှိနိုင်ရေးအတွက် ပခုက္ကူမြို့ထဲကို သွားနေပါသေးတယ်။ ဒါပေမယ့် အရပ်လက်သည် မရောက်လာခင်မှာပဲ ခြောက်ဦးမြောက်ကလေးကို မိခင်က ကိုယ်တိုင် အားစိုက်မွေးဖွားနိုင်ခဲ့ပါတယ်။

အဲဒီလိုညအချိန်ကြီး မီးဖွားခဲ့တဲ့နေရာကတော့ ဧရာဝတီမြစ်အနောက်ဖက်က ပခုက္ကူမြို့ အပြင်ဖက် သုံးမိုင်ခန့်အလွန် ကမူလေးပေါ်မှာရှိနေတဲ့ ပခုက္ကူသချိုင်းပဲ ဖြစ်ပါတယ်။ အဲဒီသချိုင်းမှာ နေထိုင်ကြတဲ့ မိသားစုတွေကတော့ အသက် ၄၀ အရွယ် ဒေါ်ကြည်ကြည်ဝင်း၊ သူ့အမျိုးသားနဲ့ မကြာမီက လူ့လောကထဲ ရောက်လာတဲ့ ကလေးငယ်အပါအဝင် သားသမီးခြောက်ယောက်တို့ ဖြစ်ကြပါတယ်။

သချိုင်းထဲမှာ ခက်ခက်ခဲခဲနဲ့ အရပ်လက်သည် အကူအညီပင်မပါပဲ ကလေးမီးဖွားခဲ့တဲ့ ဒေါ်ကြည်ကြည်ဝင်းရဲ့ အမျိုးသားဟာ ကလေးလအနည်းငယ်အရွယ်မှာပဲ ဆုံးပါးသွားခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ကျန်ရှိခဲ့တဲ့ ယောင်္ကျားလေး လေးယောက်၊ မိန်းကလေး နှစ်ယောက်၊ စုစုပေါင်း သားသမီး ခြောက်ယောက်ကို သူကိုယ်တိုင် ဦးစီး ဦးဆောင်ရမယ့် အချိန် ရောက်ရှိခဲ့ပါတယ်။ သားအကြီးဆုံးက ၂၃ နှစ်အရွယ်ရှိပြီး အငယ်ဆုံးသမီးလေးကတော့ အသက် ခုနစ်နှစ်ပဲ ရှိပါသေးတယ်။ အဲဒီလိုသားသမီးတွေအတွက် ရုန်းကန်ရတော့မယ်ဆိုတဲ့ အသိကပဲ လုပ်လက်စ သုဘရာဇာအလုပ်ကို ကိုယ်တိုင် ဦးစီးလုပ်ကိုင်ဖို့ တိုက်တွန်းခဲ့သလို ဖြစ်လာခဲ့ပါတော့တယ်။

သုဿန်ဆိုတာနေရာက လူနည်းစုကိုတော့ စွဲဆောင်လေ့ရှိပါတယ်။ အဲဒီနေရာမှာ မီးသဂြိုဟ်တဲ့ နေရာနှစ်ခုရယ် အပိုင်းလိုက်ခွဲထားတဲ့ အုတ်ဂူတွေ မြုပ်နံှတည်ဆောက်ထားရာနေရာ လေးခုရှိပါတယ်။ အဲဒီနေရာလေးခုကတော့ ဗုဒ္ဓဘာသာ၊ တရုတ်၊ ခရစ်ယာန်နဲ့ သီးခြားအုတ်တံတိုင်းခတ်ကာရံထားတဲ့ အစ္စလာမ်ဘာသာ အုတ်ဂူတွေရှိတဲ့ နေရာတွေပဲဖြစ်ပါတယ်။ သုဿာန်အဝင်လမ်း တစ်ဖက်တစ်ချက်စီတွေမှာ အဲဒီလို အလိုင်းလိုက် ခွဲထားတာဖြစ်ပြီး အစ္စလာမ်အုတ်ဂူတွေကတော့ သချိုင်းမြေအဆုံးမှာ သီးသန့် တည်ရှိနေပါတယ်။

သုဿန်ရဲ့အလယ်လို့ ယူဆလို့ရတဲ့နေရာမှာတော့ တရားစင်လေးတည်ရှိပြီး သူရဲ့ညာဖက်မှာတော့ ဒေါ်ကြည်ကြည်ဝင်းတို့ မိသားစုနေထိုင်တဲ့ ထရံကာ၊ သွပ်မိုး မျက်နှာဖွင့် ပေ ၂၀၊ အရှည် ခုနစ်ပေခန့်သာရှိတဲ့ အဆောက်အဦးလေး ရှိနေပါတယ်။

“ကျွန်မယောင်္ကျား ဆုံးသွားတုန်းက ကလေးတွေက ဒီအလုပ်ကို ဆက်မလုပ်စေချင်ကြဘူး။ သူတို့တွေ ကြောက်စိတ်တွေ ဝင်လာကြတယ်။ ဒါပေမယ့်ကျွန်မက ပြောခဲ့ပါတယ်၊ လူတိုင်းတစ်နေ့ ဒီနေရာကိုလာရမှာ ဖြစ်သလို သေကြရမှာဖြစ်တယ်။ ကြောက်စရာမလိုဘူးလို့ အားပေးခဲ့ရတယ်”လို့ ခင်ပွန်းဖြစ်သူ ဆုံးပါးခဲ့ပြီးနောက် လက်ရှိသချိုင်းနေရာမှာပဲ ဆက်လက်နေထိုင်ကြဖို့ သားသမီးတွေအပေါ် အားပေးခဲ့ရပုံကို ဒေါ်ကြည်ကြည်ဝင်းက ပြောပါတယ်။

ဒါပေမယ့် သူဟာ ငယ်ငယ်ကတည်းက သုဘရာဇဘဝကို လုပ်ခဲ့တာတော့ မဟုတ်ပါဘူး။ အသက် ၁၅ နှစ် အရွယ်တုန်းကတော့ အသီးအရွက်တွေရောင်းတဲ့ ဈေးသည်တစ်ယောက်ပါ။ ဈေးသည်ဘဝနဲ့ အသက် ၂၀ အထိ ဖြစ်သန်းခဲ့ပြီးနောက်မှာတော့ အိမ်ထောင်ကျခဲ့ပါတယ်။

သူအိမ်ထောင်မကျခင်အချိန်တုန်းကတော့ ပခုက္ကူနားက ရေစကြိုဆိုတဲ့မြို့မှာ နေထိုင်တာပါ။ အဲဒီမြို့ကလည်း သူရဲ့မွေးရပ်ဖြစ်ပါတယ်။

အိမ်ထောင်သက် ၁၀ နှစ်ပြည့်တဲ့အချိန်မှာတော့ အခုလုပ်ကိုင်နေတဲ့ သုဘရာဇာအလုပ်ကို ကံကြမ္မာရဲ့အလိုကျ ကျေကျေနပ်နပ် လက်ခံထားသူ ဖြစ်နေပါပြီ။ သုဘရာဇာအဖြစ် သူ့အမျိုးသား လုပ်ကိုင်ခဲ့တဲ့အချိန်ကစပြီး သူတို့မိသားစုဟာ သချိုင်းမှာပဲ အခြေချနေထိုင်ခဲ့ကြတာပါ။ သူ့ယောကျာ်းကတော့ သူတို့မိသားစုအတွက် နောက်ဆုံး ကလေးငယ် မွေးဖွားတဲ့ ၂၀၀၈ ခုနှစ်မှာပဲ ဆုံးပါးသွားခဲ့တာပါ။

သုဘရာဇာအလုပ်တွေကို လုပ်ကိုင်ပေးနေရတာက သူ့အတွက်ပျော်ရွင်မှုရှိပေမယ့် တစ်ခါတစ်လေမှာတော့ အမျိုးသမီးသုဘရာဇာအလုပ် လုပ်ကိုင်တဲ့အလုပ်အပေါ် မကောင်းတဲ့အမြင် ရှိနေကြတာရှိတယ်လို့ သူကဆိုပါတယ်။

ဓာတ်ပုံ- ဟိန်းကိုစိုး

ဓာတ်ပုံ- ဟိန်းကိုစိုး

“ဒီအလုပ်က အမျိုးသမီးတွေအတွက် ခက်ခဲတဲ့ဟာပါ။ တစ်ခြားအလုပ်ကို သားသမီးတွေ အမျိုးတွေကလည်း လုပ်စေချင်တယ်။ ဒါပေမယ့် ကျွန်မကတော့ ဒီအလုပ်ကိုပဲ လုပ်ချင်တယ်။ အရင်တုန်းကလည်း ကျွန်မနေရပ်မှာ လူမှုရေးလုပ်ငန်းတွေအကုန်ကို တက်တက်ကြွကြွ လိုက်လုပ်ပေးခဲ့တယ်လေ” ဟု ဒေါ်ကြည်ကြည်ဝင်းက ဆိုပါတယ်။

“ကျွန်မ ညပိုင်း မြေကျင်းတူးနေအချိန်မှာ တစ်ခြားမိန်းမတွေက သူတို့အိမ်မှာ လုံလုံခြုံခြုံအိပ်နေ၊ အဲဒီလိုတွေရှိလို့ ဒီအလုပ်ကို စိတ်မကုန်ဘူးလားလို့ ကျွန်မကို တစ်ချို့တွေက မေးကြတယ်။ ကျွန်မ စိတ်မပျက်ပါဘူး” လို့ သူက ဆိုပါတယ်။

အဲဒီလိုအခက်အခဲတွေရှိတဲ့အပြင် တစ်ခါတစ်လေ မိုးကြီးလေကြီးကျလာတဲ့အချိန်ဆို လူသူကင်းမဲ့တဲ့ သုဿန်ထဲမှာ နေထိုင်ဖို့အတွက် ခက်ခက်ခဲ ကြိုးစားနေထိုင်ခဲ့ရဖူးတာတွေလည်း ရှိခဲ့ပါတယ်။

နေ့စဉ်စားဝတ်နေရေးကတော့ သုဿန်မှာ မြေလာချတဲ့ အလောင်းအရေအတွက်ပေါ်မှာ မူတည်နေပါတယ်။ အလောင်းတွေကို မြေမြုပ်ဖို့ဆိုရင် မြေတွင်းတူးခအနေနဲ့ ၂,၅၀၀ ကျပ် ရရှိပါတယ်။ မီးသဂြိုဟ်မယ်ဆိုရင်တော့ အလောင်းတစ်လောင်းကို ဝန်ဆောင်ခ ၆,၅၀၀ ကျပ် ရရှိပါတယ်။

အဲဒီလိုအလုပ်တွေလုပ်နိုင်ဖို့ကို သက်ဆိုင်ရာစည်ပင်သာယာရေးကော်မတီက အထူးသန့်ရှင်းရေး အဆင့် ၃ ရှိတဲ့သူတွေကို လုပ်ကိုင်ခွင့်ပေးတာ ဖြစ်ပါတယ်။ အဲဒီရာထူးကို ဒေါ်ကြည်ကြည်ဝင်းရဲ့ သားအကြီးဖြစ်သူက ရထားပေမယ့် တကယ် သုဘရာဇာအဖြစ်ကတော့ ဒေါ်ကြည်ကြည်ဝင်းကိုယ်တိုင် လုပ်ကိုင်တာဖြစ်ပါတယ်။ အဲဒီအတွက် စည်ပင်ကပေးတဲ့ လစာက တစ်လကို ကျပ် တစ်သိန်းခွဲပါ။

အဲဒီလို နေ့စဉ်စားဝတ်နေရေးကို လစာနဲ့ ဝန်ဆောင်ခတွေကနေ ဖြေရှင်းနိုင်ပေမယ့် နေ့စဉ် အလုပ်ထဲမှာတော့ အခက်အခဲတွေ ရှိနေပါသေးတယ်။ အဲဒါကတော့ တစ်ခါတစ်လေမှာ လူသေတွေက ဝဖြိုးပြီး အလွန်ကြီးမားတဲ့အခါမျိုးမှာ ဖြစ်ပါတယ်။

“တစ်ခါတစ်လေ လူသေကောင်တွေက အရမ်းကြီးတယ်။ မီးသဂြိုဟ်စက်နဲ့ မဆန့်ဘူး။ အဲဒီအချိန်ကျရင် ဘယ်သူမှ အဲဒါကြီးကို မထိချင်ကြဘူး။ သူတို့က ထိဖို့ကြောက်ကြတယ်။ အဲဒီလိုအချိန်မျိုးတွေမှာ ကျွန်မလုပ်ကိုင်ရတာအရမ်းခက်ခဲပါတယ်” လို့ ဒေါ်ကြည်ကြည်ဝင်းက ရှင်းပြပါတယ်။

အဲဒီလို အခက်အခဲတွေရှိနေပေမယ့်လည်း သေဆုံးသူတွေ ငြိမ်းချမ်းစွာ ဘဝကူးပြောင်းနိုင်ဖို့အတွက်  လုပ်ကိုင်ရမယ့် လုပ်ငန်းကို တာဝန်ရှိရှိ၊ တာဝန်ယူမှုအပြည့်၊ စေတနာနဲ့ အမြဲလုပ်ကိုင်ပေးတယ်လို့ သူက ပြောပါတယ်။

လက်ရှိဘဝမှာ သုဘရာဇာအဖြစ် စားဝတ်နေရေးအတွက် ဖြေရှင်းနေပေမယ့်လည်း သူ့သားသမီးတွေကိုတော့ ပညာတက်တွေဖြစ်အောင် ထောက်ပံ့ပေးသွားဖို့နဲ့ ပညာတက်တွေ ဖြစ်စေချင်တယ်လို့လည်း သူက ဆုံးဖြတ်ထားပါတယ်။

“ကလေးတွေကို ပညာတက်တွေ ဖြစ်စေချင်တယ်။ အဲဒါအပြင် သူတို့ကိုယ်ကိုကိုယ် ရပ်တည်နိုင်တဲ့သူတွေဖြစ် စေချင်တယ်။ အဲဒီလိုဖြစ်နိုင်ရင်တော့ သူတို့အတွက် ကျွန်မအနေနဲ့ အမြဲပီတိဖြစ်ရမှာပါ” လို့ စဉ်းစားတွေဝေမှု များစွာနဲ့ ဒေါ်ကြည်ကြည်ဝင်းက ပြောပါတယ်။

ဒီလိုသားသမီးတွေအပေါ်မှာ ရည်ရွယ်ချက်တွေ ကြီးကြီးမားမားထားရှိထားသူ ဒေါ်ကြည်ကြည်ဝင်း လက်ရှိရင်ဆိုင်နေရတာကတော့ လင်ယောင်္ကျားမရှိတော့တဲ့ အမျိုးသမီးတစ်ဦးအပေါ် ယောင်္ကျားသားတွေက မထီမဲ့မြင့် စော်ကားချင်တာတွေ ဖြစ်ပါတယ်။

“တစ်ခါတစ်လေ ယောင်္ကျားတွေ ရိသဲ့သဲ့လုပ် တိုက်ခိုက်တာရှိတယ်။ လွန်ခဲ့တဲ့နှစ်ကဆိုရင် ကျွန်မယောကျာ်းတစ်ယောက်နဲ့ တိုက်ခိုက်ခဲ့ရတယ်။ သူက လိင်ပိုင်းဆိုင်ရာ စော်ကားမှုလုပ်ချင်တာ။ ကျွန်မလည်း သူကိုပေါက်တူးအရိုးနဲ့ ရိုက်လိုက်တယ်။ သူကလည်း ကျွန်မကို လက်နဲ့ပြန်ရိုက်တယ်။ ကျွန်မလည်း မြေပေါ်လှဲကျသွားပြီး သူတစ်ပြန် ကိုယ်တစ်ပြန် တိုက်ခိုက်ခဲ့ရဖူးတယ်” လို့ သူ့ အတွေ့အကြုံကို ပြန်ပြောပြပါတယ်။

အဲဒီလို ယောကျ်ားတွေရဲ့ မထီမဲ့မြင် စော်ကားမှုအပြင် အခြားပြဿနာတွေလည်း ရှိနေသေးပါတယ်။ အဲဒါကတော့ တစ်ချို့အမျိုသမီးတွေက သူ့ရဲ့အလုပ်အပေါ် ခွဲခြားပြောဆိုတာတွေ ဖြစ်ပါတယ်။ အဲဒီလိုလူတွေက ပြောဆိုမှုတွေဟာ လုပ်ကိုင်နေတဲ့အလုပ်ရဲ့ သဘောသဘာဝကို နားမလည်လို့ ပြောဆိုတယ်လို့ မှတ်ယူတဲ့အပြင် သူတို့နဲ့ လူကိုယ်တိုင်တွေ့ရင် ပြောဆိုချင်တဲ့ စကားလည်း ရှိနေတယ်လို့ ဒေါ်ကြည်ကြည်ဝင်းက ဆိုပါတယ်။

“သူတို့ ကျွန်မလုပ်နေတဲ့ အလုပ်အပေါ် နောက်ကွယ်မှာ အတင်းပြောတာကို ကြားနေပါတယ်။ ဒါတွေ ကျွန်မဂရုမစိုက်ပါဘူး။ သူတို့ကိုပြောချင်တာက လူတိုင်း ဒီလိုလာရမှာပဲ။ အဲဒီအချိန်ရောက်ရင်တော့ ကျွန်မက သူတို့အတွက် အကောင်းဆုံး လုပ်ပေးမှာပါလို့ပဲ ပြောချင်ပါတယ်” လို့ သူကပြောပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.