မေးခွန်းထုတ်ခံနေရတဲ့ လွှတ်တော်များရဲ့ အပြန်အလှန် ထိန်းညှိနိုင်စွမ်း

ဝေဖန်သူတွေကတော့ ပြည်ခိုင်ဖြိုး လွှမ်းမိုးတဲ့ ပြီးခဲ့တဲ့လွှတ်တော်နဲ့ အစိုးရ လက်ထက်တုန်းက Check and Balance အခြေအနေလိုမျိုး အနိမ့်ဆုံးအားဖြင့် ရှိနေမှ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ပိုပြီးအဓိပ္ပာယ်ရှိမယ်လို့ ယုံကြည်ကြပါတယ်

ဉာဏ်လှိုင်လင်း ရေးသားသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ၆၀ ရာခိုင်နှုန်းကျော် အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က ဦးဆောင်တဲ့ ပြည်ထောင်စုအဆင့် လွှတ်တော်တွေရဲ့ ပထမပုံမှန်အစည်းအဝေးတွေကို ဇွန် ၁၀ ရက်နေ့မှာ ခေတ္တရပ်နားထားလိုက်ပါပြီ။

ဒါဟာ စစ်အစိုးရက လွှတ်တော်ခေါ်ယူပြီး အာဏာလွှဲပြောင်းပေးခြင်းမရှိတဲ့ ၁၉၉၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအလွန် ကာလတုန်းက အခြေအနေတွေနဲ့ လားလားမျှမဆိုင်တဲ့ ဒီမိုကရေစီဆန်ဆန် ချောမွေ့စွာ အာဏာလွှဲပြောင်းမှုကို ဖော်ဆောင်နိုင်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုလည်းဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရထားတဲ့ NLD ပါတီဟာ ဖေဖော်ဝါရီ ၁ ရက်မှာ လွှတ်တော်တွေကို စပြီးခေါ်ယူနိုင်ခဲ့ပါတယ်။ လွှတ်တော်တွေရဲ့ ကနဦးလုပ်ငန်းစဉ်ကတော့ နိုင်ငံတော်သမ္မတနဲ့  ဒုတိယသမ္မတများကို ရွေးချယ်တင်မြှောက်ကာ အစိုးရအဖွဲ့ကို အတည်ပြုပေးလိုက်တာပါ။

အဲဒီနောက် ပထမဆုံးပြဋ္ဌာန်းလိုက်တဲ့ ဥပဒေကတော့ စစ်အစိုးရက ရေးဆွဲခဲ့ပြီး ပြီးခဲ့တဲ့ ငါးနှစ်တာကာလမှာ မပြင်နိုင်ခဲ့တဲ့ အခြေခံဥပဒေကြောင့် သမ္မတဖြစ်ခွင့် ဆုံးရှုံးသွားတဲ့ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် ဖြစ်ပါတယ်။ ဒါကတော့ ဧပြီ ၆ ရက်နေ့မှာ ထွက်ရှိလာတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေပါ။

ဒီဥပဒေအရ နိုင်ငံခြားရေးနဲ့ သမ္မတရုံးဝန်ကြီးအဖြစ် အစိုးရအဖွဲ့မှာ ပါဝင်ပြီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာသုံးရပ်ကို ပိုင်းခြားကျင့်သုံးရမယ်လို့ အခြေခံဥပဒေနဲ့ ပြဋ္ဌာန်းထားတဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး၊ ဈေးကွက် စီးပွားရေးစနစ်ပီပြင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်တွေ အောင်မြင်စေဖို့ တာဝန်ပေးအပ်ခံရသူ ဖြစ်လာပါတယ်။

NLD ကဦးဆောင်ပြီး ငါးလကျော် ကျင်းပခဲ့တဲ့ ဒုတိယအကြိမ်၊ ပြည်ထောင်စုလွှတ်တော်၊ ပထမပုံမှန် အစည်းအဝေးကာလတွေမှာ ဒီဥပဒေအပြင် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ ပြည်သူ့ကောင်စီဥပဒေ၊ နိုင်ငံတော်ကောင်စီ ဥပဒေတွေကို ရုပ်သိမ်းတဲ့ ဥပဒေတွေ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်း/ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲ ဥပဒေတွေကို စတုတ္ထအကြိမ်ပြင်ဆင်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။

ဓာတ်ပုံ-တေဇလှိုင်

ဓာတ်ပုံ-တေဇလှိုင်

ထူးခြားတာက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ ဆွေးနွေးစဉ်တုန်းကပဲ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အမတ်တစ်ဦးနဲ့ တပ်မတော်သားကိုယ်စားလှယ်အချို့ ဝင်ရောက်ထောက်ပြတာမျိုး ရှိခဲ့တာပါ။ သူတို့က ဒီဥပဒေနဲ့ အာဏာသုံးရပ် ပိုင်းခြားကျင့်သုံးရမယ်ဆိုတဲ့ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အကြား ကွဲလွဲချက်ဖြစ်လာနိုင်တယ်လို့ ထောက်ပြကြတာပါ။ အဲဒီနောက် ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေမှာ အခြေအတင်ဆွေးနွေးရတာမျိုး မရှိသေးပါဘူး။ ဒါ့အပြင် ဥပဒေအားလုံးဟာ လွှတ်တော်ဖက်က တင်သွင်းတာတွေချည်းပါပဲ။

“ဝန်ကြီးဌာနဖက်ကတင်လာတဲ့ ဥပဒေတွေရှိလာရင် ဘယ်လို ကိုင်တွယ်မလဲဆိုတာတော့ လေ့လာစောင့်ကြည့်ရမယ်။ အခုအထိ ဥပဒေပြုတာတွေကတော့ NLD အစိုးရသွားမယ့် နိုင်ငံရေးလမ်းကြောင်းကို ပုံဖော်သွားတဲ့ ဥပဒေတွေပဲ ရှိသေးတယ်။ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေ သီးခြားစိတ်ဝင်စားတဲ့ ဥပဒေမျိုးတက်လာရင်တော့ ဘယ်လိုဖြစ်လာမလဲ စိတ်ဝင်စားစရာပဲ” လို့ ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့က သုတေသန ဒါရိုက်တာ ဦးထင်ကျော်အေးက ဆိုပါတယ်။ သူတို့အဖွဲ့ဟာ ပြီးခဲ့တဲ့ငါးနှစ်ကစလို့ လွှတ်တော်လုပ်ငန်းတွေကို အာရုံစိုက် စောင့်ကြည့်ပြီး အစီရင်ခံစာတွေကို ပုံမှန်ထုတ်ပြန်လေ့ရှိပါတယ်။

ဒီလိုအခြေအနေမှာ မေးခွန်းနဲ့ အဆိုအချို့ ပြည်သူ့လွှတ်တော်မှာ တင်သွင်းခွင့်မရတာမျိုးတွေလည်း ရှိလာခဲ့ပါတယ်။ ဒီအထဲမှာ မေလအတွင်းက တင်သွင်းဖို့ ကြိုးစားတဲ့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် နစ်နာဆုံးရှုံးနေရတဲ့ ပြည်သူတွေကို ပြည်ထောင်စုအစိုးရက အကူအညီပေးဖို့တိုက်တွန်းတဲ့ အရေးကြီးအဆိုကိစ္စဟာ ထင်ရှားပါတယ်။

အဲဒီအဆို တင်သွင်းခွင့်မရဘူးလို့ သတင်းမထွက်မီ ရက်ပိုင်းအလိုကပဲ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ချက်ခြင်းရပ်ပြီး ရခိုင်တပ်မတော် (AA)ကို နိုင်ငံရေးဆွေးနွေးပွဲသို့ ဖိတ်ခေါ်ဖို့ဆိုတဲ့ အမျိုးသားလွှတ်တော်မှာ တင်သွင်းတဲ့ အဆိုတစ်ခုဟာလည်း အောင်မြင်မှုမရခဲ့ပါဘူး။

အမျိုးသားလွှတ်တော်မှာ တင်သွင်းတဲ့အဆိုနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက “AA လက်နက်ကိုင်အဖွဲ့ဟာ ၂၀၁၅ ခုနှစ်က စတင် တိုက်ခိုက်ခဲ့တာဖြစ်ပေမယ့် အခုသမ္မတကြီး ဦးထင်ကျော် လက်ထက်တွင်မှ အခုလို စစ်ပွဲတွေရပ်ဖို့ ဆန္ဒထုတ်ဖော်တာ၊ အရေးကြီး အဆိုတင်သွင်းတာတွေဟာ ဦးထင်ကျော် ဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရကို နိုင်ငံရေးအကြပ်အတည်း တစ်ရပ် ဖြစ်ပေါ်စေရေးအတွက် ပုံဖော်ဖန်တီးရာ ရောက်နေပါတယ်”လို့ မှတ်ချက်ပြုပြီးတဲ့နောက် NLD အမတ်အများစုရှိတဲ့ လွှတ်တော်က ဒီအဆိုကို မှတ်တမ်းအဖြစ်သာထားဖို့ ဆုံးဖြတ်လိုက်တာပါ။

ဓာတ်ပုံ-တေဇလှိုင်

ဓာတ်ပုံ-တေဇလှိုင်

ပြည်သူ့လွှတ်တော်မှာ ရခိုင်စစ်ပွဲနဲ့ပတ်သက်တဲ့ အဆိုတင်သွင်းဖို့ ကြိုးစားခဲ့သူ ဒေါ်ခင်စောဝေကတော့ “စိုးရိမ်စိတ်များတာ တွေ့ရတယ်။ အရင်အစိုးရကို အပြစ်တင်ဝေဖန်မှာ စိုးရိမ်နေတယ်။ လက်ရှိ NLD အစိုးရကို အကြပ် ရိုက်စေမယ့်ဟာတွေဆိုရင်လည်း သူတို့အစိုးရအတွက် စိုးရိမ်တဲ့စိတ်တွေ ရှိနေတယ်” လို့ သုံးသပ်ပါတယ်။ သူဟာ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရဲ့ ပြည်သူ့လွှတ်တော် အမတ်တစ်ဦးဖြစ်ပြီး လွှတ်တော်နှစ်ကြိမ်ဆက် ရွေးကောက်ခံထားရသူ ဖြစ်ပါတယ်။

ဒီလိုသုံးသပ်ချက်တွေကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ငြင်းဆိုလိုက်ပါတယ်။ သူဟာ ဥပဒေ နည်းဥပဒေများနဲ့အညီ ဆုံးဖြတ်ချက်နေတာသာဖြစ်ပြီး အစိုးရကို ကာကွယ်ပေးနေတာမျိုး မရှိဘူးလို့ နေပြည်တော်၊ ပြည်သူ့လွှတ်တော်ဝင်းအတွင်းရှိ ဇဗ္ဗူသီရိခန်းမဆောင်မှာ ဇွန် ၁၀ ရက်နေ့က ပြုလုပ်တဲ့ မီဒီယာတွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။

“လွှတ်တော်က ဥပဒေတွေ ပြုပြင်ပြောင်းလဲတာ မလုပ်နိုင်ရင် အုပ်ချုပ်ရေးကလည်း အကောင်အထည်မဖော်နိုင်ဘူး။ ဒါကြောင့် ဥပဒေပြုပြင်ပြောင်းလဲမှုတွေကို အလေးအနက်ထား လုပ်နေတယ်။ ဥပဒေဘောင်ထဲကနေပြီး တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးနဲ့ မှန်မှန်ကန်ကန် လုပ်သွားဖို့ပဲ လိုတယ်”လို့ ဦးဝင်းမြင့်က ဆိုပါတယ်။

ဝေဖန်သူတွေကတော့ ပြည်ခိုင်ဖြိုး လွှမ်းမိုးတဲ့ ပြီးခဲ့တဲ့လွှတ်တော်နဲ့ အစိုးရ လက်ထက်တုန်းက Check and Balance အခြေအနေလိုမျိုး အနိမ့်ဆုံးအားဖြင့် ရှိနေမှ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ပိုပြီးအဓိပ္ပာယ်ရှိမယ်လို့ ယုံကြည်ကြပါတယ်။

ပြီးခဲ့တဲ့ကာလအတွင်းမှာ တစ်ပါတီထဲကပဲဖြစ်ပေမယ့် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းတဲ့ ဥပဒေအချို့ကို သမ္မတက သဘောမတူလို့ လက်မှတ်မထိုးပဲနေတဲ့ ဖြစ်ရပ်မျိုးတွေတောင် ရှိခဲ့တယ်လို့ မီးမောင်းထိုးပြကြပါတယ်။ အဲဒီအချိန်က အစိုးရအဖွဲ့ကို စစ်အစိုးရလက်ထက်မှာ ဝန်ကြီးချုပ်တာဝန်ယူခဲ့တဲ့ ဦးသိန်းစိန်က သမ္မတအဖြစ် ဦးဆောင်ပြီး တပ်မတော်မှာ နံပါတ် ၃ ခေါင်းဆောင်အဖြစ် ရပ်တည်နိုင်ခဲ့တဲ့ သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော် နာယကနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တာပါ။

“Check and Balance လုပ်တယ်ဆိုတာကလည်း Power ချင်းတူမှ ကောင်းတယ်ခင်ဗျ။ လွှတ်တော်ပိုင်းမှာ power ပိုကောင်းမှ Check and Balance ပိုလုပ်နိုင်မှာ” လို့ ပြည်ခိုင်ဖြိုးပါတီက ရွေးချယ်ခံထားရတဲ့ ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းထွန်းက သုံးသပ်ပါတယ်။ သူဟာ ၂၀၁၀ နောက်ပိုင်းကျင်းပတဲ့ ရွေးကောက်ပွဲနှစ်ကြိမ်စလုံးမှာ အဲဒီမြို့နယ်ကပဲ ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြုပြီးရွေးကောက်ခံရသူဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ကတော့ အစည်းအဝေးတွေနဲ့ချည်း အစိုးရကို ထိန်းကျောင်းနေတာမဟုတ်လို့ လွှတ်တော်တွေမှာ check and balance လုပ်နိုင်စွမ်းရှိတယ်လို့ Frontier ကိုပြောပါတယ်။

“Check and Balance လုပ်လို့ရတဲ့ နည်းလမ်းတွေ လွှတ်တော်မှာ ဖန်တီးထားပါတယ်။ ကော်မတီတွေရှိတယ်။ ကော်မတီတစ်ခုချင်းကို ဝန်ကြီးဌာနတစ်ခုချင်း သီးခြားတာဝန်ပေးထားတယ်။ အဲဒီမှာ ခေါ်တွေ့တာ၊ ကြားနာတာတွေရှိတယ်” လို့ သူက ဆိုတယ်။

ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့၊ သုတေသနဒါရိုက်တာ ဦးထင်ကျော်အေးကတော့ တံခါးပိတ်ဆွေးနွေးဖို့ ဥပဒေတွေနဲ့ သတ်မှတ်ထားတဲ့ရေးရာကော်မတီ အစည်းအဝေးတွေကို ပိုပြီးပွင့်လင်းမြင်သာရှိလာအောင်၊ ဖြစ်နိုင်ရင် ပြည်သူတွေကိုယ်တိုင် ပါဝင်ဆွေးနွေးနိုင်အောင် လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေ ပြဋ္ဌာန်းပေးပါမှ လွှတ်တော်တွေရဲ့ Check and Balance လုပ်နိုင်စွမ်း ပိုမြင့်လာနိုင်မယ်လို့ ယူဆထားပါတယ်။

“ကြားနာတာနဲ့ပတ်သက်တဲ့ သီးခြားပြဋ္ဌာန်းချက်မျိုး မရှိတဲ့အခါကျတော့ ဝန်ကြီးတွေက မလာတာမျိုးတွေလည်း ရှိခဲ့တယ်။ ဒါကြောင့် အပြန်အလှန် ထိန်းကျောင်းတဲ့လုပ်ငန်းကို လုပ်သင့်သလောက် မလုပ်နိုင်သေးတာ တွေ့ရတယ်။ အခုအချိန်အထိ Check and Balance လုပ်တယ်လို့ ပြောနိုင်တာမျိုး မတွေ့သေးဘူး” လို့ ဦးထင်ကျော်အေးက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဝန်ကြီးဌာနနှစ်ခုကို ဦးဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သြဇာလွှမ်းမိုးမှုကို ကျော်လွန်နိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ပြီး လွှတ်တော်တွေရဲ့  Check and Balance လုပ်နိုင်စွမ်းကို မယုံကြည်သူတွေကလည်း ရှိနေပါတယ်။

စစ်အစိုးရအဆက်ဆက် အသွင်အမျိုးမျိုးနဲ့ အုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် ပုံဖော်ဖို့ လွန်ခဲ့တဲ့ ၂၈ နှစ်ကစလို့ အနစ်နာခံ ကြိုးပမ်းခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါဟာ တိုင်းပြည်အတွင်းသာမက ကမ္ဘာကိုပါ လွှမ်းမိုးနိုင်တယ်ဆိုပြီး သက်သေပြနိုင်တဲ့ ဖြစ်ရပ်တွေ အထင်အရှားရှိနေပါတယ်။

လွန်ခဲ့တဲ့ ငါးနှစ် ရခိုင်ပြည်နယ်အတွင်း ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေဖြစ်ပွားပြီးချိန်ကစလို့ ရိုဟင်ဂျာလို့ ကိုယ့်ကိုယ်ကိုယ် သုံးစွဲခေါ်ဆိုတဲ့ အစ္စလာမ်ဘာသာဝင်တွေကို စာနာထောက်ထားလေ့ရှိတဲ့ ကမ္ဘာ့အင်အားကြီး အမေရိကန်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးကိုတောင် ဒီစကားလုံးသုံးစွဲတာဟာ မီးလောင်ရာလေပင့်သလိုပဲ ဖြစ်လိမ့်ဆိုတာမျိုး သတိပေးနိုင်လောက်တဲ့အထိကို သူ့ရဲ့ ပုဂ္ဂိုလ်ရေးသြဇာဟာ ကြီးမားလှပါတယ်။

ဓာတ်ပုံ-တေဇလှိုင်

ဓာတ်ပုံ-တေဇလှိုင်

ပြီးခဲ့တဲ့လအတွင်း မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးရောက်လာတဲ့ ဂျွန်ကယ်ရီကို ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က အဲဒီလိုပြောလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရလက်ထက်မှာ ရိုဟင်ဂျာဆိုတဲ့ စကားလုံးသုံးစွဲမှုနဲ့ ပတ်သက်ပြီး မကြာခဏထုတ်ပြန်ခဲ့တဲ့၊ မထိရောက်တဲ့ ကြေညာချက်တွေထက် ပိုပြီးစွမ်းတဲ့ လုပ်ဆောင်ချက် ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် စစ်အစိုးရခေတ်က တပ်မတော်မှာ အရာရှိတာဝန်၊ ဗိုလ်ချုပ်ကြီးဟောင်းတွေ ဦးဆောင်တဲ့ နိုင်ငံရေးပါတီ အာဏာရချိန်မှာ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူနဲ့ ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဖူးတဲ့ ဦးရဲထွဋ်ကိုယ်တိုင်က မြန်မာ့သမိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းပြီးရင် အာဏာရော၊ သြဇာရော နှစ်ခုလုံးကိုင်ထားနိုင်တဲ့ ဒုတိယ မြောက်ခေါင်းဆောင်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဒေါ်အောင်ဆန်းစုကြည်ပဲလို့ အသိအမှတ်ပြု ပြောဆိုရတဲ့အထိပါပဲ။

အာဏာသိမ်းအစိုးရခေတ် လုပ်ရပ်တွေနဲ့ ဦးသိန်းစိန်အစိုးရရဲ့ အားနည်းချက်တွေကို အလွန်အကျွံ ဖာထေးပြောဆိုသူလို့ နာမည်ကြီးတဲ့ ဦးရဲထွဋ်ဟာ မွန်းတည့်နေဂျာနယ်နဲ့ မေလအစောပိုင်းမှာ ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ အဲဒီလို အသိအမှတ်ပြု ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒီနေ့အချိန်မှာတော့ ဦးရဲထွဋ်က “ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါကြောင့်ရော မဏ္ဍိုင်သုံးခုကြား Check and Balance ဖြစ်အောင်ရည်ရွယ်ထားတဲ့ အခြေခံဥပဒေရဲ့ ရည်ရွယ်ချက်ကို ပီပြင်အောင်လုပ်နိုင်ဖို့ ခက်ခဲမယ်လို့ မြင်ပါတယ်” လို့ Frontier ကို မှတ်ချက်ပြု ပြောကြားလာပါပြီ။

ဝါရင့်နိုင်ငံရေးသမားလည်းဖြစ်၊ NLD ပါတီဝင်ဟောင်းလည်းဖြစ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းလည်းဖြစ်တဲ့ အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်ကလည်း “တစ်ဦးတစ်ယောက်ရဲ့  သြဇာအာဏာအောက်မှာ ရှိနေတဲ့အတွက် ပြီးခဲ့တဲ့ လွှတ်တော်ကလို လွှတ်တော်နဲ့ အုပ်ချုပ်ရေးအဖွဲ့ ပွတ်တိုက်မှုပဲခေါ်ခေါ်၊ တင်းမာမှုပဲခေါ်ခေါ်၊ အဲဒါတွေက အင်မတန်နည်းပါလိမ့်မယ်”လို့ သုံးသပ်ပါတယ်။

ဦးသိန်းထွန်း၊ ဒေါ်ခင်စောဝေနဲ့ ဦးထင်ကျော်အေးတို့ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့ရဲ့  သြဇာကို လွှတ်တော်တွေက လွန်ဆန်နိုင်၊ မဆန်နိုင်ဆိုတာ သုံးသပ်ဖို့ စောနေသေးတယ်လို့ မှတ်ချက်ပြုတယ်။ အစိုးရအဖွဲ့ရဲ့ သက်တမ်းဟာ သုံးလနီးပါးသာ ရှိသေးတာဖြစ်လို့ ဆက်လက် စောင့်ကြည့်သင့်တယ်လို့ သူတို့က ယူဆပါတယ်။

NLD ပါတီမှာ ဗဟိုအလုပ်အမှုဆောင်တစ်ဦးလည်းဖြစ်တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဥပဒေနဲ့ မညီတာမျိုးမလုပ်ဘဲ စည်းကမ်းကြီးသူတစ်ဦး ဖြစ်တယ်လို့ ပြောတယ်။

“ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ဒီအာဏာသုံးရပ်ခွဲဝေမှုမှာ လုံးဝလေးစား လိုက်နာတယ်။ ဘယ်ကိစ္စမှ ဝင်ရောက်စွက်ဖက်မှုလည်းမရှိဘူး။ လွှမ်းမိုးတာလည်း မရှိဘူး”လို့ သူက ဆိုတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးမဏ္ဍိုင်ကြီး သုံးရပ်အကြား ပူးပေါင်းဆောင်ရွက်ဖို့ လိုပေမယ့် လုပ်ပိုင်ခွင့် ကျော်လွန်တဲ့ အနေအထားမျိုး မဖြစ်ရေး သတိထားဖို့ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို မေလကုန်ပိုင်းက နေပြည်တော်မှာ ပြုလုပ်တဲ့ တွေ့ဆုံပွဲမှာ လမ်းညွှန်ထားတာကို တွေ့ရပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.