ဖိနှိပ်မှုအောက်မှသည် ဖိအားများဆီသို့

မကွေးဒေသက စာနယ်ဇင်းသမားတွေဟာ ယခင်အစိုးရလက်ထက်က ဖိနှိပ်ချုပ်ချယ်မှုတွေကို ခံစားခဲ့ရပြီး ယခု အစိုးရသစ် လက်ထက်မှာ လွတ်လပ်မှုတွေ ရလာကြပြီဖြစ်ပေမယ့် စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်လာကြရပါတယ်

ဉာဏ်လှိုင်လင်း ရေးသားသည်။

မကွေးမြို့ရဲ့  မြို့လယ်ခေါင်လို့ ဆိုနိုင်တဲ့ ဈေးလယ်စိုးရပ်ကွက်ရှိ ၁၀ ပေပတ်လည် အခန်းကျဉ်းလေး တစ်ခုထဲမှာ လူငါးဦး အလုပ်တွေ ရှုပ်နေကြပါတယ်။

အခန်းကျဉ်းလေးရဲ့  အဝင်ဝနဲ့ မျက်နှာချင်းဆိုင် နံရံပေါ်မှာတော့ အလျားပြည့် နေရာယူထားတဲ့ ဗီနိုင်းစတစ်ခု ချိတ်ဆွဲထားလေရဲ့။ အဝါရာင်ပေါ်မှာ လိမ္မော်ရောင် ရောထားတဲ့ အောက်ခံံရဲ့ အထက်မှာ အနီရောင်လက်ရေး စာလုံးအသော့ကြီးတွေနဲ့ “မကွေးဂျာနယ်”လို့ ရေးထားတဲ့ ဆိုင်းဘုတ်ကြီးတစ်ခုပေ့ါ။

“ဆိုင်းဘုတ်နဲ့ စာလုံးဒီဇိုင်းကို နယူးယောက်မြို့မှာနေတဲ့ ကာတွန်းဝင်းထွန်း (မစ္စတာဘားမားဆိုတဲ့အမည်နဲ့ နိုင်ငံတကာ စာနယ်ဇင်းတွေမှာ ကာတွန်းတွေ ရံဖန်ရံခါ ရေးဆွဲတတ်သူ) ရေးဆွဲပေးတာ”လို့ အဲဒီဂျာနယ်မှာ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူထားတဲ့ အသက် ၅၂ နှစ်အရွယ် ဦးဇော်မြင့်ကြည်က ရှင်းပြပါတယ်။

သူက လွတ်လပ်တဲ့အာရှအသံ (RFA) သတင်းဌာနက သတင်းထောက်တစ်ဦးဖြစ်ပြီး မီဒီယာလောကမှာ ခုနစ်နှစ်ခန့် လုပ်သက်ရှိသူလည်း ဖြစ်ပါတယ်။ မြန်မာပြည်အတွင်း ဖန်ခါးမြေလို့ ကျော်ကြားတဲ့ မကွေးတိုင်းဒေသကြီးရဲ့ မြို့တော် မကွေးမြို့မှာ နေထိုင်တဲ့ သတင်းစာဆရာတစ်ဦးရဲ့ လက်ရှိခြေလှမ်းဟာ အခုမှ အိပ်မက်ထမက်တာမျိုးတော့ မဟုတ်ခဲ့ပါဘူး။ 

ဦးဇော်မြင့်ကြည်နဲ့ အပေါင်းအပါတစ်စုရဲ့ ဒီစိတ်ကူးဟာ စစ်အာဏာရှင်အဆက်ဆက် လက်အောက်က လွတ်မြောက်ပါပြီ၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးခရီး စတင်နေပါပြီလို့ ကြွေးကြော်ခဲ့တဲ့ ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၂ ခုနှစ် ကတည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် စစ်အာဏာရှင် အုပ်စိုးသူတွေလက်ထဲကနေ ရွေးကောက်ပွဲနဲ့ အာဏာရလာတဲ့ ပထမဆုံး အစိုးရ အုပ်ချုပ်နေပြီလို့ဆိုကြတဲ့ ၂၀၁၁ ကနေ ၂၀၁၆ ခုနှစ်၊ နှစ်ဦးပိုင်း မေလမကုန်မီအထိ မကွေးတိုင်းဟာ မီဒီယာ လွတ်လပ်ခွင့်သာမက လွတ်လပ်စွာ ထောက်ခံမှု၊ ထုတ်ဖော်ပြောဆိုမှုတွေကိုလည်း အပြင်းထန်ဆုံး ဖိနှိပ်တဲ့ ဒေသတစ်ခု ဖြစ်ခဲ့တာကြောင့် အိပ်မက်တွေကို သူတို့ အကောင်အထည် မဖော်နိုင်ခဲ့ကြပါဘူး။

အဲဒီကာလ မှတ်တမ်းတွေထဲက ထင်ရှားတာအချို့ကို ပြန်ကြည့်ရင် ၂၀၁၄ ခုနှစ်အတွင်း ပညာရေးဌာနနဲ့ အငြင်းပွားမှုဖြစ်ပွားနေတဲ့ ကျောင်းသားမိဘတစ်ဦးနဲ့အတူ သတင်းလိုက်ယူတဲ့ ကိုဇော်ဖေ (သူရသက်တင်)ကို အဲဒီဌာနက ပိုင်နက်ကျူးလွန်မှု၊ ဝတ္တရား နှောက်ယှက်မှုတွေနဲ့ တရားစွဲဆိုခဲ့ပြီး မကွေးမြို့နယ်တရားရုံးက ထောင်ဒဏ် တစ်နှစ် ချမှတ်ခံခဲ့ပါတယ်။

အဲဒီနှစ်အတွင်း နောက်ထပ်ထင်ရှားတဲ့ အမှုတစ်ခုလည်း ဖြစ်ခဲ့ပါသေးတယ်။ အဲဒါကတော့ မကွေးတိုင်း၊ ပေါက်မြို့နယ်မှာရှိတဲ့ တပ်မတော် ကာကွယ်ရေးပစ္စည်းစက်ရုံကို ဓာတုလက်နက်စက်ရုံအဖြစ် သတင်းရေးသားခဲ့တဲ့ ယူနတီဂျာနယ်က အမှုဆောင်အရာရှိချုပ်နဲ့ သတင်းအဖွဲ့ဝင်ငါးဦးကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာပါ။ 

သူတို့ကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ပခုက္ကူမြို့နယ်တရားရုံးက ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ပြီးမှ သုံးနှစ်စီ လျော့ပေ့ါပေးခဲ့ပေမယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရလက်ထက် လွတ်ငြိမ်းချမ်းသာခွင့်တွေမှာ မပါဝင်ခဲ့ပဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ အာဏာလွဲပြောင်းရယူပြီးချိန် ၂၀၁၆ ခုနှစ်၊ ဧပြီလရောက်မှသာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။

ပြည်ခိုင်ဖြိုးအစိုးရ အုပ်ချုပ်တဲ့ အဲဒီကာလအတွင်း မကွေးတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ အငြိမ်းစား ဗိုလ်မှူးကြီး ဦးဘုန်းမော်ရွှေ လက်ထက် မီဒီယာအပေါ် ချုပ်ချယ်အရေးယူမှုတွေမှာ နိုင်ငံခြားသား သတင်းထောက်တွေကိုလည်း ချမ်းသာမပေးခဲ့ပါဘူး။ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) က သြစတြေးလျနိုင်ငံသား သတင်းထောက် Mr.Angus Waston Roberzs ကို ၂၀၁၄ ခုနှစ်အတွင်းက ပြည်နှင်ဒဏ်ပေးခဲ့တာက သက်သေပါပဲ။

အရေးယူခံရတဲ့အချိန်ကတော့ မကွေးတိုင်းအတွင်း မီဒီယာဖိနှိပ်မှုတွေအတွက် ကန့်ကွက်ဆန္ဒပြပွဲကို သတင်းယူနေစဉ် ဖြစ်ပါတယ်။ သတင်းမှတ်တမ်းတင်နေတဲ့သူ့ကို သတင်းထောက် ပြည်ဝင်ခွင့်နဲ့ မဟုတ်ပဲ စီးပွားရေးဆိုင်ရာပြည်ဝင်ခွင့်နဲ့ နိုင်ငံအတွင်း ဝင်ရောက်ခဲ့မှုကြောင့်ဟုဆိုပြီး လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန(လဝက)က အရေးယူခဲ့တာပါ။

ဒါ့အပြင် NLD ကို ထောက်ခံပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုသူတွေကိုလည်း မကွေးတိုင်းအစိုးရက အလွတ်မပေးခဲ့ပါဘူး။ စာပေဟောပြောခွင့်တွေကိုတောင် ပိတ်ပင်ထားခဲ့ချိန်ဖြစ်ပါတယ်။ ထင်ရှားမှုတစ်ခုကတော့ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလအတွင်း နတ်မောက်မြို့နယ်၊ မြင်းတဲကြီးကျေးရွာမှာ ရုပ်ရှင်သရုပ်ဆောင် ဗေလုဝ ပါဝင်ဟောပြောမယ့် စာပေဟောပြောပွဲကို ပိတ်ပင်ခဲ့တာက သက်သေခံနိုင်ပါတယ်။ ဗေလုဝဟာ NLD ကို ပေါ်ပေါ် ထင်ထင် ထောက်ခံသူတစ်ဦးပါ။ ဒါတွေအပြင် အခြေခံဥပဒေပြင်ဆင်ရေး ဟောပြောပွဲစီစဉ်လို့ အရေးယူခံရတာတွေ၊ ဆန္ဒပြလို့ အဖမ်းခံရတာတွေကလည်း ဒုနဲ့ဒေးနဲ့ ရှိခဲ့ပါတယ်။

ဒီလိုအခြေအနေမှာ သတင်းလွတ်လပ်ခွင့်ဆိုတာ အဝေးဆုံးမှာရှိနေတာ၊ မီဒီယာတွေအပေါ် အာဏာပိုင်တွေရဲ့ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ခြိမ်းခြောက်မှုတွေ ရှိနေတာတွေကြောင့် ဦးဇော်မြင့်ကြည်တို့ရဲ့ “မကွေး” ဂျာနယ် အိပ်မက်ဟာ ငုပ်လျိုးနေခဲ့ရပါတယ်။

“အဲဒီခေတ်က ဖြစ်ချင်ရာဖြစ် ထုတ်ဝေမယ်လို့ စီစဉ်ပြန်ရင်လည်း အသံကြားတာနဲ့ကို အစိုးရနဲ့ နီးစပ်တဲ့ လူအချို့က ငွေကြေးအရ ပါဝင်ပတ်သက်ဖို့ ကြိုးစားမှုတွေ ရှိတာကြောင့် မလုပ်ဖြစ်တာလည်း ပါတယ်”လို့ ဦးဇော်မြင့်ကြည်က ရှင်းပြပါတယ်။

ဟုတ်ပါတယ်။ အဲဒီအချိန်က မကွေးတိုင်းအတွင်း ဂျာနယ်ထုတ်ဝေဖို့ ကြိုးစားခဲ့သူတစ်ဦးဟာ အစိုးရထံက သွယ်ဝိုက်တဲ့ အကူအညီရယူပြီးမှ လုပ်ကိုင်နိုင်ခဲ့ပါတယ်။ ဒီနေ့အချိန်မှာ တစ်နှစ်ကျော် သက်တမ်း ရှိပြီဖြစ်တဲ့ “မြေလတ်”လို့ အမည်ရတဲ့ ဂျာနယ်တစ်စောင်ဟာ ဒီလိုအခြေအနေ အမှန်တစ်ကယ်ရှိခဲ့တာကို သက်သေခံ ပြနိုင်ပါတယ်။

၁၅ ရက်တစ်ကြိမ် ထုတ်ဝေတဲ့ အဲဒီဂျာနယ်ဟာ အခုအချိန်မှာ စောင်ရေ ၁,၅၀၀ ဝန်းကျင် ထုတ်ဝေပြီး ဆက်လက် ရပ်တည်နေပါတယ်။ “ အရင်တုန်းကတော့ မကွေးတိုင်းအစိုးရ အကူအညီနဲ့ မယူမနေရ ရောင်းခွင့်ရတော့ စောင်ရေ ၃,၆၀၀ လောက်ထုတ်နိုင်ခဲ့တယ်” လို့ မြေလတ်ဂျာနယ်၊ အယ်ဒီတာချုပ် ဦးဝင်းကြည်က ပြောပါတယ်။

မကွေးတိုင်းအတွင်း ပထမဆုံးထုတ်ဝေတဲ့ ပုဂ္ဂလိကဂျာနယ်လို့ မှတ်တမ်းဝင်တဲ့ အဲဒီဂျာနယ်ဟာ လက်ရှိ အချိန်မှာတော့ အယ်ဒီတာ ခြောက်ဦးနဲ့ သတင်းထောက် ၂၅ ဦးတို့ဟာ လစာမယူဘဲ ဂျာနယ်စောင်ရေကို ခွဲတမ်း သတ်မှတ်ရောင်းချပြီး အကျိုးအမြတ်ခွဲယူတဲ့ စနစ်နဲ့ ဆက်လက်ရပ်တည်နိုင်ဖို့ ရုန်းကန်နေရပါတယ်။

“အများပိုင်ဂျာနယ် လုပ်လိုက်တယ်။ စိတ်ဝင်စားရင် သတင်းထောက် လုပ်ချင်ရင် ဆက်သွယ်ပါ။ မရေးတတ်လည်း အချက်အလက်ပို့ပေး၊ ဂျာနယ်တော့ အမှတ်စဉ်တစ်ခုကို အစောင် ၃၀ အနည်းဆုံး ရောင်းပေးရမယ်။ စာမူခကတော့ တစ်ပုဒ်ကို ကျပ် ၁,၀၀၀ ပေးတယ်” လို့ ဦးဝင်းကြည်က ဆိုပါတယ်။ ၂၄ မျက်နှာပါတဲ့ ဂျာနယ်တစ်စောင်ကို ကျပ် ၃၀၀  အရင်းနဲ့ ခွဲဝေပေးပြီး ကျပ် ၅၀၀ နှုန်းနဲ့ ပြန်လည် ဖြန့်ဖြူး ရောင်းချစေတဲ့နည်းကို သူက သုံးနေတာပါ။

အဲဒီခေတ်တုန်းက ဂျာနယ် ထုတ်ဝေတာ သူတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ သူ့ရဲ့နောက်မှာ “ဒီခေတ်”ဆိုတဲ့ ဒေသအခြေစိုက် ဂျာနယ်တစ်စောင် ထုတ်ဝေသေးပေမယ့် လက်ရှိအချိန်မှာတော့ ဈေးကွက်ထဲမှာ မတွေ့ရတော့သလို အကျိုးအကြောင်း စုံစမ်းမေးမြန်းဖို့လည်း အဆက်အသွယ် မရတော့ပါဘူး။ သူနဲ့ ခေတ်ပြိုင် ထုတ်ဝေသူဖြစ်တဲ့ ဦးဝင်းကြည်ကတော့ သတင်းရရှိမှုနဲ့ သတင်းစာပညာ၊ ဒီဇိုင်းနဲ့ နည်းပညာ ကျွမ်းကျင်မှု၊ ဈေးကွက်ဖြန့်ချိမှုနဲ့ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ အခက်အခဲတွေကြောင့်လို့ သုံးသပ်ပါတယ်။

အရင်ခေတ်က ဒီမိုကရေစီအရေးမှာ တောက်လျှောက် ဦးဆောင်လှုပ်ရှားခဲ့တဲ့ ဦးဇော်မြင့်ကြည်နဲ့ အပေါင်းအသင်းတစ်စုက ထုတ်ဝေမယ့် မကွေးတိုင်းအတွက် တတိယမြောက် ဂျာနယ်အတွက် ရင်းနှီးမြှပ်နှံမှု အကြပ်အတည်းကို ရှောင်လွဲဖို့ နည်းလမ်းတစ်ခုထွင်ပြီး ကြိုးပမ်းထားတယ်လို့ ဆိုတယ်။

ဒါကတော့ အစုရှယ်ယာခေါ်ယူပြီး အရင်းနှီးကို မတည်ဖို့ စီစဉ်တာမျိုးပါ။ ရှယ်ယာတစ်စုကို ကျပ်ငါးသောင်းနှုန်းနဲ့ အစုရှယ်ယာ ၂၅၀ ရောင်းချပြီး ရရှိတဲ့ ကျပ် ၁၂၅ သိန်းနဲ့ လုပ်ငန်းကို စတင်လည်ပတ်နေပြီ ဖြစ်ပါတယ်။

ဦးဇော်မြင့်ကြည်တို့ရဲ့  စီးပွားရေးဆိုင်ရာ ဖွဲ့စည်းမှုပုံသဏ္ဍာန်ကို လုပ်ငန်းရှင်တွေ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းနဲ့ ပရဟိတအဖွဲ့တွေ၊ သာမန်ပြည်သူတွေက စိတ်ဝင်စားမှု ရှိခဲ့ကြတာကြောင့် ၁၀ ရက်တစ်ကြိမ်ထုတ်မယ့် “မကွေး” ဂျာနယ်ဟာ အခုဆိုရင် ရှယ်ယာရှင် အယောက် ၄၀ ပိုင်တဲ့ အများပိုင်ဂျာနယ်အဖြစ် ဇွန် ၁၀ ရက်နေ့က စတင်ထွက်ရှိနေပါပြီ။

မကွေးက ဂျာနယ်အရောင်းဆိုင်တစ်ခုတွင် ဂျာနယ်ရွေးချယ်နေသူတစ်ဦး။ ဓာတ်ပုံ- တေဇလှိုင်

မကွေးက ဂျာနယ်အရောင်းဆိုင်တစ်ခုတွင် ဂျာနယ်ရွေးချယ်နေသူတစ်ဦး။ ဓာတ်ပုံ- တေဇလှိုင်

ဘယ်လို အခက်အခဲတွေပဲရှိရှိ မကွေးတိုင်းက သတင်းထောက်တွေဟာ သူတို့ရဲ့ အိပ်မက်တွေကို နှစ်အတော်ကြာ အောင့်အီးထားရလို့ ပေါက်ကွဲထွက်လာတဲ့ဟန် ပေါ်နေပါတယ်။ ဘာကြောင့်လည်းဆိုတော့ MGY လို့ အမည်ရတဲ့ ပုဂ္ဂလိကပိုင် စတုတ္ထမြောက် ဂျာနယ်တစ်စောင်လည်း မကြာခင် ထွက်ရှိနိုင်ဖို့ ပြင်ဆင်နေလို့ပါပဲ။

ဒီဂျာနယ်ကတော့ မကွေးတိုင်း သတင်းစာဆရာများအသင်း ရန်ပုံငွေအင်အားနဲ့ ထွက်ရှိလာမှာပါ။ “တိုင်းအတွင်းက အသင်းဝင် သတင်းထောက်တွေ အင်အားနဲ့ ကိုယ့်ဒေသက သတင်းတွေကို ဖော်ထုတ်တင်ပြနိုင်ဖို့ ရည်ရွယ်ပါတယ်”လို့ MGYရဲ့ အယ်ဒီတာချုပ် နေခြည်(မကွေး)က ဆိုပါတယ်။

ဒါပေမယ့် မကွေးတိုင်းက သတင်းထောက်တွေရဲ့ အခုလိုကြိုးစား ရုန်းထလာမှုရဲ့ မျက်နှာချင်းဆိုင်မှာ စိန်ခေါ်ချက်တွေကလည်း တွဲလျက်အသင့် ဒုနဲ့ဒေး ကပ်လျှက် ပါလာပါတယ်။ ရင်းနှီးမြှပ်နှံမှု ပမာဏ၊ သတင်းစာပညာ၊ သတင်းထောက် အင်အား၊ စီမံခန့်ခွဲမှု၊ ဈေးကွက်ရှင်သန်နိုင်မှုနဲ့ ဝင်ငွေ၊ ဒီဇိုင်းအတတ်ပညာနဲ့ နည်းပညာ ကျွမ်းကျင်မှု၊ ပုံနှိပ်ပိုင်းဆိုင်ရာနဲ့ အရည်အသွေးစတဲ့စတဲ့ ခေါင်းစဉ်ပေါင်းများစွာက သူတို့ရဲ့ ရှင်သန်ခွင့်ကို မေးခွန်းထုတ်ဖို့ အသင့်စောင့်နေတာမျိုးပါ။

မကွေးမြို့လယ်မှာ သတင်းစာ၊ ဂျာနယ်ဖြန့်ချိရေးနဲ့ စာအုပ်အရောင်းဆိုင် ဖွင့်လှစ်ထားတဲ့ ၁၁ နှစ်သက်တမ်းရှိ ရွှေပြည်စိုး စာပေတိုက်ပိုင်ရှင် ဦးတိုးကိုယ်တိုင်က ဒေသအခြေစိုက် ဂျာနယ်တွေ အပြိုင်အဆိုင် ထွက်ရှိလာမှာကို ကြိုဆိုပေမယ့် ရပ်တည်ရေးအတွက် အတော်လေး ရုန်းကန်ရမယ်လို့ သုံးသပ်ပါတယ်။

စာမျက်နှာများများနဲ့ တစ်နိုင်ငံလုံးဖြန့်ချိတဲ့ သတင်းစာတွေ၊ ဂျာနယ်တွေတောင် စောင်ရေထက်ဝက်လောက် ကျနေတဲ့ အနေအထားရှိနေပါတယ်လို့လည်း သူက ထောက်ပြပါတယ်။ ဒေသအခြေစိုက်ဂျာနယ် အားလုံးကတော့ ရောင်စုံစာမျက်နှာ လေးမျက်နှာအပါအဝင် အများဆုံး ၂၄ မျက်နှာလောက်သာ ပုံမှန်အားဖြင့် ထုတ်ဝေနိုင်ကြပါတယ်။

“ဒီမှာထုတ်ကြတယ်ဆိုတာက ဝါသနာပါလို့သာ လုပ်ကြတာ အတော်ရုန်းရမယ်။ နိုင်ငံရေးက ငြိမ်သွားတယ်။ ဥပမာ မြစ်ဆုံလို အများစိတ်ဝင်စားတဲ့ကိစ္စ၊ ရွေးကောက်ပွဲလို ရာသီမျိုးမှ သတင်းဂျာနယ်တွေက အရောင်းတက်တာ” လို့ ဦးတိုးက ဆိုပါတယ်။

မကွေးတိုင်းအတွင်း ပထမဆုံးသော ပုဂ္ဂလိကဂျာနယ်ကို ထုတ်ဝေသူ ဦးဝင်းကြည်ကလည်း “ဂျာနယ်လုပ်ငန်းနဲ့ သေချာပေါက် ငွေရလိမ့်မယ်လို့ ကျွန်တော်တော့ အာမမခံရဲဘူး” လို့ဆိုပါတယ်။

ဂျာနယ်ထုတ်ဝေသူအားလုံးကတော့ အကျိုးအမြတ်ကို မျှော်ကိုးပြီး လုပ်နေတာမျိုး မဟုတ်ဘဲ ကိုယ့်တိုင်းထဲမှာ နေထိုင်တဲ့ ပြည်သူတွေ ထုတ်ဖော်ပြောဆိုနိုင်ဖို့နဲ့ ဒေသန္တရအစိုးရကို စောင့်ကြည့် ထိန်းကျောင်းဖို့ကိုသာ အဓိကထားတယ်လို့ ဆိုကြပါတယ်။

မကွေးဂျာနယ်မှာ အစုရှယ်ယာ ၃၅ စုဝယ်ယူပြီး အများဆုံး ရင်းနှီးမြှပ်နှံသူအဖြစ် ပါဝင်နေတဲ့ ကုန်ကားနဲ့ ရေနံလုပ်ငန်းရှင် ဦးကြည်ဌေးကတော့ “စီးပွားရေး အကျိုးအမြတ်တော့ မမျှော်ပါဘူး။ ဒီလိုဂျာနယ်တွေရှိလာရင် ကျွန်တော်တို့ တိုင်းပြည်မှာ ရိုင်းနေတာတွေ ယဉ်လာမယ်၊ ယဉ်နေတာတွေ လှလာမယ်လို့ မျှော်လင့်လို့ပါ” လို့ ဆိုပါတယ်။

ဒေသခံ ဂျာနယ်ထုတ်ဝေသူတွေကတော့ စီးပွားရေးအရ အောင်မြင်ဖို့အတွက် ရေရှည်မှာ ပြင်ဆင်ရမယ်ဆိုတာ သိပေမယ့် သူတို့ဒေသမှာ သတင်းထောက်ကောင်း ရှားပါးနေတာက ပထမဆုံးဖြေရှင်းရမယ့် အခက်အခဲဖြစ်တယ်လို့ သတ်မှတ်ထားကြပါတယ်။

နောက်တစ်ခုက သတင်းရယူခွင့်ဆိုင်ရာ အကန့်အသတ်တွေ အခုထက် ပိုမိုဖြေလျှော့ဖို့ပေးဖို့ လိုတယ်လို့ သူတို့က ထောက်ပြကြပါတယ်။ အရင်တုန်းက သတင်းယူခွင့်မရှိတဲ့ မကွေးတိုင်း လွှတ်တော်ရဲ့ သတင်းတွေကို ယူခွင့်ရတာ၊ အစိုးရဌာနတွေကို ပိုမိုဝင်ထွက်ခွင့်ရနေတဲ့ အခြေအနေရှိပေမယ့် လုံလောက်တဲ့ အခြေအနေမျိုးတော့ မဟုတ်သေးဘူးလို့ သူတို့က ယုံကြည်နေကြပါတယ်။

“အခုအခြေအနေကလည်း သတင်းသမားကို သတင်းပြန်လိုက်တဲ့ အခြေအနေက ရှိတဲ့နေရာ ရှိနေသေးတာပဲ။ မပြောင်းလဲသေးဘူးလို့တော့ ပြောလို့မရဘူး။ ပြောင်းတော့ ပြောင်းသွားတယ်။ ဒါပေမယ့် ပြောချင်တာလောက်ပဲ ထုတ်ပြောတဲ့ အသုံးချချင်တဲ့ ပုံစံမျိုး ဖြစ်သွားတယ်” လို့ ဦးဇော်မြင့်ကြည်က ဆိုပါတယ်။

မကွေးတိုင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူး ဦးမြင့်လွင်ကတော့ ဒါကို ငြင်းဆိုလိုက်ပြီး ဒေသအခြေစိုက် ဂျာနယ်တွေ ထပ်မံထွက်ရှိလာတာကို ကြိုဆိုကြောင်းနဲ့ သူ့ဌာနမှာ လွတ်လပ်စွာ သတင်းရယူနိုင်ပါတယ်လို့လည်း ဖိတ်ခေါ်ခဲ့ပါတယ်။

ဦးဝင်းကြည်ကတော့ သတင်းရယူခွင့်မှာ အဟန့်အတားတစ်ခုလို့ ဆိုနိုင်တဲ့ ကိစ္စတစ်ခုကို အခုလို ပွင့်ပွင့်လင်းလင်း ထုတ်ပြောပါတယ်။ “မီဒီယာတွေဖက်မှာလည်း မီဒီယာဆိုတဲ့အရှိန်အဝါနဲ့ ရဲလုပ်ငန်းတွေ၊ သစ်လုပ်ငန်းတွေမှာ မိုက်ကြေးခွဲတဲ့သူကများနေတယ်”လို့  သူက ဆိုလိုက်တာပါ။ ဒါ့အပြင် ရန်ကုန်အခြေစိုက်သတင်းစာတိုက်ကြီးအချို့ကလွဲလို့ နယ်ခံသတင်းထောက်တွေကို စားလောက်အောင် လစာပေးနိုင်တဲ့ အခြေအနေမရှိတာကလည်း မကွေးတိုင်းမီဒီယာဖွံ့ဖြိုးမှုကို အခက်တွေ့စေတယ်လို့ သူကထောက်ပြပါတယ်။

မြန်မာသတင်းစာပညာလောက ဖွံ့ဖြိုးရေးကို ဆယ်စုနှစ်နဲ့ချီပြီး တောက်လျှောက်လုပ်လာတဲ့ ရန်ကုန်သတင်းစာပညာကျောင်းရဲ့ ဒါရိုက်တာ ဦးရဲနိုင်မိုးကတော့ အတတ်ပညာဖွံ့ဖြိုးမှုကို ပတ်ဝန်းကျင်က အတိုင်းအတာတစ်ခုအထိ အကူအညီပေးနိုင်ပေမယ့် စီးပွားရေးအရ အောင်မြင်ဖို့ မူဝါဒတွေကို အလေးထားမချမှတ်ဘူးဆိုရင် သူတို့တွေ အခက်တွေ့လိမ့်မယ်လို့ သုံးသပ်ပါတယ်။

“သတင်းမီဒီယာဆိုတာ အနစ်နာခံနိုင်သူတွေ လုပ်တာ။ စာမူခတို့၊ လစာတို့ လျော့ယူပါဆိုတဲ့ ရှေးရိုးစွဲအမြင်တွေကို ပြောင်းနိုင်မှ ဖြစ်လိမ့်မယ်” လို့လည်း သူက သတိပေးပါတယ်။ ထိုက်သင့်တဲ့ငွေကြေး သုံးစွဲနိုင်ပါမှ သင့်တော်တဲ့ အရည်အသွေး ရမှာဖြစ်ပြီး ဈေးကွက်မှာလည်း ရောင်းပန်းဝင်မှာပါလို့ ဦးရဲနိုင်မိုးက အကြောင်းပြပါတယ်။

ဒါပေမယ့် ဒေသတစ်ခုမှာ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ စာစောင်တစ်စောင်ဖြစ်ဖြစ်၊ နှစ်စောင်ဖြစ်ဖြစ် ထွက်ရှိတယ်ဆိုတာ နိုင်ငံရေးအရရော၊ လူမှုစီးပွားအရရော သိပ်ကို အဖိုးတန်တဲ့ အခြေအနေတစ်ခုဖြစ်လို့ အောင်မြင်စေချင်တယ်လို့ သူက ဆန္ဒပြုပါတယ်။

“စိုးရိမ်စရာတစ်ခုကတော့ စီးပွားရေးအမြင် အားနည်းမှုကြောင့် အမှီအခိုကင်းတဲ့ သတင်းဂျာနယ်တွေ ရပ်သွားမှာကိုပါပဲ” လို့လည်း ဦးရဲနိုင်မိုးက သတိပေးလိုက်ပါသေးတယ်။

ခေါင်းစီး ဓာတ်ပုံ- မကြာသေးမီက ဆိုင်းဘုတ်တင်ပွဲ ပြုလုပ်ခဲ့တဲ့ မကွေးဂျာနယ်ကို ၁၀ ရက်တစ်ကြိမ် စတင်ထုတ်ဝေနေပြီ ဖြစ်ပါတယ်။ ဓာတ်ပုံ- တေဇလှိုင်

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.