အင်တာနက်မြန်နှုန်း ကန့်သတ်ချက်ကို ဖောက်ထွက်ခြင်း

အင်တာနက် နှေးကွေးလွန်းလှသဖြင့် အချိန်များ အလဟသ ကုန်နေရသောကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေကြရသော မြန်မာပြည်မှ အင်တာနက် သုံးစွဲသူတို့အတွက် ဆက်သွယ်မှု ပိုမိုမြန်ဆန်သော ဂြိုလ်တု အင်တာနက်ဝန်ဆောင်မှုသစ်များ ရောက်ရှိလာပြီဖြစ်သည်။

သောမတ်စ် ကင်း(န်) ရေးသားသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းဆက်သွယ်ရေးမှာ နှစ်နှစ်တာကာလအတွင်း မကြုံစဖူး တိုးတက်လာခဲ့သည်။ မိုဘိုင်းဖုန်း သုံးစွဲသူဦးရေမှာလည်း နေ့စဉ်နှင့်အမျှ တိုးပွားလာနေသည်။ ယခင်က ထိုကဲ့သို့အဖြစ်မျိုး တစ်ကြိမ်တစ်ခါမှ မကြုံခဲ့ဖူးပေ။

သို့သော် ဤဒစ်ဂျစ်တယ် တော်လှန်ရေးကြီးတွင် မထိမတို့ရသေးသော နယ်ပယ်တစ်နေရာ ကျန်ရှိနေသေးသည်။ ၎င်းမှာ အင်တာနက်လိုင်းများဖြစ်ပြီး ထိုဈေးကွက်ကို နိုင်ငံပိုင် မြန်မာဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ) နှင့် အစိုးရတစ်ပိုင်း ရတနာပုံတယ်လီပို့ အများပိုင်ကုမ္ပဏီတို့က ကြီးစိုးထားကာ မြန်မာနိုင်ငံ၏ အနည်းငယ်သာရှိသည့် နိုင်ငံတကာ အင်တာနက် ဂိတ်ဝတံခါးကို ချုပ်ကိုင်ထားသည်။

ဆက်သွယ်ရေးဥပဒေများကို အစိုးရက ဖြေလျော့ပေးလိုက်သောကြောင့် ဤနယ်ပယ်တွင် ကုမ္ပဏီသစ်များ    တဖြေးဖြေး ဝင်ရောက်လာခဲ့ကြရာ အစိုးရမဟုတ်သော ကုမ္ပဏီများက နိုင်ငံတကာ ဆက်သွယ်ရေး အင်တာနက်ဆက်ကြောင်းများ ထူထောင်ပြီး မြန်မာနိုင်ငံ၏ အင်တာနက် bandwidth ကို သိသိသာသာ တိုးချဲ့လာကြသည်ကို တွေ့မြင်လာရသည်။

အင်တာနက် သုံးစွဲသူများက အင်တာနက်နှေးကွေးမှုများကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေကြရသော်လည်း ဝန်ဆောင်မှုကို ပြိုင်ဆိုင်လုပ်ဆောင်ပေးကြမည့် ကုမ္ပဏီသစ်များ အလျင်အမြန် ထွက်ပေါ်လာနိုင်ခဲ့ခြင်း မရှိခဲ့သည်ကို တွေ့ရသည်။ အင်တာနက် ဝန်ဆောင်မှုပေးသူ (ISP) ကုမ္ပဏီများအတွက် အဓိက အခက်အခဲများမှာ လက်ရှိ အခြေခံ အဆောက်အအုံများ ချို့တဲ့မှုနှင့် ဖိုင်ဘာဆက်ကြောင်းအသစ်များ တပ်ဆင်ရန် ငွေကြေးမလုံလောက်မှုတို့ပင် ဖြစ်သည်။ အစိုးရက လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားခဲ့ခြင်းကြောင့် ဝန်ဆောင်မှု အရည်အသွေး ညံ့ဖျင်းလှသော်လည်း ဈေးနှုန်းမှာမူ ကြီးမြင့်နေသည်။ ထို့ကြောင့် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရန် အဟန့်အတားများ ဖြစ်စေခဲ့သည်။  ပြီးခဲ့သော နှစ်ကုန်ပိုင်းအထိ မြန်မာနိုင်ငံတွင် broadband အင်တာနက် ဆက်သွယ်မှုမှာ လူ ၁,၀၀၀ လျှင် တစ်ခုနှုန်းသာ ရှိနေသည်။

သို့ဖြစ်ရာ ကာလဒေသ အခြေအနေအရ နည်းပညာဟောင်းဖြစ်သော VSAT ဟု ခေါ်သည့် (Very Small Aperture Terminal) စနစ်မှာ အသုံးတည့်နေသည်။ 

ရန်ကုန်မြို့ MICT Park ရှိ SEANET ရုံးမှ ဝန်ထမ်းများ။ ဓာတ်ပုံ- အန်းဝမ်

ရန်ကုန်မြို့ MICT Park ရှိ SEANET ရုံးမှ ဝန်ထမ်းများ။ ဓာတ်ပုံ- အန်းဝမ်

VSAT ၏ သဘောတရားမှာ ရိုးရိုးရှင်းရှင်းပင် ဖြစ်သည်။ အသုံးပြုသူ၏ဘက်တွင် အချက်အလက်များကို ဖမ်းယူနိုင်၊ ပို့လွှတ်နိုင်သော စလောင်းတစ်ခု ရှိနေပြီး ထိုစလောင်းမှ အချက်အလက် (data) များကို ဂြိုလ်တုဆီသို့ ပို့လွှတ်ခြင်း ဖြစ်သည်။ ဂြိုလ်တုမှ ပြန်ကန်ထွက်လာသေ အချက်အလက်များကို မြေပြင်ရှိ ပိုမိုကြီးမားသော စလောင်းဖြင့် ဖမ်းယူပြီး အင်တာနက်ကွန်ယက်ဖြင့် ဆက်သွယ်ပေးခြင်းဖြစ်သည်။ မြန်မာနိုင်ငံကဲ့သို့ အင်တာနက်လိုင်းနှင့် မိုဘိုင်းဆက်သွယ်ရေး အခြေခံအဆောက်အအုံများ အကန့်အသတ်နှင့် အနည်းငယ်သာရှိနေသော နိုင်ငံမျိုးတွင် ဤစနစ်၏ အားသာချက်မှာ မည်သည့်နေရာတွင်မဆို စလောင်းတပ်ဆင်ကာ ဆက်သွယ်နိုင်ခြင်းပင် ဖြစ်သည်။ ပင်မဓါတ်အားလိုင်းကြီးများနှင့် ဝေးကွာသော နေရာဒေသများတွင် နေရောင်ခြည်စွမ်းအင်ဖြင့် ရရှိသော လျှပ်စစ်ဓာတ်အားဖြင့်ပင် လည်ပတ်နိုင်သည်။

မြန်မာနိုင်ငံတွင် VSAT သုံးစွဲမှုနှင့် ပတ်သက်၍ သမိုင်းကြောင်း ရှိခဲ့ဖူးသည်။ ၂၀၀၂ ခုနှစ်တွင် ပုဂံဆိုင်ဘာတက် (Bagan Cybertech) က VSAT ဆက်သွယ်ရေး ဝန်ဆောင်မှုကို IPSTAR ဂြိုလ်တုမှတဆင့် စတင် ဝန်ဆောင်မှုပေးခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် စစ်ထောက်လှမ်းရေးအဖွဲ့ကို ဖယ်ရှားပြီးချိန်တွင် ပုဂံဆိုင်ဘာတက်ကို နိုင်ငံပိုင် သိမ်းဆည်းပြီးနောက် မြန်မာတယ်လီပို့ (Myanmar Teleport) ဟု အမည်ပြောင်းလဲခဲ့သည်။ နောက်တစ်ဖန် ၂၀၀၇ ခုနှစ်တွင် ရတနာပုံတယ်လီပို့ (Yatanarpon Teleport) ဟု ထပ်မံ အမည် ပြောင်းလဲခဲ့သည်။

ပြီးခဲ့သည့်လအတွင်း KBZ Gateway က အမေရိကန်ကုမ္ပဏီ Hughes Network Systems LL နှင့်         ဟောင်ကောင်အခြေစိုက် Asia Satellite Telecommunication Co Ltd တို့နှင့် ပူးပေါင်း၍ VSAT ဆက်သွယ်ရေးစနစ်ကို မြန်မာနိုင်ငံတွင် စတင်ဝန်ဆောင်မှုပေးမည်ဟု ကြေညာခဲ့သည်။

“မြန်မာနိုင်ငံမှာ မျိုးဆက်သစ် VSAT နည်းပညာနဲ့ ဆက်သွယ်ရေးကဏ္ဍသစ်တစ်ခု ဖွင့်လှစ်ခွင့်ရလို့ ဝမ်းမြောက် ဂုဏ်ယူမိပါတယ်” ဟု နည်းပညာသစ် မိတ်ဆက်ပွဲတွင် KBZ Gateway ၏ အမှုဆောင်အရာရှိချုပ် Stphane Lamoureux က ပြောကြားခဲ့သည်။

“ဒီနိုင်ငံမှာ လက်ရှိသုံးစွဲနေကြတဲ့ အရာတွေနဲ့မတူပဲ မြန်နှုန်းမြင့် အဆင့်မြင့် ဆက်သွယ်ရေးကို ပေးစွမ်းနိုင်လာတာကြောင့် စီးပွားရေးလုပ်ငန်းမျိုးစုံနဲ့ နိုင်ငံအနှံ့မှာ နေထိုင်ကြတဲ့ လူမှုအသိုက်အဝန်းတွေ တိုးတက်ဖွံ့ဖြိုးမှုအတွက် များစွာအထောက်အကူ ဖြစ်စေမှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသွားသည်။

VSAT ဆက်သွယ်ရေးစနစ်ကို မြန်မာနိုင်ငံတွင် ဒုတိယမြောက် တည်ထောင်သူအဖြစ် SEANET Myanmar က ဇူလိုင်လ အစောပိုင်းတွင်ပင် လုပ်ငန်း စတင်နိုင်ရန် စီစဉ်လျှက်ရှိသည်။ KBZ Gateway ကဲ့သို့ပင် SEANET ကလည်း Hughes နှင့် AsiaSat တို့နှင့်ပင် ပူးပေါင်းလုပ်ဆောင်နေသည်။ SEANET က မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဝန်ဆောင်မှုပေးမည်ဖြစ်ရာ တပ်ဆင်ရောင်းချပေးမည့် ကိုယ်စားလှယ် ၆၀ ကျော် ၇၀ ခန့် ရရှိထားပြီးဖြစ်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးတိုင်းတွင် SEANET ရှိနေစေရမည်ဟု SEANET ၏ အမှုဆောင် အရာရှိချုပ် ဦးပြုံးမောင်မောင်က Frontier ကို ပြောသည်။

မြန်မာနိုင်ငံကဲ့သို့ အခြေခံ အဆောက်အအုံ ချို့တဲ့ပြီး မလုံလောက်သော နိုင်ငံတွင် ဂြိုလ်တု အင်တာနက် ဆက်သွယ်ရေးစနစ်အတွက် ဈေးကွက်ကောင်းမှာ ကျေးလက်နှင့် နယ်ဘက်တွင် ပို၍ ရှိနေသည်မှန်သော်လည်း မြို့ကြီးပြကြီးများတွင် ADSL ကဲ့သို့ နှေးကွေးသော အင်တာနက်လိုင်း ဝန်ဆောင်မှုကိုဖြစ်စေ၊ မိုဘိုင်းအခြေပြု အင်တာနက်ကိုဖြစ်စေ အားထားနေကြရသော ကုမ္ပဏီများကလည်း ပိုမိုမြန်ဆန်၍ အလုပ်ဖြစ်သော VSAT စနစ်ကို ပြောင်းသုံးကြရန် စဉ်းစားလာကြလိမ့်မည်ဟု ဦးပြုံးမောင်မောင်က ကြိုတင် တွက်ဆထားသည်။

“Fibre optic (ဖိုင်ဘာ) လိုင်း ရှိထားရင်တော့ အကောင်းဆုံးပေါ့။ ကျွန်တော်တို့ ရည်ရွယ်တာကလည်း fibre optic ကွန်ယက်နဲ့ လက်လှမ်းမမီတဲ့ ကျေးလက်ဒေသတွေအတွက် အဓိက ရည်ရွယ်တာပါ။ ဒါပေမယ့် မြို့ပေါ်က ရုံးတွေမှာလည်း တစ်ခါတစ်ရံ မိုဘိုင်းအင်တာနက်ကိုပဲ အားထားနေရတာတွေ ရှိတယ်။ ရေရှည်ကျရင် ကုန်ကျစရိတ်က ကြီးလေးလာတော့ တွက်ချေမကိုက်တော့ဘူး”ဟု ဦးပြုံးမောင်မောင်က ပြောသည်။

အင်တာနက်အမြန်နှုန်း (Download speed) 512 Kbps မှ 10 Mbps အတွင်း ဝန်ဆောင်မှုပေးမည့် SEANET က တစ်လလျှင် ၉၉ ဒေါ်လာမှ ၁,၁၉၉ ဒေါ်လာ အထိရှိသော ပက်ကေဂျ့်အမျိုးမျိုးဖြင့် ဝန်ဆောင်မှု ပေးမည်ဖြစ်သည်။ နိုင်ငံတကာ gateway ထူထောင်ခွင့်ကိုလည်း ကုမ္ပဏီက လျှောက်ထားပြီး ဖြစ်သည့်အတွက် ရရှိပါက လက်ရှိ ISP များထံမှတဆင့် ဝယ်ယူရန် မလိုအပ်တော့ပဲ ကိုယ်ပိုင် အင်တာနက် bandwidth ရရှိနိုင်မည် ဖြစ်သည်။ ယခု လက်ရှိတွင်မူ ပုံမှန်ဆက်သွယ်ရေး ရရှိစေရန် ISP နှစ်ဦး၊ သုံးဦးထံမှ လက်ကား ဝယ်ယူနေရသည်။

SEANET ၏ ဆာဗာစက်ပစ္စည်းများ။ ဓာတ်ပုံ- အန်းဝမ်

SEANET ၏ ဆာဗာစက်ပစ္စည်းများ။ ဓာတ်ပုံ- အန်းဝမ်

မြို့ပြမှ သုံးစွဲသူ ဈေးကွက်မှာ ကြာရှည်ခံမည့်ပုံတော့ မပေါ်ပေ။ မြန်မာနိုင်ငံ၏ စုစုပေါင်းအင်တာနက် bandwidth မှာ ၂၀၁၂ ခုနှစ်က 15 Gbps သာ ရှိခဲ့ရာမှ ပြီးခဲ့သည့်နှစ်တွင် 70 Gbps ခန့်အထိ တိုးတက်လာသည်ဟု Nielsen MMRD ၏ သုတေသနအရ သိရသည်။ လာမည့် ဒီဇင်ဘာလတွင် SEA-ME-WE 5 ကေဘယ်ဖြင့် ချိတ်ဆက်ရန် စီစဉ်ထားပြီးဖြစ်ရာ ပြီးစီးပါက 100 Gbps အထိ တိုးတက် ရရှိလာမည်ဖြစ်သည်။ ကန့်သတ်ချက်များကို ထပ်မံဖြေလျော့ ပေးလာပါက လာမည့် နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံ၏ မိုဘိုင်းအင်တာနက် အမြန်နှုန်းမှာ အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်နိုင်သည့် အခြေအနေသို့ ရောက်ရှိလာမည်ဟု မျှော်လင့်ရသည်။

VSAT အသုံးတည့်လာနိုင်သည့် နေရာများစွာ ရှိနေသည်။ Bandwidth အနည်းငယ်သာ လိုအပ်ပြီး ယုံကြည် စိတ်ချရသော ဆက်သွယ်ရေး လိုအပ်သည့် အေတီအမ် ငွေထုတ်စက်များနှင့် ဈေးဆိုင်များရှိ  Point of Sale (POS) စနစ်များအတွက် ရည်ရွယ်သော ပက်ကေဂျ့် များကို SEANET က ပေးအပ်နိုင်မည်ဖြစ်သည်။ သို့ဖြစ်ရာ ဘဏ်များနှင့် လက်လီအရောင်းဆိုင်များက စိတ်ဝင်စားလာနိုင်သည်။ KBZ Gateway ကလည်း ဤဈေးကွက်ကိုသာ အဓိက ရည်ရွယ်ထားပုံရသည်။ ကုမ္ပဏီနှင့် အခြားအဖွဲ့အစည်းများအနေဖြင့် ဂြိုလ်တုဆက်သွယ်ရေးကို အသုံးပြု၍ လုပ်ငန်းဌာနတွင်း Virtual Private Network များကို ထူထောင်ထားနိုင်ပေသည်။

ဆက်သွယ်ရေးကုမ္ပဏီများအနေဖြင့်လည်း ဖိုင်ဘာလိုင်း သို့မဟုတ် အခြားတပ်ဆင်ထားသည့် ဆက်ကြောင်းများကို အသုံးမပြုဘဲ စလောင်းကို မိုဘိုင်းကွန်ယက် ထုတ်လွှင့်သည့် တာဝါတိုင်များနှင့် ဆက်သွယ်စေကာ ဂြိုလ်တုမှတဆင့် cellular back haul mobile service ကို ပေးရာတွင် VSAT ကို အသုံးပြုနိုင်သည်။ မိုဘိုင်းဖုန်းသုံးစွဲမှုများလာလျှင် လိုအပ်ချက်ကို ထပ်ဖြည့်ပေးရသော load balancing လုပ်ရာတွင်လည်း အသုံးတည့်မည်ဖြစ်သည်။ မလေးရှားနိုင်ငံကဲ့သို့ အင်တာနက် အခြေခံ အဆောက်အအုံ မြင့်မားစွာ ဖွံ့ဖြိုးပြီးဖြစ်သောနိုင်ငံတွင်ပင် ဂြိုလ်တု အင်တာနက် ဆက်သွယ်ရေးကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေသော အကြောင်းရင်းမှာ load balancing လုပ်ရာတွင် အဆင်ပြေသောကြောင့် ဖြစ်သည်။ မလေးရှားတွင် VSAT အလုံးရေ ၃၅,၀၀၀ ခန့် အသုံးပြုလျှက် ရှိသည်။

ယခုအချိန်တွင် SEANET နှင့် KBZ Gateway ကုမ္ပဏီနှစ်ခုတည်းကသာ VSAT စနစ် ဝန်ဆောင်မှု ပေးလျှက်ရှိသော်လည်း မကြာမီတွင် နောက်ထပ်ကုမ္ပဏီများစွာ ပေါ်ထွက်လာကြဦးမည်မှာ မြေကြီး လက်ခတ်မလွဲပင် ဖြစ်သည်။ လက်ရှိ ကုမ္ပဏီနှစ်ခုလုံးက Network Facilities Service (Individual) လိုင်စင် ရရှိထားကြပြီးသူများ ဖြစ်ကြသည်။ ကာလရှည်ကြာစွာ စောင့်စားနေခဲ့ကြရပြီးနောက် ၂၀၁၃ ခုနှစ်ရောက်မှသာ အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့သော ဆက်သွယ်ရေးဥပဒေအရ ချထားပေးခဲ့သော လိုင်စင်များ ဖြစ်ကြသည်။

အဆိုပါ လိုင်စင် ရရှိထားသူသည် ဆက်သွယ်ရေး အခြေခံ အဆောက်အအုံများ ဆောက်လုပ်ခွင့် ရှိသည်သာမက ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးပိုင်ခွင့်လည်း ရရှိထားသည်။ ဤလိုင်စင်ကို တယ်လီနောနှင့် အူရီဒူးတို့အပါအဝင် အခြားကုမ္ပဏီ သုံးလေးခုကလည်း ရရှိထားသည်။

“သူတို့ထဲက တချို့ကလည်း ဂြိုလ်တုအခြေပြုတဲ့ ဆက်သွယ်ရေးစနစ် ထူထောင်ဖို့ ကြံစည်နေကြပုံရတယ်” ဟု ဦးပြုံးမောင်မောင်က ပြောသည်။ “အပြိုင်အဆိုင်တွေတော့ ထပ်ပေါ်လာကြလိမ့်ဦးမယ်။ ကိစ္စတော့ မရှိပါဘူး။ ပျော်စရာတောင် ကောင်းသေးတယ်။ ဈေးကွက်က အကြီးကြီးပါဗျာ” ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံတွင် အိုင်တီနည်းပညာ ဖွံ့ဖြိုးရေးအတွက် အထောက်အပံ့ပေးရန်ရည်ရွယ်ချက်ဖြင့် ဖန်တီးရာ ICT ဗဟိုဌာနကို တည်ထောင်ထားသူ Mr. David Madden က ISP ဈေးကွက်တွင် အပြိုင်အဆိုင်များ တိုးပွားလာခြင်းက သုံးစွဲသူများအတွက် အကျိုးဖြစ်ထွန်းစေမည် ဖြစ်သည်ဟု ဆိုသည်။ “ယနေ့အထိ ISP ဈေးကွက်မှာ တကယ်အဓိပ္ပါယ် ပြည့်ဝတဲ့ ပြိုင်ဆိုင်မှုဆိုတာ မရှိသေးပါဘူး။ အဲဒါကို စားသံုံးသူတွေ ကိုယ်တိုင်က တန်ဖိုးကြီးကြီး ပေးဆပ်ပြီးမှ ရနိုင်တာပါ။ လူတစ်ဦးချင်းကို ဆိုလိုတာ မဟုတ်ဘူး။ အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေရော၊ ကုမ္ပဏီကြီးတွေရော အားလုံးပါဝင်ပါတယ်” ဟု ၎င်းကပြောသည်။

“ဈေးကွက်ထဲမှာ တကယ့် ကွာဟမှုတွေကို ဂြိုလ်တု ဆက်သွယ်ရေးက ဖြည့်ဆည်းပေးနိုင်တဲ့ သီးသန့် ဈေးကွက်တွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် လက်ရှိဈေးကွက်ထဲမှာ ပြိုင်ဆိုင်မှုက မရှိတော့ သူတို့အစက ထင်မထားတဲ့ နေရာက ဈေးကွက်တွေ ပေါ်လာနိုင်တယ်။

“ဝန်ဆောင်မှု အဆင့်ကောင်းကောင်း၊ သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ကျွန်တော်တို့ရဲ့ လက်ရှိ bandwidth ကို သုံးဆ တိုးနိုင်မယ်ဆိုရင် ဂြိုလ်တုကပဲလာလာ၊ ဖိုင်ဘာလိုင်းကပဲလာလာ ကျွန်တော်အတွက် ကိစ္စမရှိပါဘူးဗျာ” ဟု David Madden က ပြောသည်။

မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် ခုန်ပျံကျော်လွှားမှုတွင် အစိုးရအနေဖြင့် သင့်တော်သည့် စည်းမျဉ်းမူဘောင်များ ချမှတ်ပေးခြင်းဖြင့် ဆက်သွယ်ရေး အခြေခံ အဆောက်အအုံများ တည်ဆောက်ရေးတွင် ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြုပ်နှံမှုများ ရရှိလာအောင် တွန်းအားပေးနိုင်သည်ဆိုသည့် ကောင်းမွန်သော နမူနာတစ်ခုဖြစ်သည်ဟု ၎င်းကပြောသည်။

“ဆက်သွယ်ရေး အခြေခံ အဆောက်အအုံတွေ တည်ဆောက်ရာမှာ ပုဂ္ဂလိကကဏ္ဍက လိုလိုလားလားနဲ့ စွန့်စားပြီး ရင်းနှီးမြုပ်နှံလိုစိတ် ရှိလာပြီဆိုရင် အစိုးရအနေနဲ့လည်း ဒါတွေအတွက် အကုန်အကျခံစရာ မလိုတော့ဘူးပေါ့။ မြန်မာနိုင်ငံမှာ နောက်ထပ် ပုဂ္ဂလိက ရင်းနှီးမြုပ်နှံမှုတွေ ရလာဦးမှာ မလွဲပါဘူး” ဟု ၎င်းကပြောသည်။

SEANET ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်။ ဓာတ်ပုံ-အန်းဝမ်

SEANET ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်။ ဓာတ်ပုံ-အန်းဝမ်

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ ယခုထက် ပိုမိုကောင်းမွန်လာအောင် ရင်းနှီးမြုပ်နှံကြရာတွင် အူရီဒူးနှင့် တယ်လီနောတို့ ရင်းနှီးကုန်ကျခဲ့ကြသည့် ပမာဏအထိ လုပ်ရန် မလိုအပ်တော့ပေ။

SEANET အနေဖြင့် လုပ်ငန်းများ စတင်လုပ်ဆောင်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ငါးသန်းမှ ခြောက်သန်းအထိ ရင်းနှီးမြုပ်နှံနေသည်ဟု ဦးပြုံးမောင်မောင်က ပြောသည်။

“ဒီအခွင့်အရေးကိုရဖို့ နှစ်ပေါင်းများစွာ စောင့်စားနေခဲ့ရပါတယ်။ ဒါပေမဲ့ စည်မျဉ်းဥပဒေတွေ မရှိသေးတာက တစ်ကြောင်း၊ အစိုးရက လက်ဝါးကြီးအုပ်ထားခဲ့တာက တစ်ကြောင်း၊ ဒီလိုအကြောင်းတွေကြောင့် တခြားလူတွေလိုပဲ ဘေးကနေ ထိုင်ကြည့်ပြီး စောင့်နေခဲ့ရပါတယ်” ဟု ၎င်းကပြောသည်။

“အစိုးရက သူတို့နဲ့ တွဲမလုပ်ရင် ဘယ်ပုဂ္ဂလိက ကုမ္ပဏီကိုမှ လုပ်ခွင့်မပေးခဲ့ဘူး။ ခုတော့ စည်းမျဉ်းဥပဒေတွေလဲ ပြောင်းလဲခဲ့ပြီဆိုတော့ ကျွန်တော်တို့ ဝင်ရောက် လုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်” ဟု ဦးပြုံးမောင်မောင်က ပြောသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.