စွန့်ဦးလမ်းထွင် အရှိန်မြှင့် အစီအစဉ်

ဖန်တီးရာ အဖွဲ့အစည်းက လုပ်ဆောင်ပေးသည့် လုပ်ငန်းအရှိန်မြှင့် အစီအစဉ်သည် ငယ်ရွယ်သူ နည်းပညာ စွန့်ဦးလမ်းထွင် မြန်မာလုပ်ငန်းရှင်များကို ခေတ်မီ စိတ်ကူးစိတ်သန်းများဖြင့် ၎င်းတို့၏ အိုင်တီထုတ်ကုန်များ IT Products နှင့် အိုင်တီဝန်ဆောင်မှုများ IT Services အတွက် အခွင့်အလမ်းကောင်းများကို ကောင်းစွာရယူနိုင်ရန် ကူညီလျက်ရှိသည်။

သောမတ်စ် ကင်း(န်) ရေးသားသည်။

အသက် ၂၂ အရွယ် မရွှေရည်မြဝင်းသည် နည်းပညာ ထုတ်ကုန်တစ်ခုကို ဖော်ထုတ်ရန် စတင် စဉ်းစားသောအခါ အလွတ်တန်း ဝက်ဘ်ဒီဇိုင်နာ တစ်ယောက်အဖြစ် သူ လုပ်ကိုင်ခဲ့ဖူးသော အတွေ့အကြုံကို စတင်အသုံးချခဲ့သည်။ သူသည် ဒီဇိုင်းအလုပ်ကို စတင်လုပ်ကိုင်စဉ်က အသက် ၁၈ နှစ်သာ ရှိသေးသည်။ သို့သော် သူ့တွင် အဆက်အသွယ် ကွန်ရက်များ မရှိသောကြောင့် စီမံကိန်းများရရှိနိုင်စေရန် ကြားပွဲစားကို အားထားခဲ့ရသည်။

ထိုပွဲစားသည် သူရသည့် လုပ်အားခ၏ ၅၀ ရာခိုင်နှုန်းကို ပွဲစားခအဖြစ် ယူသည်။ သူသည် ကျွမ်းကျင်မှုနှင့် အဆက်အသွယ်များ ရလာသည့်အခါ ပွဲစားကို ၃၀ ရာခိုင်နှုန်းသာ ပေးရတော့သည်။ သို့တိုင် သူ့ကို ဖောက်သည်နှင့် ချိတ်ဆက်ပေးရုံဖြင့် ထိုမျှပမာဏ ပေးရခြင်းကို များလွန်းသည်ဟု သူထင်သည်။

ယခု ထိုပွဲစားခကို လုံးဝ မပေးရတော့မည့် နည်းလမ်းတစ်ခုကို သူ ကြံရွယ်နေသည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် ဖောက်သည်ရော ဝန်ဆောင်မှုပေးသူ နှစ်ဦးနှစ်ဖက်စလုံးအတွက် အကျိုးရလဒ်ကောင်း ဖြစ်စေမည် ဖြစ်သည်။

အသက် ၂၄ နှစ် ရှိပြီဖြစ်သော သူ့အစ်မ မဟန်နီမြဝင်းနှင့်အတူ မရွှေရည်မြဝင်းသည် The Platform ဆိုသည့် ကွန်ပျူတာစနစ် တစ်ခုကို ထူထောင်ခဲ့သည်။ ယင်းသည် အိုင်တီကဏ္ဍအလွတ်တန်းသမားများအတွက်မြန်မာနိုင်ငံ အခြေစိုက် အွန်လိုင်းဈေးကွက် ဝက်ဘ်ဆိုက် ဖြစ်သည်။ သူတို့သည် အသစ်တစ်ခု ဖန်တီးနေခြင်း မဟုတ်သည်ကို သူတို့ကိုယ်တိုင် သိထားပါသည်။ freelancer နှင့် Fiverr ကဲ့သို့သော အလားတူ ဝက်ဘ်ဆိုက်များနှင့် ထုတ်ကုန်များ အများအပြား ရှိပြီးဖြစ်သည်။ သို့သော် ယင်းတို့ကို မြန်မာနိုင်ငံတွင် မသုံးသလောက် နည်းပါးသည်။ သူတို့အတွက် အဓိက ပြိုင်ဘက်မှာ ဖေ့စ်ဘွတ်စာမျက်နှာများနှင့် အုပ်စုများသာ ဖြစ်ကြသည်။ 

ထိုသို့သော ဝက်ဘ်ဆိုက်မျိုးအတွက် ဈေးကွက်ကောင်းများ ရှိနေသည်။ သူတို့ညီအစ်မနှစ်ယောက်၏ စကားကို နားထောင်ကြည့်ခဲ့သူများမှာ ဖန်တီးရာ လုပ်ငန်းအရှိန်မြှင့်အစီအစဉ်၏ ဒါရိုက်တာ မစ္စတာ ဂျက်စ် ခါလိဘယ် ပီတာဆင် Mr Jes Kaliebe Petersen နှင့် စတင် တည်ထောင်သော လုပ်ငန်းများကို လမ်းညွှန်ပေးသူ စွန့်ဦးတီထွင် လုပ်ငန်းရှင် ကိုသာထက်တို့ ဖြစ်ကြသည်။

ဖန်တီးရာ လုပ်ငန်းအရှိန်မြှင့်အစီအစဉ်သည် ကနဦးတည်ထောင်သူ နည်းပညာ လုပ်ငန်းရှင်များကို ပြုစုပျိုးထောင်ပေးသော အစီအစဉ်တစ်ခု ဖြစ်သည်။ မေးခွန်းများ မေးမြန်းရန် အချိန် သိပ်မယူခဲ့ချေ။

မည်သည့်ဈေးကွက် သုတေသနမျိုး လုပ်ခဲ့သလဲ။ အလွတ်တန်း အလုပ်မျိုးစုံ၊ သို့တည်းမဟုတ် အလွတ်တန်းအလုပ် တစ်မျိုးတည်းပဲ အာရုံထားမလား။ ဈေးနှုန်းမည်မျှတောင်းမလဲ။ ငွေပေးချေမှုကို မည်သို့လုပ်ဆောင်မလဲ။ သူတို့အပြီးသတ်လိုသော အလုပ်များကို မိမိ ဆိုက်တွင် တင်ပေးနိုင်ရန်စီးပွားရေးလုပ်ငန်းများကိုမည်သို့ဆွဲဆောင်မလဲ။

မေးခွန်းအချို့အတွက် ရှင်းလင်းသော အဖြေများ ရရှိခဲ့ပြီး အချို့အတွက် မရရှိခဲ့ပေ။ ပြဿနာအနည်းငယ်မှာမူ ပြေလည်သွားခဲ့သည်။ ညီအစ်မ နှစ်ယောက်က အနိမ့်ဆုံး ဖော်ထုတ်နိုင်သည့် ထုတ်ကုန် minimum viable product (MVP) ကို အပြီးသတ် လုပ်ကိုင်ရန် ဈေးကွက် သုတေသန၏ အဖြေကို စောင့်မျှော်နေကြသည်။ MVP ဆိုသည်မှာ ဈေးကွက်အတွင်း စမ်းသပ်နိုင်လောက်သည့် အဆင့်ရှိပြီး ကြိုးစားအားထုတ်မှု အနည်းဆုံးဖြင့် ပြုလုပ်ထားသော ထုတ်ကုန်မျိုးကို ဆိုလိုသည်။ သို့သော် ဈေးကွက်၏ အဖြေကို သိရှိရန်မှာ အလားအလာရှိသော အသုံးပြုသူများကို ပြသရန် ထုတ်ကုန်မရှိသေးသဖြင့် ခက်ခဲလျက်ရှိသည်။

“ဒါက ထပ်တလဲလဲ ဖြစ်နေတာပါ။ ဖောက်သည်တွေက MVP ကို အရင်ဦးဆုံး ကြည့်ချင်ကြတယ်”ဟု ဟန်နီမြဝင်း က မစ္စတာ ပီတာဆင်နှင့် ကိုသာထက်ကို ပြောပြသည်။

စတင်တည်ထောင်သော လုပ်ငန်းတွင် တာဝန်များကို မည်သို့ ခွဲဝေဆောင်ရွက်မည်ကိုလည်း မေးခွန်းထုတ်ခဲ့ သည်။

“ကွင်းဆင်းလုပ်ဆောင်သူက ဘယ်သူဖြစ်မလဲ”ဟု ကိုသာထက်က မေးသောအခါ “အစ်မလုပ်လိမ့်မယ်”ဟု ရွှေရည်မြဝင်းက သူ့အစ်မကို ညွှန်ပြရင်းပြောသည်။

“အမှန်က ခင်ဗျားချည်းပဲ ၈၀ ရာခိုင်နှုန်းလောက် ဦးဆောင်ပြောနေတယ်။ တကယ်တမ်း အသင်းအဖွဲ့နဲ့ လုပ်တော့မယ်ဆိုရင် အခုကတည်းကအလုပ်ကို ရှင်းရှင်းလင်းလင်း ခွဲဝေထားရမယ်”ဟု ကိုသာထက်က ပြောသည်။

“ဒါဆို သူက အပြင်ထွက်ပြီး စကားပြောဆိုတဲ့ အလုပ်ကို လုပ်ရမယ်”ဟု ကိုသာထက်က ဟန်နီမြဝင်းကို ညွှန်ပြပြီး ပြောသည်။ “ဒါဆို ခင်ဗျားရဲ့ အလုပ်က အွန်လိုင်းမဟုတ်တော့ ခင်ဗျားက ဝယ်လိုအားဘက်ကို ရှာဖွေရမယ်။ ကုမ္ပဏီတွေဆီသွားပြီး ခင်ဗျားတို့ ဆိုက်မှာ sign up ဝင်လုပ်အောင် ဆွဲဆောင်ပြောဆိုရမယ်”

အချေအတင် ပြောဆိုမှုများ ရှိခဲ့သော်လည်း သူတို့၏ ဆွေးနွေးပွဲသည် အကောင်းမြင် မှတ်ချက်များနှင့် အဆုံးသတ်ခဲ့သည်။ “မြန်မာနိုင်ငံရဲ့ စီးပွားရေးက အချိန်ပြည့် အလုပ်တွေ နည်းပါးသွားတဲ့ဘက်ကို ဦးတည်နေတယ်။ တချို့လူတွေက စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေ ဖြစ်လာနေကြတယ်။ လူအတော်များများကလည်း အလွတ်တန်း အလုပ်တွေကို ပိုလုပ်လာကြတယ်”ဟု မစ္စတာ ပီတာဆင်က သုံးသပ်သည်။

“ဒီနေရာမှာ ကြီးမားတဲ့ ဈေးကွက်ကြီး ရှိနေပါတယ်။ ဒီဈေးကွက်ကြီးဆီကို ခင်ဗျားတို့ရဲ့ အကြံဉာဏ်ကောင်းတွေကို သယ်ဆောင်လာဖို့ပဲ ရှိပါတယ်။ စတင်တည်ထောင်တဲ့ လုပ်ငန်းအများစုက ဝယ်လိုအားကို ဖန်တီးဖို့ ကြိုးစားနေကြရတယ်။ သူတို့က ဝယ်လိုအား ရှိ မရှိတောင် မသေချာကြဘူး”

အကောင်အထည်ပေါ်လာစေမည့် နည်းလမ်းသစ်

ရွှေရည်မြဝင်းနှင့် ဟန်နီမြဝင်းတို့သည် နှစ်အတော်ကြာအောင် နည်းပညာလောကတွင် ကျင်လည်ခဲ့ပြီး ဖြစ်သည်။ ဟင်းသီးဟင်းရွက် ရောင်းချသော ကုမ္ပဏီတစ်ခုဖြစ်သည့် Fresco အတွက် ဝက်ဘ်ဆိုက် တစ်ခုနှင့် မိုဘိုင်းအက်ပလီကေးရှင်း တစ်ခုကို ဒီဇိုင်းထွင်ပေးပြီးနောက် Business Solutions Hackathon ဆု ရရှိပြီး ၂၀၁၄ ခုနှစ်တွင် Technoholic ဟု ခေါ်ဆိုသော ကုမ္ပဏီတစ်ခုကို သူတို့ ညီအစ်မနှစ်ယောက်က တည်ထောင်ခဲ့သည်။ အိုင်တီနည်းပညာများကို အထက်တန်းကျောင်းမှာကတည်းက သူတို့ စတင် စိတ်ဝင်စားခဲ့သည်။ ဟန်နီမြဝင်းသည် ဟာ့ဒ်ဝဲနှင့် နက်ဝပ်ခ် သင်တန်းများ တက်ရောက်လေ့လာခဲ့ပြီး သူ့ ညီမဖြစ်သူက ဒီဇိုင်းဘက်ကို လေ့လာခဲ့သည်။

သူတို့သည် ဖန်တီးရာ၏ လုပ်ငန်းအရှိန်မြှင့် အစီအစဉ်အတွက် အက်ပလီကေးရှင်း ပြင်ဆင်ရေးဆိုင်ရာ  အကြံဉာဏ်များ ရယူရန် ဖန်တီးရာကို ချဉ်းကပ်ခဲ့ခြင်း ဖြစ်သည်။ ဖန်တီးရာသည် အိုင်တီကဏ္ဍတွင် တီထွင်ဆန်းသစ်မှုများကို တွန်းအားပေးရန် ရည်ရွယ်သည့် အဖွဲ့အစည်း ဖြစ်သည်။

ဖန်တီးရာ လုပ်ငန်းအရှိန်မြှင့် အစီအစဉ်ကို ဇွန်လတွင် စတင်တည်ထောင်ခဲ့ပြီး လာမည့် သုံးနှစ်အတွင်း စတင်တည်ထောင်သော လုပ်ငန်းပေါင်း ၁၅ ခုမှ ၂၀ အထိ လက်ခံရန် ဆုံးဖြတ်ထားသည်။ လာရောက် လျှောက်ထားသူများသည် ၆ လ ကြာမြင့်မည့် အစီအစဉ်ကို ဝင်ရောက်ရမည် ဖြစ်ပြီး လုပ်ငန်းတစ်ခုချင်းစီသည် အမေရိကန်ဒေါ်လာ ၂၅,၀၀၀ (မြန်မာကျပ်ငွေ ၂၉၄ သိန်း) လက်ခံရရှိမည် ဖြစ်သည်။

ထို့ပြင် အလုပ်လုပ်ကိုင်ရန် နေရာတစ်ခု၊ နည်းပြဆရာတစ်ဦး အမေရိကန်ဒေါ်လာ ၂ သိန်းကျော် တန်ဖိုးရှိသော အခမဲ့ ဝန်ဆောင်မှု အမျိုးမျိုးကို လက်ခံရရှိမည် ဖြစ်သည်။ ကာလပြီးဆုံးသောအခါ သရုပ်ပြသည့် နေ့ရက်သို့ ရောက်ရှိလာမည် ဖြစ်ပြီး ၎င်းတို့သည် ၎င်းတို့၏ ထုတ်ကုန်ကို ရင်းနှီးမြှုပ်နှံသူများအား ပြသရမည် ဖြစ်သည်။ ဖန်တီးရာသည် ထိုသို့ ထောက်ပံ့ပေးမှုအတွက် အပြန်အလှန်အားဖြင့် ရင်းနှီးမြှုပ်နှံသူများ ရရှိလာပါက လုပ်ငန်း၏ ရှယ်ယာ ၁၂ ရာခိုင်နှုန်းကို ရယူူမည်ဖြစ်သည်။

ဖန်တီးရာကို တည်ထောင်သူလည်းဖြစ် အမှုဆောင် အရာရှိချုပ်လည်းဖြစ်သော မစ္စတာ ဒေးဗစ် မက်ဒင် Mr David Madden က လုပ်ငန်းအရှိန်မြှင့်တင်ရေး အစီအစဉ်သည် မြန်မာနိုင်ငံရှိ ဖွံ့ဖြိုးလာနေသော နည်းပညာ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ကျော်လွှားနိုင်စေရန် ရည်ရွယ်ပြုလုပ်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။ ယင်းစိန်ခေါ်မှုများမှာ အရင်းအနှီးများ မရရှိနိုင်ခြင်း ဖြစ်သည်။

ဒေသတွင်းမှ လုပ်ငန်းများသည် စတင် လုပ်ဆောင်သော နည်းပညာလုပ်ငန်းများကို ငွေကြေးထောက်ပံ့ရန် ကြောက်ရွံ့လျက်ရှိကြသည်။ ဘဏ်မှ ငွေချေးခြင်းသည်လည်း အာမခံပစ္စည်း မထားနိုင်ပါက ရရှိနိုင်မည် မဟုတ်ပေ။ ထို့ပြင် နည်းပညာဆိုင်ရာ စီးပွားရေးလုပ်ငန်း စတင်သူများကို လမ်းညွှန်မှု ပေးမည့်သူ မရှိခြင်းစသည်တို့ ဖြစ်သည်။

“အဓိက စိန်ခေါ်မှုကတော့ ငွေကြေး အရင်းအနှီး ဖြစ်ပါတယ်။ ခင်ဗျားတို့ရဲ့ ထုတ်ကုန်အပေါ် အာရုံစိုက် လုပ်ဆောင်နိုင်စေမယ့်၊ စွန့်စားရမယ့် အရင်းအနှီး ဖြစ်ပါတယ်”ဟု မစ္စတာ မက်ဒင်က Frontier ကို ပြောသည်။

“ကျွန်တော် အလွန့်ကို ကျွမ်းကျင်တဲ့ အဖွဲ့တွေ တွေ့ဖူးပါတယ်။ ဒါပေမဲ့ သူတို့က စားဝတ်နေရေးအတွက် ဝန်ဆောင်မှု အလုပ်တွေပဲ လုပ်နေကြရတယ်။ လုပ်ငန်းတည်ထောင်ဖို့က ကိုယ်အမြီးနောက် ကိုယ်လိုက်နေရ သလိုပဲ သံသရာလည်နေပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက်နိုင်မယ့် ထုတ်ကုန်တွေ ဝန်ဆောင်မှုတွေကို ဖန်တီးဖို့ လိုအပ်နေတဲ့ အရင်းအနှီးကို ရရှိဖို့က ခက်ပါတယ်။

“ဒီတော့ ကျွန်တော်တို့ အဖြေထွက်လာတာက စလုပ်တဲ့ နည်းပညာလုပ်ငန်းတွေကို အရှိန်မြှင့်ပေးမယ့် အစီအစဉ်တစ်ခုကို တည်ထောင်ဖို့ပါပဲ။ ဒီပြဿနာတွေအားလုံးကို ဖြေရှင်းပေးနိုင်မယ့် အစီအစဉ်ပါ” ဟု မစ္စတာ မက်ဒင်က ပြောကြားသည်။

ဖန်တီးရာ လုပ်ငန်းအရှိန်မြှင့် အစီအစဉ်၏ နည်းဗျူဟာသည် လုပ်ငန်းငယ်လေးမှ စတင်ခြင်း ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းမှပင် အနိမ့်ဆုံး ဖော်ထုတ်နိုင်သည့် ထုတ်ကုန် MVP ဟူသည့် အယူအဆ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ သင်သည် အလားအလာရှိသော ဈေးကွက်ကို ရှာဖွေရမည်။ အနည်းဆုံး လိုအပ်သော သွင်ပြင်လက္ခဏာများဖြင့် ထုတ်ကုန်ကို ထုတ်လုပ်ရမည်။ ထို့နောက် ဈေးကွက်တွင် စမ်းသပ်ရမည်။ လိုအပ်လျှင် ပိုမိုကောင်းမွန်အောင် ပြုပြင်ရမည်။ ထိုသို့သော ချဉ်းကပ်မှုက မဆုံးရှုံးနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ငွေကြေးနှင့် အချိန် အနည်းငယ်ကိုသာ ရင်းနှီးမြုပ်နှံခဲ့သောကြောင့် ဖြစ်သည်။ အကျိုးဆက်မှာမူ မဆိုးရွားပေ။ ယင်းက နည်းပညာ လုပ်ငန်းရှင်သစ်များအား ပေါက်မြောက်အောင်မြင်သော ထုတ်ကုန်တစ်ခု ထုတ်လုပ်နိုင်ရန် လမ်းကြောင်းသို့ တွန်းပို့ပေးနိုင်သည်။

“ဒါက အခြေခံ အယူအဆ တစ်ခုကို အထိုင်ထားပြီး လုပ်ဆောင်ရတဲ့ အလုပ်ပါ။ သင်က ခြောက်လကြာအောင် အိမ်ထဲ ကုပ်ထိုင်ပြီး ကြီးမားလှတဲ့ ထုတ်ကုန်ကြီးကို ပြင်ဆင်နေတာမျိုး မဟုတ်ပါဘူး။ နည်းပညာ ထုတ်ကုန် တစ်ခုကို တည်ဆောက်နေတဲ့အခါ သင်က အရာအားလုံးကို တိုင်းတာသိရှိနေပါတယ်။ ကိုယ့်ထုတ်ကုန်မှာ ဘာတွေ မှားနေသလဲ၊ လူတွေက ဘယ်ဟာကို ပိုမိုနှစ်သက်ကြသလဲ သင် ချက်ချင်း သိရှိနိုင်ပါတယ်”ဟု မစ္စတာ မက်ဒင် က ပြောကြားသည်။

လုပ်ငန်းအရှိန်မြှင့် အစီအစဉ်အတွက် လျှောက်လွှာများကို ဇူလိုင်လကုန်တွင် ပိတ်သိမ်းမည် ဖြစ်သည်။ ထို့နောက်တွင် ဆုံးဖြတ်မည့် ဒိုင်အဖွဲ့က အလားအလာ အကောင်းဆုံး အဆိုပြုချက်ကို ပထမဆုံး သင်တန်းအတွက် ရွေးချယ်မည် ဖြစ်သည်။ မစ္စတာ မက်ဒင်က ပြောကြားရာတွင် ၎င်းတို့သည် အဆိုပြုထားသော ထုတ်ကုန် တစ်ခုတည်းကိုသာ ကြည့်ရှုမည် မဟုတ်ကြောင်း၊ လျှောက်လွှာတင်ထားသည့် အဖွဲ့တွင် ပါဝင်သူ များကိုလည်း ကြည့်ရှုမည် ဖြစ်ကြောင်း ဆိုသည်။

“ကျွန်တော်တို့က အလွန်ကြိုးစားတဲ့ အဖွဲ့တစ်ခုကို တွေ့ပြီဆိုရင် စိတ်ကူးစိတ်သန်းက သိပ်မကောင်းလည်း အရေးမကြီးပါဘူး။ အတူတကွ ကောင်းမွန်စွာ လုပ်ဆောင်နိုင်တဲ့ အသင်းအဖွဲ့ တစ်ဖွဲ့နဲ့ အလုပ်ကို ညပေါင်းများစွာ ပြင်းထန်စွာ လုပ်ကိုင်ဖို့ ဆန္ဒရှိတဲ့ အဖွဲ့တွေက ပိုအရေးကြီးပါတယ်”

မြန်မာ့မိုဘိုင်းအပြောင်းအလဲမှ ငွေရလမ်းဖော်ထုတ်ခြင်း

၂၀၁၀ ပြည့်နှစ်က မြန်မာနိုင်ငံတွင် ဆင်းမ်ကတ် တစ်ကတ်ကို ဒေါ်လာ ၁,၅၀၀ ခန့်ပေး၍ ဝယ်ခဲ့ရသည်။ ကမ္ဘာ့ဘဏ်၏ အဆိုအရ မိုဘိုင်းဖုန်း သုံးစွဲမှု သိပ်သည်းဆသည်လည်း ၁ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ ယင်းမှာ ကမ္ဘာပေါ်တွင် အနိမ့်ဆုံးများထဲ၌ ပါဝင်သည်။ ၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်းခန့်တွင် တယ်လီနောနှင့် အူရီဒူးတို့က ယင်းတို့၏ ကွန်ရက်များကို စတင်တည်ထောင်ခဲ့သောအခါ ဆင်းမ်ကတ်များသည် ၁ ဒေါ်လာခွဲခန့်သာ ကျသင့်တော့သည်။

ယခုအခါ အသုံးပြုနေသော ဆင်းမ်ကတ် ၄၅ သန်းကျော် ရှိနေပြီဖြစ်သည်။ ယင်းတို့ထဲမှ ထက်ဝက်ကျော်သည် ဖုန်းဆက်ရန်သက်သက် မဟုတ်ဘဲ ဒေတာ data ကို အသုံးပြုနေကြခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ် Facebook အသုံးပြုသူ ၁၀ သန်းကျော်နေပြီဟု သိရှိရသည်။ ဗိုင်ဘာ Viber အသုံးပြုသူ ၁၈ သန်းခန့် ရှိသည်ဟု ဆိုသည်။

ကျွမ်းကျင်မှု၊ စိတ်ကူးစိတ်သန်းနှင့် အက်ပလီကေးရှင်း ကောင်းကောင်း ရရှိထားသော နည်းပညာ စွန့်ဦးတီထွင် လုပ်ငန်းရှင်များအတွက် ရရှိနိုင်သော အကျိုးအမြတ်သည် ကြီးမားလွန်းလှသည်။ သို့သော် စတင်တည်ထောင် သော နည်းပညာ လုပ်ငန်းရှင်များသည် ဖန်တီးရာမှ မစ္စတာ မက်ဒင် ပြောသော နောင်ပေးရမည့် ငွေကြေး အရင်းအနှီးကို ကျော်လွှားနိုင်သူ လက်တစ်ဆုပ်စာမျှသာ ရှိသည်။ ယင်းမှာ သေးငယ်သော ကနဦးလုပ်ငန်းကို ဆက်လက်ကြီးထွားလာအောင် လုပ်ဆောင်ရန် လိုအပ်မည့် အရင်းအနှီးငွေ ဒေါ်လာ ၂၀၀,၀၀၀ မှ ၅၀၀,၀၀၀ ပင် ဖြစ်သည်။ ထိုငွေအားလုံးနီးပါးကို နိုင်ငံရပ်ခြားမှ ရရှိရန်သာ မျှော်လင့်ရသည်။

ယခုလက်ရှိအထိ အောင်မြင်နေသော လုပ်ငန်းများတွင် အိုးဝေအုပ်စု Oway Group ပါဝင်သည်။ အိုးဝေအုပ်စု ကို ယခင် ဂူးဂဲလ် မန်နေဂျာဟောင်း ဦးနေအောင်က တည်ထောင်ခဲ့ပြီး ၎င်း၏ လုပ်ငန်းများ ချဲ့ထွင်ရန် မကြာသေးမီက အမေရိကန် ဒေါ်လာ ၁၀ သန်း ရင်းနှီးမြှုပ်နှံမှုကို ရရှိအောင် လုပ်ဆောင်ခဲ့သည်။

ချဲ့ထွင်သော လုပ်ငန်းများတွင် မတ်လက စတင်တည်ထောင်သော အငှားယာဉ် ကြိုတင်ငှားရမ်းပေးသည့် အက်ပလီကေးရှင်း တစ်ခု ဖြစ်သည့် OwayRide လည်း ပါဝင်သည်။ မေလတွင် ကမ္ဘာ့ဘဏ်အုပ်စု World Bank Group ၏ အဖွဲ့ဝင် ဖြစ်သော နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်းInternational Fi nance Corporation က ထိုကုမ္ပဏီတွင် ရှယ်ယာ ဒေါ်လာ ၃ သန်း ပါဝင်ရန် အဆိုပြုခဲ့သည်။

ဇန်နဝါရီလတွင် ဘင်းဒက်ဇ် သတင်း Bindez Tha Din ဆိုသော မြန်မာဘာသာဖြင့် ထုတ်ဝေသည့် သတင်းအက်ပလီကေးရှင်းကို ထုတ်လုပ်သည့် ကုမ္ပဏီသည် အရင်းအနှီး သုံးကြိမ် ရှာဖွေခဲ့ရာ ဒေါ်လာ ၅၀၀,၀၀၀ ကျော် ရရှိခဲ့ပြီးဖြစ်သည်ဟု မြန်မာတိုင်း(မ်) စာစောင်က ဖော်ပြသည်။ နောက်ဆုံး ဝင်ရောက်ရင်းနှီးမြှုပ်နှံသော အရင်းအနှီးများသည် ဆီလီကွန်တောင်ကြား Silicon Valley အခြေစိုက် စွန့်ဦးတီထွင် လုပ်ငန်းခွင် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ venture capital firm တစ်ခုဖြစ်သော 500 Start-ups က ဝင်ရောက် ရင်းနှီးမြုပ်နှံခြင်းဖြစ်ပြီး Bindez ၏ ရှယ်ယာ အနည်းငယ်ကို ရယူသွားခြင်း ဖြစ်သည်။

ဇန်နဝါရီလတွင် အရင်းအနှီးများ ရရှိခဲ့သော နောက်ထပ် နည်းပညာ ကုမ္ပဏီတစ်ခုမှာ Revo Tech ဖြစ်သည်။ Revo Tech သည် ဖန်တီးမှုဒစ်ဂျစ်တယ် အေဂျင်စီ creative digital agency တစ်ခုဖြစ်သည်။ ရင်းနှီးမြုပ်နှံရေး အုပ်စုတစ်ခုဖြစ်သော Anthem Asia က ပြောကြားရာတွင် ယင်းသည် Revo Tech ၏ မိခင်ကုမ္ပဏီတွင် ဒေါ်လာ ဂဏန်းခြောက်လုံး ပမာဏကို ရင်းနှီးမြှုပ်နှံခဲ့သည်ဟု ဆိုသည်။

သို့ဖြင့် ယင်းသည် Revo Tech ၏ အသေးစား ရှယ်ယာပိုင်ရှင်များတွင် အကြီးဆုံးသူ ဖြစ်လာခဲ့သည်။ ဝန်ထမ်း ၅၀ နီးပါး ခန့်အပ်ထားပြီး Revo Tech က ဝန်ဆောင်မှု အမျိုးမျိုး ပေးလျက်ရှိသည်။ ယင်းတို့ထဲတွင် အက်ပလီကေးရှင်းနှင့် ဝက်ဘ်ဆိုက် ဖော်ထုတ်လုပ်ကိုင်မှုများအပြင် ဗီဒီယို ထုတ်လုပ်မှုနှင့် လူမှုကွန်ရက် နည်းပညာများ ပါဝင်သည်။

ထိပ်ဆုံးရောက်ဖို့ ခရီးရှည်

၂၀၁၂ ခုနှစ်တွင် ကုမ္ပဏီကို စတင်တည်ထောင်ခဲ့သော Revo Tech ၏ အမှုဆောင် အရာရှိချုပ် ကိုမျိုးမြင့်ကျော်အတွက်မူ ထိုသို့ အောင်မြင်မှု ရရှိရန် ခက်ခဲကြမ်းတမ်းပြီး ရှည်လျားသော ခရီးလမ်းကို လျှောက်လှမ်းခဲ့ရသည်။ သူပြောပြသော အကြောင်းအရာများသည် မြန်မာနိုင်ငံတွင် နည်းပညာ လုပ်ငန်း စတင်လုပ်ကိုင်သူများ ကြုံတွေ့ရသော စိန်ခေါ်မှုများကို မီးမောင်းထိုး ပြသနေသည်။

စင်ကာပူတွင် အလုပ်လုပ်နေစဉ် ကိုမျိုးမြင့်ကျော်နှင့် သူငယ်ချင်းတို့က မြန်မာနိုင်ငံသို့ ပြန်လာပြီး အလုပ်အကိုင် ရှာဖွေရေး ဝက်ဘ်ဆိုက် တည်ထောင်ရန် အကြံရခဲ့သည်။ သို့ရာတွင် ပြန်ခါနီးမှ သူ့ သူငယ်ချင်းသည် အစီအစဉ်မှ ထွက်ခွာသွားခဲ့သည်။ ကိုမျိုးမြင့်ကျော်သည် မြန်မာနိုင်ငံ ပြန်လာခဲ့သော်လည်း ထိုအလုပ်ရှာဖွေရေးဆိုက် တည်ထောင်ရန် စိတ်ကူးကို စွန့်လွှတ်ခဲ့ရသည်။ သူသည် လအနည်းငယ်ကြာ ရန်ကုန်မြို့တွင် နေထိုင်ရင်း စိတ်ကူးစိတ်သန်းကောင်းများ ရရှိနိုင်ရန် ကြိုးပမ်းနေခဲ့သည်။

နောက်ဆုံးတွင် သူငယ်ချင်းတစ်ယောက်က သူ့ခရီးသွား ကုမ္ပဏီအတွက် ဝက်ဘ်ဆိုက်တစ်ခု ရေးဆွဲပေးရန် သူ့ကို အကူအညီ တောင်းခံခဲ့သည်။ တစ်ဆင့်စကား တစ်ဆင့်ကြားပြီး သူသည် အလုပ်များ ပိုမိုရရှိလာခဲ့သည်။ ထိုအချိန်မှစပြီး Revo Tech ကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ Revo Tech ဆိုသော နာမည်ကို သူက ကြိုတင်ရွေးထားပြီး ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုသူငယ်ချင်းက အလုပ်လာအပ်ချိန်၌ သူသည် Vevo ဗီဒီယိုများကို ကြည့်ရှုနေ၍ ဖြစ်သည်။

Revo Tech ၏ အမှုဆောင်အရာရှိချုပ် ကိုမျိုးမြင့်ကျော်ကို ဗဟန်းမြို့နယ်ရှိ ဒစ်ဂျစ်တယ် ဖန်တီးမှု အေဂျင်စီရုံးခန်းတွင် တွေ့ရစဉ်။ ဓာတ်ပုံ - အန်းဝမ်

Revo Tech ၏ အမှုဆောင်အရာရှိချုပ် ကိုမျိုးမြင့်ကျော်ကို ဗဟန်းမြို့နယ်ရှိ ဒစ်ဂျစ်တယ် ဖန်တီးမှု အေဂျင်စီရုံးခန်းတွင် တွေ့ရစဉ်။ ဓာတ်ပုံ – အန်းဝမ်

အလုပ်များက တသောသော ဝင်လာသော်လည်း လုပ်ငန်း ရှင်သန်နိုင်ရန် သူ မနည်းကြိုးပမ်းနေရသည်။ အကြောင်းမှာ ကုမ္ပဏီ တည်ထောင်ရာတွင် ကုန်ကျစရိတ် များလွန်းခြင်း၊ အဆောက်အအုံ နေရာငှားရမ်းရခြင်း၊ မီးစက်ဝယ်ယူရခြင်းနှင့် မြန်ဆန်သော အင်တာနက် ဆက်သွယ်ရေး ဝယ်ယူရခြင်းအပြင် အရည်အချင်း ပြည့်ဝသော ဝန်ထမ်းများ ငှားရမ်းရခြင်းတို့ကြောင့် ဖြစ်သည်။

လုပ်ငန်း အောင်မြင်နိုင်ရန် အခြေအနေမရှိကြောင်း သိရှိသောကြောင့် သူ၏ ပထမဆုံး လုပ်ငန်းပါတနာသည် တစ်နှစ်ခန့် တွဲလုပ်ပြီးနောက် လုပ်ငန်းမှ ထွက်ခွာ၍ စင်ကာပူသို့ ပြန်သွားခဲ့သည်။ သူငယ်ချင်းများနှင့် မိသားစုဝင်များက ကိုမျိုးမြင့်ကျော်အား စင်ကာပူမှ ဝင်ငွေကောင်းသော ကုမ္ပဏီဝန်ထမ်းအလုပ်ကို စွန့်လွှတ်ကာ ရန်ကုန် ပြန်လာပြီး ကိုယ်ပိုင်အလုပ်ထောင်ရန် ကြိုးပမ်းခြင်းကြောင့် သူ့ကို ရူးမိုက်လှသည်ဟု ပြောကြသည်။ ကိုမျိုးမြင့်ကျော်၏ မိဘများက သူ့အား စင်ကာပူ ပြန်သွားလုပ်ကိုင်ရန် ပြောကြသည်။

ဘဏ္ဍာငွေ အထောက်အကူ ရရှိမည့် ဆက်သွယ်လုပ်ကိုင်မှုမျိုး မရှိသဖြင့် ငွေကြေး အခက်အခဲနှင့် ကြုံရလေ့ရှိသည်။

“လတစ်လရဲ့ ၂၇ ရက်နေ့မှာ ကျွန်တော်က ဝန်ထမ်းလစာ ပေးရတယ်။ ဒါပေမဲ့ ၂၂ ရက်နေ့အထိ ပေးရမယ့် လစာငွေ အလုံအလောက် ကျွန်တော့်မှာ မရှိသေးဘူး” ဟု သူက Frontier ကို ပြောသည်။

“ကျွန်တော်က စဉ်းစားဆင်ခြင်မှုမဲ့တဲ့ စွန့်စားမှု တစ်ခု လုပ်မိပြီလို့ ကျွန်တော့်ကိုယ် ကျွန်တော် တွေးမိတယ်။ ကျွန်တော်တို့မှာ ငွေကြေးမရှိပေမဲ့ ကျွန်တော်တို့က ဝန်ထမ်းတွေ ထပ်ငှားနေမိတယ်။ ဖောက်သည်ကြီးတွေ ရပြီး ငွေများများ ရဖို့ပါ။ ကျွန်တော်တို့မှာ ငွေပိုငွေလျှံ မရှိခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ကုမ္ပဏီ မကျရှုံးအောင်တော့ လုပ်ဆောင်နိုင်ခဲ့ပါတယ်”

ကိုမျိုးမြင့်ကျော်သည် Revo Tech တွင် ကြုံတွေ့ခဲ့ရသော အလှည့်အပြောင်းများကို ပြန်ပြောပြခဲ့သည်။ ဒီဇိုင်း အဖွဲ့တွင် နိုင်ငံခြားသားဝန်ထမ်း ငှားရမ်းခြင်း အပါအဝင် ဖြစ်သည်။ ယင်းမှာ စွန့်စားရမှု တစ်ခုဖြစ်သည်။ အကြောင်းမှာ နိုင်ငံခြားသားဝန်ထမ်းများ၏ လစာသည် များလွန်းသောကြောင့် ဖြစ်သည်။

သို့သော် ထိုသို့ လုပ်ဆောင်မှုကြောင့် Revo Tech သည် ယင်း၏ ပြိုင်ဘက်ကုမ္ပဏီများနှင့် ကွဲပြားလာခဲ့သည်။ နိုင်ငံတကာနှင့် ပြည်တွင်း မီဒီယာများတွင် ဖော်ပြခံရခြင်းသည် များစွာအကူအညီ ရခဲ့သည်။ ယင်းတို့မှာ နယူးယော့ခ် တိုင်းမ်စ် New York Times နှင့် မြန်မာတိုင်း(မ်) Myanmar Times တို့တွင် ဖော်ပြခံရခြင်း ဖြစ်သည်။

သူသည် နီစန်း Nissan ၊ စီးတီးမတ် City Mart နှင့် ကမ္ဘောဇ အုပ်စု KBZ Group စသော ကုမ္ပဏီကြီးများထံမှ ဖုန်းခေါ်ဆိုမှုများ ရရှိလာခဲ့သည်။ ပုတ်ပြတ်လုပ်ကိုင်နေရာမှ လုပ်ငန်းကန်ထရိုက်စာချုပ်ဖြင့် လုပ်ကိုင်လာရသည်။ ထို့နောက်တွင် Anthem Asia က လာရောက်ရင်းနှီးမြုပ်နှံခဲ့သည်။ ရလာသော ငွေရင်းငွေနှီးသည် လုပ်ငန်းပြီးမှ ငွေချေလေ့ရှိသော လုပ်ငန်းကြီးများကို ရှာဖွေနိုင်ရန် Revo Tech ကို အခွင့်အရေး ရစေခဲ့သည်။ ထိုလုပ်ငန်းကြီးများမှ ငွေကြေး အမြောက်အမြား ရရှိနိုင်သည်။

အရင်းအနှီးကို မြန်မာနိုင်ငံမှ မဟုတ်ဘဲ နိုင်ငံတကာမှ ဘာကြောင့်ရရှိသနည်းဟု မေးသောအခါ ကိုမျိုးမြင့်ကျော်က “ပြည်တွင်းကုမ္ပဏီတွေက စွန့်စားရမှုများပြီး အကျိုးအမြတ် များနိုင်တဲ့ နည်းပညာ ကုမ္ပဏီတွေရဲ့တန်ဖိုးကို သိရှိဖို့ အချိန်အတန်ကြာ စောင့်ဆိုင်းရဦးမယ်”ဟု ပြောပါသည်။

“ကျွန်တော်က မြန်မာနိုင်ငံသား တစ်ဦးပါ။ ဒါကြောင့် မြန်မာနိုင်ငံအကြောင်း သိပါတယ်။ ပြည်တွင်းက ရင်းနှီးမြှုပ်နှံသူတွေက အကျိုးအမြတ်ကို အမြန်လိုချင်ကြတယ်။ သေချာပေါက် ရရှိနိုင်မှ ရင်းနှီးမြှုပ်နှံလိုကြတယ်။ နည်းပညာ ကုပ္မဏီတစ်ခုမှာ ရင်းနှီးမြှုပ်နှံရင် ငွေကြေးတွေ ဆုံးရှုံးသွားနိုင်တာလည်း ရှိတယ်”ဟု သူက ပြောသည်။

သူက လကုန်သည့်အခါ သူ့ဝန်ထမ်းများကို လစာပေးရန် အခက်အခဲ ဖြစ်ခဲ့ရချိန်များကို ပြန်လည်စဉ်းစားပြီး ရယ်မောကာပြောသည်။

“ကျွန်တော်လည်း ရင်းနှီးမြှုပ်နှံတဲ့သူဆိုရင် မြေယာကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖြစ်မယ် ထင်တာပဲ”

Anthem Asia ၏ အကူအညီဖြင့် ကိုမျိုးမြင့်ကျော်သည် မြန်မာနိုင်ငံရှိ ကာလကြာမြင့်စွာ ရှိနေခဲ့သော ဈေးကွက် ရှာဖွေရေး ကုမ္ပဏီများကို ပစ်မှတ်ထားလိုသည်။ ယင်းကုမ္ပဏီများသည် ပိုမိုရှေးရိုးဆန်သော မီဒီယာများ၏ အကူအညီကိုသာ ရယူနေရသည်။ ထို့နောက် ၂ နှစ်အတွင်း Revo Tech ကို မြန်မာနိုင်ငံတွင် အကြီးမားဆုံး ဒစ်ဂျစ်တယ် အေဂျင်စီအဖြစ် ပြောင်းလဲရန် ရည်မှန်းလျက်ရှိသည်။

“ဒါက ကျွန်တော်တို့ရဲ့ ပန်းတိုင်ပါ။ ကျွန်တော်တို့က အကောင်းဆုံးနဲ့ အကြီးမားဆုံး ဖြစ်ချင်တယ်။ နာမည်ကြီး အမှတ်တံဆိပ် ကုမ္ပဏီတွေ မြန်မာနိုင်ငံကို လာရောက်တဲ့အခါ သူတို့ အလုပ်အပ်ဖို့ စဉ်းစားတဲ့ ပထမဆုံး အေဂျင်စီ ဖြစ်ချင်တာပါပဲ”ဟု ကိုမျိုးမြင့်ကျော်က ပြောကြားသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ရန်ကုန်မြို့လယ်ရှိ ဖန်တီးရာရုံးခန်း၌ ဟန်နီမြဝင်း(ဝဲဘက် ဒုတိယ)နှင့် ရွှေရည်မြဝင်း(လယ်) တို့က ကိုသာထက်(ညာ)နှင့် မစ္စတာ ပီတာဆင်တို့နှင့် သူတို့၏ The Platform အစီအစဉ်ကို ဆွေးနွေးစဉ်။ ဓာတ်ပုံ – အန်းဝမ်

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.