အင်န်စီအေ တစ်နှစ်အလွန်ငြိမ်းချမ်းရေး ဘာမျှော်လင့်နိုင်သလဲ

မကြာသေးမီလများက စတင်ခဲ့သည့် တိုက်ပွဲများက ငြိမ်းချမ်းရေးကြိုးပမ်းမှု၌ နှောင့်နှေးကြန့်ကြာမှု ဖြစ်ပေါ်စေသော်လည်း ရှေ့သို့တိုးလှမ်းသွားရမည့်လမ်းမှာမူ ပွင့်နေဆဲဟု လေ့လာသုံးသပ်သူများက ယုံကြည်လျက်ရှိသည်။

အိုလီဗာ ဆလိုး ရေးသားသည်။

အောက်တိုဘာ ၁၅ ရက်မှာ သမ္မတ ဦးစိန်အစိုးရနှင့် လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့အကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့သည့် တစ်နှစ်ပြည့်နေ့ပင်ဖြစ်သည်။

တိုင်းပြည်၏ ဆယ်စုနှစ်များစွာကြာ ပြည်တွင်းစစ်ပွဲတွင် တိုးတက်မှုတစ်ရပ်အဖြစ် အောင်ပွဲခံခဲ့သော်လည်း ယင်းသဘောတူညီချက်မှာ ၎င်းတို့အစိုးရသက်တမ်းအတွင်း စစ်မှန်သော တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်ရပ်စဲရေး သဘောတူညီချက် ရရှိရန်ဟူသော ဦးသိန်းစိန်အစိုးရ၏ မျှော်လင့်ချက်နှင့် အလှမ်းကွာဝေးလှပေသည်။

ယခုအခါ ယင်းလုပ်ငန်းတာဝန်မှာ ယမန်နှစ် နိုဝင်ဘာလ အထွေထွေ ရွေးကောက်ပွဲတွင် ရရှိခဲ့သည့် လေးစားအားကျဖွယ်ရာ ပြည်သူ့အာဏာအပ်နှင်းမှုကို အသုံးပြု၍ မြန်မာနိုင်ငံ၌ “ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး”ရရှိရန် ကြိုးပမ်းမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လက်ဝယ်သို့ ရောက်လာပြီဖြစ်သည်။

ယခင်အစိုးရနှင့်မတူသည်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ၏ ရည်မှန်းချက်များအနက်မှ အဓိကဖြစ်သော အားလုံးပါဝင်နိုင်မှုကို စွမ်းဆောင်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော်၊ ရက္ခိုင့်တပ်မတော်နှင့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်တို့ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်းမှ ဦးသိန်းစိန်အစိုးရက ဖယ်ကျဉ်ခဲ့ခြင်းမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ပါ အချက်အလက်များကို သဘောတူညီခဲ့ပြီးသည့် အခြားအဖွဲ့များက ယင်းတို့အား NCA ၌ လက်မှတ်မထိုးရန် ဆုံးဖြတ်ခဲ့ခြင်းက အရေးပါသော အကြောင်းတရားတစ်ရပ် ဖြစ်ခဲ့သည်။

ထိုသို့သော မယုံကြည်မှု အကြွင်းအကျန်မှာ အင်န်အယ်လ်ဒီအစိုးရ၏ အစောပိုင်း လအနည်းငယ် အတွင်းသို့ ကျရောက်လာခဲ့သည်။

ထိုအဖွဲ့သုံးဖွဲ့မှာ သမိုင်းတွင်မည့် ၂၁ ရာစု ပင်လုံညီလာခံ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ဆွေးနွေးရန် တားမြစ်ခံခဲ့ရသည်။ အနာဂတ်ကာလတွင် ၎င်းတို့က လက်နက်စွန့်လွှတ်သွားရမည်ဟူသော ကြေညာချက်၏ စကားလုံး အသုံးအနှုန်းပေါ်တွင် သဘောထား ကွဲလွဲခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။

သြဂုတ်လ ၃၁ ရက်က နေပြည်တော်၌ ညီလာခံကျင်းပရာ အင်အားအကြီးဆုံးနှင့် သြဇာလွှမ်းမိုးမှု အရှိဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည့် စည်းလုံးညီညွှတ်သော ဝ ပြည်နယ် တပ်မတော်က ဆွေးနွေးပွဲ၌ အုပ်စုသတ်မှတ်ချက်အပေါ် နားလည်မှု လွဲမှားခဲ့ခြင်းကြောင့် ဒုတိယမြောက်နေ့တွင် ပြန်သွားသောအခါ ထပ်မံအရှက်ရဖွယ် ဖြစ်လာခဲ့ပြန်သည်။

 “၂၁ ရာစုပင်လုံက သူ့ရဲ့ အားလုံးပါဝင်နိုင်မှု သဘောသဘာဝအရ အရေးပါခဲ့သလို တိုင်းရင်းသား ခေါင်းဆောင်တွေအတွက်လည်း တစ်နိုင်ငံလုံးက ပြည်သူတွေထံ သူတို့ရဲ့ မျှော်လင့်ချက်တွေနဲ့ ရည်မှန်းချက်တွေကို ဖော်ပြနိုင်မယ့် အခွင့်အလမ်းပါ”ဟု အလွတ်တမ်း နိုင်ငံရေးသုံးသပ်သူ မစ္စတာ ရစ်ချတ် ဟော်ဆေးက ဆိုသည်။ “ဒါပေမဲ့ အဖွဲ့အတော်များများက ဒီဖြစ်စဉ်ကို အထောက်အပံ့ပေးဖို့ ပုံစံမျိုးနဲ့ မဟုတ်ဘဲ တခြားရွေးစရာ မရှိတဲ့အတွက် တက်လာတာလို့ မှတ်ယူခဲ့ကြတယ်။ သူတို့ကို ကောင်းကောင်း မဆက်ဆံဘူး၊ ညီလာခံကိုလည်း ဆိုးဆိုးရွားရွား စီမံဆောင်ရွက်ခဲ့တယ်လို့ ခံစားခဲ့ကြပါတယ်” ဟုလည်း ထပ်လောင်းပြောကြားသည်။

ဤသို့သော အကြောင်းရင်းများကြောင့် ထိုညီလာခံမှာ “အရည်အချင်း ပြည့်မီရုံသာရှိသော” အောင်မြင်မှုဟုလည်း ၎င်းက ဆိုသည်။

လတ်တလောတွင် နိုင်ငံ၏ အချို့ဒေသများ၌ ဖြစ်ပွားနေသော တိုက်ခိုက်မှုများက စစ်မှန်သည့် တစ်နိုင်ငံလုံး အတိုင်းအတာ ငြိမ်းချမ်းရေးကို အောင်မြင်စေရေးအတွက် စိန်ခေါ်ချက်များ ထပ်မံပေါ်ပေါက်လာစေခဲ့သည်။

ယခုနှစ် စက်တင်ဘာလတွင် ယမန်နှစ်က တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးထားသည့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်၏ အဖွဲ့ခွဲတစ်ဖွဲ့မှာ တပ်မတော်နှင့် ယင်း၏ ပူးပေါင်းတပ်ဖွဲ့ဖြစ်သော နယ်ကြားစောင့်တပ်တို့နှင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ ယင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၄,၀၀၀ ခန့်မှာလည်း ထွက်ပြေးခဲ့ကြရသည်။

တစ်ဘက်မှာ တိုက်ခိုက်နေတုန်း ငြိမ်းချမ်းရေး သဘောတူညီချက်တွေ ဆွေးနွေးတာက ကမ္ဘာတစ်လွှား တွေ့ရခဲတဲ့ ဖြစ်ရပ်ပါ။ လွန်ခဲ့တဲ့ ငါးနှစ်တာကာလ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်းမှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေ ကြိုးကြားကြိုးကြား ပေါ်ပေါက်ပြီးခဲ့ပါပြီ။ ဒါကြောင့် ငြိမ်းချမ်းရေးကို လှမ်းမမီနိုင်တော့ဘူးလို့ အဓိပ္ပာယ် မထွက်ပါဘူး

တစ်လပင်မကြာသေးမီ NCA စာချုပ်ကို လက်မှတ်ရေးထိုးထားခဲ့သည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၏ လက်နက်ကိုင်အဖွဲ့ဖြစ်သော ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) နှင့် တပ်မတော်အကြား ထိတွေ့တိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့ပြီးနောက် ပြည်သူထောင်ပေါင်းများစွာ ထွက်ပြေးကြရပြန်သည်။

ကချင်ပြည်နယ်တွင်လည်း တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်တို့အကြား တိုက်ခိုက်မှုများ ပြန်လည်စတင်ခဲ့သည်။ မြန်မာ့မြောက်ပိုင်းဒေသမှာ ၂၀၁၁ ခုနှစ်၌ အပစ်ရပ်သဘောတူညီချက် ကျိုးပျက်ပြီးနောက် ၁၇ နှစ်ကြာကာလအတွင်း ပဋိပက္ခ အထူပြောဆုံးဒေသ ဖြစ်ခဲ့ရသည်။

ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၉) ၏ အင်န်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ဤတိုက်ခိုက်မှုမှာ တပ်မတော်သားများအကြား အုပ်စုကွဲမှု၏ ရလဒ်ဖြစ်သည်ဟု ယုံကြည်လျက်ရှိသည်။

“တိုင်းပြည်ငြိမ်းချမ်းရေးကို ဖော်ဆောင်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းစဉ်နောက်ကို လိုက်လိုသူ တချို့ (တပ်မတော်အတွင်းမှာ) ရှိပေမဲ့ KIA နဲ့ အစိုးရအပေါ် မယုံကြည်တဲ့ အခြားသူတွေလည်း ရှိနေပါတယ်။ တပ်မတော်အတွင်းမှာ စည်းလုံးမှု ပျက်ပြားနေပါတယ်” ဟု Frontier သို့ တယ်လီဖုန်းမှတစ်ဆင့် ၎င်းက ဖြေကြားသည်။

ကေအိုင်အေသည် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဖက်ဒရယ်စနစ်မှာ ၎င်းတို့အတွက် NCA လက်မှတ်ရေးထိုးရန် အဓိကကျလိမ့်မည်ဟုလည်း သူယုံကြည်ကြောင်း ဖြည့်စွက်ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ အစိုးရတို့က ယင်းတိုက်ခိုက်မှုအပေါ် မှတ်ချက်တစ်စုံတစ်ရာ မပေးခဲ့ရာ ယင်းမှာ တပ်မတော်နှင့် မဖြစ်မနေ ထိန်းညှှိရမည့် ခက်ခဲသော ဆက်ဆံရေးတစ်ရပ်ကို ညွှန်ပြလိုက်ခြင်းပင် ဖြစ်သည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုကော်မတီ၏ အောက်တိုဘာလ ၈ ရက် နေ့စွဲဖြင့် ထုတ်ပြန်သော ကြေညာချက်တစ်စောင်တွင် ကချင်ပြည်နယ်အတွင်းရှိ တပ်မတော် ထိုးစစ်ဆင်မှုများမှာ “ပေါ်ထွန်းစသာ ရှိသေးသည့် စစ်မှန်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အားနည်းယုတ်လျော့စေသကဲ့သို့ အဟန့်အတားလည်း ဖြစ်စေသည်” ဟု ဖော်ပြထားသည်။

ထိုကြေညာချက်တွင် “တပ်မတော်ထိုးစစ်၏ ဆိုးရွားသော အကျိုးဆက်များ” အတွက် တပ်မတော်က အပြည့်အဝ တာဝန်ယူရလိမ့်မည်ဟုလည်း တောင်းဆိုထားသည်။

ယင်းတိုက်ခိုက်မှုများမှာ ယုံကြည်မှုတည်ဆောက်ရေးအပေါ် အနှုတ်သဘောဆောင် သက်ရောက်မှုများ ပေါ်ပေါက်စေမည်ဖြစ်သော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ယုံကြည်နေဆဲ ဖြစ်သည်ဟု အစိုးရ၏ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးကော်မတီ အဖွဲ့ဝင် ဦးမင်းဇော်ဦးက ဝန်ခံပြောကြားသည်။

“ဒါက ကြက်မနဲ့ ကြက်ဥ ဘယ်အရာက အရင်လဲဆိုတဲ့ အနေအထားမျိုးပါ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့က ယုံကြည်မှု ပြန်လည်တည်ဆောက်ပြီးရင် NCA လက်မှတ် ရေးထိုးကြမှာပါလို့ ပြောကြပေမဲ့ အထူးသဖြင့် နှစ်ဘက်တပ်တွေ နီးနီးကပ်ကပ် လှုပ်ရှားနေတဲ့ အချိန်မျိုးမှာဆိုရင် NCA မှာ တိတိပပ ပြဋ္ဌာန်းထားသလိုမျိုး ကောင်းမွန်တဲ့ လုပ်နည်းလုပ်ဟန်တွေ မပါရင် ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ အရမ်းခက်ခဲပါတယ်။ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့အတွက် ကောင်းမွန်ကျနတဲ့ သတ်မှတ်ချက်တွေကို ကျွန်တော်တို့ သဘောတူကြတဲ့ အချိန်မှာ တိုက်ခိုက်မှုတွေကို လျှော့ချနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိအနေအထားမှာ တိုင်းပြည်ကို ဆယ်စုနှစ်များစွာ အကျည်းတန်စေခဲ့သည့် ပဋိပက္ခကို စေ့စပ်ဆွေးနွေး အဆုံးသတ်နိုင်ရန် အကောင်းဆုံးနှင့် နောက်ဆုံးအခွင့်အရေးဖြစ်သည်ဟုလည်း ဟောဆေးက ပြောကြားသည်။

“ခုတလော တိုက်ခိုက်မှုတွေ မြင့်တက်လာတာက ယုံကြည်မှုကို ထပ်လျော့ပါးစေပါတယ်” ဟု ၎င်းက ဆိုသည်။ “တစ်ဘက်မှာ တိုက်ခိုက်နေတုန်း ငြိမ်းချမ်းရေး သဘောတူညီချက်တွေ ဆွေးနွေးတာက ကမ္ဘာတစ်လွှား တွေ့ရခဲတဲ့ ဖြစ်ရပ်ပါ။ လွန်ခဲ့တဲ့ ငါးနှစ်တာကာလ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်းမှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေ ကြိုးကြားကြိုးကြား ပေါ်ပေါက်ပြီးခဲ့ပါပြီ။ ဒါကြောင့် ငြိမ်းချမ်းရေးကို လှမ်းမမီနိုင်တော့ဘူးလို့ အဓိပ္ပာယ် မထွက်ပါဘူး”ဟု ၎င်းက ရှင်းပြသည်။

အောင်မင်း ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.