တိုင်းရင်းသားပါတီတွေ အောင်ပွဲရရှိခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ

ရန်ကုန်၊ ဧပြီ ၂

ပြည်သူလူထု၏ စိတ်ဝင်စားမှု နည်းပါးခဲ့သော်လည်း ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီ ၁ ရက်နေ့က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်သည်။ ရှမ်းနှင့် ရခိုင်ပြည်နယ်ကဲ့သို့ တိုင်းရင်းသားဒေသများတွင် တိုင်းရင်းသားပါတီများ အနိုင်ရရှိမှုနှင့်အတူ တံတားအမည်ပေးရေးကိစ္စ အငြင်းပွားခဲ့သည့် ချောင်းဆုံတွင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှုံးနိမ့်ခဲ့သည်ကိုလည်း တွေ့ရသည်။

ရွေးကောက်ပွဲ၏ ရလဒ်များကို ရွေးကောက်ပွဲနေ့ ည ၉ နာရီနှင့် ၁၁ နာရီအချိန်တွင် ကြေညာမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မူလက ထုတ်ပြန်ထားသော်လည်း ကြေညာနိုင်ခြင်းမရှိပဲ ဧပြီ ၂ ရက်နေ့မှသာ သုံးချိန်ခွဲ ကြေညာခဲ့ရသည်။

မွန်ပြည်နယ်၊ ချောင်ဆုံဒေသရှိ တံတားအား “ဗိုလ်ချုပ်အောင်ဆန်းတံတား” ဟု အမည်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမတ်များ လွှမ်းမိုးထားသည့် လွှတ်တော်က ဆုံးဖြတ်ခဲ့ပြီးနောက် ကန့်ကွက်မှုများ ပေါ်ထွက်နေချိန်တွင် အဆိုပါဒေသ၌ NLD မဲရှုံးခဲ့ခြင်းမှာ တံတားကိစ္စနှင့် ဆက်စပ်နေသည်ဟု ပြောကြားမှုများ ရှိနေသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် အဆိုပါ မဲဆန္ဒနယ်၌ NLD ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ်က တခဲနက် အနိုင်ရရှိခဲ့သည်။ သို့သော် ၎င်းက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် တာဝန်ထမ်းဆောင်နေခြင်းကြောင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ လစ်လပ်နေခြင်း ဖြစ်သည်။

NLD၊ မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ချောင်းဆုံမဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်က မဲပေးသူ စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းဖြစ်သည့် မဲစုစုပေါင်း ၁၉,၆၆၇ မဲ ရရှိကာ အနိုင်ရရှိသွားခဲ့သည်။ NLD ကိုယ်စားလှယ်က မဲစုစုပေါင်း၏ ၂၇ ရာခိုင်နှုန်းသာ ရရှိခဲ့ပြီ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက မဲ ၂၃ ရာခိုင်နှုန်း ရရှိခဲ့သည်ကို တွေ့ရသည်။

ကော့မှူးရှိ မဲရုံတစ်ခုတွင် မဲရေတွက်နေစဉ်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ကော့မှူးရှိ မဲရုံတစ်ခုတွင် မဲရေတွက်နေစဉ်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ထိုကဲ့သို့ ချောင်းဆုံတွင် ရှုံးနိမ့်ခဲ့ရခြင်းမှာ မဲလာရောက်ပေးသူ နည်းပါးသည့်အချက်ကလည်း တစ်ခု အပါအဝင်ဖြစ်သည်ဟု NLD ၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်က မီဒီယာများကို ယနေ့ ပြောကြားခဲ့သည်။ သို့သော် တံတားကိစ္စကြောင့် NLD က ရှုံးနိမ့်ခဲ့ရသည်ဟူသည့် ပြောဆိုချက်များကိုမူ ၎င်းက လက်မခံခဲ့ပေ။

ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ် ကိုယ်စားလှယ်နေရာ ၁၉ နေရာအနက် NLD က ၁၈ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကိုးနေရာ အနိုင်ရရှိခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ၁၁ နေရာမှ အများစုကို NLD က ပြန်လည်အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အတွက် ဒေါ်အောင်ဆန်းစုကြည်အနိုင်ရရှိခဲ့သည့် ကော့မှူးတွင်လည်း NLD ကိုယ်စားလှယ် ဦးကျော်ဆွေဝင်းက အနိုင်ရရှိခဲ့သည်။

ထိုသို့အနိုင်ရရှိခဲ့သည့်အတွက် ၎င်းအား မဲပေးခဲ့ကြသော မဲဆန္ဒရှင်များကို ကျေးဇူးအထူးတင်ရှိသည်ဟု ၎င်းက Frontier ကို ပြောကြားသည်။

ထို့ပြင် ပြည်သူ့လွှတ်တော်အတွက် ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာနှင့် မုံရွာ မဲဆန္ဒနယ်များ၊ အမျိုးသားလွှတ်တော်အတွက် ရန်ကုန်တိုင်း အမှတ် ၆ မဲဆန္ဒနယ်၊ ပဲခူးတိုင်း အမှတ် ၄ မဲဆန္ဒနယ်နှင့် ချင်းပြည်နယ် အမှတ် ၃ မဲဆန္ဒနယ်တို့တွင်လည်း NLD က အနိုင်ရရှိခဲ့သည်။

လမ်းမတော်မြို့နယ်ရှိ မဲရုံတစ်ခုတွင် မဲပေးရန် စောင့်ဆိုင်းနေကြသူများအား တွေ့ရစဉ်။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

လမ်းမတော်မြို့နယ်ရှိ မဲရုံတစ်ခုတွင် မဲပေးရန် စောင့်ဆိုင်းနေကြသူများအား တွေ့ရစဉ်။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ကယားပြည်နယ်ရှိ သေးငယ်သော မဲဆန္ဒနယ်ဖြစ်သည့် ဖရူဆို မဲဆန္ဒနယ်တွင် လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်) မှ ဦးသဲရယ်က ၃,၃၅၁ မဲ ရရှိကာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် အနိုင်ရရှိခဲ့သည်။ ၎င်းမဲအရေအတွက်မှာ မဲပေးသူစုစုပေါင်း၏ ၅၃ ရာခိုင်နှုန်းဖြစ်သည်။

ရှမ်းပြည်နယ်တွင်မူ ကျားခေါင်းဟု လူသိများသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က ပြည်သူ့လွှတ်တော်နှစ်နေရာနှင့် ပြည်နယ်လွှတ်တော် လေးနေရာကို အနိုင်ရရှိခဲ့သည်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) လက်နက်ကိုင်အဖွဲ့နှင့် တပ်မတော်တို့အကြား တိုက်ပွဲများကြောင့် ၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိခဲ့သည့် မိုင်းရှူးနှင့် ကျေးသီးမဲဆန္ဒနယ်များတွင် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် SSPP ထိန်းချုပ်နယ်မြေဖြစ်သောကြောင့် ရွေးကောက်ပွဲကို လွတ်လပ်စွာ ကျင်းပနိုင်မှုနှင့် ပတ်သက်ပြီး မူလက စိုးရိမ်ပူပန်မှုအချို့ရှိခဲ့သော်လည်း အောင်အောင်မြင်မြင် ပြီးစီးခဲ့သည်။

ကျားခေါင်းပါတီ ကိုယ်စားလှယ်များက အဆိုပါမဲဆန္ဒနယ်ခြောက်ခုလုံးတွင် မဲများ၏ ၅၅ ရာခိုင်နှုန်းကျော်ကို ရရှိကာ အနိုင်ရရှိခဲ့ကြသည်။ ပြည်သူ့လွှတ်တော် ကျေးသီးမဲဆန္ဒနယ်တွင် ကျားခေါင်းကိုယ်စားလှယ်က မဲ ၇၇ ရာခိုင်နှုန်း ရရှိခဲ့သည်။

ဒေသတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပေါ်နေသည်မှာ လပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ပြီး SSPP အဖွဲ့ကလည်း ရှမ်းတိုင်းရင်းသားပါတီကိုသာ မဲထည့်ရန် ဒေသခံများကို ရွေးကောက်ပွဲမတိုင်မီက အကျပ်ကိုင် တိုက်တွန်းခဲ့သည်ဟု စွပ်စွဲမှုများလည်း ရှိခဲ့သည်။ အဆိုပါဒေသရှိ လစ်လပ်ခြောက်နေရာအနက် လေးနေရာတွင် NLD ကိုယ်စားလှယ်လောင်းက မဲစုစုပေါင်း၏ ရှစ်ရာခိုင်နှုန်းအောက်သာ ရရှိခဲ့သည်။ ကျေးသီး အမှတ် ၁ နှင့် ၂ မဲဆန္ဒနယ်များတွင် ငါးရာခိုင်နှုန်းအောက်သာ ရရှိခဲ့သည်ကို တွေ့ရသည်။ မိုင်းရှူး အမှတ် ၁ မဲဆန္ဒနယ်တွင်မူ မဲ ၂၀ ရာခိုင်နှုန်းကျော် ရရှိခဲ့သည်။

ရှမ်းပြည်နယ်တွင် NLD ရှုံးနိမ့်ခဲ့ရခြင်းမှာ ဘာသာစကားအခက်အခဲကြောင့် ဖြစ်သည်ဟု ဦးဝင်းထိန်က ပြောကြားခဲ့သည်။

အမ်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ကြိုတင်မဲများ ရေတွက်နေစဉ်။ ဓာတ်ပုံ-တေဇလှိုင်

အမ်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ကြိုတင်မဲများ ရေတွက်နေစဉ်။ ဓာတ်ပုံ-တေဇလှိုင်

“ကျေးသီးမြို့နယ်၊ မိုင်းရှူးမြို့နယ်တွေမှာ အားစိုက်ခွန်စိုက် သွားပြီးတော့ ကြိုးစားခဲ့တယ်။ ပြည်နယ် ဥက္ကဋ္ဌတွေရော၊ ဒီက လွှတ်တော်ကိုယ်စားလှယ်တွေရော အများကြီး သွားပြီးတော့ လုပ်အားပေးခဲ့တာ။ ရှမ်းပြည်မှာတော့ အန်ကယ်တို့ ထင်တိုင်း မပေါက်ဘူး။ မပေါက်တဲ့ အဓိကအကြောင်းကတော့ ရှမ်းဘာသာစကား မတတ်တာ။ သူတို့ဆီမှာ လူ ၁၀ ယောက်ရှိရင် နှစ်ယောက်လောက်ပဲ မြန်မာလိုတတ်တယ်။ ကျန်တဲ့ ရှစ်ယောက်က မရဘူး။ သွားပြီးတော့ နိုင်ငံရေး စည်းရုံးရေးကို မြန်မာလို သွားပြောတော့ ဘယ်သူမှ နားမလည်ဘူး ။ဒါကြောင့်မို့လို့ စည်းရုံးရေးမှာတောင် ရှမ်းကိုယ်စားလှယ် သွားပြီးတော့ စည်းရုံးတယ်။ မကြိုးစားလို့ မဟုတ်ဘူး။ ကြိုးစားပေမယ့် ရလဒ်မကောင်းတာ” ဟု ဦးဝင်းထိန်က ယနေ့ ပြောကြားခဲ့သည်။

ရှမ်းပြည်နယ်လွှတ်တော်၊ ကျိုင်းတုံအမှတ် ၂ မဲဆန္ဒနယ်တွင်မူ ပြည်ခိုင်ဖြိုးက မဲများ၏ ၃၄ ရာခိုင်နှုန်းရရှိကာ အနိုင်ရရှိသွားသည်။ အနိုင်ရရှိသွားသည့် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်း ဦးရှာမွေလရှဲန်က ပြိုင်ဘက် NLD ကိုယ်စားလှယ်လောင်းကို အလဲထိုးနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ NLD က မဲ ၂၁ ဒသမ ၉၀ ရာခိုင်နှုန်းသာ ရရှိပြီး SNLD က ၁၆ ဒသမ ၄၇ ရာခိုင်နှုန်း ရရှိခဲ့သည်။

ရခိုင်ပြည်နယ်တွင်မူ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိသည့် အမ်းတွင် ဒေါက်တာအေးမောင်က အနိုင်ရရှိပြီး ပြည်သူ့လွှတ်တော်တွင်းသို့ ပြန်လည် ရောက်ရှိလာတော့မည် ဖြစ်သည်။

အန်းတွင် ပြည်ခိုင်ဖြိုးအတွက် ကြိုတင်မဲအများအပြား ရရှိခဲ့သည်ကိုလည်း တွေ့ရသည်။ ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးသောင်းငြိမ်းက ကြိုတင်မဲ ၁၀၀၈ မဲ ရရှိခဲ့ပြီး ဒေါက်တာအေးမောင်က ၂၈ မဲနှင့် NLD က သုံးမဲသာရရှိခဲ့သည်။

သို့သော် မဲများ ရေတွက်ချိန်တွင် ရခိုင်အမျိုးသားပါတီခေါင်းဆောင်ဖြစ်သူ ဒေါက်တာအေးမောင်က မဲအားလုံး၏ ထက်ဝက်ကျော်ရရှိကာ အနိုင်ရရှိသွားခဲ့သည်။

ယခင်ရွေးကောက်ပွဲများနှင့် နှိုင်းယှဉ်ပါက ယခုကြားဖြတ်ရွေးကောက်ပွဲကို လူထုစိတ်ဝင်စားမှု အထူးနည်းပါးခဲ့ကာ ရန်ကုန်မြို့၏ အချို့သော မဲရုံများတွင် မဲလာပေးသူ ၁၅ ရာခိုင်နှုန်းခန့်သာ ရှိခဲ့သည်ကို တွေ့ရသည်။ ရွေးကောက်ပွဲရက်အတွင်း အဆင်မပြေမှု အနည်းငယ်ရှိခဲ့သလို လှိုင်သာယာမြို့နယ်တွင် မဲလိမ်ပေးသည်ဟုဆိုသူ လေးဦးကို ရွေးကောက်ပွဲဥပဒေဖြင့် အမှုဖွင့်အရေးယူမှုလည်း ရှိခဲ့သည်။

ပါတီများက အနိုင်ရရှိသည့် အရေအတွက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – ၉ 

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် – ၆

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ – ၂

လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ – ၁

ရခိုင်အမျိုးသားပါတီ – ၁

ပြည်သူ့လွှတ်တော်

အန်း- ဒေါက်တာအေးမောင်၊ ရခိုင်အမျိုးသားပါတီ (၂၁,၇၉၄ မဲ၊ ၄၉ ဒသမ ၁၉ ရာခိုင်နှုန်း)

ချောင်းဆုံ – ဦးအောင်ကြည်သိန်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (၁၉,၆၆၇ မဲ၊ ၄၁ ဒသမ ၇၀ ရာခိုင်နှုန်း)

ဒဂုံဆိပ်ကမ်း – ဦးမြစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၁၅,၇၅၆ မဲ၊ ၆၂ ဒသမ ၃၅ ရာခိုင်နှုန်း)

ဒဂုံအရှေ့ – ဦးနေကျော်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၂၇,၃၅၇ မဲ၊ ၆၇ ဒသမ ၈၅ ရာခိုင်နှုန်း)

လှိုင်သာယာ – ဦးဝင်းမင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၃၁,၃၆၉  မဲ၊ ၆၉ ဒသမ ၇၃ ရာခိုင်နှုန်း)

ကော့မှူး – ဦးကျော်ဆွေဝင်း (ခေါ်) ဦးအာလူး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၃၈,၀၂၈ မဲ၊ ၆၉ ဒသမ ၉၇ ရာခိုင်နှုန်း)

ကျေးသီး – စိုင်းအောင်ကျော်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (၁၈,၈၈၂ မဲ၊ ၇၇ ရာခိုင်နှုန်း)

မိုင်းရှူး – စိုင်းဝင်းအေး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (၁၀,၂၁၆ မဲ၊ ၅၇ ဒသမ ၅၃ ရာခိုင်နှုန်း)

မုံရွာ – ဥိးညွန့်အောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၉၅,၉၂၃ မဲ၊ ၈၁ ဒသမ ၆၉  ရာခိုင်နှုန်း)

အမျိုးသားလွှတ်တော်

ပဲခူး (၄) – ဒေါ်စန်းစန်းမြင့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၇၁,၀၄၂ မဲ၊ ၅၇ ဒသမ ၃၁ ရာခိုင်နှုန်း)

ချင်း (၃) – ဦးဘွဲခိန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၉,၂၄၂ မဲ၊ ၄၄ ဒသမ ၇၀ ရာခိုင်နှုန်း)

ရန်ကုန် (၆) – ဒေါက်တာမောင်မောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၇၅,၂၉၉ မဲ၊ ၈၁ ဒသမ ၇၁ ရာခိုင်နှုန်း)

ကယားပြည်နယ် လွှတ်တော်

ဖရူဆို – ဦးသဲရယ်၊ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (၃,၃၅၁ မဲ၊ ၅၃ ဒသမ ၃၀ ရာခိုင်နှုန်း)

ရှမ်းပြည်နယ် လွှတ်တော်

ကျိုင်းတုံ (၂) – ဦးရှာမွေလရဲှန်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (၇,၀၂၆၊ ၃၄ ဒသမ ၀၆ ရာခိုင်နှုန်း)

ကျေးသီး (၁) – စိုင်းစံမိုင်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (၁၁,၅၄၂ မဲ၊ ၈၆ ဒသမ ၁ ရာခိုင်နှုန်း)

ကျေးသီး (၂) – ဦးခင်မောင်ညွန့်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (၇,၈၃၂ မဲ၊ ၆၆ ဒသမ ၁၇ ရာခိုင်နှုန်း)

မိုင်းရှူး (၁) – စိုင်းလင်းမြတ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (၄,၇၆၄ မဲ၊ ၅၇ ဒသမ ၈၄ ရာခိုင်နှုန်း)

မိုင်းရှူး (၂) – ဒေါ်နန်းကောင်ခမ်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (၅,၇၅၃ မဲ၊ ၆၆ ဒသမ ၈၆ ရာခိုင်နှုန်း)

ညောင်ရွှေ (၁) – ဦးခင်မောင်ဝင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၁၇,၂၀၄ မဲ၊ ၅၁ ဒသမ ၁၄ ရာခိုင်နှုန်း)

သတင်း- မြတ်ကျော်သူ၊ ကျော်ဖုန်းကျော်၊ ဟိန်းကိုစိုး၊ ထွန်းခိုင်၊ စုမြတ်မွန်

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.