သြင်္ကန်သံချပ် စိစစ်ရေးနဲ့ ဒီမိုကရေစီအစိုးရ

လွတ်လပ်စွာပြောဆိုခွင့်ကအစပြုပြီး ဒီမိုကရေစီစံနှုန်းတွေကို အစဉ်တစိုက် ပြောကြားခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရဟာ အရင် စစ်အစိုးရတွေရဲ့ အစဉ်အလာတွေအတိုင်း သြင်္ကန်သံချပ်တွေကို စိစစ်ဖို့ လုပ်ဆောင်နေပါတယ်။

ထွန်းခိုင် ရေးသားသည်။

စစ်အစိုးရလက်ထက်တွေတုန်းက တောက်လျှောက်ဖိအားပေးပြီး စောင့်ကြည့်ခံခဲ့ရတဲ့ သြင်္ကန်သံချပ်တွေကို စိစစ်ရေး တင်စရာမလိုပဲ လွတ်လွတ်လပ်လပ် ရွတ်ဆိုခွင့်ပေးမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အာမခံခဲ့ပါတယ်။

“ပြောင်းလဲလာတဲ့ နိုင်ငံတော်သစ်ကြီးဟာ အသိတရားနဲ့ပဲ ထိန်းသိမ်းရမှာဖြစ်ပါတယ်” ဦးဖြိုးမင်းသိန်းက ဒါဇင်နဲ့ချီတဲ့ သတင်းသမားတွေကို ပြောကြားလိုက်ပါတယ်။

ဒါပေမယ့် ဒါကတော့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ ဧပြီ ၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့တာပါ။

အဲဒီတုန်းက သြင်္ကန်သံချပ်တွေ လှောင်ပြောင်သရော်တာက စစ်ဗိုလ်ချုပ်ကြီးတွေဦးစီးတဲ့ ဦးသိန်းစိန် အစိုးရကိုပါ။

ဒီနှစ်မှာတော့ သြင်္ကန်သံချပ်တွေ လှောင်ပြောင်သရော်ဖို့ အလှည့်ကျလာသူကတော့ ဦးဖြိုးမင်းသိန်း အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ အရာရှိတွေရဲ့ အလွဲလွဲအမှားမှား ဆုံးဖြတ်ချက်တွေကိုပါ။

ဒီတခါတော့ သံချပ်တွေကို အသိတရားနဲ့ မထိန်းခိုင်းတော့ပါဘူး။ စိစစ်ရေးနဲ့ထိန်းဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရက ကြိုးစားပါတော့တယ်။

လွတ်လပ်စွာပြောဆိုခွင့်ကအစပြုပြီး ဒီမိုကရေစီစံနှုန်းတွေကို အစဉ်တစိုက်တောင်းဆိုခဲ့တဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဟာ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရပြီးတဲ့နောက်မှာတော့ အစိုးရဖွဲ့နိုင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အရင်တပ်မတော်အစိုးရနဲ့ တပ်မတော်အရာရှိကြီးဟောင်းတွေ ဦးစီးတဲ့ အစိုးရဟောင်းတွေရဲ့ အစဉ်အလာတွေအတိုင်း သြင်္ကန်သံချပ်တွေကို စိစစ်ဖို့ လုပ်ပါတော့တယ်။

သြင်္ကန်သံချပ် စိစစ်ရေးအတွက် ကော်မတီတစ်ခုကို အစိုးရကဖွဲ့စည်းခဲ့ပြီး တကယ်ရွတ်ဆိုမယ့် သြင်္ကန်ရက်မတိုင်မီ နှစ်ပတ်ခန့်အလိုဖြစ်တဲ့ မတ် ၂၈ ရက်နေ့  နောက်ဆုံးထားပြီး စိစစ်ရေးတင်ကြဖို့ ကြေညာခဲ့ပါတယ်။ မလိုက်နာရင် ဘယ်လိုအရေးယူမယ်ဆိုတာမပါတဲ့ အဲဒီကြေညာချက်အဆိုအရ သံချပ်ရွတ်မယ့်သူကို အစိုးရက စောင့်ကြည့်သွားမယ့်သဘောပါ။

မြန်မာတွေရဲ့ နှစ်သစ်ကူး သြင်္ကန်ပွဲမှာ ရေပတ်တာအပြင် သံချပ်ထိုးတာဟာလည်း နာမည်ကြီးတဲ့ ဓလေ့တစ်ခုဖြစ်ပါတယ်။

ဧပြီလမှာအစပြုပြီး ဧပြီလမှာပဲ အဆုံးသတ်လေ့ရှိတဲ့ မြန်မာပြက္ခဒိန်တစ်နှစ်အတွင်း အုပ်ချုပ်သူ အစိုးရအရာရှိတွေနဲ့ လူ့အဖွဲ့အစည်းက လွဲချော်နေတဲ့စံနှုန်းတွေကို ဟာသနှောပြီး အုပ်စုလိုက် သံချပ်ရွတ်ဆို သရော်ကြလေ့ ရှိပါတယ်။

ဥပမာတစ်ခုအနေနဲ့ လူသိန်းချီသေဆုံးခဲ့တဲ့ ၂၀၀၈ နာဂစ်မုန်တိုင်းအပြီး ပြန်လည်ထူထောင်ရေးကို မျက်ကွယ်ပြုပြီး တပ်မတော်က စိတ်ကြိုက်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုရေး ဆန္ဒခံယူပွဲ ကျင်းပချိန်တုန်းကဆိုရင် သြင်္ကန်သံချပ်တွေမှာ စစ်အစိုးရရဲ့ တာဝန်မဲ့မှုကို သရော်လှောင်ပြောင်ခဲ့ကြပါတယ်။

သံဃာတော်တွေဦးဆောင်တဲ့ ၂၀၀၇ ရွှေဝါရာင် တော်လှန်ရေးဖြစ်ခဲ့တဲ့ နှစ်တုန်းကတော့ သံချပ်တွေတိုင်းဟာ စစ်အစိုးရဲ့ အကြင်နာကင်းမဲ့မှုကို သရော်ခဲ့ကြပါတယ်။

၂၀၁၀ ကနေ ၂၀၁၅ ခုနှစ်အထိ အုပ်ချုပ်ခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာတော့ တပ်မတော်သား ၂၅ ရာခိုင်နှုန်း လွှမ်းမိုးထားတဲ့လွှတ်တော်၊ အကျင့်ပျက်ခြစားမှုနဲ့ ဒီမိုကရေစီစံနှုန်းတွေကို မျက်ကွယ်ပြုထားမှုတွေကို လှောင်ပြောင်သရော်တာကို သံချပ်တွေကနေ ကြားခဲ့ရပါတယ်။

ဒီနှစ်မှာတော့ ရန်ကုန်သြင်္ကန်သံချပ်တွေအတွက် ဇာတ်ကောင်ဟာ ဦးဖြိုးမင်းသိန်း ဖြစ်လာနိုင်ပါတယ်။

သူဟာ ၂၀၁၆ ခုနှစ်၊ ဧပြီကနေ ၂၀၁၇ ခုနှစ်၊ ဧပြီအထိ မြန်မာပြက္ခဒိန်ကာလ တစ်နှစ်အတွင်းမှာ အငြင်းပွားစရာ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့သူဖြစ်ပါတယ်။

“လွတ်လပ်စွာပြောဆိုခွင့်ကို ချုပ်ချယ်တာလို့မြင်တဲ့အတွက်
ဦးသိန်းစိန်လက်ထက်တုန်းကလဲ ကျွန်တော်တို့ သံချပ်ကို
ဆင်ဆာ (စိစစ်ရေး) မတင်ခဲ့ဘူး”

ရန်ကုန်က နေ့စဉ် လူ သန်းနဲ့ချီ အသုံးပြုနေတဲ့ မြို့တွင်းယာဉ်လိုင်းစနစ်ကို သုံးရက်အတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပြုပြင်ပြောင်းလဲခဲ့ပါတယ်။ ဒီအပြောင်းအလဲဟာ အကောင်းဆုံးဖြစ်လာမယ်လို့ ဝန်ကြီးချုပ်က ညွှန်းဆိုခဲ့တာနဲ့ တကယ့်လက်တွေ့အခြေအနေက ကွာဟလွန်းတဲ့အတွက် အဲဒီ အပြောင်းအလဲကြောင့် ခုချိန်အထိ လိုင်းကားစီးသူတွေ ပြဿနာကြုံနေရဆဲပါ။

အဲဒီမတိုင်မီ အထပ်မြင့်အဆောက်အအုံတွေ ရပ်တန့်ထားဖို့ အမိန့်ပေးခဲ့ပေမယ့် နောက်ထပ် ရက်သတ္တပတ် အနည်းငယ်အကြာမှာ အမိန့်ကို ပြန်လည်ပြင်ဆင်ခဲ့တာကြောင့် ရန်ကုန်လူထုကြားမှာ ဟာသတစ်ခု ဖြစ်ခဲ့ပြန်ပါသေးတယ်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ အဆိုအရတော့ သံချပ်တွေကို စိစစ်ရတာဟာ လူမျိုးရေး၊ ဘာသာရေး အမုန်းစကားတွေ မဖြစ်ပေါ်စေချင်လို့ဖြစ်တယ်လို့ အကြောင်းပြပါတယ်။

“အမုန်းစကားကြောင့် စည်းလုံးညီညွတ်မူတွေ ထိခိုက်မှာစိုးတဲ့အတွက် ထိန်းကြောင်းရခြင်းဖြစ်ပါတယ်”လို့ ဦးဖြိုးမင်းသိန်းက မတ် ၂၈ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တယ်လို့ ပွဲကိုတက်ခဲ့တဲ့ သတင်းသမားတွေက ပြောပါတယ်။

ဒါပေမယ့် အစိုးရက ထုတ်ပြန်ချက်မှာတော့ တပ်မတော်အစိုးရလက်ထက်က ပြဌာန်းခဲ့တဲ့ ဒို့တာဝန်အရေးသုံးပါးနဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေကို မထိဖို့ဆိုတာ ပါဝင်ခဲ့ပါတယ်။

ဒီလိုမျိုး အစိုးရဘက်က ထုတ်ပြန်ထားတဲ့ သံချပ်စိစစ်ရေးလုပ်ငန်းစဉ်ကို မလိုက်နာဘဲ ဆန့်ကျင်မယ့်သူတွေ ရှိနေပါတယ်။

သူတို့ကတော့ ဒေါင်းအိုးဝေလို့ခေါ်တဲ့ ကျောင်းသားတွေ ဦးဆောင်တဲ့ သံချပ်အဖွဲ့ ဖြစ်ပါတယ်။

“လွတ်လပ်စွာပြောဆိုခွင့်ကို ချုပ်ချယ်တာလို့မြင်တဲ့အတွက် ဦးသိန်းစိန်လက်ထက်တုန်းကလဲ ကျွန်တော်တို့ သံချပ်ကို ဆင်ဆာ (စိစစ်ရေး) မတင်ခဲ့ဘူး”လို့ ဒေါင်းအိုးဝေ သံချပ်အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ကိုမင်းသွေးသစ်က ပြောပါတယ်။

၂၀၁၃ ခုနှစ်လောက်ကစပြီး လူထုကြားထဲ လှည့်လည် ရွတ်ဆိုခဲ့တဲ့ ဒေါင်းအိုးဝေသံချပ်အဖွဲ့ဟာ စစ်အစိုးရနဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ လယ်သိမ်းတာတွေ၊ အကျင့်ပျက် ခြစားတာတွေ၊ တရုတ်ကို အလျှော့ပေးဆက်ဆံတဲ့ အစိုးရရဲ့ လုပ်ရပ်တွေကို ဦးတည်ဝေဖန်ခဲ့ကြတာပါ။

အရင်နှစ်တွေတုန်းကလဲ စိစစ်ရေးမတင်ခဲ့သလို ဒီနှစ်လဲ တင်မှာမဟုတ်ဘူးလို့ ဒေါင်းအိုးဝေ သံချပ်အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ကိုမင်းသွေးသစ်က ပြောပါတယ်။

“အစိုးရအဆက်ဆက်ကတော့ သူတို့ကို သိက္ခာချတယ်လို့ မြင်တယ်။ ပြည်သူဘက်ကအမြင်ကတော့ ဒီလိုပြောမှသာ အစိုးရကသိမယ်။ ပြုပြင်မယ်လို့ မြင်တယ်” ကိုမင်းသွေးသစ်က ပြောပါတယ်။

ထင်ရှားတဲ့ ရုပ်ရှင်သရုပ်ဆောင်နဲ့ နာရေးကူညီမှုအသင်းကို တည်ထောင်ထားတဲ့ ဦးကျော်သူကတော့ လွတ်လပ်စွာ လှောင်ပြောင်သရော်ရတဲ့ သြင်္ကန်သံချပ်ဓလေ့ကို လူအချို့က အသုံးချပြီး မလိုလားအပ်တဲ့ ဘာသာရေးလှုံ့ ဆော်မှုတွေ ဖြစ်ဖြစ်လာတတ်တဲ့အတွက် အစိုးရဘက်က စိစစ်ဖို့ ကြိုးစားတာဖြစ်နိုင်တယ်လို့ သူရဲ့အမြင်ကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ သြင်္ကန်သံချပ်လို ဟာသနှောတဲ့ ဖျော်ဖြေမှုတွေမှာ မသန်စွမ်းသူတွေ၊ အသားမဲတဲ့သူတွေနဲ့ လိင်တူချစ်သူတွေကို ဦးတည်ပြီး ဟာသလုပ်ပစ်ကြလေ့ရှိပါတာကို ရည်ညွန်းပြီး သူကပြောတာ ဖြစ်ပါတယ်။

ဦးကျော်သူတို့ နာရေးကူညီမှုအသင်းရဲ့ သံချပ်အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်တွေတုန်းက  တက္ကသိုလ်ရိပ်သာလမ်းထဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံအမှတ် ၅၄ ရှေ့မှာ ဖျော်ဖြေခွင့်ရတဲ့ သံချပ်အဖွဲ့ အနည်းငယ်ထဲက တစ်ခုလည်းဖြစ်ပါတယ်။ 

တချိန်တုန်းကတော့ သံချပ်ဆိုတာဟာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုရေးသားခွင့်ကို ပိတ်ပင်ထားတဲ့ စစ်အစိုးရကို တော်လှန်ခဲ့တဲ့ အမှတ်သင်္ကေတတစ်ခုအဖြစ် ပြည်ပရောက် မြန်မာတွေက ယူဆထားကြတာ ဖြစ်ပါတယ်။

စစ်အစိုးရကို ဆန့်ကျင်တဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် အရင် စစ်အစိုးရတွေ လက်ထက်က တိုင်းပြည်ထဲကို ပြန်ဝင်ခွင့် ပိတ်ပင်ခံထားရတဲ့ ပြည်ပရောက် မြန်မာတွေအတွက် နှစ်စဉ် မတ်လရောက်ပြီဆိုရင် အလုပ်တွေ များနေကြပါပြီ။

အဲဒီအချိန်တုန်းကတော့ သူတို့ဟာ စစ်အစိုးရရဲ့ ရက်စက်မှုတွေကို သံချပ်တွေနဲ့ ဖော်ကျူးခဲ့ကြပါတယ်။

“အိန္ဒိယကကျောင်းသူတယောက်ဆို သူ့စာတမ်းအတွက် လာလေ့လာရင်း သီချင်းနဲ့ တော်လှန်ရေး လုပ်လို့ရပါလားဆိုပြီး ပြောဖူးတယ်”လို့ အိန္ဒိယနိုင်ငံ၊ နယူးဒေလီကနေတဆင့် မြန်မာနိုင်ငံထဲ သံချပ်တွေ ဆယ်စုနှစ် နှစ်ခုနီးပါးကြာ ဖြန့်ဝေခဲ့တဲ့ ဒေလီသံချပ်အဖွဲ့က ကိုဆလိုင်းကောင်းမြတ်မင်းက ပြောပါတယ်။

ဒီနှစ်မှာဆိုရင်တော့ သူအခြေစိုက်နေထိုင်တဲ့ ပဲခူးတိုင်း၊ ပြည်မြို့က သံချပ်တွေဟာလည်း ရန်ကုန်သံချပ်တွေလို ဒေသဆိုင်ရာ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ကို သရော်တာတွေ ဖြစ်လာနိုင်တယ်လို့ သူက ခန့်မှန်းပြောဆိုပါတယ်။

ဒါပေမယ့် ဒီနှစ်သံချပ် ထွက်မယ်ဆိုရင်တော့ ဒေလီမှာလိုမဟုတ်ဘဲ သူလည်း ဆင်ဆာတင်ရတော့မှာပါ။

“ကျွန်တော်တို့ ရွေးချယ်ခဲ့တဲ့အစိုးရက သံချပ်ဆိုတာမျိုး ဆင်ဆာတင်ခိုင်းမယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူး” လို့ ကိုဆလိုင်းကောင်းမြတ်မင်းက ပြောပါတယ်။

ခေါင်းစီးဓာတ်ပုံ- တေဇလှိုင်

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.