တန့်နေမှုက ပဏာမခြေလှမ်းကို ခြိမ်းခြောက်နေ

သယံဇာတထုတ်လုပ်ငန်းများ ပွင့်လင်းမြင်သာမှုရှိရေး ပဏာမခြေလှမ်းကို သမ္မတဦးသိန်းစိန် အစိုးရက ပါဝင်လက်မှတ်ရေးထိုးမည့် အစီအစဉ်ကို ၂၀၁၂ ခုနှစ်တွင် ထုတ်ဖော်ကြေညာလိုက်စဉ်က လူအများ အံ့အားသင့်သွားခဲ့ကြသည်။ သို့သော် EITI ၏ လိုအပ်ချက်များနှင့် ကိုက်ညီအောင် ပြုပြင်လုပ်ဆောင်ရေးမှာမူ အင်န်အယ်လ်ဒီ အစိုးရလက်ထက်တွင် ရပ်တန့်လျက်ရှိသည်။

သောမတ်စ် ကင်း(န်) ရေးသားသည်။

မြန်မာ့ သယံဇာတထုတ်လုပ်ငန်းများ ပွင့်လင်းမြင်သာမှုရှိရေး ပဏာမခြေလှမ်း Extractive Industries Transparency Initiative – EITI website သို့ ဝင်ကြည့်ခဲ့ပါလျှင် သမ္မတဦးသိန်းစိန် ခေတ်တစ်ခေတ်၏ အသံတိတ် သက်သေအဖြစ်သာ မြင်တွေ့ရပြီး တင်ထားသော နောက်ဆုံးသတင်းမှာ ၂၀၁၆ ခု မတ်လ ၁၀ ရက် နံနက် ၁၁ နာရီအချိန်နှင့် တွေ့ရမည်ဖြစ်သည်။

သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံ EITI အဖွဲ့ဝင်ဖြစ်ရေးအတွက် ၎င်း၏အစိုးရက ကြိုးပမ်းမည်ဟု ၂၀၁၂ ခုတွင် ကြေညာလိုက်သောအခါ လူအများ တအံ့တသြ ဖြစ်ခဲ့ကြရသည်။ EITI ၏ လုပ်ငန်းစဉ်သဘောမှာ နိုင်ငံ၏ သယံဇာတများကို ထုတ်ယူသော မည်သည့်ကုမ္ပဏီများထံမှ နိုင်ငံတော်အစိုးရက အခွန်ဘဏ္ဍာ မည်မျှရရှိသည်ကို ဖော်ပြသိရှိနိုင်စေရန် ရည်ရရယ်လုပ်ဆောင်ရခြင်း ဖြစ်ရာ ကျယ်ပြောများပြားလှသော သယံဇာတများကို အလွဲလွဲအမှားမှား စီမံလုပ်ဆောင်နေမှု၊ အဂတိလိုက်စားမှု၊ ခြစားမှုများဖြင့် နာမည်ပျက်နေသော နိုင်ငံတစ်နိုင်ငံတွင် အလွန်ထိလွယ်ရှလွယ်သော ပြဿနာရပ်ဖြစ်သည်။

အဓိကပါဝင်သူများ အစုအဖွဲ့ Multi-Stakeholder Group (MSG) တွင် အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းနှင့် ပုဂ္ဂလိက ကဏ္ဍမှ အရာရှိများပါဝင်ကြပြီး ၂၀၁၆ နှစ်ဦးပိုင်းတွင် တင်သွင်းခဲ့သော ပထမဆုံး EITI အစီရင်ခံစာကို ရေးသားရာ၌ ပါဝင်ကြီးကြပ် ရေးဆွဲခဲ့ကြသည်။ ယင်းအစီရင်ခံစာမှာ ပြီးပြည့်စုံသော အစီရင်ခံစာတစ်ခု မဟုတ်ခဲ့ချေ။ ဥပမာအားဖြင့် ကျောက်စိမ်းကဏ္ဍကို လုံးဝမထိမတို့ဘဲ ထားခဲ့ပြီး အချက်အလက်များမှာလည်း တိကျမှန်ကန်မှုမရှိချေ။ သို့တိုင် သဘာဝသယံဇာတကို ပွင့်လင်းမြင်သာစွာ စီမံခန့်ခွဲရေးတွင် ပထမဆုံး လှမ်းလိုက်သည့် ခြေလှမ်းတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အားပေးကြိုဆိုခဲ့ကြပါသည်။

ထို့နောက်တွင် မြန်မာနိုင်ငံ၌ အစိုးရအကူးအပြောင်းကာလ ရောက်ရှိလာခဲ့ရာ EITI လေးစားလိုက်နာရေး လုပ်ငန်းအစီအစဉ်များမှာလည်း ရပ်တန့်သွားခဲ့သည်။ အစိုးရအပြောင်းအလဲနှင့်အတူ အဓိကပါဝင်သူများအဖွဲ့ MSG မှာ ပြိုပျက်သွားခဲ့ရာ ယခုအထိ ပြန်လည်မဖွဲ့စည်းနိုင်သေးချေ။ ဤတွင် အဓိက ပြဿနာ ပေါ်လာသည်။  ဒုတိယမြောက် အစီရင်ခံစာကို မတ်လကုန်နောက်ဆုံးထား မတင်နိုင်လျှင် EITI သည် မြန်မာနိုင်ငံ ပါဝင်ခွင့်ကို ရပ်ဆိုင်းထားရုံမှတပါး အခြားလုပ်စရာ မရှိတော့ပေ။

ထိုအဖြစ်မျိုးရောက်ခဲ့လျှင် မြန်မာနိုင်ငံအစိုးရအတွက် အရုပ်ဆိုးလှရုံမျှမက ရှက်စရာပင် ကောင်းလိမ့်မည်။ အကြောင်းမှာ အင်န်အယ်လ်ဒီပါတီက ပွင့်လင်းမြင်သာရှိမှုနှင့် တာဝန်ယူမှုတို့ကို ကတိပေးထား၍ ဖြစ်သည်ဟု အရပ်ဘက်အဖွဲ့အစည်းဆိုင်ရာ MSG အဖွဲ့ဝင် ဒေါ်မိုးမိုးထွန်းက Frontier ကို ပြောပြသည်။

“ဦးသိန်းစိန်အစိုးရကတောင် ပထမအစီရင်ခံစာကို ပြီးအောင်လုပ်သွားသေးတာပဲ၊ လူထုတင်မြှောက်ထားတဲ့ လူထုအစိုးရက ဘာကြောင့် ဒုတိယအစီရင်ခံစာကို မတင်နိုင်ရမှာလဲ” ဟု ၎င်းက ပြောသည်။ ဒေါ်မိုးမိုးထွန်းသည် စိမ်းလန်းပြင်ဦးလွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့၏ တွဲဖက်အတွင်းရေးမှူးလည်း ဖြစ်သည်။

တက်သုတ်ရိုက် လုပ်ဆောင်မှု

ရပ်ဆိုင်းခံရတော့မည့် အလားအလာကြောင့် အင်န်အယ်လ်ဒီအစိုးရ စတင်လှုပ်ရှား လုပ်ဆောင်လာသည်။ အကျိုးကျေးဇူး ဖြစ်ထွန်းမည့် ပိုင်ဆိုင်မှုဆိုင်ရာ လမ်းပြမြေပုံမူကြမ်းကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား တင်ရတော့မည်ဖြစ်ရာ အပူတပြင်း ပြီးစီးရန် လိုအပ်နေသည့် အစီရင်ခံစာ အချိန်မီ ပြီးစီးရေး ပြင်ဆင်ရေးအစည်းအဝေးကို MSG အဖွဲ့ဝင်ဟောင်းများနှင့်အတူ ဒီဇင်ဘာလအတွင်း ပြုလုပ်ခဲ့သည်။ လမ်းပြမြေပုံမူကြမ်းကို သတ်မှတ်အချိန်အတွင်း တင်ပြနိုင်ခဲ့ပါသည်။

သို့သော် အချိန်တိုအတွင်း တက်သုတ်ရိုက် လုပ်ခဲ့ရသဖြင့် အရည်အသွေး နိမ့်ကျခဲ့ရသည်ဟု အရပ်ဘက်အဖွဲ့အစည်းဝင်များက ပြောပြခဲ့ကြသည်။ လုပ်ငန်း အကောင်အထည်ဖော်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းခေါင်းဆောင်သော ကြီးကြပ်ရေး အဆင့်မြင့်ကော်မတီတစ်ခုကို အစိုးရက ဖွဲ့စည်းပေးလိုက်သည်။

သို့သော် ဒုတိယအစီရင်ခံစာကို မတ်လအတွင်း ပြီးစီးရန် မည်သို့မျှမဖြစ်နိုင်ဟု လေ့လာသူများက ယူဆထားကြသည်။ နောက်ဆုံးပြီးရမည့် သတ်မှတ်ရက်မှာ မတ်လကုန်ဖြစ်ရာ မြန်မာအစိုးရသည် ဒုတိယအစီရင်ခံစာ နောက်ဆုံးတင်ရမည့်ရက်ကို တိုးမြှင့်သတ်မှတ်ပေးရန် လျှောက်ထားရတော့မည်။ ထိုလျှောက်ထားမှုကို MSG အဖွဲ့က ပြုလုပ်ရမည်ဖြစ်ရာ အစိုးရက MSG ကို ပြန်ဖွဲ့ရန် လိုအပ်လာသည်။ 

ရှမ်းပြည်နယ်၊ လားရှိုးမြို့အနီး၌ ကြေးနီစုဆောင်းနေသည့် အမျိုးသမီးများအား တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ရှမ်းပြည်နယ်၊ လားရှိုးမြို့အနီး၌ ကြေးနီစုဆောင်းနေသည့် အမျိုးသမီးများအား တွေ့ရစဉ်။ ဓာတ်ပုံ – အေအက်ဖ်ပီ

ထိုသို့ လျှောက်ထားလျှင် ခွင့်ပြုသဘောတူလိမ့်မည်ဟု တပ်အပ်သေချာမပြောနိုင်ချေ။ အချိန်ထပ်တိုးပေးရန် တောင်းခံသောနိုင်ငံများသည် အဆက်မပြတ်တိုးတက်မှု အထောက်အထားများ ပြသနိုင်ဖို့လိုသည်။ နှောင့်နှေးကြန့်ကြာမှုသည် ထူးခြားသော အခြေအနေများကြောင့်သာ ဖြစ်စေရမည်။

EITI အတွင်းရေးမှူးများ အဖွဲ့သည် မြန်မာနိုင်ငံကို အချိန်ထပ်တိုးပေးရန် လမ်းဖွင့်ထားပါသည်။ ဖြစ်နိုင်လျှင် မြန်မာနိုင်ငံကို ရပ်ဆိုင်းလိုက်ရသည့်အဖြစ်မျိုးမှ ရှောင်ရှားရန် ဆန္ဒရှိနေပါသည်ဟု Frontier ကို သတင်းရင်းမြစ်အချို့က ပြောကြားထားပါသည်။

အစိုးရ အပြောင်းအလဲဖြစ်လာပြီးလျှင် အကောင်အထည်ဖော်မှု လုပ်ငန်းများ နှေးကွေးသွားတတ်သည်မှာ မထူးဆန်းပါဟု EITI မူဝါဒညွှန်ကြားရေးမှူး မစ္စ ဒီဗက် ရိုးဂင် Ms Dyveke Rogan က အီးမေးလ်ဖြင့် Frontier ကို ပြောပြပါသည်။

နှောင့်နှေးကြန့်ကြာမှုများ ရှိခဲ့လင့်ကစား နှစ်ပတ်လည်တိုးတက်မှု အစီရင်ခံစာ ထုတ်ဝေခဲ့ခြင်းနှင့် အကျိုးဖြစ်ထွန်းစေမည့် ပိုင်ဆိုင်မှု လမ်းပြမြေပုံ မူကြမ်းရေးဆွဲခြင်းများအပါအဝင် တိုးတက်မှုများကို လွန်ခဲ့သောလများအတွင်း မြင်တွေ့ခဲ့ရပါသည် ဟု ၎င်းက ပြောသည်။

“ကျွန်မတို့က အခု အသစ်ခန့်အပ်ထားတဲ့ အဖွဲ့သစ်နဲ့အတူ လက်တွဲအလုပ်လုပ်ဖို့ စိတ်လှုပ်ရှားနေပါတယ်။ MSG အဖွဲ့သစ်လည်း မကြာမီ အလုပ်စနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု မစ္စ ဒီဗက် ရိုးဂင်က ပြောသည်။

သို့ရာတွင် လုပ်ငန်းများ ချက်ချင်းလက်ငင်း စနိုင်လျှင်သော်မှ ၆ လတိုးမြှင့်ကာလနှင့် လုံလောက်ပါမည်လားဟု မေးစရာရှိသည်။ အစီရင်ခံစာ ပြုစုထုတ်ပြန်ပေးမည့် လွတ်လပ်သော အုပ်ချုပ်ရေးမှူးတစ်ဦး ရွေးချယ်ခြင်းကို MSG က တင်ဒါခေါ်၍ လုပ်ဆောင်ရမည်ဖြစ်ရာ သုံးလ၊ သို့မဟုတ် လေးလအထိ ကြာနိုင်ပေသည်။ သို့ဖြစ်ရာ အဓိက သက်ဆိုင်သူများနှင့် ညှှိနှိုင်းခြင်း၊ အချက်အလက်များ ရွေးချယ်စုစည်းခြင်း၊ လေ့လာတွေ့ရှိမှု အစီရင်ခံစာ ရေးသားခြင်းစသော အခြားလုပ်ဆောင်စရာများကို လုပ်ဆောင်ရန် အချိန်အနည်းငယ်သာ ကျန်တော့မည်ဖြစ်သည်။

“ခြောက်လဆိုတဲ့အချိန်က မလုံလောက်ဘူးလို့ ထင်တာပဲ။ အစီရင်ခံစာတစ်စောင်ကို နှစ်လနဲ့ ဘယ်လို ပြုစုထုတ်ပြန်နိုင်မှာလဲ” ဟု ဒေါ်မိုးမိုးထွန်းက ပြောသည်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က EITI လုပ်ငန်းစဉ်ကို လုပ်ဆောင်ခဲ့သော စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေး ဗဟိုဌာန (CESD) မှ နည်းပညာနှင့် မူဝါဒဆိုင်ရာ ဆန်းစစ်လေ့လာသူ အထက်တန်းအရာရှိ ကိုမင်းဇာနည်လင်း က အချိန်ထပ်တိုးပေးဖို့တော့လိုတယ်။ ဒါတောင်မှ ဒုတိယအစီရင်ခံစာမှာ ပိုရှုပ်ထွေးနိုင်တာတွေ ရှိနေတယ် ဟု ပြောသည်။

EITI စံချိန်စံညွှန်းအရ အစီရင်ခံစာတွင် အသုံးပြုထားသော အချက်အလက်များသည် လွန်ခဲ့သော နှစ်နှစ်ထက် ပို၍စောသော ကာလက အချက်အလက်များ မဖြစ်စေရပေ။ မြန်မာနိုင်ငံ၏ ပထမအစီရင်ခံစာမှာ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွက် ဖြစ်ရာ တစ်နှစ်ကျော်သွားခြင်းကို ခွင့်မပြုပေ။

“ဒီတော့ ခြောက်လအချိန်ပိုရခဲ့ရင် သူတို့ ဒုတိယအစီရင်ခံစာမှာ ဘဏ္ဍာနှစ် နှစ်ခုစလုံးအတွက် အချက်အလက်တွေ ပါဝင်ဖို့ လိုနိုင်တယ်” ဟု ကိုမင်းဇာနည်လင်းက ပြောသည်။ သူသည် ဦးသိန်းစိန်အစိုးရလက်ထက် EITI လုပ်ငန်းစဉ် စကတည်းက ပါဝင်လုပ်ဆောင်ခဲ့သူဖြစ်သည်။

“အစိုးရက ခြောက်လအတွင်း ဘဏ္ဍာနှစ် နှစ်ခုစာ အချက်အလက်တွေကို ထုတ်ပေးနိုင်ပါ့မလားဆိုတာတော့ ကျွန်တော်စိုးရိမ်တယ်။ တကယ်လုပ်ရင်တော့ ဖြစ်ပါတယ်။ နိုင်ငံရေးအသိ ရှိဖို့လည်း အရေးကြီးတယ်။ ဒီစာရင်းအင်း အချက်အလက်တွေ အချိန်မီရအောင် အစိုးရဌာနအားလုံးက ညီညီညွတ်ညွတ်နဲ့ စုပေါင်းလုပ်မှ အောင်မြင်မယ်” ဟု ၎င်းက ပြောပြသည်။

တစ်ချိန်တည်းမှာပင် MSG သည် ပထမအစီရင်ခံစာကို အနည်းဆုံး သီအိုရီသဘောအရတော့ ပိုမိုကျယ်ပြန့်ကောင်းမွန်အောင် လုပ်ပေးဖို့လိုပါမည်။ မြန်မာနိုင်ငံက EITI စံချိန်စံညွှန်းကို လေးစားလိုက်နာခြင်း ရှိမရှိကို ၎င်း၏ နှစ်စဉ်အစီရင်ခံစာများပေါ် အဓိက မူတည်၍ ၂၀၁၈ ခုနှစ်တွင် သုံးသပ်ဆုံးဖြတ်မည်ဖြစ်သည်။ စစ်တပ်ဦးပိုင် ကုမ္ပဏီများကို အစီရင်ခံစာရေးသားရာတွင် နိုင်ငံပိုင်ကုမ္ပဏီများအဖြစ် သဘောထား လုပ်ဆောင်ခြင်းမှအစ လိုင်စင်များကို အွန်လိုင်းမှတ်ပုံတင်ခြင်းတို့ အပါအဝင် ထောက်ခံတင်ပြချက်များ ပထမပိုင်း၌ ပါဝင်မည်ဖြစ်သည်။ အချို့ကို EITI ထောက်ခံချက်တံဆိပ်တုံး ရအောင် စတင်လုပ်ပေးရမည်ဟု နားလည်ထားသည်။

“အစိုးရဟာ ဒုတိယအစီရင်ခံစာကို အချိန်ပိုပေးထားတဲ့ ၆ လအတွင်း ပြီးစီးအောင် အတော်မြန်မြန်ဆန်ဆန်လုပ်မှ ဖြစ်မှာပါ” ဟု ဒေါက်တာ မာဂျန်နကေး ဗစ်ဂျီ Dr Marjanneke Vijge ကပြောသည်။ သူသည် CESD တွင် ဧည့်ပညာရှင်တစ်ဦးအဖြစ် သုတေသနလုပ်ငန်း လုပ်ဆောင်နေပြီး လွန်ခဲ့သော ၆ လလုံးလုံး EITI ကို လေ့လာနေခဲ့သူဖြစ်သည်။

“ပထမ အစီရင်ခံစာမှာ လုပ်ငန်းရည်ရွယ်ချက်တွေ အားလုံးပါဝင်နေတော့ ဒီက ဆက်သွားဖို့ရာ ဒုတိယအစီရင်ခံစာမှာ ပထမအစီရင်ခံစာက ထောက်ခံတင်ပြထားခဲ့တာတွေကို ဖြေရှင်းလုပ်ဆောင်ပေးဖို့ လိုအပ်လာပါတယ်” ဟု သူက ပြောပါသည်။

ဘာပြဿနာတွေရှိနေလဲ

နောက်ဆက်တွဲ ဖြစ်လာနိုင်တာတွေရှိမှန်း သိလျက်နှင့် အစိုးရက ဘာကြောင့် နှောင့်နှေးကြန့်ကြာနေရသည်ကို လေ့လာသူ အတော်များများက စဉ်းစားမရအောင် ရှိနေကြသည်။ အစိုးရသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ပုံအော၍ အာရုံစိုက်နေပြီး ဒီကြားထဲ ရခိုင်မှဖြစ်ရပ်များကြောင့် အာရုံနောက်နေရသည်ဖြစ်ရာ EITI ကိစ္စကို လောလောဆယ် ဦးစားပေးစာရင်းထဲ မထည့်နိုင်အောင် ဖြစ်နေရသည်ဟုတော့ အများက နားလည်ထားကြသည်။ အစိုးရထိပ်ပိုင်းနေရာတွင် တစ်ဆို့နေသဖြင့် ကြန့်ကြာမှုများ ဖြစ်ပေါ်နေပုံရသည်။ ဦးဆောင်အဖွဲ့ ဖွဲ့စည်းရန် အဆိုပြုတင်ပြရာ၌ ဝန်ကြီးအဖွဲ့သဘောတူညီချက်ရဖို့ ၃ လထက် မနည်း စောင့်ခဲ့ရသည်ဟု သတင်းရင်းမြစ်များက Frontier ကို ပြောပြသည်။

အစိုးရ ထိပ်ပိုင်းအရာရှိများသည် EITI အကြောင်း ကောင်းကောင်းသိကြပုံမရ၊ ဒုတိယအစီရင်ခံစာတင်ဖို့ နောက်ဆုံးသတ်မှတ်ရက်အထိ မတင်နိုင်လျှင် နောက်ဆက်တွဲ ဘာတွေ ဖြစ်လာနိုင်သည်ဆိုသည်ကိုလည်း သဘောပေါက်ကြပုံမရပါ ဟု ပြောကြသည်။

EITI သည် ဦးသိန်းစိန်၏ စိတ်ကြိုက်စီမံကိန်းဖြစ်ပြီး သူ့အစိုးရကို လူတွေလက်ခံယုံကြည်လာအောင် လုပ်ဆောင်ချက်တစ်ရပ်သာ ဖြစ်သည်ဟူသော အယူအဆက ရှိနေသည်။ ထို့ကြောင့် ပြည်တွင်းနှင့် နိုင်ငံတကာ၏ တရားဝင်လက်ခံမှုအတွက် ဘာမျှပူစရာမလိုသော ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖို့ EITI အတွက် သိပ်စိတ်အားထက်သန်မှုမရှိဟု ထင်မြင်ယူဆနေကြသည်။

စစ်ဘက် ပုဂ္ဂလိက ကဏ္ဍနှင့် အစိုးရ ထိပ်ပိုင်းအရာရှိကြီးများသည် EITI က ၎င်းတို့၏ အကျိုးစီးပွား ထိခိုက်လာနိုင်သဖြင့် EITI လုပ်ငန်းစဉ် ရှေ့တိုးမလာအောင် ဆန့်ကျင်နေမှုများ ရှိနေသည်ဟု MSG အရပ်ဘက်ဆိုင်ရာအဖွဲ့ဝင် ဒေါ်မိုးမိုးထွန်းက ပြောသည်။

အရပ်ဘက်အမှုထမ်းများ အစိုးရိမ်ဆုံးမှာ အကျိုးဖြစ်ထွန်းနိုင်သော ပိုင်ဆိုင်မှုနှင့် ဝန်ကြီးဌာန၏ ‘အခြား’  ငွေစာရင်းခေါင်းစဉ် အသုံးပြုနေမှုကိစ္စကို EITI က ကိုင်တွယ်ရန် အစီအစဉ်ပင်ဖြစ်သည်။ “အရပ်ဘက်အရာထမ်းကြီးတွေက ပုဂ္ဂလိက ကဏ္ဍကနေ အကျိုးအမြတ်အများကြီး ရရှိနေကြတာမို့ သူတို့က ဒါတွေကို ဖုံးကွယ်ထားချင်ကြတယ်” ဟု မိုးမိုးထွန်းက ရှင်းပြသည်။ Beneficial Ownership ‘အကျိုးဖြစ်ထွန်းမည့်ပိုင်ဆိုင်မှု’ သည် သယံဇာတ ထုတ်လုပ်ရေးနှင့် ပါဝင်ပတ်သက်နေသော နိုင်ငံရေးပုဂ္ဂိုလ်၊ အစိုးရအရာရှိ၊ ၎င်းတို့နှင့် အနီးကပ်ဆက်ဆံနေသော ပုဂ္ဂိုလ်၊ သို့မဟုတ် သက်မွေးပညာရပ်ဆိုင်ရာ အသင်းအဖွဲ့အားလုံးကို ဖော်ထုတ်ပြသမည်ဖြစ်သည်။

‘အခြားငွေစာရင်း’ Other Accounts ဆိုသည်ကို EITI ပထမအစီရင်ခံစာတွင် ဖော်ထုတ်တင်ပြခဲ့သည်။ နိုင်ငံပိုင်လုပ်ငန်းများမှ ထုတ်လုပ်ရရှိသော ဝင်ငွေ၏ ၄၅ ရာခိုင်နှုန်းသာ နိုင်ငံ၏ ရသုံးငွေစာရင်း National budget သို့ဝင်သည်။ ကျန်သည်များက ‘အခြားငွေစာရင်း’ ခေါင်းစဉ်ဖြင့် နိုင်ငံ့ဘဏ်တစ်ခုတွင် ဝင်သွားသည်။ ငွေစာရင်း၏ အသေးစိတ်ကိုမူ MSG အဖွဲ့ကို မပေးခဲ့ချေ။

ထို့ကြောင့် မြန်မာနိုင်ငံသည် EITI စံချိန်စံညွှန်းကို လိုက်နာဆောင်ရွက်ခြင်း ရှိမရှိ ပထမအစီရင်ခံစာတွင် သုံးသပ်ဆုံးဖြတ်ရန် မဖြစ်နိုင်ခဲ့ချေ။ အစိုးရသည် သယံဇာတ ထုတ်လုပ်မှုမှ ရရှိသော ဝင်ငွေအားလုံးကို သာမန်ဘတ်ဂျက်ဝင်ငွေအဖြစ်သာ ထည့်သွင်းရေတွက်စဉ်းစားရန်နှင့် ‘အခြားငွေစာရင်း’ အသုံးပြုမှုကို ပိုမိုပွင့်လင်းစွာ ဖော်ထုတ်ရေးကိုသာ ပထမအစီရင်ခံစာ၌ ထောက်ခံတင်ပြခဲ့သည်။

သယံဇာတထုတ်လုပ်ငန်းများ ပွင့်လင်းမြင်သာမှုရှိရေး ပဏာမခြေလှမ်း ပထမအစီရင်ခံစာ၌ ဖော်ပြခဲ့သည့် တစ်နှစ်လျှင် ဒေါ်လာ ၃၀ ဘီလျံခန့် ရနေသည်ဟုဆိုသော ဖားကန့်ကျောက်စိမ်းတွင်း တစ်တွင်းမှ ယာဉ်ကြီးများကို တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

သယံဇာတထုတ်လုပ်ငန်းများ ပွင့်လင်းမြင်သာမှုရှိရေး ပဏာမခြေလှမ်း ပထမအစီရင်ခံစာ၌ ဖော်ပြခဲ့သည့် တစ်နှစ်လျှင် ဒေါ်လာ ၃၀ ဘီလျံခန့် ရနေသည်ဟုဆိုသော ဖားကန့်ကျောက်စိမ်းတွင်း တစ်တွင်းမှ ယာဉ်ကြီးများကို တွေ့ရစဉ်။ ဓာတ်ပုံ – အေအက်ဖ်ပီ

ပထမအစီရင်ခံစာတွင် ကိုင်တွယ်ဖြေရှင်းမှု မပြုခဲ့သော အခြားပြဿနာကြီးတစ်ခုမှာ အစိုးရက ကျင်းပသော ကျောက်မျက်ပြပွဲ၏ ပြင်ပတွင် ကျောက်စိမ်းရောင်းချမှုပင်ဖြစ်သည်။ ဤကဏ္ဍမှ တရားဝင် ဖော်ပြသော ဝင်ငွေမှာ တရားမဝင် ပြည်ပရောင်းချမှုမှ အမှန်တကယ်ရရှိသော ဝင်ငွေ၏ မပြောပလောက်သော အစိတ်အပိုင်းသာ ဖြစ်မည်ဟု ယူဆရသည်။ Global Witness ၏ ခန့်မှန်းတွက်ချက်မှုအရ ၂၀၁၄ ခုတွင် တရားမဝင် ကျောက်စိမ်း ရောင်းချမှုမှ ရရှိခဲ့သောဝင်ငွေမှာ ဒေါ်လာ ၃၀ ဘီလျံကျော် ရှိခဲ့သည်ဟု ဖော်ပြခဲ့သည်။

အစိုးရသည် သတ္တုကဏ္ဍကို တိုးချဲ့ကိုင်တွယ်လာလျှင် နိုင်ငံရေးအရရော နည်းပညာအရပါ စိန်ခေါ်မှုများနှင့် ရင်ဆိုင်လာရမည်ဟု ကိုမင်းဇာနည်လင်းက ပြောသည်။ ရေနံနှင့် ဓာတ်ငွေ့ကဏ္ဍတွင် ချပေးခဲ့သော လိုင်စင်မှာ နှစ်ဆယ်သုံးဆယ်မျှသာရှိသည်။ တကယ်လုပ်ကိုင်နေသူမှာ ကုမ္ပဏီ ၄ ခုသာရှိသည်။ သတ္တုကဏ္ဍမှာမူ ချပေးခဲ့သော လိုင်စင်မှာ ၁၀,၀၀၀ ခန့်ရှိပြီး ထုတ်လုပ်နေသည့် ကုမ္ပဏီမှာ ၆၀၀ ကျော်ရှိမည်ဟု ခန့်မှန်းရသည်။

“တရားမဝင် လုပ်ကိုင်နေတာတွေက ကြောက်ခမန်းလိလိပဲ။ လုံးခင်း၊ ဖားကန့်လို ကျောက်စိမ်းနေရာတွေ သွားကြည့်လျှင် တရားမဝင် လုပ်နေကြတာ တပုံကြီးပဲ။ အစိုးရကလုပ်တဲ့ ကျောက်စိမ်းပြပွဲ Emporium ကြီးတွေရဲ့ ပြင်ပမှာ တကယ်ရောင်းဝယ်နေကြတာ ဘယ်လောက်ရှိမယ်ဆိုတာ ကျွန်တော်တို့ ဘယ်လိုမှ မသိနိုင်ပါဘူး” ဟု ကိုမင်းဇာနည်လင်း က ပြောပြသည်။

EITI သည် ပြဿနာ၏ အဖြေ တစိတ်တပိုင်း

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနကို ဆက်သွယ်၍ ဌာန၏မှတ်ချက်စကား မေးမြန်းရန် ကြိုးစားပါသော်လည်း တစုံတရာ တုန့်ပြန်ပြောကြားမှု မပြုခဲ့ပေ။ သို့သော် အင်န်အယ်လ်ဒီ၏ စီးပွားရေး အကြံပေးပုဂ္ဂိုလ် သြစတြေးလျနိုင်ငံ၊ မက်ကွိုင်းယားတက္ကသိုလ်မှ စီးပွားရေးပညာရှင် ဒေါက်တာ ရှောင်တာနယ် Dr.Sean Turnell ကမူ EITI သည် အင်န်အယ်လ်ဒီ အစိုးရအတွက် သိပ်အရေးပါကြောင်း Frontier ကို ပြောသည်။

အစိုးရသည် လက်ရှိ အစီရင်ခံစာမူအတိုင်း ဆက်လက်လုပ်ဆောင်ရင်း လုပ်ငန်းစဉ်ကို ပိုမိုနက်ရှိုင်းအောင် လုပ်ရန်သာမက အကျိုးဖြစ်ထွန်းစေသော ပိုင်ဆိုင်မှုဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ကျောက်စိမ်းကဏ္ဍကိုပါ ထည့်သွင်းရန် စီစဉ်လျက်ရှိပါသည် ဟု ၎င်းက အတည်ပြုပြောကြားသည်။ မြန်မာ့သယံဇာတ ဖွံ့ဖြိုးရေး အဖွဲ့အစည်း၏  အစိတ်အပိုင်းတစ်ခုဖြစ်သော CESD ထံမှ ညှိနှိုင်းရေးတာဝန်ကို အင်န်အယ်လ်ဒီ၏ မဟာမိတ် တွေးခေါ်ပညာရှင်အဖွဲ့ NLD-aligned think-tank ဖြစ်သော The Renaissance Institute က လွှဲပြောင်းရယူ ဆောင်ရွက်မည်ဖြစ်သည်။

“သယံဇာတ ထုတ်ယူမှုကဏ္ဍကနေ ရရှိရမယ့် နိုင်ငံ့အခွန်ဘဏ္ဍာတွေ ဆုံးရှုံးနေတာ ပြန်ရဖို့နဲ့ ဒီပမာဏ အတိုင်းအတာကို သိရှိဖော်ထုတ်နိုင်ဖို့အရေးမှာ EITI ဟာ တစ်ခန်းတစ်ကဏ္ဍက အရေးပါနေတယ် ဆိုတာကိုတော့ အားလုံးက အသိအမှတ်ပြု လက်ခံထားကြပါတယ်” ဟု ဒေါက်တာ တာနယ်က ပြောသည်။

ယခု နှောင့်နှေးနေရမှုများသည် အစိုးရအာဏာ မလွှဲပြောင်းမီ စီးပွားရေးဆိုင်ရာ အချက်အလက်များကို ဦးသိန်းစိန် အစိုးရက လွှဲပြောင်းပေးရန် ပျက်ကွက်ခဲ့ခြင်းနှင့် အင်န်အယ်လ်ဒီ အစိုးရတွင် တတ်ကျွမ်းပညာရှင် ဝန်ထမ်းအင်အား နည်းပါးနေသောကြောင့် ဖြစ်သည်ဟု ၎င်းက ပြောသည်။

“EITI ကို လုပ်နိုင်ကိုင်နိုင်မယ့် လူအနည်းငယ်ကလည်း သူတို့မှာ တခြားအလုပ်တွေနဲ့ ပိနေကြတယ်” ဟု ၎င်းက ပြောသည်။

သို့သော် လုပ်သာကိုင်သာရှိအောင် အစိုးရကို အချိန်နှင့်နေရာများစွာ ပေးထားပါသည်။ အရပ်ဘက် လူ့အဖွဲ့အစည်း အသင်းအဖွဲ့များနှင့် ကမ္ဘာ့ဘဏ်နှင့် EITI အတွင်းရေးမှူးများအဖွဲ့ကဲ့သို့ နိုင်ငံတကာ ပါဝင်သက်ဆိုင်သူများက အစိုးရ၏ အချိန်ဆွဲနေမှုကို လူသိရှင်ကြား ထုတ်ဖော်ပြောလာကြတော့မည်။ ဦးစားပေး လုပ်စရာများ တပုံတပင်ဖြစ်နေသော အင်န်အယ်လ် အစိုးရအဖို့ EITI ကိစ္စသည် ထိပ်တန်းဦးစားပေးနေရာတွင် မရှိဟု အများက နားလည်နေကြသည်။

ဒေါ်မိုးမိုးထွန်းက “နှုတ်ဆိတ်နေကြတာကလည်း အကြောင်းရှိပါတယ်။ EITI ကို လုပ်ကိုင်နေကြတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေဟာ အင်န်အယ်လ်ဒီ အစိုးရကို ချဉ်းကပ်ရာမှာ သူ့အရင် ဦးသိန်းစိန် အစိုးရတုန်းကနဲ့မတူ ကွဲပြားတဲ့နည်းနဲ့ ချဉ်းကပ်ဆက်ဆံနေကြတယ်။ အရင်အစိုးရကိုတော့ ထိပ်တိုက်ရင်ဆိုင်တဲ့နည်း၊ တိုက်ခိုက်တဲ့နည်းတွေကိုပဲ သုံးခဲ့ကြတယ်။ အခုအစိုးရကတော့ လူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဖြစ်နေတော့ ကျွန်မတို့က ဗျူဟာတွေ ပြောင်းလဲပြီး လုပ်ကိုင်နေကြရတယ်၊ ခုတော့ ထိပ်တိုက်ရင်ဆိုင်ဖို့ မစဉ်းစားတော့ဘူး။ ဒီလိုလုပ်လိုက်ရင် အစိုးရက EITI ကိစ္စကို လုံးဝစွန့်လွှတ်လိုက်တာမျိုးအထိ ဖြစ်သွားနိုင်လို့ပါ” ဟု ဒေါ်မိုးမိုးထွန်းက ပြောသည်။

အပြန်အလှန် ထောက်ကူနေသော လုပ်ငန်းစဉ်

EITI က ဘာကြောင့် အရေးပါရတာလဲ၊ တချို့က ပြောကြသည်။ EITI ၏ ရည်ရွယ်ချက်မှာ သဘာဝ သယံဇာတ တူးဖော်ထုတ်လုပ်သော ပုဂ္ဂလိက ကဏ္ဍမှ နိုင်ငံ့အစိုးရ ထိုက်သင့်သော အခွန်ဘဏ္ဍာရရှိရေး ထောက်လှမ်းမည့် ယန္တရားပင်ဖြစ်ရာ ရရှိမည့် အကျိုးတရားမှာ အကန့်အသတ်နှင့် ရှိနေသဖြင့် ကျဉ်းမြောင်းလွန်းသည်ဟု ဝေဖန်သူများရှိသည်။

EITI ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး လက်နက်ကိရိယာအဖြစ် ပြောကြားနေကြသော်လည်း စာရင်းဝင် ပေးချေရောင်းဝယ်မှုများကိုသာ သိရှိနိုင်သည်။ စာရင်းအင်း တင်မထားသော အရောင်းအဝယ်များကိုမူ သိရှိဖော်ထုတ်နိုင်စွမ်း မရှိချေ။ ပိုမိုကြီးမားသည့် ပြဿနာဖြစ်နေသည့် ‘သယံဇာတ စီမံအုပ်ချုပ်ရေး’ Resource Governance ကိုမူ တိုက်ရိုက် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိချေ။ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် သယံဇာတ စီမံအုပ်ချုပ်ရေးသည် အဓိကပြဿနာအဖြစ် ပါဝင်နေသည်။

အရပ်ဘက် လူမှုအဖွဲ့အစည်းများသည် ပထမအစီရင်ခံစာ ရေးသားစဉ်ကပင် မကျေနပ်ချက်များစွာ ရှိခဲ့သည်။ သူတို့ ကျေကျေနပ်နပ်ရှိသည့် တစ်ခုတည်းသောအပိုင်းမှာ ‘ထောက်ခံတင်ပြချက်’ အပိုင်းသာဖြစ်သည်ဟု ဒေါ်မိုးမိုးထွန်းက ပြောသည်။

“တခါတခါမှာ တင်းမာမှုတွေက သိပ်ပြင်းထန်လာတော့ အရပ်ဘက် လူမှုအဖွဲ့ဆိုင်ရာ MSG အဖွဲ့ဝင်တွေဟာ ဒီလုပ်ငန်းစဉ်က နှုတ်ထွက်တော့မယ်လို့တောင် ခြိမ်းခြောက်ခဲ့တာတွေ ရှိခဲ့ပါတယ်” ဟု ၎င်းက ပြောပြသည်။

“နောက်ဆုံးအစည်းအဝေးမှာ ကျွန်မတို့ဟာ အစိုးရ အတွင်းရေးမှူးအဖွဲ့၊ ပုဂ္ဂလိက ကဏ္ဍက လူတွေနဲ့ အတော်ကို တိုက်ခိုက်ပြောဆိုခဲ့ကြရတယ်” ဟု ၎င်းက ပြောသည်။

ဦးသိန်းစိန်အစိုးရဟာ သူတို့ EITI အဖွဲ့ထဲဝင်ဖို့ လက်မှတ်ရေးထိုးလိုက်ကြတုန်းက ဒီအဖွဲ့ဝင် ဖြစ်ချင်ရင် ဘာတွေလိုအပ်မယ်ဆိုတာ တကယ်မှ သိရှိနားလည်ခဲ့ကြပါရဲ့လားဟု ဒေါ်မိုးမိုးထွန်းက သံသယရှိနေသည်။ ထိုစဉ်က ဦးသိန်းစိန်အစိုးရသည် EITI လုပ်ငန်းထဲသို့ အစိုးရက ကြိုးကိုင်ထိန်းချုပ်ထားသော လှုပ်ရှားတက်ကြွမှု အထုံဝါသနာ သိပ်မရှိသော အင်န်ဂျီအိုများကို ဆွဲထည့်အသုံးချရန် ကြိုးပမ်းခဲ့ခြင်းကို ၎င်း သတိထားမိကြောင်း ပြောပြသည်။

ယင်းအဖွဲ့များသည် သဘာဝ သယံဇာတ စီမံအုပ်ချုပ်ရေးကိုသာ အလေးပေး လုပ်ဆောင်ကြပြီး ‘ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု မြန်မာ့မဟာမိတ်အဖွဲ့’ Myanmar Alliance for Transparency and Accountability (MATA) ကို ဖွဲ့စည်းခဲ့ကြသည်။ နောက်ပိုင်း၌ MATA သည် အရပ်ဘက် လူမှုအဖွဲ့အစည်း CSO ပါဝင်လှုပ်ရှားမှုများတွင် အဓိက ဦးဆောင်ဖြစ်လာခဲ့သည်။

“ဦးသိန်းစိန်အစိုးရဟာ EITI ကို ရုပ်ပြကောင်းရုံသက်သက်သာ လုပ်ခဲ့တာပါ” ဟု ဒေါ်မိုးမိုးထွန်းက ပြောသည်။ မည်သို့ပင်ဖြစ်စေ စီးပွားရေးလုပ်ငန်းတိုင်းနှင့် ဆက်နွယ်သော အညွှန်းကိန်းတွင် ကမ္ဘာ့အောက်ဆုံးအဆင့်နားသို့ ကပ်နေသော နိုင်ငံတစ်နိုင်ငံအဖို့တော့ အနည်းငယ်မျှသော တိုးတက်လာမှုသည်ပင် အဓိပ္ပာယ်များစွာ သက်ရောက်ပေသည်။

“EITI ရဲ့ အဓိက အောင်မြင်မှုကတော့ တိုင်းပြည်ရဲ့ အနာဂတ်ဖွံ့ဖြိုးရေးမှာ အလွန်အရေးပါတဲ့ ပြဿနာတစ်ရပ်ကို နိုင်ငံအစိုးရ၊ ပုဂ္ဂလိက ကဏ္ဍနဲ့ အရပ်ဘက် အဖွဲ့အစည်းတို့ဟာ တစားပွဲတည်း ထိုင်ပြီး တန်းတူရည်တူ ဆွေးနွေးတိုင်ပင်နိုင်ခဲ့ကြတဲ့ အချက်ပါပဲ” ဟု Centre for Peace and Security at University of South Australia ၏ ဒါရိုက်တာ ဒေါက်တာ အဒမ် ဆင်မ်ဆင် Dr. Adam Simpson က ပြောပြသည်။

အရပ်ဘက် အဖွဲ့အစည်းများကို တန်းတူရည်တူ လုပ်ဖော်ကိုင်ဖက်များအဖြစ် တကယ်တန်း အစိုးရ၏ လက်ခံမှုမှာ အကန့်အသတ်နှင့်သာ ရှိသေးသည်မှန်သော်လည်း မြန်မာနိုင်ငံတွင် EITI ၏ လုပ်ငန်းစဉ်နှင့် အခန်းကဏ္ဍကို ကျယ်ပြန့်ပါဝင်လာအောင် အရပ်ဘက် အဖွဲ့အစည်းတို့က ကြိုးပမ်းလုပ်ကိုင်နေကြဆဲ ဖြစ်သည်ဟု ၎င်းက ပြောသည်။

“မြန်မာအစိုးရတွေရဲ့ သမိုင်းတစ်လျှောက်မှာ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ဆွေးနွေးမှု၊ အကြံဉာဏ် ရယူမှုဆိုတာတွေ မရှိခဲ့ပေမဲ့ မြန်မာနိုင်ငံမှာ သဘာဝသယံဇာတ စီမံအုပ်ချုပ်မှုမှာ အရပ်ဘက် အဖွဲ့အစည်းတွေ တရားဝင် ပါဝင်လာနိုင်ရေးအတွက် EITI နဲ့ နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေက အရေးပါတဲ့နေရာက ပါဝင်လုပ်ဆောင်နေကြပါပြီ” ဟု ဒေါက်တာ ဆင်မ်ဆင်က ပြောပြသည်။ သူ၏စာအုပ်တွင် မြန်မာနိုင်ငံနှင့် EITI ဆိုသောခေါင်းစဉ်ဖြင့် အခန်းတစ်ခန်းကို မကြာမီကပင် ရေးသားပြီးစီးသွားပြီဟု သိရှိရသည်။

ပထမအစီရင်ခံစာသည် ပြီးပြည့်စုံမှု မရှိခဲ့သော်လည်း သဘာဝရင်းမြစ် တူးဖော်ထုတ်လုပ်ရေးလုပ်ငန်း စီမံအုပ်ချုပ်မှုတွင် အခြားပြုပြင် ဖြည့်စွက်ထည့်သွင်းရန် အခြေခံအဖြစ် ပေးစွမ်းနိုင်ခဲ့ပေသည်။

“မြန်မာ့ EITI ပထမအစီရင်ခံစာဟာ ချန်လှပ်မှုတွေ မတိကျ မပြည့်စုံမှုတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒါပေမဲ့ ဒီအမှားတွေကို စာရင်းပြုစုခြင်း၊ ထင်ရှားအောင် လုပ်ဆောင်ခြင်းတွေနဲ့ နောက်လာမယ့် အစီရင်ခံစာတွေဟာ တိုးတက်ပြည့်စုံ ပိုမိုကောင်းမွန်လာပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

“အစိုးရဟာ သူ့ရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေကို လုပ်ဆောင်ရာမှာ EITI က ပါဝင်လုပ်ဆောင် ဖြေရှင်းပေးနိုင်တဲ့ ကဏ္ဍကို မျက်ကွယ်မပြုသင့်ဘူး” ဟု ဒေါက်တာဆင်မ်ဆင်က ပြောသည်။

“မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားတွေနဲ့ ပြည်တွင်းပဋိပက္ခ ပြဿနာတွေမှာ စီးပွားရေး စိုးရိမ်ပူပန်မှုတွေ၊ အထူးသဖြင့် သဘာဝ သယံဇာတ စီမံအုပ်ချုပ်မှုတွေဟာ ရစ်ပတ်ချည်နှောင် ပါဝင်ပတ်သက်နေပါတယ်။ ပိုမိုကောင်းမွန်တဲ့ သဘာဝ သယံဇာတ စီမံအုပ်ချုပ်မှု၊ ပွင့်လင်းမြင်သာရှိမှု၊ ထိရောက်တဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းမှုနဲ့ သဘာဝရင်းမြစ် ပြန်လည်ဖြန့်ဝေမှုတွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပိုမိုအဆင်ပြေ လွယ်ကူစေမှာပါ။ ဒီကနေ လေလွင့်ဆုံးရှုံးမှုတွေကို ကာကွယ်ပေးမှာပါ” ဟု ၎င်းက ပြောပါသည်။

အစိုးရက EITI ကို ဆက်လုပ်မည်ဟု သူ ယုံကြည်ထားကြောင်း ဒေါ်မိုးမိုးထွန်းက ဆိုသည်။

“သူတို့ ဒါကို လုပ်ချင်တယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ သူတို့ လုပ်ကိုလုပ်ရမှာပါ။ သူတို့ ပုံရိပ်ကို ထိခိုက်ခံချင်မှာ မဟုတ်ပါဘူး။ အင်န်အယ်လ်ဒီ အစိုးရဟာ ဒီလုပ်ငန်းစဉ်ကို စံချိန်စံညွှန်းနဲ့ ပိုမိုကိုက်ညီစေပြီး ပိုမို အရည်အသွေးပြည့်ဝတဲ့ အစီရင်ခံစာကို လုပ်ရမှာပါ”

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ဓာတ်ပုံ – အေအက်ဖ်ပီ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.