အမျိုးသားရေးအမည်ခံ လှုပ်ရှားသူတွေရဲ့ နောက်ထပ်ပစ်မှတ်က ဘာဖြစ်ဦးမှာလဲ

အမျိုးသားရေးအမည်ခံသူတွေဟာ သူတို့ တရားရင်ဆိုင်ရတဲ့နေ့တွေရဲ့ညနေတွေမှာဆိုရင် လူစုပြီး ရန်ကုန်က မူဆလင်တွေကို ဦးတည်တဲ့ လှုပ်ရှားမှုမျိုးပြုလုပ်ခဲ့တာ နှစ်ကြိမ်ရှိခဲ့ပါပြီ။ 

ဒါဟာတိုက်ဆိုင်မှုသက်သက်လား၊ တမင်ရည်ရွယ်ထားတဲ့ လှုပ်ရှားမှုလား။

ထွန်းခိုင်နှင့် မြတ်ကျော်သူ

မင်္ဂလာတောင်ညွှန့်ရဲစခန်းကနေ ငါးမိနစ်လောက် ခြေကျင်လျှောက်ရင်ရောက်တဲ့ ၁၂၂ လမ်းက တိုက်ခန်းတစ်ခုကို မေ ၉ ရက်နေ့ ညပိုင်းမှာ သူတို့ကိုယ်သူတို့ အမျိုးသားရေးလှုပ်ရှားသူများလို့ သတ်မှတ်ထားကြတဲ့ လူတွေနဲ့ ရဟန်းဝတ်တွေက ရဲနဲ့ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေနဲ့အတူ ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြပါတယ်။

အကြောင်းပြချက်ကတော့ ဘင်္ဂလီလို့ မြန်မာအစိုးရဘက်က သတ်မှတ်ခေါ်ဝေါ်ပြီး ရိုဟင်ဂျာလို့ ကိုယ့်ကိုယ်ကိုယ်နဲ့ နိုင်ငံတကာက ခေါ်ဝေါ်ကြတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က မွတ်ဆလင်တွေ တိုင်းပြည်ထဲ ခိုးဝင်လာတာကို အဲဒီတိုက်ခန်းက လက်ခံထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပါ။

မိနစ်အတော်ကြာ ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာ တိုက်ခန်းထဲကနေ အဲဒီအဖွဲ့ ပြန်လည် ထွက်ခွာသွားကြပြီးတဲ့နောက် ရုန်းရင်းဆန်ခတ်တွေ ဖြစ်ခဲ့ကြပါတယ်။

ဒါဟာ ရန်ကုန်မှာ မွတ်စလင်တွေကို သူတို့ကိုယ်သူတို့ အမျိုးသားရေး လှုပ်ရှားသူများလို့ သတ်မှတ်ထားကြတဲ့သူတွေက ရန်ကုန်မြို့မှာ ၁၁ ရက်အတွင်း ဒုတိယအကြိမ်မြောက် ပစ်မှတ်ထားပြီး လှုပ်ရှားခဲ့တဲ့ အဖြစ်အပျက်လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နေ့ ညနေပိုင်းတုန်းကလည်း ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ အနော်မာ ၁ ရပ်ကွက်က အစ္စလာမ်စာသင်ကျောင်း လေးကျောင်းကို အတင်းအကျပ် ပိတ်ခိုင်းခဲ့ပါသေးတယ်။

ဒီအဖြစ်အပျက်နှစ်ခုနဲ့ ပတ်သတ်ပြီး ဆက်စပ်တဲ့အရာတစ်ခု ရှိပါတယ်။ အဲဒါကတော့ မွတ်စလင်တွေကို ပစ်မှတ်ထားတဲ့ လှုပ်ရှားမှုတွေဟာ သူတို့ကိုယ်သူတို့ အမျိုးသားရေးလှုပ်ရှားသူများလို့ သတ်မှတ်ထားကြတဲ့သူတွေကို အစိုးရက တရားစွဲတဲ့အမှုတွေနဲ့ ပတ်သတ်ပြီး တရားရင်ဆိုင်ရတဲ့ နေ့တွေရဲ့ ညနေပိုင်းတွေမှာ ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။

သာကေတ အဖြစ်အပျက်

မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ ဥက္ကဋ္ဌ ဦးဉာဏဓမ္မ၊ အတွင်းရေးမှူး ဦးသုစိတ္တ၊ မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခတို့နဲ့ အမျိုးသားရေးလှုပ်ရှားသူလို့ သူတို့ကိုယ်သူတို့ သုံးစွဲတဲ့ ကိုဝင်းကိုကိုလတ်အပါအဝင် ကိုနိုင်ဝင်းထွန်း၊ ကိုသက်မျိုးဦးနဲ့ကိုနေဝင်းအောင်တို့ကို ပုဒ်မ ၅၀၅(ခ)နဲ့ကမာရွတ်မြို့နယ် အာဏာပိုင်များက တရားစွဲဆိုခဲ့ပါတယ်။

ဓာတ်ပုံ-တေဇလှိုင်

ဓာတ်ပုံ-တေဇလှိုင်

ပြီးခဲ့တဲ့နှစ်တုန်းက ရန်ကုန်အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြခဲ့တဲ့အတွက် ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ နဲ့ တရားစွဲထားတဲ့နောက် ဒီအမှုက ထပ်တိုးပုဒ်မတစ်ခုလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က အမေရိကန်သံရုံးရဲ့ ကြေငြာချက်တစ်ခုမှာ” ရိုဟင်ဂျာ”ဆိုတဲ့ အသုံးအနှုန်းကို မကျေမနပ်ဖြစ်ပြီး ဆန္ဒပြခဲ့ကြတာပါ။

နောက်တိုးပုဒ်မ ၅၀၅(ခ) အတွက် ပထမဆုံးကြားနာမှုကို မွတ်စလင်မုန်းတီးရေးတရားများနဲ့ လူသိများတဲ့ ဦးဝီရသူအပါအဝင် လူဒါဇင်ပေါင်းများစွာများ လာရောက်စောင့်ကြည့်ခဲ့ကြပါတယ်။

စစ်ဆေးမှုအပြီး ညနေ ၃ နာရီလောက်မှာတေ့ အဲဒီလူအုပ်ထဲကသူတွေဟာ အခြားလူအချို့နဲ့ ပူးပေါင်းပြီး သာကေတမြို့နယ်၊ အနော်မာ ၁ ရပ်ကွက်ဆီ ချီတက်သွားခဲ့ကြပါတယ်။

သူတို့ရဲ့ တောင်းဆိုချက်က  အစ္စလာမ်စာသင်ကျောင်းတွေဟာ ဘာသာရေးသင်ကျောင်းများသာဖြစ်ပြီး ဝတ်ပြုခွင့် မရှိကြောင်း၊ ဝတ်ပြုနေတာဟာ တရားမဝင်ကြောင်းနဲ့ ပိတ်ပင်ပေးဖို့ အာဏာပိုင်တွေကိုဖိအားပေးခဲ့ပါတယ်။

နောက်ဆုံး သူတို့တောင်းဆိုမှု အောင်မြင်သွားခဲ့ပြီး အစ္စလာမ်ဘာသာရေးကျောင်းတွေ ချိတ်ပိတ်ခံခဲ့ရပါတယ်။

မြယာကုန်း လှုပ်ရှားမှု

အမျိုးသားရေးသမားလို့ သူတို့ကိုယ်သူတို့ ပြောနေကြတဲ့ ကိုဝင်းကိုကိုလတ်၊ ကိုဖိုးသား၊ ကိုနောင်တော်လေးတို့ဟာ ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲဆိုခံထားရတဲ့အမှုအတွက် မေ ၉ ရက်နေ့က ဗဟန်းတရားရုံးမှာ သွားရောက်ဖြေရှင်းခဲ့ရပါတယ်။

အဲဒီရုံးချိန်းမှာ သူတို့ကို ထောက်ခံခဲ့ကြတဲ့သူတွေက ၅၀၅(ခ) ကိုဆန့်ကျင်ကြောင်းပြသတဲ့ အင်္ကျီတွေ ဆင်တူဝတ်ဆင်ပြီး တရားရုံးရှေ့ကို သွားရောက်ခဲ့ကြပါတယ်။

မြန်မာအမျိုးသားရေးကွန်ယက်(Myanmar National Network) ဥက္ကဋ္ဌဆိုသူ ကိုဝင်းကိုကိုလတ်က သူတို့တွေကို တရားသူကြီးက စစ်ဆေးကြားနာပြီး အာမခံပေးကာ မေလ နောက်ဆုံးသီတင်းပတ်မှာ တရားထပ်မံရင်ဆိုင်ဖို့ ရုံးချိန်းပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေ့ ညနေရောက်တော့ ဧပြီ ၂၈ ရက်နေ့ ရုံးချိန်းအပြီး အဖြစ်အပျက်လိုဘဲ ရန်ကုန်က မွတ်ဆလင်တွေကို ပစ်မှတ်ထားတဲ့ နောက်ထပ် လှုပ်ရှားမှုတစ်ခု ပေါ်ပေါက်လာပြန်ပါတယ်။ ဒါပေမဲ့ အဲဒီလှုပ်ရှားမှုနှစ်ခုလုံးမှာ ကိုဝင်းကိုကိုလတ်ကို မတွေ့ရှိခဲ့ရပါဘူး။

သူတို့ဟာ အဲဒီနေ့ မတိုင်ခင်ကတည်းက သာကေတထက်ပိုကြီးမားတဲ့ လှုပ်ရှားမှုတစ်ခုပြုလုပ်မယ်လို့ လူမှုကွန်ယက်ဖြစ်တဲ့ Facebook မှာ ဆော်သြထားခဲ့ကြပါတယ်။

ဓာတ်ပုံ-တေဇလှိုင်

ဓာတ်ပုံ-တေဇလှိုင်

၁၂၂ လမ်းမှာ ဘာဖြစ်ခဲ့သလဲ

ည ၁၀ နာရီ ဝန်းကျင်လောက်မှာ လူ ၅၀ ကျော်နီးပါးဟာ မင်္ဂလာတောင်ညွန့်၊ ၁၂၂ လမ်းနဲ့ ၁၂၃ လမ်းကြားက တိုက်နံပတ် ၁၀၅-၁၀၇ ရှေ့မှာ လိုက်ထရပ်ကား ငါးစီးကျော်နဲ့ ရောက်ရှိလာခဲ့ပါတယ်။ ရဲဝန်ထမ်း လေးဦးခန့်၊ လူဝင်မှု ကြီးကြပ်ရေး (လဝက) ဝန်ထမ်းအချို့ပါဝင်ပြီး အမျိုးသားရေးအမည်ခံ လှုပ်ရှားသူ ငါးဦးထက်မနည်းဟာ အဲ့ဒီတိုက်ရှစ်လွှာက တိုက်ခန်းထဲကို အဓမ္မ ဝင်ရောက်ခဲ့ကြပါတယ်။

“ဘာကြောင့်၊ ညာကြောင့် မပြောဘူး။ အိမ်မှာနေတဲ့သူတွေ အကုန်ထွက်၊ မှတ်ပုံတင်တွေ၊ သန်ခေါင်းစာရင်းတွေ ပေးဆိုတော့ ကျွန်မတူမလေးက သွားရှာတယ်။ ကြာနေတာနဲ့ ကျွန်မဝင်ရှာပြီး အားလုံးပြတယ်။ အခန်းထဲမှာ အိပ်နေတဲ့သူတွေကိုလည်း အပြင်ကို အတင်းဆွဲထုတ်တယ်။ အဲဒီလို ပြောဆိုပြီး ပြန်ဆင်းသွားကြတယ်” လို့ အသက် ၄၇ နှစ်အရွယ်၊ အိမ်ပိုင်ရှင် ဒေါ်ဝင်းက ပြောပါတယ်။

ရဲဝန်ထမ်းတွေပါဝင်တဲ့ အဲဒီအုပ်စုဟာ အိမ်ရှေ့လှေကားကတက်ပြီး အဲဒီလို ဝင်ရောက်စစ်ဆေးနေတဲ့အချိန်မှာ တိုက်နောက်ဖက်မှာတော့ အမျိုးသားရေးအမည်ခံလှုပ်ရှားသူ အယောက် ၂၀ ခန့် ထိုင်စောင့်နေခဲ့ကြတယ်လို့ ရာအိမ်မှူးဦးစိုးမြင့်က ဆိုပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ဒီအဖွဲ့ဟာ အိမ်ရှေ့လှေကားက ဆင်းသွားပြီးနောက် အဲဒီအဖြစ်အပျက်တွေကို ကြည့်နေကြတဲ့ ရပ်ကွက်နေသူတွေကို “သွားကြ၊ သွားကြ၊ ဘေးဖယ်ကြ၊ မဆိုင်တဲ့သူတွေရှောင်နေ” ဟု မောင်းထုတ်ခဲ့ကြတယ်လို့ မျက်မြင်သက်သေ ရပ်ကွက်သားတွေက ဆိုပါတယ်။

အဲဒီနောက် ရပ်ကြည့်နေသူတွေထဲက လူအချို့နဲ့ ကတောက်ကဆဖြစ်ခဲ့ရာကနေ ကားနှစ်စီးကြားမှာ ပိတ်မိနေတဲ့ အစ္စလာမ်ဘာသာဝင် ကိုဇာနည်မောင်ဆိုသူကို မျိုးချစ်အမည်ခံအုပ်စုများတွေက ဝိုင်းရိုက်ခဲ့ကြပါတယ်။ “ရဲတွေရှေ့မှာ ရိုက်နေတာ၊ ဘယ်သူမှလည်း မဆွဲကြဘူး” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုပါတယ်။

အဲဒီနောက် ရဲတပ်ဖွဲ့တွေအပါအဝင် အမျိုးသားရေးအမည်ခံအုပ်စုက ကားတွေနဲ့ ပြန်လည်ထွက်ခွာချိန်မှာ ရပ်ကွက်နေသူတွေက ခဲတွေနဲ့ ဝိုင်းပေါက်ခဲ့လို့ ကားတစီးရဲ့ မှန်တချပ်ကွဲသွားတာကိုလည်း တွေ့ခဲ့ရပါတယ်။ ရိုက်နှက်ခံရသူကိုတော့ ရန်ကုန်ဆေးရုံကြီးသို့ တက္ကစီတစီးနဲ့ ပို့ဆောင်ခဲ့ကြပါတယ်။

မင်္ဂလာတောင်ညွန့်ရဲစခန်းရှေ့တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ကတောက်ကဆဖြစ်နေသည့် အမျိုးသားရေးအမည်ခံလှုပ်ရှားသူတစ်ဦး။ ဓာတ်ပုံ-အီးပီအေ/လင်းဘိုဘို

မင်္ဂလာတောင်ညွန့်ရဲစခန်းရှေ့တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ကတောက်ကဆဖြစ်နေသည့် အမျိုးသားရေးအမည်ခံလှုပ်ရှားသူတစ်ဦး။ ဓာတ်ပုံ-အီးပီအေ/လင်းဘိုဘို

“ကျွန်မဆီက ပွဲခ ၁၀ သိန်းတောင်းနေတာ၊ ဧပရယ်ထွန်းဆိုတဲ့လူ။ ကျွန်မကို ခြိမ်းခြောက်နေတာ ကြာပြီ။ ရပ်ကွက်လူကြီးနဲ့ ညှိပြီး သူ့ကို သုံးသိန်းပေးပြီးပြီ။ အဲ့ဒါ မကြေနပ်ဘဲ ဒီနေ့ည အဲဒီ မဘသက လူတွေပါ ပါလာပြီး လုပ်တာ” လို့ ဖြစ်စဉ်ကို ဒေါ်ဝင်းက ရှင်းပြပါတယ်။

အဲဒီနောက် မင်္ဂလာတောင်ညွန့် ရဲစခန်းရှေ့မှာ အမျိုးသားရေးအမည်ခံအုပ်စုတွေ စုရုံးခဲ့ကြတဲ့အတွက် ဦးဆောင်သူတွေထဲက တယောက်ဖြစ်တဲ့ ဦးသုစိတ္တကို လူစုခွဲရန်နှင့် နောက်တနေ့မှ ဖြေရှင်းကြဖို့ ရဲမှူးကြီးမျိုးဆွေက ပြောဆိုခဲ့ပြီးနောက် အမျိုးသားရေးအဖွဲ့တွေ ပြန်ထွက်သွားခဲ့ကြပါတယ်။

အဲ့ဒီနောက် ၁၂၂ လမ်းနဲ့ ၁၂၃ လမ်းအနီးမှာ ဆဲဆို အော်ဟစ်ခဲ့ကြပါသေးတယ်။ ည ၁ နာရီကျော်ခန့်အချိန်မှာတော့  အဲဒီလမ်းအနီးမှာပဲ ရပ်ကွက်နေသူတွေ ဝိုင်းအုံလာပြီး လုံခြုံရေးရဲကားတွေနဲ့ ရဲတပ်သားတွေကို ပုလင်းတွေ၊ ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြတဲ့အတွက် ရဲတပ်ဖွဲ့က သေနတ် နှစ်ချက် ပစ်ဖောက်ပြီး လူစုခွဲခဲ့ရပါတယ်။

မြယာကုန်းကနေအိမ်မှာ ဘင်္ဂလားဒေ့ရှ်နယ်စပ်က မွတ်ဆလင်တွေ ရောက်နေတယ်လို့ရဲကိုသတင်းပေးခဲ့တဲ့သူတွေထဲက တယောက်ဖြစ်တဲ့ ဦးသုစိတ္တကတော့ သူတို့ကို ရဲက လုံလောက်တဲ့ အကာအကွယ်မပေးဘူးလို့ဆိုပါတယ်။

“ဂျီဟတ်လို့အော်ပြီး စတင်ပြီးတော့ ရဲတပ်ဖွဲ့ဝင်တွေကော ပြည်သူတွေကိုကော သူတို့က တိုက်ခိုက်တယ်”လို့ ဦးသုစိတ္တက အခင်းဖြစ်ပွားတဲ့နေရာမှာ သူ့ကို လာရောက်မေးမြန်းကြတဲ့သူတွေကို ပြောကြားပါတယ်။

ဒါပေမယ့် အခင်းဖြစ်ပွားရာကို ရောက်ရှိခဲ့တဲ့ သတင်းထောက်တွေနဲ့ မျက်မြင်သက်သေတွေကတော့ ဒီလိုအော်ဟစ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ပြောကြားခြင်းမရှိကြပါဘူး။

လာမယ့် သောကြာနေ့မှာ ပစ်မှတ်ကဘယ်နေရာဖြစ်လာမလဲ

မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ ဥက္ကဋ္ဌ ဦးဉာဏဓမ္မ၊ အတွင်းရေးမှူး ဦးသုစိတ္တ၊ မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခတို့နဲ့ အမျိုးသားရေးလှုပ်ရှားသူလို့ သူတို့ ကိုယ်သူတို့ သုံးစွဲတဲ့ ကိုဝင်းကိုကိုလတ် အပါအဝင် ကိုနိုင်ဝင်းထွန်း၊ ကိုသက်မျိုးဦးနဲ့ကိုနေဝင်းအောင်တို့ကို ပုဒ်မ ၅၀၅(ခ)နဲ့ဆွဲဆိုထားတဲ့အမှုအတွက် ကမာရွတ်တရားရုံးက လာမယ့် သောကြာနေ့(မေ ၁၂ ရက်နေ့) မှာ ဒုတိယအကြိမ်မြောက် ရုံးချိန်း ခေါ်ဆိုထားပါတယ်။

ဓာတ်ပုံ-တေဇလှိုင်

ဓာတ်ပုံ-တေဇလှိုင်

အရင်နှစ်ကြိမ်တုန်းကအတိုင်း လူစုလူဝေးတွေနဲ့ နံနက်ပိုင်းတရားရင်ဆိုင်အပြီး ညနေပိုင်းမှာတော့ ရန်ကုန်က မွတ်ဆလင်ရပ်ကွက်တစ်ခုဟာ နောက်ထပ် ပစ်မှတ်ဖြစ်လာဦးမယ့် အလားအလာတွေ ရှိနေပါတယ်။ မွတ်ဆလင် မုန်းတီးရေးသတင်းတွေ မျှဝေလေ့ရှိတဲ့ “ကြည်ကြည်ရွှေ” ဆိုတဲ့ Facebook စာမျက်နှာမှာတော့ မင်္ဂလာတောင်ညွှန့်မှာဖြစ်တဲ့ မတည်ငြိမ်မှုတွေနဲ့ တစ်ချိန်တည်းမှာပဲ သင်္ဃန်းကျွန်းမှာလဲ “ကုလားနဲ့ မြန်မာအမျိုးသားရေးသမားများ သတ်ကုန်ကြပြီ”လို့ရေးသားထားတာ တွေ့ရပါတယ်။

သင်္ဃန်းကျွန်းရဲစခန်းကတော့ ဒါဟာ ကောလဟာလ လွင့်ထုတ်မှုတစ်ခုသာဖြစ်ပြီး ထူးခြားတဲ့အခြေအနေ တစ်စုံတရာ မဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။

အမျိုးသားရေးအမည်ခံသူတွေဟာ သူတို့ တရားရင်ဆိုင်ရတဲ့နေ့တွေရဲ့ညနေတွေမှာဆိုရင် လူစုပြီး ရန်ကုန်က မူဆလင်တွေကို ဦးတည်တဲ့ လှုပ်ရှားမှုမျိုးပြုလုပ်ခဲ့တာ နှစ်ကြိမ်ရှိခဲ့ပါပြီ။

ဒါဟာတိုက်ဆိုင်မှုသက်သက်လား၊ တမင်ရည်ရွယ်ထားတဲ့ လှုပ်ရှားမှုလား။

ဒီအတိုင်းသာ ဆက်ဖြစ်မယ်ဆိုရင် လာမယ့် သောကြာ၊ နောက်တစ်ကြိမ် သူတို့ တရားရင်ဆိုင်ရတဲ့ ညနေခင်းမှာ ရန်ကုန်က မွတ်ဆလင်တယောက်ယောက်အလှည့် ရောက်လာဦးမှာဘဲ ဖြစ်ပါတယ်။

ခေါင်းစီးဓာတ်ပုံ- တေဇလှိုင်

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.