အလုပ်သမား ပြဿနာခုံရုံး၏ အနာဂတ် ဝေဝါးနေဆဲ

၂၀၁၂ ခုနှစ်တွင် အလုပ်သမား သမဂ္ဂများကို တရားဝင် ခွင့်ပြုခဲ့ချိန်မှစ၍ အလုပ်သမား လှုပ်ရှားမှုဟူသည် အလုပ်သမားအချင်းချင်း တိုက်ခိုက်နေရာလု နေကြခြင်းသာ မြင်တွေ့နေရသည်။ မကြာခင်က ပြုလုပ်ခဲ့သော အလုပ်သမားကောင်စီ ရွေးကောက်ပွဲကြောင့် အလုပ်သမား သမဂ္ဂများအတွင်း စိတ်ဝမ်းကွဲပြားမှု ပိုမိုကြီးထွားလာခဲ့သည်။

ချားလ်စ် မီချီယို တာနာ ရေးသားသည်။

၂၀၁၆ ဇူလိုင်လအတွင်းက အလုပ်သမားသမဂ္ဂ လှုပ်ရှားသူများထဲမှ ခုံသမာဓိကောင်စီတွင် အလုပ်သမား ကိုယ်စားလှယ်အဖြစ် ပါဝင်မည့် ကောင်စီကိုယ်စားလှယ် ရွေးချယ်ပွဲကို ကျင်းပခဲ့ကြသည်။ ခုံသမာဓိကောင်စီ (Arbitration Council) ဟူသည် အလုပ်သမား၊ အလုပ်ရှင်ပြဿနာများကို ဖြေရှင်းဆုံးဖြတ်ပေးပိုင်ခွင့်ရှိသော ဖက်ဒရယ်တရားရုံးကဲ့သို့သော အဖွဲ့အစည်းဖြစ်သည်။

ရွေးကောက်ခံကိုယ်စားလှယ်သစ်များသည် အောက်တိုဘာလကပင် သူတို့ရာထူးနေရာကို တာဝန်ယူရန်ဖြစ်သော်လည်း ရွေးကောက်ပွဲကို မကျေမချမ်းဖြစ်နေသော သမဂ္ဂများက အင်နှင့်အားနှင့် ကန့်ကွက်ဆန္ဒပြနေကြသဖြင့် ကောင်စီတွင် နေရာမယူနိုင်ခဲ့ကြသေးချေ။ သတ်မှတ်ရာထူးသက်တမ်း ၂ နှစ်ကျော်လွန်နေပြီဖြစ်သော လက်ရှိကောင်စီဝင်များကိုသာ ယာယီသက်တမ်းတိုးပေးပြီး ဆက်လက်ထိုင်ခိုင်းထားရသည်။

နဂိုကပင် အကွဲအပြဲများ ဖြစ်နေသော အလုပ်သမားလှုပ်ရှားမှုသည် ကိုယ်စားလှယ်ရွေးကောက်ပွဲကြောင့် ပိုမိုကွာဟသွားခဲ့ပြီး နိုင်ငံ၏အကြီးဆုံး အလုပ်သမားသမဂ္ဂသည် ကိုယ်စားလှယ်ရွေးပွဲရလဒ်ကို မိမိစိတ်ကြိုက် ခြယ်လှယ်သဖြင့် ရွေးကောက်ပွဲမှာ တရားမဝင်ဟုပင် သမဂ္ဂအချို့က ကြေညာခဲ့သည်။

“ဒီရွေးကောက်ပွဲကို ကန့်ကွက်နေကြတဲ့ သူတွေအများကြီးပဲ။ ဒီလူသစ်တွေသာ အာဏာရလာမယ်ဆိုရင် အခြေအနေ ပိုဆိုးလာမယ်။ ဒီလူစိမ်းတွေမပါဘဲ ခုံသမာဓိကို ကျွန်တော်တို့ဘာသာဖွဲ့ဖို့ ပြင်ဆင်ထားတယ်” ဟု မြန်မာ့စက်မှုနှင့် လက်မှုလုပ်ငန်း ဖက်ဒရေးရှင်းကို ဦးဆောင်နေသော ဦးနော်အောင်က ပြောသည်။

ဦးနောအောင်သည် သမဂ္ဂခေါင်းဆောင်တစ်ဦးဖြစ်ပြီး ရွှေပြည်သာမြို့နယ် ကိုယ်စားလှယ်ရွေးပွဲမှ ဆန္ဒပြထွက်ခွာလာသူဖြစ်သည်။ သူက အဆိုပါရွေးကောက်ပွဲကို တရားမဝင်ဟုဆိုသည်။ ရွေးကောက်ခံရသူများကိုလည်း အသိအမှတ်မပြုချေ။ ဦးနော်အောင်နှင့် အခြားသမဂ္ဂ ခေါင်းဆောင်များက ဇူလိုင်ကောင်စီ ရွေးကောက်ပွဲ စီစဉ်သူများသည် သမဂ္ဂများထံ ရွေးကောက်ပွဲကျင်းပမည့်အချိန်နှင့် နေရာကို ကြိုတင်အကြောင်းကြားခဲ့ခြင်းမရှိဟု ပြောကြသည်။

“ရွေးကောက်ပွဲလုပ်မယ်ဆိုတာကို ဘယ်သူမှ မသိကြဘူး။ ကောင်စီကိုယ်စားလှယ်ရွေးပွဲ တက်တဲ့သူက ၁၀ ရာခိုင်နှုန်းပဲရှိတယ်။ ရွေးကောက်ပွဲ လုပ်မယ့်ကြော်ငြာကို စကိုင်းနက်နဲ့ သတင်းစာသုံးလေးစောင်မှာ ကြော်ငြာထည့်တယ်၊ ဒါပေမဲ့ ဘယ်သူမှ မကြည့်လိုက်ကြပါဘူး” ဟု ၎င်းက ပြောသည်။

အလုပ်သမားများသည် ၎င်းတို့၏ လုပ်ခလစာ၊ ပြင်းထန်သော ထိခိုက်ဒဏ်ရာရမှုနှင့် အကြောင်းမခိုင်လုံဘဲ အလုပ်မှ ရပ်စဲခံရမှုတို့နှင့်ပတ်သက်၍ တရားရေးဆိုင်ရာ နောက်ဆုံးကြားနာမှုကို ခုံသမာဓိကောင်စီတွင် ပြုလုပ်ရသည်ဖြစ်၍ ထိုကောင်စီ ကိုယ်စားလှယ်ရွေးကောက်ပွဲသည် အရေးပါသည်။

ခုံသမာဓိကောင်စီကို လုပ်ငန်းပိုင်ရှင် ကိုယ်စားလှယ်များ၊ အစိုးရအရာရှိများနှင့် အလုပ်သမား ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည်။ အထက်ပါပြဿနာများ ပေါ်ပေါက်လာပါက အလုပ်သမားကို နစ်နာကြေး ပေးသင့်မသင့်၊ အလုပ်ထုတ်ခံရပါက အလုပ်ပြန်ခန့်သင့်မသင့်ကို ထိုကောင်စီက ဆုံးဖြတ်ရသည်။ မြို့နယ်အဆင့်၊ တိုင်းဒေသကြီးအဆင့် ခုံသမာဓိရုံးများမှ တက်လာသော အယူခံလွှာများကို အဖွဲ့ဝင် ၁၅ ဦး ပါဝင်သော အထက်ပါ ခုံသမာဓိကောင်စီက ကြားနာစစ်ဆေးဆုံးဖြတ်သည်။

သမဂ္ဂအဖွဲ့ဝင်အချို့၏ ပြောကြားချက်အရ တရားဝင် ဖိတ်ကြားစာများကို ယခင် ၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့သော ကောင်စီရွေးပွဲတွင် ပါဝင်ခဲ့သည့် သမဂ္ဂများထံသို့သာ စာတိုက်မှ ပေးပို့ခဲ့သည်ဟု သိရှိရပေရာ အလုပ်သမား သမဂ္ဂအသစ်များနှင့် ယခင်ကောင်စီရွေးကောက်ပွဲတွင် မပါဝင်ခဲ့သော သမဂ္ဂများထံ တိုက်ရိုက်ဖိတ်ကြားစာ မပေးပို့ခဲ့သည့် သဘောပင်ဖြစ်သည်။

၂၀၁၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော အလုပ်သမားပဋိပက္ခ ဖြေရှင်းရေးဆိုင်ရာ ဥပဒေအရ ဖွဲ့စည်းသည့် ခုံသမာဓိကောင်စီ တည်ထောင်ခဲ့ချိန်မှစ၍ ပြုလုပ်ခဲ့သော ကောင်စီရွေးပွဲ ၂ ခုစလုံးကို အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနကသာလျှင် တာဝန်ယူ ကျင်းပပေးခဲ့သည်။ လွန်ခဲ့သော ၂ နှစ်နောက်ပိုင်းတွင် ဖိတ်ကြားမှုလုပ်ငန်းစဉ် အပြောင်းအလဲရှိမရှိ ရှင်းရှင်းလင်းလင်း မသိရှိရပေ။ ဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်း၍လည်း မရခဲ့ချေ။

သမဂ္ဂအချင်းချင်း တိုက်ပွဲများ

ကောင်စီရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်သူများက အသစ်ရွေးကောက်ခံ သမဂ္ဂကိုယ်စားလှယ်အားလုံးသည် နိုင်ငံတွင်း အကြီးဆုံး သမဂ္ဂကြီးဖြစ်သော မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အစည်းအရုံး (Confederation of Trade Unions of Myanmar – CTOM) နှင့် အဆက်အသွယ်ရှိသူများသာ ဖြစ်နေကြခြင်းကို  စိတ်အနှောင့်အယှက် ဖြစ်ကြရသည်။ CTOM သည် စက်မှုနှင့် လက်မှုလုပ်သား ၃၃,၀၀၀ ကျော်ကို ကိုယ်စားပြုသော သမဂ္ဂကြီးဖြစ်သည်။

သို့သော် အခြားသမဂ္ဂများက CTOM ကို မဟာမိတ်ကဲ့သို့ သဘောမထားကြဘဲ ပြိုင်ဖက်ရန်သူကဲ့သို့သာ သဘောထားကြသည်။ မကြာမီက ပြုလုပ်ခဲ့သော ကောင်စီရွေးကောက်ပွဲက ထိုစိတ်ဝမ်းကွဲပြားမှုကို ပို၍ နက်ရှိုင်းသွားစေခဲ့သည်။

“ဒီရွေးကောက်ပွဲကို CTOM နဲ့ ဝန်ကြီးဌာနတို့က လက်ဝါးရိုက်ပြီး အတူကျင်းပခဲ့ကြတာလို့ ကျွန်တော် သံသယရှိနေတယ်” ဟု ဦးနော်အောင်က ပြောသည်။

အသစ်ရွေးကောက်ခံ ကိုယ်စားလှယ်များကမူ ရွေးကောက်ပွဲကို ၎င်းတို့ခြယ်လှယ်ခဲ့ကြသည်ဟူသော စွပ်စွဲချက်များကို ခါးခါးသီးသီး ငြင်းဆိုကြသည်။ တချိန်က CTOM တွင် အသင်းဝင်သစ် စုဆောင်းရေးတာဝန် ထမ်းဆောင်ခဲ့ဖူးပြီး ယခုရွေးကောက်ပွဲတွင် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရသူ ဦးရဲကျော်သူက ခုံသမာဓိကောင်စီသစ်တွင် တာဝန်ထမ်းဆောင်ရန်  စိတ်အားထက်သန်နေကြောင်း၊ ၎င်းတိုမှာ အကြောင်းမဲ့သက်သက် မလိုမုန်းထားခံနေရသည်ကို သက်သေပြလိုကြောင်း ပြောကြားသည်။

“ကောင်စီရွေးကောက်ပွဲ ကျင်းပရာမှာ အကူအညီပေးဖို့ ဝန်ကြီးဌာနက CTOM ထံ အကူအညီ တောင်းခဲ့ပါတယ်။ CTOM ကသာ စည်းရုံးရေး အတွေ့အကြုံ အရှိဆုံးမို့ အထောက်အကူသဘောသာ ကူညီဖို့ ပြောခဲ့တာပါ။ သမဂ္ဂတွေထဲမှာ CTOM ကသာ သမဂ္ဂဝင်တွေ အများဆုံးဆိုတော့ ခုံသမာဓိကောင်စီမှာလည်း ကိုယ်စားလှယ်အများဆုံး ရွေးခံရတာ သဘာဝကျပါတယ်” ဟု ဦးရဲကျော်သူက Frontier ကိုပြောပြသည်။

နဂိုကပင် စည်းလုံးမှုမရှိသော အလုပ်သမား လှုပ်ရှားမှုသည် ဤကောင်စီရွေးပွဲကို အသုံးချပြီး နှစ်ခြမ်းကွဲသွားအောင် လုပ်ကြမည်ကို ၎င်းက စိုးရိမ်နေသည်။ မြန်မာနိုင်ငံတွင် အလုပ်သမားအသင်းအဖွဲ့ နာမည်တပ်ထားသော သမဂ္ဂပေါင်း ထောင်ကျော်ရှိရာ အများစုမှာ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ညှိနှိုင်းမှုမရှိဘဲ လွတ်လွတ်လပ်လပ် လှုပ်ရှားနေကြသော အဖွဲ့များသာ ဖြစ်ကြသည်။

၂၀၁၆ ဇူလိုင်လက ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး ခုံသမာဓိကောင်စီ၌ တာဝန်ထမ်းဆောင်ရန် စောင့်ဆိုင်းနေသူ ဦးရဲကျော်သူ။ ဓာတ်ပုံ - ချားလ်စ် မီချီယို တာနာ

၂၀၁၆ ဇူလိုင်လက ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး ခုံသမာဓိကောင်စီ၌ တာဝန်ထမ်းဆောင်ရန် စောင့်ဆိုင်းနေသူ ဦးရဲကျော်သူ။ ဓာတ်ပုံ – ချားလ်စ် မီချီယို တာနာ

အလုပ်သမားခေါင်းဆောင်များ အချင်းချင်း ခွက်စောင်းခုတ် တိုက်ခိုက်မှုများ ရှိနေသည်မှအပ သမဂ္ဂများသည် အချင်းချင်း စုစည်းကာ CTOM လို လေးစားလောက်သော သမဂ္ဂညွန့်ပေါင်းများဖွဲ့ဖို့ ကြိုးစားခဲ့ကြသည်။ တကယ်တော့လည်း CTOM သည်သာ ဥပဒေဖြင့် တရားဝင် မှတ်ပုံတင်ထားသည့် တစ်ခုတည်းသော အလုပ်သမားသမဂ္ဂ အစည်းအရုံးဖြစ်သည်။ သမ္မတဦးသိန်းစိန်၏ စပ်ကူးမတ်ကူး အစိုးရလက်ထက်တွင် ထိုအဆင့်အတန်းကို ဝန်ကြီးဌာနက တရားဝင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ သမဂ္ဂများအကြား ညှိနှိုင်းမှု သိပ်မရှိသဖြင့် သမဂ္ဂများတွင် အလုပ်သမားအင်အား မည်မျှပါဝင်သည်ဆိုသော အချက်အလက် ကိန်းဂဏန်း အတိအကျကိုမူ မရရှိနိုင်ချေ။

အလုပ်ရှင်များက ကြည်ကြည်ဖြူဖြူ မရှိသည့်ကြားက အလုပ်သမားများ သမဂ္ဂဝင်ဖြစ်လာရေး ကြိုးစားစည်းရုံးနေချိန်တွင် သမဂ္ဂအငယ်စားများက CTOM နှင့် ပူးပေါင်းလုပ်ဆောင်ရမည့်အစား ပစ်မှတ်ထား ဆန့်ကျင်နေကြသောကြောင့် ဦးရဲကျော်သူမှာ စိတ်အားလျော့ကျရသည်။

“သမဂ္ဂတွေထဲမှာ ဂိုဏ်းဂဏကွဲတယ်ဆိုတာကတော့ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ဒါပေမဲ့ အလုပ်သမား အများစုဟာ အလုပ်သမားနိုင်ငံရေးရဲ့ ရှုပ်ထွေးပုံတွေကို နားမလည်ကြဘူး။ အလုပ်သမားတွေ ညီညွတ်မှုရှိမှ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင်အခြေအနေ ရနိုင်တယ်ဆိုတာကို သူတို့ သဘောမပေါက်ကြဘူးဆိုတာကို အခုမကျေမနပ်ဖြစ်နေတဲ့ အလုပ်သမားခေါင်းဆောင်တွေ သိဖို့ကောင်းတယ်” ဟု ဦးရဲကျော်သူက ပြောပြသည်။

အလုံးစုံ ခြုံငုံပါဝင်တဲ့ ပေါ်လစီ ပြုပြင်ပြောင်းလဲရေးဆီကို ဦးတည်ပြီး အလုပ်သမားလှုပ်ရှားမှုကို CTOM က ဦးဆောင်အဖွဲ့အစည်းအဖြစ် လုပ်ဆောင်နိုင်မယ်လို့ သူက ယုံကြည်ထားသည်။

မလိုအပ်သော ရွေးကောက်ပွဲလော

ခုံသမာဓိကောင်စီ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး အငြင်းပွားနေကြပုံကိုထောက်၍ အလုပ်သမား အခွင့်အရေး တက်ကြွလှုပ်ရှားသူများသည် အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို နားလည်မှု လွဲနေကြပုံရသည်။

ထိုဥပဒေသည် လျော့ရဲရဲ နိုင်လွန်းသည်ဟု အမြဲလိုဝေဖန်ခဲ့ကြသည်။ ခုံရုံးဆုံးဖြတ်ချက်ကို အလုပ်ရှင်က လျစ်လျူရှုပြီး ဒဏ်ကြေး ကျပ်တစ်သန်းပေး၍ ဖြေရှင်းနိုင်သည်။ ထောင်ဒဏ်အပါအဝင် ပြစ်ဒဏ်ကို တိုးမြှင့်သတ်မှတ်ရန် တောင်းဆိုခဲ့ကြသော်လည်း ဥပဒေပြုအမတ်များက ယခုချိန်ထိ လက်မခံခဲ့ကြချေ။ သမဂ္ဂများသည် ခုံသမာဓိကောင်စီ ဖွဲ့စည်းမှုအပေါ် ထိန်းချုပ်နိုင်စွမ်းမှာ အကန့်အသတ်နှင့်သာ ရှိကြောင်း သဘောပေါက်စ ပြုလာခဲ့သည်။

ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များအား ဖိနှိပ်မှုများရှိသည်၊ ပူးပေါင်းကြံစည်မှုများရှိသည်ဟု စွပ်စွဲမှုများ ရှိနေလင့်ကစား ဇူလိုင်ရွေးကောက်ပွဲတွင် မည်သည့်ဥပဒေကိုမျှ ချိုးဖောက်ခဲ့ခြင်းမရှိ၊ လုပ်ထုံးလုပ်နည်းများကိုလည်း ဖောက်ဖျက်ကျူးလွန်ခဲ့ခြင်းကို မတွေ့ရှိရချေ။ အမှန်တကယ်လည်း ကိုယ်စားလှယ်ရွေးရန် ရွေးကောက်ပွဲ ကျင်းပရမည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားသည်ကို မတွေ့ရှိရချေ။

“ခုံသမာဓိ အဖွဲ့ဝင်တွေအနေနဲ့ အလုပ်သမားအဖွဲ့အစည်းတွေက ထောက်ခံတင်ပြထားသူတွေပဲ ဖြစ်ရမယ်လို့သာ ဥပဒေက ဆိုထားပါတယ်” ဟု မစ္စ နာ့ဆု နိုဂါမီက ပြောပြသည်။ သူသည် အိုင်အယ်လ်အို ILO မှ အထက်တန်းဥပဒေ အကြံပေးတစ်ဦးဖြစ်ပြီး ၂၀၁၆ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခဲ့သူဖြစ်သည်။

ခုံသမာဓိ ကောင်စီဝင် ဖြစ်လာမည့် အလုပ်သမား ကိုယ်စားလှယ် ရွေးချယ်ရာတွင် ဥပဒေက အလုပ်သမား ဝန်ကြီးဌာနကို ကြိုးကိုင်ခြယ်လှယ်ခွင့် ပေးထားသည်။

CTOM သမဂ္ဂ အစည်းအရုံး၏ ပြင်ပတွင် ရောက်နေသော အလုပ်သမားခေါင်းဆောင်များမှာ ဥပဒေကြောင်းအရ အခြား အားကိုးစရာ မရှိတော့ရကား လူထုအားဖြင့် ဝန်ကြီးဌာနကို ဖိအားပေးနိုင်လိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် လူထုဆန္ဒပြပွဲများကိုသာ ပြုလုပ်လျက်ရှိသည်။ ၂၀၁၆ စက်တင်ဘာလအတွင်းက မန္တလေးတွင် စက်ရုံလုပ်သား ၁,၀၀၀ ကျော်က ကောင်စီကိုယ်စားလှယ်ရွေးပွဲ ကျင်းပခဲ့ပုံကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

ထို့နောက်ပိုင်းတွင် အငယ်စား ဆန္ဒပြပွဲလေးများ ကြိုကြားကြိုကြား ပြုလုပ်ခဲ့ကြသေးသော်လည်း အကြိမ်အရေအတွက် နည်းလာခဲ့သည်။ သို့နှင့်ပင် ဆန္ဒပြမည့်သူများ တဖြည်းဖြည်း လျော့လျော့သွားပြီး မကြာမီ ခုံသမာဓိကောင်စီတွင် ရွေးကောက်ခံ ကိုယ်စားလှယ်သစ်များ ဝင်ရောက်နေရာယူကြတော့မည်ကို CTOM ပြင်ပမှ အလုပ်သမား တက်ကြွလှုပ်ရှားသူများက စိုးရိမ်နေကြသည်။

ခုံသမာဓိကောင်စီတွင် ထပ်တိုးသက်တမ်းဖြင့် ၄ လ ဆက်လက် နေထိုင်ခဲ့ပြီဖြစ်သော ကောင်စီဝင် ဦးဌေးကလည်း ကောင်စီဝင် ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်သူဖြစ်သည်။ ယခု ကန့်ကွက်ဆန္ဒပြမှုများကြောင့် ရွေးကောက်ခံ ကိုယ်စားလှယ်သစ်များ လောလောဆယ် နေရာယူနိုင်ကြဦးမည် မဟုတ်သော်လည်း နောက်ဆုံးတွင် ယခုဆန္ဒပြနေသော အလုပ်သမား ခေါင်းဆောင်များမှာ ရွေးကောက်ပွဲရလဒ်ကို မလွှဲမရှောင်သာ လက်ခံကြရလိမ့်မည်ဟု ဦးဌေးက ယူဆထားသည်။

“ဝန်ကြီးဌာနက လူသစ်တွေကို အတည်ပြုချင်နေတာပဲ၊ နောက်ထပ်လည်း ရွေးကောက်ပွဲ လုပ်ပေးတော့မယ့်ပုံ မပေါ်ပါဘူး။ ကျွန်တော်ကတော့ ယာယီသက်တမ်းနဲ့ နေရသူပဲ။ ဝန်ကြီးဌာနက ဂျောင်းတော့ဆိုတဲ့အချိန် သွားရုံပါပဲ” ဟု သူက ပြောသည်။

ရွေးကောက်ခံသစ်များနှင့် လက်ရှိတာဝန် ထမ်းဆောင်နေဆဲ ကောင်စီဝင်များအကြား တွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၂၂ ရက်တွင် နေပြည်တော်၌ ပြုလုပ်ရန် ဝန်ကြီးဌာနက စီစဉ်နေသည်။ သောင်မတင်ရေမကျ ဖြစ်နေသော အခြေအနေကို ဖြေရှင်းရန် ပထမဆုံး ကြိုးပမ်းမှုပင်ဖြစ်သည်။ သို့သော် ပြဿနာ ပြေလည်သွားမည်ဟုတော့ သိပ်မျှော်လင့်မထားကြချေ။ လောလောဆယ် နှစ်ဖက်အကြား ပြောဆိုဆွေးနွေးကြရုံသာ ရည်ရွယ်ချက် ထားရှိသည်။

“ကျွန်တော်တို့အနေနဲ့ကတော့ ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေ မျှဝေပေးပြီး တစ်ယောက်ပြောတာ တစ်ယောက် နားထောင်ကြရုံပါပဲ။ ဝန်ကြီးကိုယ်တိုင်လည်း တက်ချင်တက်လိမ့်မယ်ဆိုတော့ ပိုကောင်းတာပေါ့။ ဘာတွေဖြစ်လာမယ်ဆိုတာတော့ စောင့်ကြည့်ရဦးမှာပဲဗျာ” ဟု ဦးဌေးက Frontier ကို ပြောသည်။

ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရသည့်ကြားမှ ဇူလိုင်ရွေးကောက်ပွဲတွင် အရွေးခံခဲ့ရသော အလုပ်သမား ခေါင်းဆောင်သစ်များက သူတို့သည် အလုပ်သမား အခွင့်အရေးကို တကယ်ဆောင်ရွက်မည့်သူများ ဖြစ်ကြောင်း သက်သေထူလိုစိတ် ပြင်းပြနေကြသည်။

“ကျွန်တော်တို့ဟာ ဘယ်အုပ်စုရဲ့ ရုပ်သေးတွေမှ မဟုတ်ဘူး။ ခုံသမာဓိကောင်စီရဲ့ ကြိုးပမ်းမှု မှန်သမျှ တရားမျှတမှုရှိရေးသည်သာ ကျွန်တော်တို့ရဲ့ ပန်းတိုင်ပဲ။ ကျွန်တော်တို့ရှေ့က လုပ်ကိုင်သွားခဲ့ကြသူတွေလည်း ဒီရည်ရွယ်ချက်နဲ့ပဲ လုပ်ဆောင်ခဲ့ကြတာပါ” ဟု ရွေးကောက်ခံ အလုပ်သမား ခေါင်းဆောင်သစ် ဦးမောင်မောင်အေးက Frontier ကို ပြောပြသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ထွန်းလင်းဇော် တွဲဘက်ရေးသားသည်။ ခေါင်းစီးဓာတ်ပုံ – အချိန်ပိုအလုပ်ဆင်းပြီး အိမ်ပြန်နေကြသည့် အထည်ချုပ်စက်ရုံမှ အလုပ်သမားများကို တွေ့ရစဉ်။ ဓာတ်ပုံ – ချားလ်စ် မီချီယို တာနာ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.