“တကယ့်ကို ကမ္ဘာပျက်သလိုဘဲ”

မြန်မာနိုင်ငံတစ်လွှား ဖြတ်သန်းသွယ်တန်းထားတဲ့ ရေနံပိုက်လိုင်းတွေ ပေါက်ကွဲတာ၊ စိမ့်ထွက်တာတွေဖြစ်လာရင် ရေနံတွေကို လူတွေအလုအယက် ခပ်ယူတာကနေ မီးလောင်ပေါက်ကွဲပြီး သေကျေမှုတွေ ထပ်မံဖြစ်လာမှာကို အရပ်ဖက်အဖွဲ့အစည်းတွေက စိုးရိမ်ကြပါတယ်။

ထွန်းခိုင် ရေးသားသည်။

သီတင်းကျွတ်မီးထွန်းပွဲတော်ကို ဆင်နွှဲကြဖို့အတွက် အိုင်ကြီးကျေးရွာက ရွာသူ ရွာသားတွေဟာ ဆုတောင်းပြည့် ကျောင်းတိုက်ဆီကို စုဝေးရောက်ရှိနေခဲ့ကြပါတယ်။

ဆရာတော်ဦးတိသာစာရကတော့ သူ့ကျောင်းတိုက်ကို ရောက်နေတဲ့ ရွာသားတွေကိုဧည့်ခံရင်း အလုပ်များ နေခဲ့ပါတယ်။ ဘုရားမီးပူဇော်ဖို့အတွက် ရွာသားတွေကို ဖယောင်းတိုင်တွေ ဝေပေးဖို့ စတိုခန်းထဲသွားရှာအပြီး  ဆရာတော် ဦးတိသာစာရ ပြန်ထွက်လာချိန်မှာတော့ သူ့ကျောင်းကိုရောက်နေတဲ့ လူအုပ်ကြီးဟာ ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားပါတော့တယ်။

လူတွေဟာ ရုတ်တရက် တနေရာဆီကို ဦးတည်သွားလာနေတာကို ဆရာတော်က သတိထားမိသွားခဲ့ပြီးတဲ့နောက်မှာ ရွာသားတွေနောက်ကို လိုက်သွားဖို့ ဆရာတော်က ဆုံးဖြတ်လိုက်ပါတယ်။

“လူတွေက ဘုရားပွဲအလား အောက်မေ့ရတယ်။ ပြေးလွားနေကြတာ”လို့ ဆရာတော် ဦးတိသာစာရက မိန့်ပါတယ်။

အစိုးရရေနံပိုက်လိုင်းတစ်ခုကနေ ယိုစိမ့်ပြီးထွက်လာတဲ့ ရေနံတွေကိုခပ်ယူဖို့ အိုင်ကြီးကျေးရွာနဲ့ အနီးတဝိုက်က ရွာသားတွေက အလုအယက်ပြေးလွှားနေကြတာ ဖြစ်ပါတယ်။

သာကြီးတောင်ရေနံမြေနဲ့ အရာတော်ရေနံမြေကို သွယ်တန်းထားတဲ့ရေနံပိုက်လိုင်းဟာ မြန်မာနိုင်ငံအလယ်ပိုင်း ပုဂံမြို့ဟောင်းကနေ နာရီဝက်လောက် ကားလမ်းခရီးမှာရှိတဲ့ ပခုက္ကူမြို့နယ်ထဲက ညောင်လှကျေးရွာအနီးမှာ ပေါက်ထွက်ခဲ့တာကြောင့် ပေ ၁၀၀ ပတ်လည်လောက်ရှိတဲ့ ပဲခင်းတစ်ခုလုံး ရေနံတွေ ဖုံးလွှမ်းသွားပါတော့တယ်။

မကြာသေးမီရက်ပိုင်းအတွင်းက အဲဒီရွာနားမှာ ရေနံပိုက်လိုင်းပေါက်ထွက်မှုက ထွက်လာတဲ့ ရေနံတွေကို စုဆောင်းပြီး ရောင်းချရာကနေ ငွေကြေးအတော်များများကို လူတချို့ ရရှိလိုက်တယ်ဆိုတဲ့ သတင်းတွေကြောင့် ဒေသခံတွေက ပျော်ရွှင်နေကြပြီး ရေနံမြေဖြစ်သွားတဲ့ ပဲခင်းဆီ ရေနံတွေခပ်ဖို့အတွက် လူတွေ ရာနဲ့ချီပြီး အပြေးအလွှား သွားရောက်နေကြပါတယ်။

ဆရာတော်ဦးတိသာစာရလည်း ရေနံခင်းဆီ ဦးတည်သွားနေရင်း ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီးနဲ့အတူ ရုတ်တရက် နောက်ပြန်လဲကျသွားခဲ့ရပါတယ်။

“ဝုန်းဆိုပြီး မီးခိုးလုံးကြီးတက်လာတယ်။ မီးလောင်ပြီး ခြေဦးတည့်ရာ ထွက်ပြေးနေကြတဲ့လူတွေလည်း နေရာအနှံ့ဘဲ” လို့ ၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာ ၂၄ ရက်နေ့ညပိုင်း ရေနံပိုက်လိုင်းပေါက်ထွက်မှုကနေ ဖြစ်ပေါ်ခဲ့တဲ့ မီးလောင်ပေါက်ကွဲမှုကြောင့် ရာနဲ့ချီတဲ့သူတွေ အရှင်လတ်လတ် မီးလောင်တိုက် အသွင်းခံခဲ့ရတဲ့မြင်ကွင်းကို ဆရာတော်က ပြန်ပြောင်းပြောပြပါတယ်။

မီးတောက်ကြီးဟာ ကောင်းကင်ယံတစ်ခုလုံးကို လင်းထိန်သွားစေခဲ့ပြီး ရေနံအိုင်ကြီးဟာလည်း ရုတ်တရက် မီးလောင်ပြင် ဖြစ်သွားခဲ့ရပါတယ်။

ရေနံတွေစိုရွှဲနေတဲ့ လူတွေဟာ အရှင်လတ်လတ် မီးလောင်ခံရတာကြောင့် ခြေဦးတည့်ရာကို ပြေးလွှားနေကြပါတော့တယ်။

“တကယ့်ကို ကမ္ဘာပျက်သလိုဘဲ”လို့ ဆရာတော်က မိန့်ပါတယ်။

ရေနံခပ်ဖို့အတွက် အပြေးအလွှား သွားရောက်ခဲ့သူတွေထဲမှာ အသက် ၅၄ နှစ်အရွယ် ဦးကျော်ဆွေလည်းတစ်ဦး အပါအဝင်ဖြစ်ပါတယ်။

ရေနံပိုက်ပေါက်တာဟာ အခြားရွာသားတွေလိုဘဲ သူ့အတွက်တော့ ဆင်းရဲတွင်းကလွတ်ဖို့အတွက် အခွင့်အရေး ကောင်းတစ်ခုအဖြစ် ဝမ်းသာအားရ ရှိနေခဲ့တာပါ။

အဲဒီမတိုင်ခင် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ရေနံပိုက်လိုင်းပေါက်ထွက်မှုကနေ ထွက်လာတဲ့ ရေနံတစ်ပီပါကို ကျပ် တစ်သိန်းနှစ်သောင်းလောက် ဈေးနဲ့ ၁၀ ပီပါလောက်အထိ ရသွားတဲ့သူတွေရှိတယ်ဆိုတဲ့သတင်းက သူ့ကို ဆွဲဆောင်နေခဲ့ပါတယ်။ အဲဒီဒေသမှာ အခုအချိန်အထိ တစ်ရက်ကို ကျပ် ၁,၀၀၀ လောက်ပဲရတဲ့ ရှားရှားပါးပါးအလုပ်တွေကို အလုအယက် လုပ်ကိုင်နေကြရတာ ဖြစ်ပါတယ်။

ဦးကျော်ဆွေဟာ အခြားရွာသားတွေလိုဘဲ ရေနံခပ်ပြီး ပြန်ရောင်းမယ်ဆိုတဲ့ စိတ်ကူးတွေနဲ့ ရေနံကွင်းပြင်ဆီကို ချီတက်သွားခဲ့ပေမဲ့ သူအနီးအနားအရောက်မှာ မီလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။

”လူသာ မီးလောင်ခံလိုက်ရတယ်။ ဘာမှမရလိုက်ဘူး” လို့ ဦးကျော်ဆွေက ပြောပါတယ်။

ရေနံတွေရွှဲစိုနေတဲ့ လူရာပေါင်းများစွာဟာ မီးလောင်မှုကို မိနစ်အတန်ကြာ ခံစားခဲ့ကြရပါတယ်။

နောက်တစ်နေ့ထုတ် အစိုးရသတင်းစာမှာတော့ မီးလောင်ခံရသူ ၁၂၁ ဦးရှိပြီး ၁၄ ဦး သေဆုံးခဲ့တယ်လို့ အစိုးရရဲ့ ထုတ်ပြန်ချက်ကို ဖော်ပြထားပါတယ်။

ဒေသခံတွေနဲ့ လုပ်အားပေးမီးသတ်သမားတွေအဆိုအရတော့ သေဆုံးသူအရေအတွက်ဟာ  အယောက် ၄၀၀ လောက်အထိရှိတယ်လို့ ခန့်မှန်းကြပါတယ်။

jtms_pipeline02.jpg

ရေနံတွေ အများအပြားထွက်ရှိတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက မကွေးတိုင်းဒေသကြီးမှာ ရေနံပိုက်လိုင်းတွေ အများအပြား သွယ်တန်းထားပြီး အများစုက ဟောင်းနွမ်းနေပြီ ဖြစ်ပါတယ်။ ဓာတ်ပုံ-သိ့မ်မွန်စိုး (J)

မီးလောင်တဲ့သူတွေကို ဆေးကုသဖို့အတွက် အနီးပတ်ဝန်းကျင်က မြစ်ခြေဆေးရုံတစ်ခုတည်းနဲ့ မလုံလောက်တာကြောင့် ကားနဲ့ တစ်နာရီခွဲလောက်သွားရတဲ့ ပခုက္ကူဆေးရုံကို တင်ပို့ ကုသဖို့အတွက် ပြင်ဆင်ခဲ့ရပါတယ်။

ဆေးရုံပို့ဖို့အတွက် မော်တော်ယာဉ်ကလည်း မလုံလောက်တာကြောင့် အသက်ရှင်ဖို့ အခွင့်အလမ်းရှိသူတွေကို ပထမဦးစားပေးအဖြစ် ကယ်တင်ဖို့ အကူအညီပေးတဲ့သူတွေက ဆုံးဖြတ်ခဲ့ကြရပါတယ်။

“လမ်းမှာသေသွားရင်တောင် ကားပေါ်မှာမငိုရဲဘူး။ အလောင်းကို ထားခဲ့မှာစိုးရိမ်လို့ ဆေးရုံရောက်မှ လူတွေငိုကြရတယ်”လို့ ဆရာတော်က မိန့်ပါတယ်။

ပခုက္ကူဆေးရုံကို ရောက်သွားတဲ့သူတွေထဲကလည်း အနည်းငယ်သာ အသက်ရှင်ခွင့်ရခဲ့တာကို သူမြင်တွေ့ခဲ့ရတယ်လို့ မီးလောင်မှုကြောင့် နှစ်လလောက် ဆေးရုံတက်ပြီးကုသမှု ခံယူခဲ့ရတဲ့ ဦးကျော်ဆွေကပြောပါတယ်။

သာကြီးတောင်ရေနံမြေနဲ့ အရာတော်ရေနံမြေကို သွယ်တန်းထားတဲ့ ရေနံပိုက်လိုင်းယိုစိမ့်မှုဟာ အဲဒီတစ်ကြိမ်ထဲတော့ မဟုတ်ပါဘူး။ အကြိမ်အတော်များများ ဖြစ်ပွားခဲ့ဖူးတာဖြစ်ပါတယ်။

အစိုးရသတင်းဌာနတွေအဆိုအရ ၂၀၁၀ ကနေ ၂၀၁၆ ခုနှစ်အတွင်း အနည်းဆုံး ရှစ်နေရာထက်မနည်း ပေါက်ထွက်ခဲ့ပါတယ်။

လူနေရပ်ကွက်တွေကို ဖြတ်သန်း သွယ်တန်းထားပြီး ဆယ်စုနှစ်နှစ်ခုကျော် သက်တမ်းရှိပြီဖြစ်တဲ့ ဒီရေနံပိုက်လိုင်းဟာ အကြိမ်ကြိမ်ပေါက်ပြီး ရေနံယိုစိမ့်မှုတွေ ဖြစ်လေ့ရှိတာကြောင့် ဒေသခံပြည်သူတွေ သတိမထားမိချိန်မှာ ဖြစ်ပွားပါက အန္တရာယ်များတယ်လို့ ဒေသခံတွေပြောစကားကို ကိုးကားပြီးအစိုးရသတင်းဌာနတွေက ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလအတွင်းမှာ ဝေဖန်ရေးသားခဲ့ပါသေးတယ်။

၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာက ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမီးလောင်မှုကတော့ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရေနံပိုက်လိုင်းပေါက်မှုတွေထဲမှာ လူသေဆုံးမှု အများဆုံးဖြစ်ခဲ့တဲ့ အဖြစ်အပျက် ဖြစ်ဖွယ်ရှိပါတယ်။

မြန်မာနိုင်ငံတစ်လွှား ဖြတ်သန်းသွယ်တန်းထားတဲ့ ရေနံပိုက်လိုင်းတွေ ပေါက်ကွဲတာ၊ စိမ့်ထွက်တာတွေဖြစ်လာရင် ရေနံတွေကို လူတွေအလုအယက် ခပ်ယူတာကနေ မီးလောင်ပေါက်ကွဲပြီး သေကျေမှုတွေ ထပ်မံဖြစ်လာမှာကို အရပ်ဖက်အဖွဲ့အစည်းတွေက စိုးရိမ်ကြပါတယ်။

မြန်မာနိုင်ငံက ရေနံပိုက်လိုင်းတွေကို လေ့လာစောင့်ကြည့်တဲ့ အရပ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ ဧရာဝတီမြစ် အနောက်ဖက်အခြမ်း ဒေသဖွံ့ဖြိုးရေးအဖွဲ့(Ayeyarwaddy West Decelopement Organization ) ရဲ့ အဖွဲ့  တာဝန်ခံဦးသန့်စင်ကတော့ အစိုးရနဲ့ ကုမ္ပဏီတွေဟာ ပိုက်လိုင်း ပေါက်ရင် ဘယ်လိုလုပ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး ရေနံပိုက်လိုင်းတလျှောက် နေထိုင်သူတွေကို အသိပညာပေးတာ နည်းပါးတယ်လို့ ဝေဖန်ပါတယ်။

“ရေနံနဲ့ လယ်သမား ဘာမှမဆိုင်ဘူးဆိုပြီး ထားလိုက်လို့ မရဘူး။ လူတွေက စားဝတ်နေရေးကြပ်တည်းတော့ ရေနံပိုက်ပေါက်ရင်ခပ်ပြီး ရောင်းဖို့ ကြိုးစားကြတယ်။ ရေနံဟာ ဘယ်လောက်အန္တရာယ်ကြီးတဲ့အကြောင်း လူတွေကို အသိပေးရမယ်” လို့ ဦးသန့်စင်က ပြောပါတယ်။

ဧရာဝတီမြစ် အနောက်ဖက်အအခြမ်းဒေသဖွံ့ဖြိုးရေးအဖွဲ့ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း)ကနေဖြတ်ပြီး တရုတ်နိုင်ငံအထိ သွယ်တန်းထားတဲ့ မြန်မာ-တရုတ်ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း အပါအဝင် မြန်မာနိုင်ငံက ရေနံပိုက်လိုင်းတွေနဲ့ပတ်သက်ပြီး လေ့လာနေတဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။

“လူတွေကို ရေနံတွေယူရင် အဖမ်းခံရမယ် ပြောတာလောက်နဲ့ မလုံလောက်ဘုး။ ဘယ်လောက် အန္တရာယ်ကြီးမှန်း ပြောပြမှ လူတွေကို တားလို့ရမယ်” လို့ ဦးသန့်စင်က ပြောပါတယ်။

myanmar_map_energy_infograph_0.jpg

မြန်မာ-တရုတ် ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း အပါအဝင် မြန်မာနိုင်ငံတဝှမ်း သွယ်တန်းထားတဲ့ ပိုက်လိုင်းတွေရဲ့ လုံခြုံမှုနဲ့ပတ်သတ်ပြီး လွှတ်တော်မှာလည်း မကြာခဏ မေးခွန်းထုတ်ခံခဲ့ရပါတယ်။

အစိုးရဘက်ကတော့ စံချိန်စံညွှန်းတွေအတိုင်း လုပ်ကိုင်တယ်ဆိုပြီး လုံခြုံရေးအတွက် အာမခံချက်ပေးတယ်ဆိုတဲ့ အဖြေတွေဘဲ မကြာခဏ ဖြေဆိုလေ့ရှိပါတယ်။

ဒါပေမယ့် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကတော့ ပိုက်လိုင်းပေါက်ထွက်ခဲ့ရင် ဘာလုပ်ရမယ်ဆိုတဲ့ အသိပညာပေးမှုတွေ လုပ်ဆောင်တာ နည်းပါးလွန်းတယ်လို့ ဝေဖန်ကြပါတယ်။

“လူတွေကို အသိပေးတယ်ဆိုပြီး ရုံးတွင်းစာထုတ်ရင်တော့ ထုတ်မှာပေါ့။ ဒါပေမယ့် လူထုကြားထဲမှ မရောက်တာ ဒါတွေက”လို့ မြန်မာ-တရုတ် ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီ (Myanmar China Pipeline Watch Committee- MCPWC) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲသိမ်းဦးကပြောပါတယ်။

မြန်မာ-တရုတ်ပိုက်လိုင်းက ရခိုင်ပြည်နယ် အန်းမြို့နယ်နဲ့ မကွေးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်တွေက ဖြတ်သန်းသွားတဲ့နေရာတွေမှာ အန္တရာယ် ရှိနိုင်တယ်လို့ ရခိုင်ပြည်နယ်၊ ပုဏ္ဍားကျွန်းမြို့နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်က အမျိုးသားလွှတ်တော်မှာ ၂၀၁၄ ခုနှစ်က မေးမြန်းခဲ့ပါသေးတယ်။

ဒါပေမယ့် စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ထူးကတော့ ဒါကိုငြင်းဆိုခဲ့ပြီး ပိုက်လိုင်းကို နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ ဝန်ကြီးဌာနက ပုံမှန်စစ်ဆေးနေတယ်လို့ ပြောပါတယ်။

“အရေးပေါ်နဲ့ သဘာဝဘေးအတွက် တုံ့ပြန်ဖို့ အဖွဲ့ ကျွန်တော်တို့မှာ ရှိပါတယ်။ ပေါက်ကွဲမှုတွေဖြစ်လာရင် ဘာလုပ်ရမလဲဆိုတာ ဒေသခံတွေကို နှစ်နှစ်တစ်ခါ သင်တန်းပေးဖို့လည်း ကျွန်တော်တို့မှာ အစီအစဉ်ရှိပါတယ်။ လိုအပ်ရင် နှစ်စဉ် သင်တန်းပေးမှာ ဖြစ်ပါတယ်” လို့ သူကပြောပါတယ်။

အစိုးရပိုင် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး အသိပညာပေးမှုတွေကို လုပ်ဆောင်နေပါတယ်။ ပိုက်လိုင်းတွေအနီး သစ်ပင်စိုက်ပျိုးတာ၊ အမှိုက်တွေ မီးရှို့တာတွေ မလုပ်ဖို့အပြင် ပိုက်လိုင်းကနေ ၁၅ မီတာ (ပေ ၅၀) အတွင်း အဆောက်အဦးတွေ ဆောက်လုပ်နေထိုင်တာ မလုပ်ဖို့ လက်ကမ်းစာစောင်တွေ ဖြန်ဝေပြီး အသိပညာပေးနေပါတယ်။

“လူအတော်များများမှာ ရေနံနဲ့သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနဲ့ပတ်သက်ပြီး အသိပညာနည်းပါးကြပါတယ်” လို့ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းက အထွေထွေမန်နေဂျာ ဦးလှဌေးဝင်းက ပြောပါတယ်။

“ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်တွေ ပေါက်နေတာတွေ့ရင် တာဝန်ရှိသူတွေဆီ အကြောင်းကြားသင့်တယ်။ ရေနံတွေကို ခပ်ယူတာတွေ ဘာတွေ မလုပ်သင့်ဘူး။ အဲဒါက အရမ်းကို အန္တရာယ်များတယ်” လို့ သူကပြောပါတယ်။

၁၉၉၀ ပြည့်နှစ်တွေက တည်ဆောက်ထားခဲ့တဲ့ ပိုက်လိုင်းတွေက ဟောင်းနွမ်းနေပြီဆိုတာကို ဦးလှဌေးဝင်းက လက်ခံပါတယ်။ ဒါပေမယ့် ဘဏ္ဍငွေမရရှိတာကြောင့် ပိုက်လိုင်းတွေကို အစားထိုး လဲလှယ်မှုတွေ မလုပ်နိုင်သေးဘူးလို့ သူကပြောပါတယ်။

ဒီပြဿနာက ရန်ကုန်မြို့စွန်က ရွှေပြည်သာမှာ အစိုးရိမ်ရဆုံးဖြစ်ပါတယ်။ အဲဒီဒေသမှာရှိတဲ့ စက်ရုံတွေဆီကို စွမ်းအင်ဖြည့်ဆည်းပေးနေတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေပေါ်မှာ ကျူးကျော်နေထိုင်နေတဲ့ အိမ်ပေါင်း ၁,၀၀၀ လောက်ရှိတယ်လို့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းက ခန့်မှန်းထားပါတယ်။

သဘာဝဓာတ်ငွေ့ပိုက်လိုင်းပေါ်မှာ ဖွင့်လှစ်ထားတဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တာကြောင့် လူအချို့ဒဏ်ရာရရှိသွားတဲ့ ဖြစ်စဉ်တစ်ခု ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ဖြစ်ပေါ်ခဲ့ပါသေးတယ်။

ဒါပေမယ့် ဒီကိစ္စဟာ မကြာမီမှာပဲ လူတွေကြားမှာ မေ့မေ့ပျောက်ပျောက် ဖြစ်သွားခဲ့ရပြန်ပါတယ်။

မြန်မာနိုင်ငံက ဟောင်းနွမ်းနေတဲ့ ရေနံပိုက်လိုင်းတွေဟာလည်း မကြာခဏ ပေါက်ထွက်ပြီး လူတွေကလည်း ထွက်လာတဲ့ ရေနံတွေကို အလွယ်တကူ ခပ်ထုတ်ပြီး ရောင်းချဖို့အတွက် ကြိုးစားနေကြဆဲဖြစ်ပါတယ်။

“ရေနံပိုက်ပေါက်တယ်ဆိုရင် ဝေးဝေးနေကြတာ အကောင်းဆုံးဘဲ”လို့ ရေနံပိုက်ပေါက်ပြီး မီးလောင်မှုကြောင့် မျက်စိတစ်ဖက် ဆုံးရှံးသွားပြီး မသန်စွမ်းဖြစ်သွားခဲ့ရတဲ့ ဦးကျော်ဆွေက သတိပေးလိုက်ပါတယ်။

ခေါင်းစီးဓာတ်ပုံ- မီးလောင်မှုကြောင့် နှစ်လလောက် ဆေးရုံတက်ပြီးကုသမှု ခံယူခဲ့ရတဲ့ ဦးကျော်ဆွေ။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.