ဖမ်းဆီးခံ သတင်းထောက်သုံးဦးကိစ္စတွင် ပေါ်ပေါက်နေသော မေးခွန်း ၅ ခု

ဉာဏ်လှိုင်လင်း ရေးသားသည်။

တိုက်ပွဲတွေဖြစ်ပွားလေ့ရှိတဲ့ တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) လှုပ်ရှားရာ နယ်မြေအတွင်း သတင်းယူပြီး ပြန်လာတဲ့ သတင်းထောက်သုံးဦးအပါအဝင် လူ ၇ ဦးကို တပ်မတော်က ဖမ်းဆီး ပြီး မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁)နဲ့ ဖမ်းဆီးထားတာ တစ်လနီးပါးရှိလာပါပြီ။

DVB သတင်းအေဂျင်စီက အကြီးတန်း သတင်းထောက်ဦးအေးနိုင်နဲ့ ဦးပြည့်ဘုန်းအောင်၊ ဧရာဝတီသတင်း အေဂျင်စီက သတင်းထောက် ဦးသိန်းဇော် (ခေါ်)ကိုလဝီတို့ဟာ TNLA နယ်မြေအတွင်း ဇွန် ၂၆ ရက်နေ့က ပြုလုပ်တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ သတင်းယူပြီးအပြန် ရှမ်းပြည်နယ်၊ အရှေ့မြောက်ဒေသရှိ နမ့်ဆန်-သီပေါကားလမ်းမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ဒီဖြစ်စဉ်မှာ ကွဲလွဲနေတဲ့ အချက်အလက်တွေရှိနေသလို အမှုစစ်ဆေး တရားစွဲဆိုတဲ့ လုပ်ငန်းစဉ်တစ်လျှောက် မေးခွန်းထုတ်စရာတွေရှိနေတယ်လို့ ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ သူတို့ဖက်က အမှုကိုလိုက်ပါဆောင်ရွက်မယ့် တရားလွှတ်တော်ရှေ့နေတွေက ပြောကြပါတယ်။

လားရှိုးမှာလို့ ဘာကြောင့်ပြောခဲ့သလဲ

ပထမဆုံးတွေ့ရှိရမှာက ဇွန် ၂၆ ရက်နေ့၊ ရက်စွဲနဲ့ သူတို့ကို ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်တဲ့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်နဲ့ မြေပြင်အခြေအနေကွဲလွဲမှုပါ။

ထုတ်ပြန်ချက်မှာ လားရှိုးမြို့နယ်ရဲစခန်းကို စနစ်တကျလွှဲပြောင်း အပ်နှံထားတယ်လို့ ဖော်ပြထားပေမယ့် သူတို့ လားရှိုးမှာ ရှိခဲ့တယ်ဆိုတာကို ဒီကနေ့အထိ ဘယ်အထောက်အထားကမှ သက်သေမပြနိုင်သေးပါဘူး။ Frontier ရဲ့ ဇွန် ၂၇ ရက်နေ့က မေးမြန်း စုံစမ်းမှုတစ်ခုအရဆိုရင်တော့ သူတို့တွေဟာ အဲဒီရက်အတွင်း လားရှိုးမှာ ရှိမနေပါဘူး။ 

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဖမ်းဆီးခံထားရသူတွေဟာ လမ်းခရီးတစ်နေရာမှာရှိတဲ့ အရာရှိရိပ်သာမှာ ကောင်းမွန်စွာရှိပါတယ်လို့ Frontier ကို ပြောခဲ့လို့ပါပဲ။ 

ဒီလိုနဲ့ ဇွန် ၂၈ ရက်နေ့၊ ညနေပိုင်းရောက်မှ သီပေါထောင်ပို့လိုက်ပြီလို့ သီပေါမြို့ နယ် ရဲတပ်ဖွဲဘက်က အတည်ပြု ပြောဆိုခဲ့တာပါ။

ဒါကြောင့် ထုတ်ပြန်ချက်မှာ လားရှိုးလို့ဆိုထားပေမယ့် ဘာအကြောင်းကြောင့် အဲဒီကို ရောက်မနေတာလဲ၊ သတင်းထုတ်ပြန်ပြီး နှစ်ရက်ကြာချိန်မှ သီပေါထောင်ကို ရောက်တာ ဘာကြောင့်လဲ၊ ဒါကို တပ်မတော်ဖက်ကရော ရဲတပ်ဖွဲ့ဖက်ကပါ ဒီကနေ့အထိ တိတိကျကျ ထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။

၂၄ နာရီကျော်ရတဲ့ အကြောင်းကဘာလဲ

ဒီအမှုကို တရားရုံးတစ်ရုံးရုံးထံက ချုပ်နှောင်မိန့် (ရမန်) ယူချိန်ဟာ ပုံမှန်ထက် ၂၄ နာရီနီးပါး နောက်ကျနေတယ်လို့ DVB သတင်းထောက်နှစ်ဦးဖက်ကနေ လိုက်ပါဆောင်ရွက်မယ့် တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်ဝင်း က ထောက်ပြပါတယ်။ 

“၂၆ ရက်မှာဖမ်းပြီးတော့ ၂၄ နာရီထက်ကျော်ချုပ်ပြီး ၂၈ ရက်၊ ညနေ ၄ နာရီကျမှ ရမန်(ချုပ်မိန့် ၁၄ ရက်) ယူတာ” လို့ သူကပြောပါတယ်။

ဧရာဝတီသတင်းဌာနရဲ့ အင်္ဂလိပ်ပိုင်း အယ်ဒီတာ ဦးကျော်စွာမိုးကလည်း “စပြီးတော့ အဖမ်းခံရကတည်းက ရဲတပ်ဖွဲ့နဲ့ တရားရုံးကို ဆက်သွယ်မှုတွေလုပ်ပေမယ့် စပြီးဖမ်းတဲ့အချိန်ကနေ ၄၈ နာရီလောက်ကြာမှ အမှုဖွင့်တာတွေ့ရပြီး ဘယ်မှာချုပ်ထားတယ်ဆိုတာလည်း သိရတယ်”လို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်ပြီး တပ်မတော်ဖက်က တစ်စုံတစ်ရာထုတ်ပြန်တာမျိုးမရှိတော့သလို သီပေါမြို့နယ်ရဲစခန်းထံက တုံ့ပြန်ချက်ရဖို့ Frontier ရဲ့ ကြိုးပမ်းမှုဟာလည်း မအောင်မြင်သေးပါဘူး။

ရမန်ကို ဘယ်သူပေးတာလဲ

ဖမ်းဆီးခံရသူတွေထဲမှာ နှစ်ဦးပါဝင်တဲ့ DVB သတင်းဌာနက မာလ်တီမီဒီယာ အယ်ဒီတာ ဦးခင်မောင်စိုးကတော့ ရမန် (ချုပ်မိန့်) ယူတဲ့ လုပ်ငန်းစဉ်မှာလည်း မရှင်းလင်းတာတွေရှိတယ်လို့ ဆိုတယ်။

“ရမန်ပေးတာတွေကို နမ့်ဆန်ရုံးကလုပ်တာလား၊ သီပေါတရားရုံးကပဲလုပ်တာလား၊ အဲဒါ အတော်လေးကို အသိခက်နေတယ်”လို့ သူက ပြောတယ်။

သတင်းထောက်တွေကို ဖမ်းဆီးတာဟာ နမ့်ဆန်မြို့နယ်ထဲမှာဖြစ်ပေမယ့် ရမန်ကို သီပေါမြို့နယ် တရားရုံးမှာယူတဲ့ ဖြစ်စဉ်အပေါ် နားမလည်နိုင်ဘူးလို့ ဦးခင်မောင်စိုးက ဆိုလိုတာပါ။ သူဆက်ပြီးပြောတာက “နမ့်ဆန် တရားရုံးကို ဆက်သွယ်တော့လည်း သူတို့ဘယ်လိုလုပ်တာပါဆိုတာကို ရှင်းပြတဲ့သူမရှိဘူးဖြစ်နေတယ်” တဲ့။

ရှေ့နေ ဦးမောင်မောင်ဝင်းကတော့ သူ့လုပ်သက်နှစ် ၄၀ အတွင်း အမှုဖြစ်ပွားရာနေရာက မြို့နယ်တရားသူကြီး ကိုယ်စား အခြားမြို့နယ်တရားသူကြီးတစ်ဦးက ချုပ်မိန့်ပေးတယ်ဆိုတာ ကြားတောင်မကြားခဲ့ဖူးဘူးလို့ ဆိုပါတယ်။

ပထမဆုံးရုံးထုတ်ချိန် ဇူလိုင် ၇ ရက်နေ့က သီပေါမြို့နယ် တရားသူကြီးဟာ သူ့ရဲ့ မိုဘိုင်းဖုန်းကိုကြည့်ပြီး နမ့်ဆန်မြို့နယ် တရားသူကြီးပို့ထားတယ် ဆိုတဲ့စာကို ဖတ်ပြကာ ရုံးချိန်းရက်သတ်မှတ်ပေးလိုက်တာလို့ ပြန်သိရတဲ့အကြောင်း ဦးမောင်မောင်ဝင်းက ပြောပါတယ်။ အဲဒီနေ့ဟာ မူလကြေညာထားတာထက် ငါးရက်စောပြီး ရုံး ထုတ်တာဖြစ်လို့ တရားရုံးမှာ သူတို့တွေရှိမနေခဲ့ပါဘူး။

“တစ်ကယ်ဆိုရင် နမ့်ဆန်တရားသူကြီးက သီပေါကိုလာပြီး တရားခံတွေကို ရမန်ပေး ဘာပေးဆိုရင် တော်သေး တယ်။ ဒါမျိုးကတော့ လုပ်လေ့လုပ်ထရှိပါတယ်”လို့ သူက ဆက်ရှင်းပြပါတယ်။

ဒါ့အပြင် အမှုမှာတပ်ထားတဲ့ ပြစ်မှုဆိုင်ရာ နံပါတ်စဉ်ဟာလည်း တစ်ခါမေးတစ်မျိုးဖြစ်နေတယ်လို့ ဦးမောင်မောင်ဝင်းက ပြောပါသေးတယ်။ နောက်ပြီး ဒုတိယအကြိမ်ရုံးထုတ်တဲ့ ဇူလိုင် ၁၈ ရက်ရောက်မှ တရားခံပြေးလေးဦး ရှိတယ်ဆိုပြီး အမှုတွဲအတွင်း ထပ်မံပါဝင်လာတဲ့ကိစ္စကိုလည်း သူနားမလည်နိုင်တဲ့အကြောင်း ဆက်ပြောပါ တယ်။

“ကျွန်တော်တောင် ဘယ်လိုရှင်းပြရမှန်း မသိတော့ပါဘူး”လို့ အငြိမ်းစားတိုင်းတရားသူကြီးလည်းဖြစ်တဲ့ ဦးမောင်မောင်ဝင်းက ဆိုပါတယ်။ အဲဒီ ဒုတိယအကြိမ်ရုံးထုတ်ရက်ဟာလည်း မူလကြေညာထားတာထက် လေးရက်စောခဲ့တာကြောင့် တရားရုံးမှာ သူတို့ရှိမနေပြန်ပါဘူး။

ဘာကြောင့် ရုံးထုတ်စောရတာလဲ

ဒါကြောင့် ဖမ်းဆီးခံထားရသူတွေရဲ့ သတင်းဌာနတာဝန်ရှိသူတွေနဲ့ အမှုလိုက် ရှေ့နေအပြင် မိသားစုဝင်တွေ တူညီစွာ သိလိုကြတဲ့ မေးခွန်းတစ်ခု ထွက်ပေါ်လာပါတယ်။ ကြိုတင်ကြေညာထားတဲ့ရက်မရောက်ခင် ဘာကြောင့် တရားရုံးထုတ်နေရသလဲဆိုတာပါ။

သတင်းထောက်သုံးယောက်ကို ပထမတစ်ကြိမ်ရုံးထုတ်မယ်လို့ ကြေညာတုန်းက ဇူလိုင် ၁၁ ရက်ဖြစ်ပေမယ့် ငါးရက်စောပြီး ဇူလိုင် ၇ ရက်မှာရုံးထုတ်ခဲ့သလို ဒုတိယအကြိမ် ရုံးထုတ်ရက်ကို ဇူလိုင် ၂၁ ရက်အဖြစ် မူလက သတ်မှတ်ပေမယ့် အဲဒီထက်ရှေ့ လေးရက်စောပြီး ရုံးထုတ်ခဲ့ပြန်ပါတယ်။

“မကြားဖူးဘူး။ မတွေ့ဖူးဘူး။ သဘာဝမကျဘူး။ စဉ်းစားလို့မရဘူး။ ဘာဖြစ်လို့စောပြီး ရုံးထုတ်နေတာလဲ။ ဘာကြောင့်လဲ ကျွန်တော် သိချင်တယ်”လို့ သာမန်ပြည်သူတစ်ဦးဖြစ်တဲ့ ဦးအေးသွင်ကပြောပါတယ်။

ဦးအေးသွင်ဟာ DVB သတင်းအေဂျင်စီက ကလေးနှစ်ယောက်ဖခင် အကြီးတန်း သတင်းထောက်ဦးအေးနိုင်နဲ့ ညီအစ်ကို တော်စပ်သူတစ်ဦးပါ။

ဧရာဝတီသတင်းဌာန အယ်ဒီတာ ဦးကျော်စွာမိုးကလည်း “မဖြစ်သင့်တာတွေပါ”လို့ မှတ်ချက်ပြုတယ်။ 

ဒါ့အပြင် ကြိုတင်အသိမပေးဘဲ ရုံးချိန်းရက်ကို နှစ်ကြိမ်တိုင် အပြောင်းအလဲလုပ်ခဲ့တဲ့အတွက် ဖမ်းဆီးခံထားရ သူတွေရဲ့ မိသားစုဝင်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေအတော်လေး အခက်အခဲတွေ့ခဲ့ရတယ်လို့ ဦးကျော်စွာမိုးက ထောက်ပြပါတယ်။ 

ဖမ်းဆီးခံထားရသူ ဦးအေးနိုင်ရဲ့ အစ်ကို ဦးအေးသွင်ကတော့ “ဘာမှမသိရဘူး။ အရမ်းစိုးရိမ်ပါတယ်။ ကျွန်တော် တို့မှာလည်း သွားရလာရတာ အခက်အခဲရှိပါတယ်။ အလုပ်အကိုင်အပျက်ခံပြီး သွားဖို့လာဖို့ စီစဉ်ရတာလေ”လို့ ဆိုပါတယ်။

ကြိုအသိမပေးတာ ဘာကြောင့်လဲ

DVB သတင်းဌာနရဲ့ မာလ်တီမီဒီယာ အယ်ဒီတာ ဦးခင်မောင်စိုးကတော့ ရုံးချိန်းရက် အပြောင်းအလဲရှိတယ်ဆိုတဲ့ သဘောကို နားလည်နိုင်ပေမယ့် ရန်ကုန်လိုနေရာမျိုးက လာရမယ့် ကာယကံရှင်တွေရဲ့ ထိခိုက်နစ်နာမှုတွေကို ထည့်သွင်းစဉ်းစားသင့်တဲ့အကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း ဖမ်းဆီးခံထားရသူတွေကို သီပေါထောင်မှာ သွားရောက်တွေ့ဆုံပြီးတဲ့နောက် ဘယ်သူကဖြင့် ဒီအမှုကို လိုက်ပါဆောင်ရွက်ပါမယ်ဆိုတဲ့အကြောင်း တရားရုံးကို အသိပေးပြီးဖြစ်တဲ့အတွက် အပြောင်းအလဲတစ်စုံတစ်ရာရှိတယ်ဆိုရင် သူတို့ရဲ့ရှေ့နေတွေထံ ဖုန်းနဲ့ဖြစ်စေ၊ အီးမေးလ်နဲ့ဖြစ်စေ အကြောင်းကြားသင့်တယ်လို့ ယုံကြည်ကြောင်း သူကဆက်ပြောပါတယ်။

“ဆက်သွယ်ပြီး အသိပေးလို့ရတာကို အသိမပေးဘူးဆိုတာက ကျွန်တော်တို့အပေါ် မညှာတာရာရောက်တယ်လို့ ခံစားရတယ်” လို့ ဦးခင်မောင်စိုးက ဆိုပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်ဝင်းကလည်း ဘာကြောင့် ရုံးချိန်းရက်ရွှေ့လိုက်သလဲဆိုတာကို သိရဖို့ သီပေါမြို့နယ် တရားသူကြီးထံ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းမကိုင်ဘူးလို့ ပြောပါတယ်။

ဧရာဝတီသတင်းဌာနက ဦးကျော်စွာမိုးကတော့ သူတို့သတင်းထောက် ကိုလဝီရဲ့ ရှေ့နေက စုံစမ်းချက်အရ ဇူလိုင် ၁၈ ရက်နေ့က ရုံးထုတ်ဟာ နမ့်ဆန်တရားရုံးကနေ သီပေါတရားရုံးကို ပြောင်းပြီး အမှုစစ်ဆေးမယ့်ကိစ္စအတွက်သာဖြစ်ပြီး  ကြားနာမှုပြုလုပ်တာမဟုတ်ဘူးလို့သိရတဲ့အကြောင်း ရှင်းပြပါတယ်။

ဦးမောင်မောင်ဝင်းကတော့ “ အကြောင်းပြချက်တွေနဲ့ ရက်တွေချိန်းလို့ကောင်းတယ်ဆိုပေမယ့် မကြန့်ကြာသင့်တဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ အကြောင်းမခိုင်လုံတဲ့ ရုံးချိန်းရက်ရွှေ့တာတွေတော့ မဖြစ်သင့်ဘူး”လို့ မှတ်ချက်ပြုပါတယ်

ဒါ့အပြင် အခုလိုရုံးချိန်းရက်တွေ အပြောင်းအလဲဖြစ်နေတဲ့အတွက် စွပ်စွဲခံရသူတွေရရှိသင့်တဲ့ အခွင့်အရေးအတွက် ကြိုးပမ်းပေးဖို့ ပြင်ဆင်ထားတဲ့ တရားရေးဆိုင်ရာလုပ်ငန်းစဉ်တွေ ဘာတစ်ခုမှ မစနိုင်သေးတာဟာလည်း မဖြစ်ထိုက်ဖူးလို့လည်း သူက ဆက်ပြောပါသေးတယ်။

“ကျွန်တော်တို့မှာ တရားသူကြီးနဲ့ ထိပ်တိုက်မတွေ့အောင် ရှောင်ရ၊ တပ်မတော်နဲ့ ထိပ်တိုက်မတွေ့အောင် ရှောင်ရ၊ တရားခံတွေ နစ်နာတာပေ့ါ”လို့ သူက ငြီးတွားပါတယ်။

ဦးမောင်မောင်ဝင်း ဆက်ပြောလိုက်တဲ့စကားကတော့“လူ့အခွင့်အရေးနဲ့ တရားဥပဒေကို လေးစားလိုက်နာပြီး ကိုင်တွယ် ကျင့်သုံးနေတဲ့ ရဲအပိုင်း၊ ရဲတပ်ဖွဲ့ကို ညွှန်ကြားနေတဲ့ တပ်မတော်။ ဒါကို ဆောင်ရွက်ပေးရတဲ့ တရားသူကြီးပေ့ါ။ သူတို့တွေကို တရားခံနဲ့ တရားခံ မိသားစုတွေအပေါ် စာနာထောက်ထားပါလို့ အသနားခံရုံကလွဲပြီး ဘာမှကိုမရှိတော့ပါဘူး” ဆိုတာပါပဲ။

သီပေါမြို့နယ်တရားရုံးကတော့ ဒီအမှုကို ဇူလိုင် ၂၈ ရက်မှာ စစ်ဆေးမယ်လို့ ထပ်မံ ချိန်းဆိုလိုက်ပြန်ပါပြီ။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.