ရန်ကုန်မြို့စွန်က အကြွေးနွံတွင်း သက်ဆင်းခြင်းများ

မကြာမီက ထုတ်ပြန်လိုက်သော အစီရင်ခံစာအရ ရန်ကုန်မြို့မှ ဆင်းရဲမွဲတေမှုသည် ယခင်က မျှော်မှန်းထားခဲ့သည်ထက် များစွာမြင့်မားနေရာ ဆင်ခြေဖုံးတွင် နေထိုင်ကြသူအများစုမှာ အခြေခံ စားဝတ်နေရေးနှင့် အရေးပေါ်အသုံးစရိတ်များအတွက်ပင် အတိုးကြီးပေး၍ ချေးယူသုံးစွဲနေကြရသည်။

ဆုမြတ်မွန်နှင့် အိုလီဗာ ဆလိုး ရေးသားသည်။

ရန်ကုန်မြို့တော် ရွှေပြည်သာမြို့နယ်၊ မိချောင်းအိုင်ကျေးရွာရှိ ဖုန်ထူထူ မြေလမ်းပေါ်၌ ဖြစ်သလို ဆောက်ထားသော သစ်သားအိမ်တစ်လုံး၏ အပြင်ဘက်တွင် အမျိုးသမီးကြီး တစ်ယောက် အကြော်ကြော်နေသည်။ လမ်းတစ်ဖက်တွင်မူ သူ့အိမ်နီးချင်းဖြစ်သူ ဝဝဖိုင့်ဖိုင့်လူကြီး တစ်ယောက်သည် ဝတ်ထားသော စွပ်ကျယ်ကို သူ့ဗိုက်ကြီးပေါ်သို့ လိပ်တင်ထားပြီး ပူပြင်းလှသော ရန်ကုန်နွေ၏အပူရှိန်ကို သက်သာစေရန် ယပ်ခတ်နေသည်။

ရှေ့တွင် အိမ်ဆိုင်ဖွင့်ထားသော တဲအိမ်များ တန်းစီနေသည့် လမ်းကလေးအဆုံး၌ အသက် ၂၂ နှစ်အရွယ် မစုသည် သူတို့ဇနီးမောင်နှံ နေထိုင်ရာတဲလေးဘေးတွင် ဝက်ကလေးတစ်သိုက်ကို ဝက်စာကျွေးနေသည်။ ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်တွင် နေထိုင်ခဲ့ရာမှ သူ့သားချင်းများနှင့် နီးနီးနားနား နေထိုင်နိုင်ရန် ရန်ကုန်တိုင်း ရွှေပြည်သာသို့ လွန်ခဲ့သော ၅ နှစ်က မစု ပြောင်းရွှေ့လာခဲ့သည်။ ဝက်ကလေးများ မွေးမြူရင်း ကန်စွန်းရွက် စိုက်ပျိုးခြင်းဖြင့် တစ်နေ့ ကျပ်သုံးလေးထောင် ရအောင် ကြိုးစားနေကြသည်။

ထိုငွေကြေးမှာ အိမ်အတွက် အရေးပါသည့် ရပေါက်ရလမ်း တစ်ခု ဖြစ်ပြီး အခြားသူများကဲ့သို့ အကြွေးနွံမနစ်အောင် ရှောင်ရှားနိုင်စေသည်။

“ကျွန်မတို့ ငွေမချေးချင်ဘူး။ ဘာလို့လဲဆိုတော့ အတိုးတွေက ကြီးလွန်းတော့ ပြန်မဆပ်နိုင်မှာစိုးတယ်။ ဒီတော့ ရတာလေးနဲ့ပဲ လောက်ငအောင် နေတယ်”  ဟု မစုက သူ့ဝက်ကလေးတွေကို အစာကျွေးရင်း Frontier ကို ပြောပြသည်။

ရန်ကုန်မြို့လယ်မှ မြောက်ဘက် ၁၅ မိုင်ခန့်တွင်ရှိသော ရွှေပြည်သာ၌ ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၃ သိန်းခွဲခန့်ရှိသည်။ စက်မှုဇုန် ၄ ခုရှိရာ ရွှေပြည်သာ၌ နေထိုင်သူအများစုမှာ အနယ်နယ် အရပ်ရပ်မှ ရန်ကုန်သို့ အလုပ်ရှာရန် ပြောင်းရွှေ့လာကြသူများဖြစ်သည်။

ရွှေပြည်သာမြို့နယ်သည် ရန်ကုန်တိုင်းဒေသကြီးရှိ အဆင်းရဲဆုံးမြို့နယ်များအနက် တစ်ခုအပါအဝင် ဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ကြီး၌ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ချိန်မှစ၍ မြို့တော်မှာ အလျင်အမြန် တိုးတက်နေသော်လည်း မြို့ဆင်ခြေဖုံးဒေသတို့မ၌ နေထိုင်ကြသူများမှာမူ အပြောင်းအလဲကို သိသိသာသာ မခံစားကြရသေးချေ။

ရွှေပြည်သာလူထုအများစုမှာ ကျပန်းလုပ်သားများဖြစ်ပြီး ရွှေပြည်သာစက်မှုဇုန်များတွင်လည်းကောင်း၊ ရန်ကုန်အနှံ့မှ ဆောက်လုပ်ရေးလုပ်ငန်းများတွင်လည်းကောင်း လုပ်ကိုင်နေကြသူများဖြစ်သည်။ ရန်ကုန်၏ တဟုန်ထိုး ဖွံ့ဖြိုးလာသည့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးက အလုပ်အကိုင် အများအပြားကို ဖန်တီးပေးနေသော်လည်း  အလုပ်ရှာရန် နယ်မှ ရန်ကုန်သို့ လှိမ့်ဝင်လာနေသော လူအများကို စေ့ငအောင် အလုပ်မပေးနိုင်ချေ။

အသက် ၅၅ နှစ်ရှိ ဦးမြင့်အောင်သည် အလုပ်ရှာရန် ၁၉၉၉ ခုနှစ်က ပဲခူးတိုင်းဒေသကြီးရှိ ရွာတစ်ရွာမှ ရွှေပြည်သာသို့ မိသားစုလိုက် ပြောင်းရွှေ့လာခဲ့သည်။ သူက အလုပ်မလုပ်နိုင်တော့သော်လည်း သူ့သား ၃ ယောက်စလုံး ဆောက်လုပ်ရေးလုပ်ငန်းတွင် နေ့စားလုပ်ကိုင်နေကြသည်။ သမီးတစ်ယောက်ကမူ စက်မှုဇုန်ထဲက အဖျော်ယမကာ ကုမ္ပဏီတစ်ခုတွင် လုပ်ကိုင်နေသည်။

“ဆောက်လုပ်ရေး လုပ်ငန်းခွင်က တခါတလေ အလုပ်မရှိဘူး။ ဒီတော့ စားစရာမရှိတဲ့အခါ မချေးချင်ဘဲ ချေးရ ငှားရပြန်တာပေါ့” ဟု ဦးမြင့်အောင်က ပြောသည်။

မြို့ပြဆင်းရဲမွဲတေမှု အခြေအနေ

မြန်မာနိုင်ငံ မြို့ကြီးပြကြီးများတွင် ဆင်းရဲမွဲတေမှုကို တွေ့နေရသော်လည်း ယင်း၏ပကတိ အခြေအနေမှန်ကို ကောင်းစွာ မသိရှိနိုင်ကြသေးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ Yangon City Development Committee YCDC နှင့်  Save the Children ခေါ် အင်န်ဂျီအိုအဖွဲ့တို့ ပူးပေါင်း၍ အောက်တိုဘာလက ထုတ်ပြန်လိုက်သောအစီရင်ခံစာအရ သိရသည်။

ကြွေးမြီနှင့် ရှင်သန်နေထိုင်ခြင်း Lives on Loan ဟု ခေါင်းစဉ်တပ်ထားသည့် ယင်းအစီရင်ခံစာသည် ရန်ကုန်မြို့၏ ဆင်းရဲမွဲတေမှု ပြဿနာကို လူအများ ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်လာအောင် ရည်ရွယ်၍ လေ့လာပြုစုခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ဘဏ်က ၂၀၁၆ ဇန်နဝါရီလတွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ မြို့ပြဆင်းရဲမွဲတေမှုသည် ၃၄ ရာခိုင်နှုန်းပင်ရှိသည်ဟု ဖော်ပြထားရာ မျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်နေသည်။

ဆင်းရဲချမ်းသာ ကွာဟမှုမှာလည်း မြို့ပြဒေသတွင် ကျေးရွာများထက် ၄၅ ရာခိုင်နှုန်း ပိုများသည်။ လူဆင်းရဲဟု သတ်မှတ်မှု (poverty line) မှာ ကမ္ဘာ့ဘဏ်၏ ကမ္ဘာလုံးဆိုင်ရာ စံချိန်စံညွှန်း World Bank Global Standard အရ လူတစ်ယောက် တစ်နေ့ ၁ ဒသမ ၉ ဒေါ်လာ (ကျပ် ၂,၆၀၀ ခန့် – လက်ရှိငွေလဲနှုန်း) အောက် လျော့နည်းလျှင် လူဆင်းရဲဟု သတ်မှတ်သည်။

Lives on Loan အစီရင်ခံစာ ပြုစုရန် ရန်ကုန်၏ အဆင်းရဲဆုံး ၃ မြို့နယ်ဖြစ်သော မြို့တော်မြောက်ဘက်မှ မြောက်ဥက္ကလာပ၊ ရွှေပြည်သာနှင့် အနောက်တောင်ဘက်မှ ဆိပ်ကြီးခနောင်တို မြို့နယ်များရှိ အိမ်ထောင်စု ၃၀၀ တွင် စစ်တမ်းကောက်ယူခဲ့သည်။ 

မဝေ(လယ်) ၄၉ နှစ်သည် ရွှေပြည်သာသို့ လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ပြောင်းရွှေ့ရောက်လာခဲ့သည်။ သူတို့မိသားစုမှာ လက်လှုပ်မှ ပါးစပ်လှုပ်ရသည့်ဘဝတွင် ကျင်လည်နေရသည့်တိုင် ယင်းဘဝမှာ ယခင်ကျေးရွာတွင် နေရသည့်ဘဝထက် ပိုကောင်းသေးသောဟူ၏။ ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

မဝေ(လယ်) ၄၉ နှစ်သည် ရွှေပြည်သာသို့ လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ပြောင်းရွှေ့ရောက်လာခဲ့သည်။ သူတို့မိသားစုမှာ လက်လှုပ်မှ ပါးစပ်လှုပ်ရသည့်ဘဝတွင် ကျင်လည်နေရသည့်တိုင် ယင်းဘဝမှာ ယခင်ကျေးရွာတွင် နေရသည့်ဘဝထက် ပိုကောင်းသေးသောဟူ၏။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

စစ်တမ်းကောက်ယူသော ထိုမိသားစုအများစုသည် တစ်နေ့ ကျပ် ၂,၀၀၀ အောက် နည်းသည့်ဝင်ငွေဖြင့် ဘဝကို ရှင်သန်နေထိုင်လျက်ရှိကြပြီး အတော်များများမှာ ထို့အောက်များစွာ လျော့နည်းသော ဝင်ငွေဖြင့် ကြိုးစားရပ်တည်နေကြရသည်။ တဖန် စစ်တမ်းယူခဲ့သည့် အိမ်ထောင်စု ၈၇ ရာခိုင်နှုန်း၌ မိသားစုဝင် တစ်ဦး၏ နေ့စဉ် အစားအစာအတွက် သုံးနိုင်သောငွေမှာ ၇၅၀ ကျပ်ထက် မပိုပေ။ အချို့မှာ ငွေမရှိ၍ တစ်နေ့တစ်နပ်ဖြင့် နပ်ကျော်စားနေကြရသူများပင် ရှိသည်။ အချို့အိမ်များတွင် လူတစ်ဦး တစ်နပ် ထမင်းနှစ်ပန်းကန်ဖြင့်သာ ကျေနပ်နေကြရသည်။

“အခုစစ်တမ်းက တကယ့်အခြေခံ လူတန်းစားတွေထဲက အဆင်းရဲဆုံး အိမ်ထောင်စုတွေကို ကောက်ယူတာပါ၊ ဒါနဲ့တောင် အချက်အလက်တွေက အတော်ထိတ်လန့်ဖို့ ကောင်းပါတယ်” ဟု အစီရင်ခံစာက ဖော်ပြသည်။

အိမ်ငှားခနှင့် စားစရိတ်ကဲ့သို့သော အခြေခံလိုအပ်ချက်များ၏ ကုန်ကျစရိတ်က မြင့်တက်လာနေရာ ပြဿနာက ပိုပြီးနက်ရှိုင်းလာရသည်။

ကြွေးသံသရာ

ဆိုက်ကားဆရာများ၊ လမ်းဘေးဈေးသည်များ အပါအဝင် ကျပန်းလုပ်သူများ၏ အရနည်းပြီး ပုံမှန်မရသည့်ဝင်ငွေက အိမ်ထောင်စုအများအပြားမှာ အတိုးကြီးနှင့် တရားမဝင် ငွေချေးစားသူများထံမှ ချေးကြရသည်။ ယင်းသို့သော ချေးငွေတို့၏ အတိုးကို တစ်လလျှင် ၂၀ မှ ၃၀ ရာခိုင်နှုန်းအထိ ပေးကြရသည်။

လူတွေ့မေးမြန်းခဲ့သော  အိမ်ထောင်စုများ၏ ၈၅ ရာခိုင်နှုန်းသည် အနည်းဆုံး တကြိမ်တခါတော့ ငွေချေးခဲ့ကြရဖူးကြောင်း တွေ့ရသည်။ အတော်များများမှာ ရှိရာပစ္စည်းကို အပေါင်ဆိုင် သွားပေါင်ခြင်း၊ ကုန်စုံဆိုင်မှ အကြွေးယူ စားသောက်ခြင်းတို့ဖြင့် အရေးပေါ် ဖြေရှင်းကြရသည်။ ပေါင်နှံချေးငှားရခြင်း၏ ၅၀ ရာခိုင်နှှုန်းမှာ အစားအသောက် အပါအဝင် အခြေခံလိုအပ်ချက်များအတွက်ဖြစ်ကြောင်း တွေ့ရသည်။

သို့ရာတွင် ချေးငွေ ၂၅ ရာခိုင်နှုန်းမှာမူ ကျန်းမာရေးကိစ္စအတွက် ချေးငှားကြရခြင်းဖြစ်ရာ ယင်းအချက်က မိသားစုအများစု၌ အရေးပေါ်ကိစ္စအတွက် စုဆောင်းငွေ လုံးဝမရှိကြကြောင်း ဖော်ပြနေတော့သည်။

အသက် ၆၆ နှစ်အရွယ် ဒေါ်ခင်မြတ်တစ်ယောက် သူ့ယောက်ျား ဆုံးပါးသွားပြီးနောက်ပိုင်း ကြွေးသံသရာတွင်း သက်ဆင်းသွားခဲ့ရသည်။ သူ့ခင်ပွန်းရှိတုန်းက လင်မယားနှစ်ယောက် ဘုရားပန်းနှင့် ငါးတို့ကို အကြွေးယူပြီး စက်မှုဇုန်ထဲ လျှောက်ရောင်းကြသည်။ သူ့ယောက်ျားဆုံးပြီး ကလေးတစ်ယောက်က ဖျားပါလေရော၊ ဤတွင် သူကြွေးယူရောင်းနေရသော ပန်းဖိုးနဲ့ ငါးဖိုးများကို အချိန်မီ ပြန်မဆပ်နိုင်တော့ပေ။ ထိုအခါ ပြန်ရောင်းရမည့် ပစ္စည်းများဝယ်ရန် ဘယ်လိုမှ ချေးငှားဖို့ မတတ်သာတော့ချေ။

သို့ဖြင့် ဒေါ်ခင်မြတ်ခမျာ သူ့သမီး လုပ်စာကိုသာ မှီခိုစားသောက်ရတော့သည်။ သမီးက အချိုရည်စက်ရုံတွင် တစ်လ ကျပ် ၁၂၀,၀၀၀ ဖြင့် အလုပ်လုပ်နေသည်။ သူ့သားက ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် ရံဖန်ရံခါ အလုပ်ရသော်လည်း သူတို့ ချေးယူထားသော ကြွေးများကိုမူ အကျေအလည် ပြန်မဆပ်နိုင်သေးချေ။

“အကြွေးက ကျေအောင် ပြန်မဆပ်နိုင်သေးတော့ ကြွေးရှင်ရဲ့ အအော်ခံရမှာ အမြဲကြောက်နေရတယ်” ဟု ဒေါ်ခင်မြတ်က ပြောသည်။

ဒေါ်ခင်မြတ်နည်းတူ ကြွေးသံသရာတွင် တဝဲလည်လည်ဖြင့် ရုန်းမထွက်နိုင်သူများ ထောင်ပေါင်းများစွာ ရှိနေသည်။ ယင်းမှာ အကြွေးနှင့်နေရသူများ၏ မျက်နှာငယ်ဘဝဖြစ်သည်။ သူတို့ဘဝကို မည်သူ့ကိုမျှလည်း ဖွင့်ဟမပြောချင်။ မြို့ပြနေ ဆင်းရဲသားတို့၏ အသိုင်းအဝိုင်းထဲမှာပင် မပြောချင်မိပေ။  

Frontier နှင့် တွေ့ဆုံမေးမြန်းမှု ပြီးဆုံးသွားသောအခါ ဒေါ်ခင်မြတ်က တိုးတိတ်ငြင်သာစွာ ပြောလိုက်သည်။

“ကျွန်မဆီကို တကူးတကလာပြီး ကျွန်မဘဝအကြောင်း နားထောင်ပေးတာ ကျေးဇူးတင်ပါတယ်၊ ဒီအကြောင်းတွေကို ကျွန်မအိမ်က လူတွေကိုတောင် ပြောပြလို့ ဖြစ်တာမဟုတ်ဘူး”

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.