ဆေးဝါးတုများ တိုက်ဖျက်ခြင်း

မြန်မာနိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်သော ဆေးဝါးတုများမှာ ပြည်သူ့ကျန်းမာရေးစနစ်အတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်သကဲ့သို့ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအတွက်လည်း အဟန့်အတား ဖြစ်သည့်အပြင် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၇၅ ဘီလျံဖိုးရှိ ကမ္ဘာ့ကုန်သွယ်ရေး၏ တစ်စိတ်တစ်ဒေသလည်း ဖြစ်နေသည်။

အိုလီဗာ ဆလိုး ရေးသားသည်။

လွန်ခဲ့သော လအနည်းငယ်ခန့်က အစာစားတိုင်း ဗိုက်ထဲ၌ ပူစပ်ပူလောင် ခံစားလာရသည့်အခါ ဒေါ်သောင်းတင်သည် အနီးနားရှိ ဆေးပေးခန်းတစ်ခုတွင် ကုသမှု ခံယူခဲ့သည်။ ဗိုက်အောင့်ရသည့် အကြောင်းရင်းကို ဆရာဝန်က ရှင်းမပြသော်လည်း ဆေးညွှန်းပေးထားသော သောက်ဆေးမှာ သူ့ကို ရက်သတ္တနှစ်ပတ်အတွင်း သက်သာစေလိမ့်မည်ဟု ပြောသည်။

တစ်လကြာပြီးနောက် ဗိုက်အောင့်မပျောက်သေး၍ ဒေါ်သောင်းတင်သည် ထိုဆရာဝန်ထံ ပြန်သွားခဲ့ရာ ထိရောက်မှုမရှိသော အခြားဆေးတစ်မျိုး သောက်သုံးရန်သာ ထပ်မံဆေးညွှန်းပေးလိုက်ပြန်သည်။

စိတ်ထဲမချင့်မရဲဖြစ်လာသော ဒေါ်သောင်းတင်သည် တိုင်းရင်းဆေးဘက်လှည့်ပြီး ပြောင်းသောက်ခဲ့ရာ ယင်းဆေးတို့မှာ ဆရာဝန်ညွှန်းသည့် ဆေးဝါးများထက် ပိုမိုထိရောက်သည်ဟု သူက ဆိုသည်။

တိတိပပ မသိရှိသော်လည်း ဆေးညွှန်းအရ သူဝယ်သောက်သည့် ဆေးဝါးများမှာ အတုများဖြစ်နေလိမ့်မည်ဟု ယုံကြည်မိကြောင်း ဒေါ်သောင်းတင်က Frontier ကို ပြောသည်။

သူ့ယူဆချက် မှန်ကန်ရန် အခွင့်အလမ်းတစ်ရပ် ရှိနေပေသည်။

ဆေးဝါးတုများမှာ မြန်မာနိုင်ငံတွင်သာမက တကမ္ဘာလုံးအတိုင်းအတာဖြင့် ကြုံတွေ့နေရသည့် အဓိက ပြဿနာရပ်တစ်ခုဖြစ်သည်။ ကမ္ဘာ့ဆေးဝါးများ၏ “သိသာထင်ရှားသော အချိုး” တစ်ရပ်မှာ ဆေးဝါးတုများဖြစ်ပြီး ယင်းဆေးဝါးတုလုပ်ငန်းမှာ ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၇၅ ဘီလျံဖိုးမျှ ရှိမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းထားသည်။ ဆေးဝါးတုများမှာ ကမ္ဘာ့ဆေးဝါး ထုတ်လုပ်မှု၏ ၁၀ မှ ၁၅ ရာခိုင်နှုန်းအထိ ပါဝင်နိုင်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ၂၅ ရာခိုင်နှုန်းကျော် ရှိမည်ဟု ၂၀၀၄ ခုနှစ် လေ့လာမှုတစ်ရပ်တွင် ခန့်မှန်းထားသည်။

“ဆေးဝါးတုတွေက အများပြည်သူ ကျန်းမာရေးအတွက် အန္တရာယ်တစ်ရပ်ပါ” ဟု ဂျီနီဗာအခြေစိုက် ဆေးဝါးထုတ်လုပ်သူများနှင့် အစည်းအရုံးများဆိုင်ရာ နိုင်ငံတကာ ဖက်ဒရေးရှင်း Geneva-based International Federation of Pharmaceutical Manufacturers and Associations IFPMA မှ နည်းဥပဒေပိုင်းနှင့် ကျန်းမာရေးမူဝါဒဆိုင်ရာ မန်နေဂျာ မစ္စ စင်တီယာ ဂျီနိုလက် Ms Cyntia Genolet က ပြောသည်။

“ဆေးဝါးတုတွေဟာ ဆေးဝါးကွပ်ကဲမှု အာဏာပိုင်တွေကို ပါးပါးနပ်နပ် ရှောင်တိမ်းပြီး အတုမဟုတ်သလို ဆောင်ရွက်ထားတာမို့ လူတွေကို အန္တရာယ်ဖြစ်အောင် လုပ်နေသလို စစ်မှန်တဲ့ ဆေးဝါးကုသမှုတွေကို ခုခံမှု ဖြစ်စေတဲ့အပြင် ကျန်းမာရေးစနစ်အပေါ် ပြည်သူတွေရဲ့ယုံကြည်မှုကိုလည်း ယုတ်လျော့စေပါတယ်” ဟု ဖုန်းမှတစ်ဆင့် သူက Frontier ကို ပြောသည်။

ဆေးဝါးတုများမှာ “ကမ္ဘာ့ပြဿနာရပ်” တစ်ခုဖြစ်ပြီး ဥပဒေပိုင်းအရ အားနည်းလေ့ရှိသော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အဓိကပြဿနာရပ် တစ်ခုဖြစ်သည်ဟု အမေရိကန်အခြေစိုက် ဆေးဝါးလက်ကားရောင်းချသူများဆိုင်ရာ နိုင်ငံတကာ ဖက်ဒရေးရှင်း International Federation of Pharmaceutical Wholesalers IFPW ၏ အဖွဲ့ဝင်များ ထိတွေ့ဆက်ဆံမှုဆိုင်ရာ ဒုဥက္ကဋ္ဌ မစ္စတာ ဂျော့ ဘရေး Mr George Bray က ဆိုသည်။

“ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ တနေ့တခြား ကြီးထွားလာတဲ့ ပြဿနာက ဈေးကွက်တစ်ခုအဖြစ် အသုံးချခံနေရတဲ့ အင်တာနက်ပါ။ အင်တာနက်ကို ဥပဒေကြောင်းအရ စည်းကြပ်လေ့မရှိသလို ထိန်းချုပ်ဖို့လည်း ခဲယဉ်းတာကြောင့် ဆေးဝါးတုတွေရောင်းချဖို့ ပိုမိုလွယ်ကူစေပါတယ်” ဟု Frontier ကို ဖုန်းမှတဆင့် မစ္စတာ ဘေးက ဖြေကြားခဲ့သည်။

Frontier က ဆက်သွယ်မေးမြန်းခဲ့သည့် IFPMA နှင့် IFPW နှစ်ဖွဲ့စလုံးမှာ ဆေးဝါးတုများအကြောင်း ကမ္ဘာအနှံ့ သိမြင်နိုးကြားမှု တိုးများလာစေရန် ရည်ရွယ်သည့်အဖွဲ့ပေါင်း ၃၀ ကျော်ပါ မဟာမိတ်အဖွဲ့၏ အဖွဲ့ဝင်များ ဖြစ်ကြသည်။

‘ဒီမှာတော့ ပြဿနာ မဟုတ်’

ရန်ကုန်ဆေးဆိုင် ပိုင်ရှင်တစ်ဦးကမူ မြန်မာနိုင်ငံ၌ ဆေးဝါးတုများ ရရှိနိုင်မှုနှင့်စပ်လျဉ်းသည့် Frontier ၏ မေးခွန်းကို ငြင်းချက်ထုတ်လိုက်သည်။

“ဆေးဝါးတုက ဒီမှာ ပြဿနာတစ်ရပ်တော့ မဟုတ်ပါဘူး။ ဈေးကွက်ထဲမှာ ရှိနိုင်ပေမဲ့ ဒီမှာတော့ မရှိပါဘူး။ တကယ်တမ်းကျတော့ မြန်မာနိုင်ငံအတွက် ဒီဟာထက် ပိုကြီးတဲ့ ပြဿနာက အရက်နဲ့ ဆေးလိပ်ပါ၊ ဆေးဝါးတု မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

သူ့အဆိုကို လူတိုင်းသဘောမတူကြချေ။

ဓာတ်ပုံ - ဗစ်တိုးရီးယား မီလ်ကို

ဓာတ်ပုံ – ဗစ်တိုးရီးယား မီလ်ကို

ဆေးဝါးများ တရားမဝင် ကုန်သွယ်ခြင်းကို ဆန်းစစ်လေ့လာခဲ့ဖူးပြီး ထိုအခြေအနေနှင့်ပတ်သက်၍လည်း Frontier ကို ပြောကြားခဲ့သည့် ရန်ကုန်အခြေစိုက် နစ်နာမှု စီမံခန့်ခွဲရေးဆိုင်ရာ အကြံပေးတစ်ဦး၏ အဆိုအရ ယင်းပြဿနာရပ်မှာ “ဆိုးဆိုးရွားရွား ပျံ့နှံ့လျက်ရှိသည်” ဟူ၏။

“မြန်မာနိုင်ငံမှာ လုံခြုံမှုမရှိတဲ့ နယ်စပ်ဒေသတွေနဲ့ အဲဒီနေရာတွေကို ကြီးကြပ်ကွပ်ကဲနေတဲ့ လစာနည်းနည်းပဲရတဲ့ အာဏာပိုင်တွေ ရှိနေပါတယ်။ သူတို့ရဲ့ စစ်ဆေးရေးဂိတ်တွေကနေ အန္တရာယ် မဖြစ်နိုင်ဘူးလို့ ယူဆရတဲ့ ထုတ်ကုန်တွေ ဖြတ်လာရင် သူတို့က သိပ်ပြီးစိတ်ဝင်စားမှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

ဆေးဝါးတုအများစုမှာ အိန္ဒိယ၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ ထွက်ရှိပြီး မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ကုန်သွယ်လာခြင်းဖြစ်သည်၊ ဆေးဝါးတင်ပို့လာသူများက အရည်အသွေး၊ သို့မဟုတ် စွမ်းဆောင်မှုပိုင်း တွက်ချက်အကဲဖြတ်မှု အနည်းငယ်သော်လည်းကောင်း၊ သို့မဟုတ် လုံးဝဥဿုံ ပြုလုပ်ခြင်းသော်လည်းကောင်း မရှိချေ စသည်တို့ကို သွင်းကုန်လုပ်ငန်းရှင်များက ယေဘုယျအားဖြင့် သတိပြုမိကြကြောင်း ၎င်းက ပြောသည်။

“သွင်းကုန်လုပ်ငန်းရှင်အများစုက ဈေးနှုန်းနဲ့ အမြတ်အစွန်းကိုပဲ ဂရုစိုက်ကြတာပါ။ သူတို့က ဒီကိစ္စမှာ လူတွေကို ကူညီဖို့ မဟုတ်ပါဘူး” ဟုလည်း ထိုအကြံပေးပုဂ္ဂိုလ်က ဆိုသည်။ “သူတို့ကို ပုံမှန်မဟုတ်တဲ့ အချိုအချောင်ဈေးနှုန်းနဲ့ ကမ်းလှမ်းလာမယ်ဆိုရင် ဆေးဝါးအရင်းအမြစ်၊ ဒါမှမဟုတ် ဆေးဝါးတင်ပို့လာသူတွေက တရားဝင် မဝင် ဆိုတာကို စစ်ဆေးကြမှာ မဟုတ်ပါဘူး။ ဒီလိုမှမဟုတ်လည်း ဆေးဝါးတွေ ရရှိလာချိန်မှာ ရာနှုန်းပြည့် အရည်အသွေးပြည့်မီတဲ့ ဆေးဝါးတွေ ရောင်းချတာမျိုးဖြစ်အောင် စမ်းသပ်စစ်ဆေးမှာလည်း မဟုတ်ပါဘူး”

ယင်းအကြံပေးပုဂ္ဂိုလ်က မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် တင်သွင်းလာသည့် ဆေးဝါးများတွင် တရားဝင်ဆေးဝါးများ၊ စံချိန်စံညွှန်း မပြည့်သည့် ဆေးဝါးများနှင့် ဆေးဝါးတုများဟူ၍ အမျိုးအစား သုံးမျိုး ရှိနေသည်ကို ၎င်း၏လေ့လာဆန်းစစ်မှုတွင် တွေ့ရှိခဲ့ရသည်ဟုဆိုသည်။

“တရားဝင်ဆေးဝါးများ” မှာ ပါဝင်ပစ္စည်းများ၏ မှန်ကန်သော အချိုးအစားနှင့် ပမာဏအတိုင်း ဖော်စပ်ထားပြီး ဆေးအညွှန်းများပါဝင်သော မူရင်းဆေးဝါးများဖြစ်ပြီး ပါရာစီတမောမှသည် ကင်ဆာ၊ သို့မဟုတ် အသည်းရောဂါကုသရာတွင် အသုံးပြုသော ပဋိဇီဝဆေးဝါးများအထိ အမျိုးမျိုး ပါဝင်သည်။

တရားဝင်ဆေးဝါးများဆိုင်ရာ အဓိကပြဿနာရပ်မှာ ယင်းတို့ကို ဘေးကင်းလုံခြုံစွာ သယ်ယူပို့ဆောင်မှု မရှိခြင်းပင် ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

“အဆင့်မြင့်အထူးပြု ဆေးဝါးဖန်ဘူးတွေကို ရေခဲသေတ္တာထဲထည့်ပြီး ကုန်ကားတွေနဲ့ နယ်စပ်ကတဆင့် ရန်ကုန်ကို သယ်ကြတဲ့အတွက် ကုန်ပစ္စည်းတွေက အပူချိန်နဲ့ ဓာတ်ပေါင်းအပြောင်းအလဲတွေ ရက်အကြာကြီး ဖြစ်ရပါတယ်။ ခုလိုသယ်ဆောင်တာမျိုးက ဆေးဝါးအစစ်တွေရဲ့ အာနိသင်ထက်မြက်မှုကို လျော့ကျစေလို့ လူနာတွေအတွက် ကျန်းမာရေးအန္တရာယ် ဖြစ်ပေါ်စေပါတယ်” ဟု အကြံပေးပုဂ္ဂိုလ်က ဆိုသည်။

“စံချိန်စံညွှန်းမပြည့်မီသောဆေးဝါးများ”မှာ ရာနှုန်းပြည့် အစစ်မဟုတ်သကဲ့သို့ ဆေးဝါးတုများလည်း မဟုတ်ပေ။ ဥပမာအားဖြင့် ဆေးဝါးထုတ်လုပ်သူတစ်ဦးဦးက ဆေးဝါးတစ်မျိုးကို မူလအမှတ်တံဆိပ်နှင့် ထုပ်ပိုးပုံ တထေရာတည်းတူအောင် ရောင်းချပေးရန် ကမ်းလှမ်းဖွယ်ရှိသော်လည်း ဆေးအာနိသင်ရှိသည့် ပါဝင်ပစ္စည်းပမာဏလည်း မမှန်ကန်၊ သို့မဟုတ် အဆင့်နိမ့်သည့် ပါဝင်ပစ္စည်းများ အစားထိုးသုံးထားသော ဆေးဝါးမျိုးကိုသာ တင်ပို့သွားဖွယ် ရှိပေသည်။

“တချို့ဖြစ်ရပ်တွေမှာ တိုက်ရိုက်ဝယ်ယူသူတွေက သူတို့ဘာကို ဝယ်နေသလဲဆိုတာကို သိလေ့ရှိပေမဲ့ ကြားလူတွေက သူတို့အမြတ်အစွန်း ပိုရဖို့ကိုသာ ကြိုးစားတဲ့ အဆင့်များတဲ့ ရောင်းဝယ်ဖြန့်ဖြူးမှုကွင်းဆက်တွေ ရှိလာပြီဆိုရင် သူတို့အမှန်တကယ် ဝယ်ယူနေတဲ့ ဆေးဝါးက ၅၀ ရာခိုင်နှုန်းသာ ဆေးစွမ်းထက်တယ်ဆိုတာကို သတိပြုမိကြလေ့မရှိပါဘူး”

ဆေးဝါးတုများကို ပုံမှန်အားဖြင့် ထုတ်ကုန်အစစ်သဏ္ဍာန် ဖန်တီးထုပ်ပိုးထားလေ့ရှိသော်လည်း ဆေးအာနိသင်ရှိ ပါဝင်ပစ္စည်းများ ပါရှိမလာချေ။

“ဒီလိုဖြစ်ရပ်မျိုးမှာ ခင်ဗျား ဘာဝယ်နေသလဲဆိုတာကို မသိတော့ပါဘူး” ဟု ၎င်းက ဆိုသည်။

ငှက်ဖျားရောဂါ ကုသဆေး

ငှက်ဖျားရောဂါကုသရာတွင် ဆေးဝါးတုများ သုံးစွဲခြင်းမှာ ကမ္ဘာအနှံ့ ကြုံတွေ့နေရသော အဓိကပြဿနာဖြစ်ပြီး ယင်းရောဂါ ပျံ့ပွားနေသည့် မြန်မာကဲ့သို့သော နိုင်ငံများတွင် အထူးစိုးရိမ်ဖွယ်ကိစ္စ ဖြစ်သည်။ ၂၀၁၄ တွင် ငှက်ဖျားရောဂါဆိုင်ရာ ဂျာနယ်တစ်ခု၌ ဖော်ပြခဲ့သော စာတမ်းတစ်ခုပါအချက်များအရ ငှက်ဖျားရောဂါ ကာကွယ်ကုသနိုင်ခြေရှိသော်လည်း ဆေးဝါးတုများ အသုံးပြုမှုကြောင့် ပေါ်ပေါက်ရသည့် ကမ္ဘာအနှံ့ အသက်ဆုံးရှုံးမှုမှာ ၄၅၀,၀၀၀ ခန့် ရှိနေကြောင်း သိရသည်။ ငှက်ဖျားရောဂါကု ဆေးဝါးတုများကို “လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု” အဖြစ် ထိုစာတမ်းတွင် ဖော်ပြထားပြီး ယင်းအချက်ကို မကြာခဏဆိုသလို လျော့ပေါ့ယူဆခြင်း၊ သို့မဟုတ် လစ်လျူရှုခြင်း ခံရလေ့ရှိကြောင်းဆိုသည်။ 

ဓာတ်ပုံ - ဗစ်တိုးရီးယား မီလ်ကို

ဓာတ်ပုံ – ဗစ်တိုးရီးယား မီလ်ကို

ထို့ပြင် ဆေးဘက်ဝင်အပင်များ ပေါင်းစပ်သည့်ကုထုံး artemisinin-based combination therapy (ACT) မှာ ငှက်ဖျားရောဂါ တိုက်ဖျက်ရန် ထိရောက်သော်လည်း ကျေးလက်ဒေသနေ ဆင်းရဲသားအများစုအတွက် ဈေးကြီးလွန်းသည်ဟုလည်း ထိုစာတမ်းတွင် ဖော်ပြထားသည်။ ယင်းလူနာများသည် ဖော်ပြပါနည်းလမ်းကို မသုံးဘဲ ဆေးဝါးတုသော်လည်းကောင်း၊ သို့မဟုတ် စံချိန်မပြည့်မီသော ဆေးဝါးများကိုလည်းကောင်း ဝယ်ယူအသုံးပြုလေ့ရှိပေသည်။

“စံချိန်မမီတဲ့ ငှက်ဖျားဆေး၊ ဒါမှမဟုတ် ငှက်ဖျားဆေးတုတွေ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေပြီဆိုရင် အရေးပေါ် အခြေအနေတစ်ရပ်နဲ့ ပိုမိုကြုံတွေ့ရနိုင်သလို ငှက်ဖျားဆေးတွေကို ခံနိုင်ရည်ရှိတဲ့ ပိုးဗီဇတွေလည်း ပျံ့နှံ့လာနိုင်ပါတယ်” ဟု IFPMA ၏ ဆက်သွယ်ရေးမန်နေဂျာ မစ္စတာ မော်ဂိန်း ဒီပိုးလ် Mr Morgane De Pol က ပြောသည်။

“အရှေ့တောင်အာရှဒေသ မဟာမဲခေါင်ဒေသမှာ ငှက်ဖျားဆေးကို ခုခံနိုင်တဲ့ ရောဂါပိုးဗီဇ ပျံ့နှံ့မှုက တနေ့တခြား ကြီးထွားလာနေတဲ့ ကမ္ဘာ့ပြဿနာရပ်တစ်ခု ဖြစ်နေပါပြီ။ ဒီအခြေအနေက လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ ငှက်ဖျားရောဂါတိုက်ဖျက်ရေးအတွက် ကြိုးပမ်းခဲ့တဲ့ ဧရာမ တိုးတက်မှုကို ဆုတ်ယုတ်သွားစေတဲ့အထိ ခြိမ်းခြောက်နေပါပြီ။ ဒါက ငှက်ဖျားပိုးတွေ့တဲ့ လူတိုင်းကို ကုသဖို့၊ ကာကွယ်ဖို့၊ ပညာပေးဖို့ လိုအပ်သလို ဆေးဝါးတုတွေကို အမြစ်ပြတ်တိုက်ဖျက်ဖို့နဲ့ ဆေးဝါးသစ်တွေအတွက် ရင်းနှီးမြုပ်နှံဖို့ လိုအပ်မယ့် ခြိမ်းခြောက်မှုပါပဲ” ဟုလည်း ၎င်းက ဆိုသည်။

ရှေ့တိုးလှမ်းသည့် လမ်းကြောင်းလေလော

ဆေးဝါးတုများမှာ အစိုးရများနှင့် ဥပဒေကြီးကြပ်ရေး အာဏာပိုင်များက တိုက်ဖျက်ရန် ကြိုးပမ်းနေရသည့် ပြဿနာရပ် ဖြစ်ပြီး ယင်းအခြေအနေမှာ မြန်မာနိုင်ငံအတွက်လည်း အလားတူပင် ဖြစ်နေပေသည်။

Frontier က ဆက်သွယ်မေးမြန်းခဲ့သည့် ဆုံးရှုံးနိုင်မှု စီမံခန့်ခွဲရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၏ အဆိုအရ မြန်မာအစိုးရသည်လည်း “မဖြစ်မနေ ဆောင်ရွက်ရမည့် အခြေအနေ”တွင် ရှိနေပေသည်။ အကြီးအကျယ် တိုက်ဖျက်နှိမ်နင်းပါက မူးယစ်ဆေးဝါးကဲ့သို့ တရားမဝင် ကုန်ကူးခြင်းဆီသို့ ဦးတည်သွားနိုင်ခြေရှိပြီး လက်လီရောင်းချသူများအား စီးနင်းစစ်ဆေးမှု အသေးစားလေးများ ပြုလုပ်ခြင်းက သတင်းစာ၌ အနည်းအကျဉ်း ဖော်ပြခံရရုံုံမှအပ သက်ရောက်မှု အနည်းငယ်သာ ဖြစ်ပေါ်စေနိုင်၍ ဖြစ်ပေသည်။

“ဇောင်းပေးလုပ်ဆောင်ရမှာကတော့ သိသာထင်ရှားတဲ့ နယ်ပယ်တစ်ရပ်က ထောက်ကူခြင်းနဲ့ ပညာပေးခြင်းပါပဲ” ဟု ယင်းအကြံပေးပုဂ္ဂိုလ်က ဆိုသည်။ “ဆေးကောင်တာက အရောင်းသမား အများစုဟာ ဆေးဝါးနဲ့ပတ်သက်တဲ့ အသိပညာ၊ ဒါမှမဟုတ် ပညာရှင်ဆန်တဲ့ အတွေ့အကြုံ ဗဟုသုတရယ်လို့ မရှိပါဘူး။ ပြီးတော့ ဆေးဝါးတင်သွင်းသူ အများစုဟာလည်း အရည်အသွေး ခိုင်မာမှုနဲ့ပတ်သက်တဲ့ အတွေးအကြံရယ်လို့လည်း မရှိကြပါဘူး”

ဆေးဝါးပိုင်း ရာဇဝတ်မှုဆိုင်ရာ သဘောတူညီချက်မှာ ဆေးဝါးတု ပြုလုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းကို ရာဇဝတ်မှုမြောက်စေသည့် တစ်ခုတည်းသော နိုင်ငံတကာ လုပ်ထုံးလုပ်နည်းဖြစ်ပြီး ယင်းတွင် အရှေ့တောင်အာရှနိုင်ငံများ လက်မှတ်ရေးထိုးထားခြင်း မရှိသေးပေ။

“ဒီပြဿနာရပ်ကို ကိုင်တွယ်ဖြေရှင်းမယ့် အစိုးရတစ်ရပ်ရဲ့ ကြိုးပမ်းမှုအတွက် အရိပ်လက္ခဏာတစ်ရပ်က ဒါကို ကိုင်တွယ်ဖြေရှင်းဖို့ ခိုင်မာတဲ့ ဥပဒေဘောင်ကို ထားရှိအသုံးပြုခြင်းရှိ မရှိ ဆိုတာပဲ ဖြစ်ပါတယ်” ဟု မစ္စ ဂျီနိုလက် ဆိုသည်။

မည်သို့ဆိုစေ မြန်မာနိုင်ငံ၌ ယင်းပြဿနာကို ဖြေရှင်းမည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည်။

နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အမေရိကန်အေဂျင်စီနှင့် ဝါရှင်တန်အခြေစိုက် အကျိုးအမြတ်မယူသော US Pharmacopeial Convention အဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်သည့် ဆေးဝါးအရည်အသွေး မြှင့်တင်ရေး အစီအစဉ်သည် ဆေးဝါးတုများ စစ်ဆေးခြင်းဆိုင်ရာ ကျွမ်းကျင်အရည်အသွေးများ ပိုမိုကောင်းမွန်လာစေရန် ကူညီပေးလျက်ရှိသည်။ နေပြည်တော်ရှိ ပင်ပဓာတ်ခွဲခန်းကို မကြာသေးမီက ISO အသိအမှတ်ပြုအဆင့် သတ်မှတ်ခဲ့ပြီး ရန်ကုန်နှင့် မန္တလေးဓာတ်ခွဲခန်းများ၏ စွမ်းဆောင်မှုကို ပိုမိုကောင်းမွန်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ယင်းမှာ ရေရှည်ဖြေရှင်းသွားရမည့် ပြဿနာဖြစ်သော်လည်း ထိုကြိုးပမ်းဆောင်ရွက်မှု၏ အဓိကအစိတ်အပိုင်းမှာ အစိုးရများနှင့် အများပြည်သူအကြား သိမြင်နိုးကြားမှု မြှင့်တင်ခြင်းပင် ဖြစ်လာလိမ့်မည်ဟု ဆေးဝါးတုများ တိုက်ဖျက်ရန် ကြိုးပမ်းနေသူများက အလေးအနက် ပြောကြားသည်။

“ဒါက ကမ္ဘာအနှံ့အပြားမှာ လူအများစု သတိမထားမိသေးတဲ့ ကိစ္စရပ်ပါ” ဟု မစ္စ ဂျီနိုလက်က ဆိုသည်။ “ကျွန်မတို့လုပ်နေတဲ့ အလုပ်တွေနဲ့ ဆေးဝါးတုတွေကြောင့် ပေါ်ပေါက်နိုင်တဲ့ သက်ရောက်မှုတွေ အကြောင်းကို တတ်နိုင်သမျှ သိရှိလာစေဖို့ ကျွန်မတို့ ကြိုးပမ်းနေပါတယ်”

ဆေးဝါးကဏ္ဍ ဘေးအန္တရာယ်ကင်းရှင်းမှုအတွက် ဥပဒေကြောင်းဆိုင်ရာ ကြီးကြပ်သူဖြစ်သည့် မြန်မာ့အစားအစာနှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာနသို့ မှတ်ချက်တစ်စုံတစ်ရာ ရရှိနိုင်ရန် အကြိမ်များစွာ ကြိုးပမ်းဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်နိုင်ခဲ့ခြင်း မရှိပေ။

အောင်မင်း ဘာသာပြန်သည်။

ယခုသတင်းဆောင်းပါးအတွက် ဟိန်းကိုစိုးက ပါဝင်ရေးသားသည်။ ခေါင်းစီးဓာတ်ပုံ – သိမ့်မွန်စိုး(ခ) ဂျေ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.