မယုံနိုင်လောက်အောင် ကောင်းလွန်းသည့်  SCL Myanmar ၏ ရိုက်စားခွင်

ရင်းနှီးမြှုပ်နှံထားသော ငွေများအတွက် အကျိုးအမြတ် အများအပြားရမည်ဟူကာ မြန်မာနိုင်ငံ ကျေးလက်ဒေသတွင် ဖြစ်ပွားခဲ့သည့် လိမ်လည်မှုအစီအစဉ်(Ponzi Scheme)တစ်ခုတွင် လူထောင်ပေါင်းများစွာမှာ ၎င်းတို့ပိုင် ငွေသန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။

ဟိန်းကိုစိုး နှင့် သောမတ်စ် ကင်း(န်)ေရးသားသည်။

“404 error” ဟုဆိုကာ အချက်ပြမှုက တစ်စုံတစ်ခု မှားယွင်းနေပြီဆိုသည်ကို ပထမဆုံးပြသနေသော သင်္ကေတတစ်ခု ဖြစ်သည်။

SCL Myanmar တွင် သူရင်းနှီးမြှပ်နှံထားသော ငွေတန်ဖိုးကို ပြီးခဲ့သည့် ရက်သတ္တပတ်သုံးပတ်လောက်အထိ www.sclclub.com ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကာ ကိုခင်မောင် ပြန်စစ်ဆေးကြည့်၍ ရနေသေးသည်။ ယခုတော့ စစ်ကြည့်၍ မရတော့ပေ။ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာက သူဝယ်ထားခဲ့သော ကုမ္ပဏီ၏ရှယ်ယာတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၀၀ ကို သူပြန်ရပါတော့မလားဟု ပထမဆုးအကြိမ်အဖြစ် သံသယဝင်လာမိလေသည်။

SCL ကုမ္ပဏီသည် ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းဒေသရှိ သူ့ဇာတိပြည်မြို့တွင် မကြာသေးမီက စတင်ဖွင့်လှစ်လိုက်ပြီး ရင်းနှီးမြှုပ်နှံသူ၏ငွေကို သုံးလအတွင်း နှစ်ဆပြန်ရစေမည်ဟု ကတိပေးခဲ့ကြသည်ကုမ္ပဏီက လန်ဒန်မြို့တွင်အခြေစိုက်ပြီး ရွှေ၊ ရေနံနှင့် နိုင်ငံခြားငွေရောင်းဝယ်သောကုမ္ပဏီတစ်ခုဖြစ်ကြောင်း သူတို့ကိုပြောပြသည်။

ယင်းကုမ္ပဏီ၏ ရှယ်ယာ ဒေါ်လာ ၄,၀၀၀ ဖိုးဝယ်ထားသော မိတ်ဆွေတစ်ယောက်က ရင်းနှီးမြှုပ်နှံရန် သူ့ကို နားချခဲ့ခြင်း ဖြစ်သည်။ ပထမပိုင်းတွင်“အမြတ်ငွေ”ကို အပတ်စဉ်ရနေသေးသည်။ သို့သော် သိပ်မကြာလိုက်ပါ။ ငွေအဝင်ရပ်သွားလေသည်။

သူ့အား ရှယ်ယာရောင်းသည့်အမျိုးသမီးကြီး ဒေါ်နန်းတနွန်ထ့ ကိုခင်မောင်ဆက်သွယ်သည့်အခါတွင် ၎င်းမှာ SCL ၏ဝန်ထမ်း မဟုတ်ကြောင်းနှင့် ရောင်းပေးသောရှယ်ယာများအတွက်သာ ကော်မရှင်ရကြောင်း သိလိုက်ရသည်။ ထိုအမျိုးသမီးက သူကိုယ်တိုင်ပင် SCL ၏ လိမ်ညာမှုကို ခံလိုက်ရကြောင်း သူကိုပြောလေသည်။

SCL ကပေးသော အကျိုးအမြတ်မှာ ထူးထူးခြားခြားမြင့်မားနေပြီး အလိမ်အညာ ငွေကြေးအစီအစဉ်အဖြစ် လူပြောသူပြောများလှသည့် Ponzi Scheme ၏လက္ခဏာမျိုးဖြစ်နေသော်လည်း ငွေများနှင့်အတူ ကုမ္ပဏီပါ ပျောက်ချင်းမလှ ပျောက်သွားသောအခါ အထိတ်တလန့်ဖြစ်မိကြောင်းကိုခင်မောင်ကပြောသည်။

“ငွေနည်းနည်းလောက်ပဲ စရင်းဖို့နဲ့ SCL က အမှန်အကန်ဖြစ်မှသာ ပိုပြီးရင်းကြဖို့ ကျွန်တော့မိတ်ဆွေက အကြံပေးပါတယ်။ ဒါပေမယ့် ကျွန်တော် ပထမဆုံးဒေါ်လာ ၁,၀၀၀ ထည့်လိုက်ပါတယ်။ ငွေများများ ရနိုင်သလောက်ရချင်တာကိုး ” ဟု ကိုခင်မောင်က Frontier ကို ဇူလိုင်လအတွင်းက ပြောကြားသည်။

“ကျွန်တော်အလိမ်ခံရလိမ့်မယ်လို့ ဘယ်တုံးကမှမတွေးခဲ့မိဘူး” ဟုလည်း သူကပြောသည်။

ကိုခင်မောင်နှင့် သူ့မိတ်ဆွေ နှစ်ယောက်တည်းသာ မဟုတ်ပေ။ ပြည်မြို့ဘက်တွင် ရင်းနှီးမြှပ်နှံသူ ရာပေါင်းများစွာ အလိမ်ခံခဲ့ ရပြီး အထူးသဖြင့် ပတ်ဝန်းကျင်ရွာများမှ ဖြစ်ကြသည်။ ထိုကိစ္စနှင့်ပတ်သက်ပြီးအာဏာပိုင်တို့က တစ်စုံတစ်ရာ အရေးယူပေးစေရန် သူတု့ိကဆန္ဒရှိနေသည်။

“ငွေပြန်ရဖို့ (ကုမ္ပဏီက ကိုယ်စားလှယ်တွေကို) ကျွန်တော်တို့ ဆက်သွယ်ပါတယ်။ ကုမ္ပဏီကလည်း ဖျက်သိမ်းပြီးပြီ၊ ငွေပြန်ရဖို့ မဖြစ်နိုင်တော့ဘူးလို့ သူတို့ကပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက ဘယ်လို အရေးယူမယ်ဆိုတာကို ကျွန်တော်သိချင်ပါတယ် ”ဟု ကိုခင်မောင်ကပြောသည်။

အလိမ်ခံရသူ ထောင်ပေါင်းများစွာ၊ ဆုံးရှုံးမှု သန်းပေါင်းများစွာ

ပြည်ဒေသသည် SCL ၏ သားကောင်များ အများဆုံး ပေါ်ထွက်ခဲ့သည့် အဆိုးဆုံးဒေသတစ်ခုဖြစ်ခဲ့သော်လည်း နိုင်ငံ၏ အခြားဒေသများမှလည်း မကျေနပ်ချက်များ ပေါ်ထွက်ခဲ့သည်။ လူအမြောက်အများကို တွေ့ဆုံမေးမြန်းပြီး တစ်လကျော် သုတေသနပြုခဲ့သော Frontier ၏ စုံစမ်းထောက်လှမ်းမှုအရ အလိမ်ခံရသူထောင်ချီ (တစ်သောင်းခန့်) ရှိပြီး ဆုံးရှုံမှုမှာ ဒေါ်လာသန်းပေါင်းများစွာ ရှိနေသည်ကို တွေ့ရသည်။

SCL သည် မြို့အများအပြားတွင်“ခေါင်းဆောင်များ” (Leaders )ထားရှိပြီး ရှယ်ယာအရောင်းမြင့်တက်စေရန်အတွက် ကော်မရှင်စနစ်ကို အသုံးပြုသည်။ SCL၏ ထိပ်ဆုံးပိုင်းမှပုဂ္ဂိုလ်များက မည်သည့်အရပ်တွင်ရှိနေသည်ကို မသိရသော်လည်း သက်ဆိုင်ရာနေရာများတွင် ကုမ္ပဏီကိုယ်စားရှယ်ယာရောင်းချသူအချို့မှာ ပြစ်မှုဆိုင်ရာဥပဒေနှင့် တရားမကြောင်းအရ တရားစွဲခံထားရသည်။

အဖွဲ့ဝင်၂,၅၀၀ ရှိပြီး SCL Club ဟုခေါ်သော Facebook အုပ်စုတစ်ခုက လိမ်လည်မှုဖြစ်ပေါ်ခဲ့မှုနှင့် ပတ်သက်သည့်  ဝမ်းနည်းဖွယ် သက်သေအထောက်အထားတစ်ခု ဖြစ်သည်။ ရှမ်းပြည်နယ်၊ သိန်းနီမြို့တွင် “ရှယ်ယာများကို ဝယ်ယူထားသော်လည်း အမြတ်ငွေတစ်ပြားတစ်ချပ်မျှ မရသူအများအပြားရှိကြောင်း” ဖေ့စ်ဘုတ်သုံးသူတစ်ဦးဖြစ်သည့် ဖြိုမင်းကျော်ကျော်၏ပို့စ်တွင် ဖေါ်ပြထားသည်။ ရှမ်းပြည်နယ်မှ ကွတ်ခိုင်၊ ပဲခူးတိုင်းဒေသကြီးမှ ပန်းတောင်း၊ ကရင်ပြည်နယ်မှ မြဝတီနှင့် မွန်ပြည်နယ်မှပေါင်စသည့် ဒေသများမှလည်း အလားတူပို့စ်များကို တင်ထားရာ SCL ၏ လိမ်လည်မှုရိုက်စားခွင်က တစ်နံတလျား ပြန့်နှံခဲ့သည်မှာထင်ရှားလှသည်။

(မွန်ပြည်နယ်ရှိ မြို့လေးတစ်မြို့တွင် အိမ်ထောင်စုများ၏ ၁၀ ရာခိုင်နှုန်းက ဝင်ရောက်ရင်းနှီးမြှုပ်နှံခဲ့သည် SCL လိမ်လည်မှုကြောင့် ဂယက်ရိုက်ခတ်ပုံတို့ကို ဆက်လက် လေ့လာသုံးသပ်ဖော်ပြသွားမည်ဖြစ်သည်။)

typeof=

မွန်ပြည်နယ်တောင်ပိုင်းရှိ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင်လည်း သားကောင်များ အများအပြားရှိခဲ့သည်။

၎င်း၏ငွေများ လအနည်းငယ်အတွင်း နှစ်ဆတိုးပွားလာစေရမည်ဟုပြောကြား၍ ချဉ်းကပ်လာသော ဦးအောင်ဇော်ထက်ဆိုသူနှင့် တွေ့ဆုံခဲ့ပြီးနောက် မတ် ၁၀ ရက်တွင် ဒေါ်လာ ၁၁,၀၀၀ ကို ရင်းနှီးမြှုပ်နှံရန် ထည့်ဝင်ခဲ့ကြောင်း သံဖြူဇရပ်မှ မဇင်မာထွန်းက Frontier ကိုပြောသည်။ သို့သော်လည်း ဦးအောင်ဇော်ထက်အား ငွေပေးပြီးနောက်ပိုင်းတွင် ငွေလက်ခံဖြတ်ပိုင်းကို မရခဲ့ပေ။ ကိုခင်မောင်နှင့် အခြားရင်းနှီးမြှုပ်နှံသူများနည်းတူ ၎င်းတို့လည်း SCL ထံမှစာရွက်စာတမ်း အထောက်အထား မရရှိခဲ့ကြပေ။

ဦအောင်ဇော်ထက်ကို မေးကြည့်သောအခါ SCL မှာ ပျောက်ကွယ်သွားပြီဖြစ်ကြောင်းနှင့် ကုမ္ပဏီသစ်ဖြစ်သော I Smart Golden Myanmar တွင် ရင်းနှီးမြှပ်နံှမည်ဆိုပါက ၎င်းတို့၏ငွေကို ပြန်ရနိုင်ကြောင်း ၎င်းအား ပြောကြားသည်ဟုဆိုသည်။ ဇွန် ၂၈ ရက်နေ့တွင်မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်ရှိ I Smart ရုံးတွင် ကျပ် ၁၂၅၀၀၀ ကိုပေးခဲ့ကြောင်း ၎င်းကပြောသည်။ SCL မှာကဲ့သို့ပင် ငွေပေးပြီးချိန်မှစပြီး ရင်းနှီးမြှုပ်နှံငွေနှင့် ပတ်သက်၍ မည်သည့်သတင်းမျှ မကြားရတော့ပေ။

“SCL နဲ့ I Smart မှာ ငွေကြေးဆုံးရှုံးသွားတဲ့သူတွေ သံဖြူဇရပ်မှာ အရမ်းများတာပဲ။ အလိမ်ခံလိုက်ရပြီဆိုတဲ့လူအကြောင်းကို လူတိုင်းနီးပါး သိနေကြတယ်” ဟု မဇင်မာထွန်းက ပြောသည်။

မော်လမြိုင်ရှိ I Smart ၏ မူလရုံးနေရာမှာ ကမ္ဘောဇဘဏ်ခွဲဘေးရှိ ဈေးဆိုင်တစ်ဆိုင်တွင်ဖြစ်ပြီး တက္ကသိုလ် ကျောင်းနှင့်လည်း နီးသည်။ ရေးနှင့် သံဖြူဇရပ်မှ ရင်းနှီးမြှုပ်နှံသူများ လာရောက်ကြသည့်အတွက် ယခုနှစ်နှစ်ဦးပိုင်းက ၎င်းအဆောက်အအုံတွင် လူများပျားပန်းခတ်မျှ စည်ကားခဲ့ကြောင်း အနီးတွင်ကွမ်းယာဆိုင်ဖွင့်ထားသူ ကိုဗိုက်ပူကပြောသည်။

“ရွာလုံးကျွတ် မြို့တက်လာသလားတောင် အောက်မေ့ရတယ်။ ဒါပေမယ့် သူတု့ိအလိမ်ခံရတာ ကျွန်တော်တော့မအံ့သြပါဘူး။ ကုမ္ပဏီနဲ့ပတ်သက်ပြီး သံသယဖြစ်စရာရှိနေတယ်ဆိုတာကို လူတိုင်းသိနေကြတဲ့ဥစ္စာ။ မယုံနိုင်လောက်အောင် ကောင်းလွန်းနေတာကိုး” ဟု သူကပြောသည်။

typeof=

Frontier က ဆက်သွယ်မေးမြန်းသောအခါ သူကိုယ်တိုင်လည်း သားကောင်ဖြစ်ခဲ့ရသည်ဟု ဦအောင်ဇော်ထက်က ပုံဖေါ် ပြောကြားသည်။ SCL တွင် သူလည်း ဒေါ်လာ ၂၀,၀၀၀ ဆုံးရှုံးခဲ့ရသည်ဟု သူကပြောကြားသည်။

“ကျွန်တော်က SCL အဖွဲ့ဝင်တစ်ယောက်ဖြစ်ပေမယ့် ဘယ်သူ့ကိုမှ ကျွန်တော်မလိမ်ခဲ့ပါဘူး။ ကျွန်တော့်လိုပဲ SCL ရဲ့ လိမ်လည်တာကိုခံခဲ့ရတဲ့ သံဖြူဇရပ်ကလူတွေရဲ့ ငွေတွေပြန်ရဖို့ ကျွန်တော်ကြိုးစားခဲ့ပါတယ်” ဟု သူက ပြောသည်။

I Smart အကြောင်းနှင့် SCL ၏သားကောင်များကို ယင်းကုမ္ပဏီက လိမ်လည်ခဲ့သည့်ဆိုသည့်အကြောင်းကိုမေးသော အခါ ယင်းသတင်းကို Frontier အား မည်သူကပြောကြာခဲ့သည်ကို သိလိုသည်ဟု သူက ပြန်လည်မေးမြန်းခဲ့သည်။ သတင်းပေးသူ အမည်ကို ထုတ်ဖေါ်ရန် ကျွန်တော်တို့က ငြင်းဆိုသောအခါ စွပ်စွဲချက်များကို သတင်းအဖြစ် ဖေါ်ပြပါက “မြေမြိုလိမ့်မယ်နော်” ဟု ခြိမ်းခြောက်ပြီး ဖေါ်ပြခြင်းမပြုရန်သွေးဆောင်ခဲ့လေသည်။

ရိုက်စားခွင်၏ ဖြစ်စဉ်

SCL Club Facebook အုပ်စုတွင်ဖေါ်ပြသော ပို့စ်များကိုအခြေခံ၍ စဉ်စားမည်ဆိုပါက သူတို့ကို ကတိပေးထားသောငွေကြေး “ယူနစ်များ” ကို သူတို့ငွေစာရင်းများသို့ ပေးသွင်းခြင်းမရှိသည်ကို ဖေါက်သည်များက သတိထားမိသောအချိန်ဖြစ်သည့် ဖေဖေါ်ဝါရီလ နှောင်းပိုင်းလောက်က စတင်ပြီး သံသယဝင်လာကြပုံရလေသည်။ (ကုမ္ပဏီသည် ငွေသားနှင့် ယူနစ်များကို ရောနှောပေးချေပေးသည်။ ဘဏ်မှတစ်ဆင့် ငွေသားကိုလွှဲပေးပြီး တစ်ဒေါ်လာနှင့် ညီမျှသော  ယူနစ်များကို နောက်ပိုင်းတွင် ငွေသားဖြင့် ပြန်လည်ထုတ်ပေးသည်။) ဖေ့စ်ဘုတ်စာမျက်နှာမှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ကို ရောင်းချပေးနေသော ဖေ့စ်ဘုတ်အသုံးပြုသူဘိုမြင့်လွင်က အမှားအယွင်း တစ်စုံတစ်ရာမရှိကြောင်း အာမခံချက်ပေးခဲ့သည်။ SCL က ရိုက်စားလုပ်နေသည်ဟူသော စွပ်စွဲချက်များမှာ ၎င်း၏ လုပ်ငန်း “ပိုမိုနာမည်ရလာသည့်” အတွက်ကြောင့်သာဖြစ်ကြောင်း ဖေဖေါ်ဝါရီ ၂၂ ရက်နေ့က တင်သောသူ၏ ပို့စ်တစ်ခုတွင်ဖေါ်ပြထားသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ဖေ့စ်ဘုတ်အသုံးပြုသူတို့က စတင်မေးခွန်ထုတ်လာကြပြီး သတင်းများကို စိုးရိမ်ပူပန်စွာ စောင့်မျှော်နေကြသည်။ မတ် ၁၀ ရက်နေ့၊ သောြင်္ကာနေ့တွင် SCL Myanmar ၏ ရုံးခန်းပိတ်ခဲ့သည်။ မိမိတို့၏ ငွေများကို ထုတ်ယူလိုသူများသည် တနင်္လာနေ့တွင် ထုတ်ယူနိုင်ကြောင်းနှင့် လူကိုယ်တိုင်မထုတ်နိုင်ပါက SCL Myanmar က ဘဏ်မှတစ်ဆင့် ယင်းတို့ထံသို့ လွှဲပေးမည်ဖြစ်ကြောင်း အကြောင်းကြားစာကို ရုံးတံခါးတွင် တိတ်ဖြင့်ကပ်ထားခဲ့သည်။ 

စမ်းချောင်းမြို့နယ်ရှိ The Best International Network Company ၏ ရုံးခန်းဖွင့်လှစ်ခဲ့သည့် အခန်းရှေ့တွင် ချိတ်ဆွဲထားသော ဓာတ်မြေသြဇာနှင့် အလှကုန်ပစ္စည်းကြော်ငြာဆိုင်းဘုတ်များကို တွေ့ရစဉ်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

စမ်းချောင်းမြို့နယ်ရှိ The Best International Network Company ၏ ရုံးခန်းဖွင့်လှစ်ခဲ့သည့် အခန်းရှေ့တွင် ချိတ်ဆွဲထားသော ဓာတ်မြေသြဇာနှင့် အလှကုန်ပစ္စည်းကြော်ငြာဆိုင်းဘုတ်များကို တွေ့ရစဉ်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

သို့သော်လည်း လက်တွေ့တွင် ငွေရောက်မလာခဲ့ပေ။ မတ် ၁၅ ရက်နေ့တွင် အုပ်စုအဖွဲ့ဝင်တစ်ဦးဖြစ်သူ ပိုးဝေဖြိုးက ၎င်း SCL Myanmar ရုံးသို့ သွားရောက်ခဲ့ကြောင်းနှင့် ဆာဗာကို update လုပ်နေသည့်အတွက် ငွေလွှဲ၍မရခြင်းဖြစ်သည်ဟု ၎င်းအား ပြောကြားလိုက်ကြောင်း သတင်းပေးခဲ့သည်။ ထိုင်းနိုင်ငံဘက်ရှိ ရုံးမှ ငွေမလွှဲသေးသည့်အတွက် ရင်းနှီးမြှုပ်နှံသူတို့၏ ငွေများကိုထုတ်ယူ၍ မရသေးခြင်းဖြစ်ကြောင်းနှင့် လာမည့် သောြင်္ကာနေ့တွင် ရနိုင်ဖွယ်ရှိကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

နောက်တစ်နေ့တွင် အဆိုပါအဖွဲ့ဝင်ကပင် SCL Myanmar ၏ “ခေါင်းဆောင်နှင့် မန်နေဂျင်းဒါရိုက်တာ”တို့နှင့် အွန်လိုင်းမှ စကားပြောဆိုပြီး ရင်းနှီးမြှုပ်နှံထားသူများ၏ ငွေများပြန်ရမည်ဟုပြောနေသောပုံတို့ကို အွန်လိုင်းတွင် တင်ပေးခဲ့သည်။

သို့သော်လည်း သူတို့ အလိမ်ခံလိုက်ရပြီဖြစ်ကြောင်း ထိုအချိန်တွင် အားလုံးက သဘောပေါက် သိမြင်နေကြပြီဖြစ်သည်။ စောစောပိုင်းက သူတို့ငွေများ လုံခြုံစိတ်ချရကြောင်း ပြောကြားခဲ့သူ ဘိုမြင့်လွင် ကိုယ်တိုင်ပင်လျှင် လေသံပြောင်းလာခဲ့သည်။ SCL နှင့်ပူးပေါင်းဆောင်ရွက်ခဲ့သူအချို့သည် ယခုအခါ I Smart အဖြစ် ဆောင်ရွက်နေကြကြောင်း ဧပြီလစောစောပိုင်းတွင် သူက သတင်းပေးခဲ့သည်။

စိတ်ခံစားမှုကို အကောင်းဆုံး စုစည်းပုံပေါ်ပေးလိုက်သည့် ပို့စ်မှာ အတိုဆုံးပို့စ်ကလေးတစ်ခုဖြစ်သည်။ “ဒီလ ထီပေါက်မယ့်သူ” ဟူသောအမည်ဖြင့် ဖေ့စ်ဘုတ်အသုံးပြုသူတစ်ဦးက ဧပြီ ၂၈ ရက်နေ့တွင် တင်ထားသော ပို့စ်ဖြစ်သည်။ ဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြင့် ဖေါ်ပြသောစတေးတပ်မှာ သုံးလုံးမျှသာဖြစ်သည်။ ထိုပို့စ်မှာ “S.C.L” တဲ့။

အစိုးရက အရေးယူဆောင်ရွက်မှု မရှိသည့်အတွက် ဝန်ကြီးဒေါသထွက်

SCL ရိုက်စားခွင်ကြောင့် အစိုးရအာဏာပိုင်များအတွက် အငိုက်မိ၊ အကျပ်ရိုက်သည့် အခြေအနေကိုရောက်ရှိစေခဲ့ပြီး ဘဏ္ဍာရေးဆိုင်ရာ ပြစ်မှုများအား အလေးပေးဆောင်ရွက်မှု မရှိသည်ကို ပြသလျက်ရှိသည်။ SCL အကြောင်းသတင်းက အစိုးရအဖွဲ့အောက်ခြေအဆင့်တွင် လပေါင်းများစွာ ပျံ့နှံ့လျက်ရှိသော်လည်း ထိရောက်သော အရေးယူဆောင်ရွက်မှုမရှိခဲ့ပေ။ SCL သည် ရှယ်ယာများကို တရားမဝင်ရောင်းချနေသည်ဟု ယူဆရကြောင်း ဖေဖေါ်ဝါရီပထမပတ်မှစ၍ ပြည်ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက သူ့ဝန်ကြီးဌာနထ့ အကြောင်းကြားထားကြောင်း ပဲခူးတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက Frontier ကိုပြောသည်။ မတ် ၂၄ ရက်နေ့တွင် သူ့ဝန်ကြီးဌာနက ပြည်ထောင်စုအဆင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနထံ ယင်းကိစ္စကို အစီရင်ခံခဲ့သည်။ နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဗဟိုဘဏ်နှင့် ရှယ်ယာများနှင့် အာမခံစာချုပ်စာတမ်းများ ရောင်းချမှုကို ကြီးကြပ်ရသော မြန်မာနိုင်ငံ ငွေကြေးသက်သေခံလက်မှတ် ကြီးကြပ်ရေးကော်မရှင်(SECM)တို့ထံ ဆက်လက်အကြောင်းကြားရန်အတွက် နောက်ထပ်နှစ်လ ထပ်မံကြာမြင့်ခဲ့သည်။

အစိုးရက အရေးယူခြင်းမရှိသည့်အတွက် ဖြစ်ပေါ်လာသောအကျိုးဆက်များက ဆိုးရွားလှသည်။ SCL ရိုက် စားခွင်ကို ကြိုးကိုင်ချယ်လှယ်ခဲ့သူများအား စတင်လှုပ်ရှားချိန်ကတည်းက ဖမ်းဆီးနိုင်သည့်အခွင့်အလမ်းကို ဆုံးရှုံးခဲ့ရုံသာမက ထိုအကျိုးဆက်ကြောင့် ငွေကြေးဆုံးရှုံးရသူ အရေအတွက် ပိုမိုတိုးလာစေခဲ့သည်။

SCL ကိစ္စအား တင်ပြချိန်တွင် ယင်းကိစ္စနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးမှုမရှိသေးကြောင်း သိရသောအခါ (ပြည်ထောင်စု)ဝန်ကြီး ဦးကျော်ဝင်းမှာ “အပြင်းအထန်ဒေါသထွက်” ခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေး ကြီးကြပ်ရေးဌာန ယာယီညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးကပြောကြားသည်။  

စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာတွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနများ၊ ရဲတပ်ဖွဲ့ဌာနခွဲ အမျိုးမျိုးနှင့် မြန်မာနိုင်ငံ ငွေကြေးသက်သေခံလက်မှတ်ကြီးကြပ်ရေး ကော်မရှင် (SECM) တို့အကြား ပေါင်းစပ်ညှိနှိုင်းမှု အနည်းငယ်၊ သို့မဟုတ် လုံးဝမရှိသည့်အတွက် လုပ်ငန်းများ ထပ်နေကာ မလိုလားအပ်သော နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်စေခဲ့သည်။

စုံစမ်းစစ်ဆေးမှုများက လိမ်လည်မှုကို ဖြိုခွင်းနိုင်လောက်သည်အထိ လုံလောက်သော နယ်ပယ်အကျယ်အဝန်းနှင့် အရင်းအမြစ်လည်း မရှိခဲ့ပေ။ ဥပမာအားဖြင့် စုံစမ်းစစ်ဆေးသူများသည် အပြည်ပြည်ဆိုင်ရာရှုထောင့်များကို မျက်ကွယ်ပြုထားပြီး သုတေသနပြုရန်နှင့် အလိမ်ခံသားကောင်များကို ဖော်ထုတ်ရာတွင် လူမှုကွန်ရက်ကို အသုံးချနိုင်ခြင်း မရှိခဲ့ပေ။

အပ်ငွေများကို လက်ခံရာတွင်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံသူတို့အား အမြတ်ငွေပြန်လွှဲပေးရာတွင်လည်းကောင်း SCL က ပုံမှန်ဘဏ်လုပ်ငန်းစနစ်ကို အသုံးပြုသည့်အတွက် SCL တွင်အရေးပါသည့်ပုဂ္ဂိုလ်များနှင့် ချိတ်ဆက်ထားသော ငွေစာရင်းနံပတ်များကို စစ်ဆေးခြင်းအားဖြင့် မည်မျှလိမ်လည်ထားသည်ကို ခြေရာခံမိနိုင်မည်ဖြစ်သည်။ များသောအားဖြင့် ထိုသို့ ဆောင်ရွက်ခဲ့ပုံမပေါ်ပေ။ (ငွေလွှဲရာတွင် SCL က အသုံးများခဲ့သော ဘဏ်သုံးခုအား ထင်မြင်ချက်တောင်းခံရာတွင် စီဘီဘဏ်နှင့် ဧရာဘဏ်တို့က တုံ့ပြန်ဖြေကြားခြင်းမပြုဘဲ ကမ္ဘောဇဘဏ်ကမူ ဝေဖန်ချက်ပေးရန်ငြင်းဆန်ခဲ့သည်။)

ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၏ ညွှန်ကြားချက်အရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက သတင်းအချက်အလက်များကို စုစည်းပြီးနောက်တွင် မြန်မာနိုင်ငံငွေကြေးသက်သေခံလက်မှတ် ကြီးကြပ်ရေးကော်မရှင်(SECM) ထံမှ ခွင့်ပြုချက်မပါဘဲ ပြည်ခရိုင်တွင်ရှယ်ယာများရောင်းချမှုအတွက် SCL အား ဥပဒေကြောင်းအရ စတင်အရေးယူ ဆောင်ရွက်မည်ဟု ခန့်မှန်ကြောင်း ဦးမြင့်ဦးကပြောသည်။

ဘဏ္ဍာရေးကြီးကြပ်ရေးဌာနမှဒေသဆိုင်ရာအရာရှိများက ပြည်မှ ငွေကြေးဆုံးရှုံးသူတို့အား တွေ့ဆုံမေးမြန်းပြီး တာဝန်ရှိသူကို ရှာဖွေဖေါ်ထုတ်ရန် ဆောင်ရွက်ခဲ့သည်။ ဌာနသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

“ SCL က ထိုင်းနိုင်ငံက ကုမ္ပဏီတစ်ခုနဲ့ ချိတ်ဆက်နေကြောင်း ညွှန်ပြနေတဲ့သတင်းအချက်အလက်တချို့ ကို SCL ဆီကနေ ကျွန်တော်တို့တွေ့ခဲ့ရပါတယ်” ဟုသူကပြောသည်။

ငွေကြေးနောက်ကို ခြေရာခံခြင်း

စမ်းချောင်းမြို့နယ် အနောက်ပိုင်း၊ ခေမာလမ်း အမှတ် ၂၃ ရှိ ပိတ်ထားသော မှန်တံခါးတွင်း ကြည့်လိုက်ပါက Reset Body Balance နှင့်နာနိုသြဂဲနစ်ဓာတ်မြေသြဇာစသည့် ထုတ်ကုန်များ၏ ဗီနိုင်းကြော်ငြာများတွေ့မြင် နေရဆဲ ဖြစ်သည်။ တံခါးပေါ်ရှိကြေညာချက်တစ်ခုတွင်မူ မြေညီထပ်အခန်းကို ငှားမည်ဟုဖေါ်ပြထားသည်။

လွန်ခဲ့သောသုံးလခန့်ကအထိ အမှတ် ၂၃ အခန်းမှာ The Best International Network Company ၏ ရုံးခန်းဖြစ်ခဲ့သည်။ ယင်းကုမ္ပဏီကို ၂၀၁၃ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ဆင့်ပွားဖေါက်သည်ရှာ ဈေးကွက်ဖြန့်ချိရေးလုပ်ငန်း (Multi-level Marketing Firm) တစ်ခုဖြစ်သည်။

ကုမ္ပဏီကို ၂၀၁၆ ခုနှစ် နှောင်းပိုင်းတွင် လှည်းတန်းမှ စမ်းချောင်းသို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။ သို့သော် ခေမာလမ်းရှိကုမ္ပဏီ၏ အဓိလုပ်ငန်းတာဝန်မှာ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့က သီးခြားကုမ္ပဏီအဖြစ် စတင်တည်ထောင်ခဲ့သည့် SCL Myanmar ကုမ္ပဏီ၏ ရှယ်ယာများရောင်းချရေးအတွက် အခြေစိုက်စခန်းအဖြစ် ဆောင်ရွက်ခဲ့ဟန်ရှိသည်။ ဖေဖေါ်ဝါရီလတွင် SCL ၏ မှတ်ပုံတင်လိပ်စာကို အမှတ် ၂၄/အီး၊ နတ်မောက်ရိပ်သာလမ်း၊ ဗဟန်းမြို့ နယ်သို့ ပြောင်းရွှေ့ခဲ့သည်။ သို့သော်လည်း အလိမ်ခံလိုက်ရပြီဟု သိလိုက်ရသည့် ရင်းနှီးမြှုပ်နှံသူတို့က ခေမာလမ်းသို့သာ ဦတည်ပြီးလာရောက် စုံစမ်းကြသည်။

“ရုံးခန်း ပိတ်လိုက်သွားပြီးတဲ့နောက်ပိုင်း ဒီကုမ္ပဏီအကြောင်းကို လူတော်တော်များများ လာမေးကြတယ်” ဟု ခေမာသီရိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်လွင်က ပြောသည်။

အိမ်အမှတ် ၂၃ ၏ အိမ်ရှင်ကို Frontier က ဆက်သွယ်မေးမြန်းသောအခါ The Best International Network Company က ရုံးခန်းကို ခြောက်လစာငှားရမ်းခဲ့ကြောင်း ၎င်းက အတည်ပြုပြောကြားသည်။ (သူ၏အမည်နှင့် အိမ်ငှားစာချုပ်အပေါ်တွင် လက်မှတ်ရေးထိုးသူ အမျိုးသမီး၏ အမည်ကို ပြောပြရန် အိမ်ရှင်က ငြင်းဆိုခဲ့သည်။)

“သူတို့က ငှားထားတဲ့ကာလပြည့်အောင် နေမသွားပါဘူး။ စာချုပ်မပြည့်ခင် သူတို့ထွက်သွားတော့ သူတို့နဲ့ ဖုန်းအဆက်အသွယ်ရဖို့ ကျွန်တော်ကြိုးစားခဲ့ပါတယ်။ စာချုပ်ကိုလက်မှတ်ထိုးတဲ့ အမျိုးသမီးကိုတော့ ကျွန်တော် ဆက်သွယ်နိုင်ခဲ့ပါတယ်။ သူထိုင်းမှာ ဆေးကုနေတယ်လို့ပြောပါတယ်” ဟု အိမ်ရှင်က ပြောကြားသည်။

မော်လမြိုင်မြို့မှ ဂျာနယ်လစ်တစ်ဦးဖြစ်သူ မစန္ဒာမွန်သည် ၂၀၁၆ ခုနှစ်တွင် multi-level marketing အစီအစဉ်တစ်ခုသို့ ဆွဲဆောင်သိမ်းသွင်းခြင်း ခံခဲ့ရသည်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

မော်လမြိုင်မြို့မှ ဂျာနယ်လစ်တစ်ဦးဖြစ်သူ မစန္ဒာမွန်သည် ၂၀၁၆ ခုနှစ်တွင် multi-level marketing အစီအစဉ်တစ်ခုသို့ ဆွဲဆောင်သိမ်းသွင်းခြင်း ခံခဲ့ရသည်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

DICA မှတ်ပုံတင်မှတ်တမ်းအရ  SCL တွင်ဒါရိုက်တာ သုံးဦးရှိပြီး ၎င်းတို့မှာ ဒေါ်နန်းကောင်းခန်း၊ ဦးစံလင်းထွန်းနှင့် ဒေါ် စိုးစိုးကြီးတို့ ဖြစ်သည်။ The Best International Network Company တွင် ဒါရိုက်တာနှစ်ဦးရှိရာ ဒေါ်နန်းတာနွန်နှင့် ဦးမင်းမင်းအေးတို့ဖြစ်သည်။ သို့သော် ကုမ္ပဏီနှစ်ခုစလုံးတွင် အခြားဒါရိုက်တာများ ရှိဟန်မတူပေ။

ရုံးခန်းမှာမူ ကုမ္ပဏီနှစ်ခု ခွဲဝေသုံးစွဲနေသည်။ The Best International Network Company ၏ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်နန်းတာနွန်က ပြည်မြို့၏ ခေါင်းဆောင် (လီဒါ) အဖြစ် ဆောင်ရွက်ကြောင်း ကိုခင်မောင်ကပြောသည်။ SCL မှ ဒါရိုက်တာဦးစံလင်းထွန်းမျာ The Best International ၏ အဆင့်မြင့်အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ကြောင်း SCL ၏ ကိုယ်စား ရှယ်ယာရောင်းချမှုအတွက် ပြစ်မှုဆိုင်ရာနှင့် တရားမမှုစွဲချက်များကို ရင်ဆိုင်နေရသူ ပေါင်မြို့မှ ကိုဉာဏ်ထွန်းက ပြောသည်။

အခြားအမည်များမှာလည်း လိမ်လည်မှုနှင့် ဆက်နွယ်လျက်ရှိသည်။ ရန်ကုန်မှ မနွယ်နွယ်လှိုင်၊ မနှင်းအိဖြူနှင့် မနန်းဟွာတို့ထံ ငွေလွဲှပေးခဲ့ရကြောင်း ပြည်မြို့မှုကိုခင်မောင်က ပြောသည်။ ကိုဉာဏ်ထွန်းကလည်း မနွယ်နွယ်လှိုင်ထံ ငွေလွှဲပေးခဲ့ရကြောင်း ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုအရ သိရသည်။

ဖေဖေါ်ဝါရီတွင် သူ၏ရင်းနှီးမြှုပ်နှံသူများထံသို့ SCL Myanmar ရုံးချုပ်မှ ငွေများရောက်မလာတော့သည့်အခါ ရန်ကုန်သို့သွားးရောက်ပြီး ဒါရိုက်တာများနှင့် တွေ့ဆုံခဲ့ကြောင်း မော်လမြိုင်မှ ဦးအောင်ဇော်ထက်က ပြောသည်။ SCL Myanmar တွင် အစုစပ်သုံးဦးရှိကြောင်း DICA ၏ မှတ်တမ်းများတွင် ဖော်ပြထားသော်လည်း လက်တွေ့တွင်မူ နောက်ထပ်လေးဦးရှိသေးကြောင်း သူကပြောသည်။ သို့သော်လည်း ၎င်းတို့၏အမည်များကို ထုတ်ဖေါ်ပြောကြားရန် သူက ငြင်းဆိုခဲ့သည်။

ဖေါ်ပြပါပုဂ္ဂိုလ်များအားလုံးကို Frontier က ကြိုးစားဆက်သွယ်ခဲ့သော်လည်း SCL နှင့် ပတ်သက်ချိန်က သူတို့အသုံးပြုခဲ့သော ဖုန်းနံပါတ်များကို ၎င်းတို့ အသုံးမပြုတော့သည်ကို တွေ့ရသည်။

ထိုင်းနှင့် အချိတ်အဆက်

The Best International Network Company သည် ထိုင်းနိုင်ငံ ကော်ပိုရိတ်မှတ်တမ်းများအရ ၂၀၁၃ ခုနှစ် မေလတွင် ထိုင်းနိုင်ငံ၌ မှတ်ပုံတင်ခဲ့ပြီး ဆင့်ပွားကိုယ်စားလှယ် ဈေးကွက်ရှာဖွေရေးလုပ်ငန်းဆောင်ရွက်သော The Best International Company Limited ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည်။ အခြားလုပ်ငန်းတစ်ခုဖြစ်သော The Best International Shop Company Limited ကို အလားတူလိပ်စာဖြစ်သော ဗန်ကောက်မြို့၊ ခလောင်ကွန်မှာပင် ၂၀၁၆ ခုနှစ်၊ မေလက မှတ်ပုံတင်ခဲ့သည်။ ကုမ္ပဏီ၏ ယူကျုချန်နယ်ဗီဒီယိုတွင် ကုမ္ပဏီ၏အုပ်ချုပ်မှုဒါရိုက်တာ Chitsanupong Suramaitip က ပြည်၊ မန္တလေးနှင့် မြန်မာနိုင်ငံရှိ အခြားမြို့များ၌ လေ့ကျင့်ရေးနှင့် အရောင်းမြှင့်တင်ရေးလုပ်ငန်းများအား ဦးစီးဆောင်ရွက်နေပုံကို ပြသထားသည်။   

The Best International Network Company သည် ယခင်နှစ်က ရုံးတည်ရှိခဲ့သည့် ကမာရွတ်မြို့ နယ်၊ လှည်တန်း၊ အမှတ် ၄၂/အေ အောင်မင်္ဂလာလမ်းမှ ပြောင်းရွှေ့သွားခဲ့သည်။ The Best International Network Company မှ မနန်းအမည်ရှိ အမျိုးသမီးတစ်ဦးကို မကြာခဏတွေ့ဖူးကြောင်း ရုံးနှင့် တိုက်သုံးတိုက်အကွာရှိ စားသောက်ဆိုင်ပိုင်ရှင် ကိုသန့်ဇင်က ပြောသည်။ အမျိုးသမီးမှာအသက် ၃၀ ကျော်ဝန်းကျင်ရှိပြီး ရှမ်းအမျိုးသမီးဖြစ်ဟန်တူကြောင်း သူကပြောသည်။

“ကုမ္ပဏီက ဒီနေရာမှာ ခြောက်လလောက် ဖွင့်သွားတယ်။ ထိုင်းနဲ့ ရှမ်းလူမျိုးတချို့နဲ့ သူက ကျွန်တော့ဆိုင်ကိုလာပြီး နေ့လည်စာ၊ သို့မဟုတ် ညစာလာစားတတ်တယ်” ဟု သူက Frontier ကို ပြောသည်။

သို့သော်လည်း ထိုင်းနှင့်ဆက်နွယ်မှုက ဤမျှနှင့် အဆုံးသတ်မသွားသေးပေ။ SCL ၏ ရင်းနှီးမြှုပ်နှံသူတို့က သူတို့၏ ရင်းမြှုပ်နှံငွေများကိုစစ်ဆေးနိုင်ရန် ဝက်ဘ်ဆိုက်တစ်ခုအဖြစ် www.sclclub.com ကို ထိုင်းနိုင်ငံရှိ “Maison Michel” တွင် မှတ်ပုံတင်ပေးထားသည်။

တစ်ချိန်တည်းမှာပင် ဇူလိုင်လ၌ ကိုအောင်ဇော်ထက်က မစတင်မီ I Smart က အသုံးပြုသောဝက်ဘ်ဆိုက်တစ်ခုကို ထိုင်းဆာ ဗာငယ်လေးတစ်ခုတွင် ဇူလိုင်ကစ၍ လွှင့်တင်ပေးခဲ့သည်။

ကုမ္ပဏီက အလှကုန်ပစ္စည်းများ၊ သြဂဲနစ်ဓာတ်မြေသြဇာများနှင့်သြဂဲနစ်ကော်ဖီများကို ရောင်းချပေးလျက်ရှိကြောင်း I Smart  ၏ ဝက်ဘ်ဆိုက်များတွင် ဖေါ်ပြပေးထားသည်။ ရောင်းချသောကုန်အမှတ်တံဆိပ်များမှာ The Best International ကုမ္ပဏီက မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင်ရောင်းချသော ကုန်အမှတ်တံဆိပ်များနှင့် အတူတူပင်ဖြစ်သည်။

Saxon Capital Limited

ကုမ္ပဏီသည် အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ ထိုင်း၊ စပိန်၊ သြစတြေးလျနှင့် အိန္ဒိယနိုင်ငံစသည့်နိုင်ငံ ခြောက်နိုင်ငံတွင် ရုံးများဖွင့်လှစ်ထားသည့် ဗြိတိသျှကုမ္ပဏီတစ်ခုဖြစ်ကြောင်း မြန်မာနိုင်ငံတွင် လုပ်ငန်းများမြှင့်တင် ဆောင်ရွက်နေသည့် ကာလအတွင်း ရင်းနှီးမြှုပ်နှံမည့်သူများကို ပြောကြားထားသည်။

ကုမ္ပဏီများမှတ်ပုံတင်ရုံး(Companies House) တွင် Saxon Capital Limited ဟူသောအမည်ဖြင့် ဗြိတိသျှကုမ္ပဏီတစ်ခု အမှန်တကယ် တည်ရှိနေသည်။ သို့သော် ကုမ္ပဏီ၏ နောက်ဆုံးအခြေအနေကို ရုံးသို့ အစီရင်ခံစာမတင်ပြနိုင်သည့်အတွက် မတ် ၇ ရက်နေ့မှစ၍ ဖျက်သိမ်းခံထားရသော ကုမ္ပဏီဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုအတွက် ဝန်ဆောင်မှုပေးသော ကုမ္ပဏီဖြစ်ပြီး မစ္စတာဒေးဗစ်ကော်နော်လီဆိုသော ဒါရိုက်တာတစ်ဦးတည်းသာရှိသော ကုမ္ပဏီလည်း ဖြစ်သည်။ လက်တွေ့တွင်မူ စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းမရှိပေ။

အမေရိကန်ပြည်ထောင်စု၊ ထိုင်းနှင့် သြစတြေးလျစသည့် နိုင်ငံအများအပြားတွင် မှတ်ပုံတင်ထားသော၊ သို့မဟုတ် ယခင်က မှတ်ပုံတင်ထားသော Saxon Capital Group အမည်ဖြင့် ကုမ္ပဏီအုပ်စုများလည်း ရှိသည်။ ၎င်းတို့မှာ ၂၀၁၅-၁၆ ခုနှစ်အတွင်း အရှေ့တောင်အာရှတွင် ဖြစ်ပွားခဲ့သော ရင်းနှီးမြှုပ်နှံမှုလိမ်လည်မှုများတွင် ပါဝင်ပတ်သက်ခဲ့သူများဖြစ်သည်။

၎င်းတို့က ပတ်သက်မှုတွေ ရှိခဲ့သလား။ ယခုအခြေအနေအရ SCL Myanmar ကို ယခင်က Saxon Capital Group လိမ်လည်မှုတွင် ပါဝင်ခဲ့သူတို့က ကျူးလွန်ခဲ့ခြင်းလား။ သို့မဟုတ် ပုံတူကူးချခြင်းလား။ လက်တွေ့အကောင်အထည်ဖေါ် ဆောင်ရွက်မှုများမှာ များစွာတူညီနေသည့်အတွက် Saxon Capital Group က ဖန်တီးသည်ဟုပင် ယူဆရသည်။

အစောပိုင်းတွင် SCL Myanmar က ထုတ်ဝေသောစာရွက်စာတမ်းများ၌ ယူကေရှိ Saxon Capital Limited ကို အဓိအသားပေး ဖေါ်ပြခဲ့သည်။ ဥပမာ SCL ၏ လန်ဒန်လိပ်စာကို အုပ်စု၏ဌာနချုပ်ရုံးအဖြစ် ဖေါ်ပြသလိုမျိုးဖြစ်သည်။ သို့သော် အဆိုပါရုံးနှင့် ကော်နော်လီ၏ပ ါဝင်ပတ်သက်မှုကို တစ်စွန်းတစ်စမျှမတွေ့ရပေ။ အလားတူပင် Saxon Capital Limited  နှင့် Saxon Capital Group တို့၏ ဆက်သွယ်မှုကိုလည်း အနည်းငယ်မျှ မတွေ့ရပေ။ (Saxon Capital Limited နှင့် Saxon Capital Group တို့ထံ ဆက်သွယ်ရန် ဖုန်းနံပတ်များ၊ သို့မဟုတ်အီးမေးလိပ်စာတို့မှာ ဆက်သွယ်၍မရသည်ကို တွေ့ရသည်။)

The Saxo Capital Group လိမ်ညာမှုက နက်နဲရှုပ်ထွေးမှု မြင့်မားပြီး ပြည်တွင်းမိတ်ဖက်များနှင့် အနောက်နိုင်ငံသားများ ပူးပေါင်းပြီးကျူးလွန်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း SCL Myanmar ၏ လုပ်ငန်းမြှင့်တင်ရေးအတွက်ထုတ်ပြန်သော စာရွက်စာတမ်း အထောက်အထားများမှာ ချောမွေ့ပြေပြစ်မှုမရှိပေ။ စာလုံးပေါင်းအမှားနှင့် သဒ္ဒါအမှားများ ပြည့်နှက်နေပြီး ဓာတ်ပုံတည်းဖြတ်မှုများမှာလည်း ညံ့ဖျင်းလှသည်။ Saxon Capital Group နှင့် Saxon Capital Limited တို့ကို အပြန်အလှန်ဖလှယ်၍ သုံးစွဲနေသော်လည်းအများအားဖြင့် အမည်သစ်ဖြစ်သည့် Saxon Capital Group Club ကို အသုံးပြုထားသည်။

မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် ကြီးကြပ်ရေးကော်မရှင် (Securities and Exchange Commission of Myanmar) အဖွဲ့ဝင် ဦးဌေးချွန်။ ဓာတ်ပံုံ-စတိဗ် တစ်ခ်နာ

မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် ကြီးကြပ်ရေးကော်မရှင် (Securities and Exchange Commission of Myanmar) အဖွဲ့ဝင် ဦးဌေးချွန်။ ဓာတ်ပံုံ-စတိဗ် တစ်ခ်နာ

ဆင့်ပွားဖေါက်သည်ရှာ ဈေးကွက်ဖြန့်ချိရေး (Multi-level Marketing)

ယခင်သမ္မတဦးသိန်းစိန်၏ စီးပွားရေးနှင့် နိုင်ငံရေး ဖြေလျှော့မှုများကြောင့် ထွန်ကားခဲ့သော ဆင့်ပွားဖေါက်သည်ရှာ ဈေးကွက်ဖြန့်ချိရေးစနစ် ကျဆင်းချိန်နှင့် SCL သည် သွား၍ တိုက်ဆိုင်ပုံရသည်။ အထူးသဖြင့် အိမ်းစတား(Aim Star) အပါအဝင် MLM ကုမ္ပဏီများ ရှင်သန်နေဆဲဖြစ်သော်လည်း ယင်းတို့လုပ်ကိုင် ဆောင်ရွက်ပုံကို နားလည် သိမြင်လာကြသည့်အတွက် အဖွဲ့ဝင်သစ်များ စုဆောင်းရေးမှာ ခက်ခဲစပြုလာသည်။

MLM က သူတို့ထံ ဆောင်ကျဉ်းပေးနိုင်မည်မဟုတ်သော်လည်း “အလုပ်မလုပ်ဘဲရမည့်ဝင်ငွေ” ဆိုသည့် စိတ်ကူးက သူတို့ကို ဖမ်းစားနိုင်ခဲ့ကြောင်း SCL ၏ သားကောင်အများအပြားက ပြောကြားသည်။  SCL တွင် ရင်းနှီးမြှုပ်နှံသူအသစ်ရရှိအောင် ဆောင်ရွက်ပေးနိုင်ပါက ကော်မရှင်ရမည်ဆိုသော်လည်း ထိုသို့ဆောင်ရွက်ရန်အတွက် သတ်မှတ်ချက် မရှိပေ။

အဖွဲ့ဝင်သစ်များကို စည်းရုံးခြင်းထက် “ရှယ်ယာများ ” ကိုရောင်းချရသည်က ပိုမိုလွယ်ကူကြောင်း MLM ကုမ္ပဏီများ၊ သို့မဟုတ် ယင်းတို့၏ အဖွဲ့ဝင်များက သိမြင်လာပုံရသည်။

ယောင်းမဖြစ်သူ ကအကြံပေးသဖြင့် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀,၀၀၀ ကျော်ရင်းနှီးမြှုပ်နှံခဲ့ကြောင်း မော်လမြိုင်မြို့မှ ဂျာနယ်လစ်တစ်ဦးဖြစ်သူ မစန္ဒာမွန်က ပြောသည်။ ရှယ်ယာများကိုဝယ်ယူခြင်းဖြစ်ကြောင်း ၎င်းအားပြောကြားခဲ့သော်လည်း QNet ဟုအမည်ရှိသော MLM ကုမ္ပဏီ၏ အဖွဲ့ဝင်အဖြစ် သိမ်းသွင်ခံလိုက်ရခြင်းဖြစ်ကြောင်း သိလိုက်ရသည်။  ရှယ်ယာများအစား ထုတ်လုပ်သည့်ကုမ္ပဏီ၏အဆိုအရ “ရေ၏ စွမ်းအင်ကိုပြန်လည် သတ်မှတ်ပေးပြီး လိုက်ဖက်ညီအောင် ဆောင်ရွက်ပေးနိုင်သည်” ဟုဆိုသည့် “BioDisc” ဟုခေါ်သော ဖန်ထည်ပစ္စည်းတစ်ခုကိုသာ လက်ခံရရှိခဲ့သည်ဟု ၎င်းကပြောသည်။

စေတနာ့ဝန်ထမ်းရှေ့နေတစ်ဦး၏အကူအညီဖြင့် မစန္ဒာမွန်နှင့် မော်လမြိုင်မြို့မှ အခြားသုံးဦးတို့သည် ကုမ္ပဏီ၏ ဒေသဆိုင်ရာကိုယ်စားလှယ်အား  ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၂၀ အရ လိမ်လည်မှုဖြင့် အမှုဖွင့်ခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင် မော်လမြိုင်တရားရုံးက အပြစ်မရှိဟုဆုံးဖြတ်ခဲ့သည်ဟု ၎င်းက Frontier ကို ပြောသည်။ ဆုံးဖြတ်ချက်ကို ချမှတ်ရာတွင် အမှုတွင် ပါဝင်သူများအချင်းချင်း ချုပ်ဆိုထားသောပဋိညာဉ်၊ သို့မဟုတ် စာချုပ်စာတမ်းအထောက်အထား မရှိခြင်းကို တရားသူကြီးက ရည်ညွှန်းကိုးကားခဲ့ကြောင်း ၎င်း၏ရှေ့နေ ဦးကျော်ဝင်းကပြောသည်။

SCL လိမ်လည်သူများကို ဆိုရှယ်မီဒီယာဖွံ့ဖြိုးမှုကလည်း အထောက်အကူပေးခဲ့သည်။ အင်တာနက် ဖွံ့ဖြိုးလာမှုကြောင့် ပွန်ဇီအစီအစဉ်(Ponzi Schemes)များနှင့် အခြားသောလိမ်လည်မှုများကို ပိုမိုလျင်မြန်စွာဖြစ်ပေါ်စေခဲ့ကြောင်း မဲလ်ဘုန်းမြို့၊ မိုနက်ရှ်တက္ကသိုလ်မှ ဆိုင်ဘာပြစ်မှုများကို အထူးပြုလေ့လာသူပြစ်မှုဆိုင်ရာပါမောက္ခ မစ္စတာလင်နွန်ချန်းက ပြောသည်။

“နည်းပညာတိုးတက်မှုက ဒီလိုလိမ်လည်မှုမျိုးကို လုံးဝလွယ်ကူချောမွေ့စေပါတယ်။ ဒီလိုလွယ်ကူမှုရှိစေတဲ့အတွက် လွန်ခဲ့တဲ့ ၁၀ နှစ်၊ အနှစ် ၂၀ ကနဲ့ နှိုင်းယှဉ်ရင် သူတို့ အားထုတ်ရတာ ပိုမိုသက်သာစေပါတယ်” ဟု သူကပြောသည်။

ဘဏ္ဍာရေးဆိုင်ရာ တတ်သိနားလည်မှုမရှိခြင်းနှင့် သမားရိုးကျ ဘဏ္ဍာရေးအဖွဲ့အစည်းများအပေါ် ယုံကြည်မှုစသည့် ဒေသခံများတွင် ဖြစ်ပေါ်နေသောအကြာင်းတရားများက SCL ကို အထောက်အကူဖြစ်စေခဲ့သည်။

“တစ်ခုခုကိုမှန်လား၊ မှားလား၊ အပြန်အလှန်ခွဲခြားပြီး ဘယ်လိုစစ်ဆေးရမယ်ဆိုတာကို မြန်မာနိုင်ငံက လူအတော်များများက မစဉ်းကြဘူး။ ဒါမှမဟုတ် မသိကြသေးဘူး။ ပို့စ်တစ်ခုအောက်မှာ တစ်ယောက်ယောက်က ကွန်မန့်ပေးလိုက်ရင်၊ ဆိုကြပါစို့ (SCL) က အမြတ်တွေ ကောင်းကောင်းပေးနေတယ်လို့ တင်လိုက်ရင် ငွေတွေအများကြီးထည့်ဝင်ကြဖို့ လူတွေအများကြီး မြူဆွယ်ခံရတော့မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု သူကပြောသည်။

အားနည်းပြီး အတွေ့အကြုံနည်းတဲ့ ကြီးကြပ်ရေးအဖွဲ့

“Saxon Capital Limited” ဟုခေါ်သော ကုမ္ပဏီသည် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီနှင့် တနင်္သာရီတို့တွင် အကျိုးအမြတ်မြင့်မားစွာပေး၍ ရှယ်ယာများကို “လိမ်လည်ရောင်းချလျက်” ရှိကြောင်း SECM က ဇွန် ၂၇ ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာများ၌ သတိပေးခဲ့သည်။ ရှယ်ယာများကိုရောင်းချရာတွင် ပုံမှန်ဘဏ်လုပ်ငန်းစနစ်နှင့် မိုဘိုင်းပလက်ဖောင်းများကို ကုမ္ပဏီကအသုံးပြုလျက်ရှိကြောင်းလည်း ဖေါ်ပြထားသည်။

အာမခံစာချုပ်စာတမ်း လွှဲပြောင်းရေးဥပဒေအရ “ဘဏ်လုပ်ငန်းစနစ်နှင့် မိုဘိုင်းပလက်ဖောင်းကိုအသုံးပြု၍ ရှယ်ယာများကို ရောင်းချခြင်းသည်” တရားမဝင်ကြောင်းနှင့် ယင်းသို့ဆောင်ရွက်သည်ကိုတွေ့ရှိပါက ဥပဒေကြောင်းအရ   အရေးယူခြင်းကို ခံရမည်ဖြစ်ကြာင်း သတိပေးချက်တွင် ဖေါ်ပြထားသည်။ ရှယ်ယာများကို ရောင်းချခြင်း၊ သို့မဟုတ် ရှယ်ယာများကို ဝယ်ယူခြင်းနှင့် ငွေကြေးဆုံးရှုံးမှုတို့ဖြစ်ပေါ်ပါက SECM ကိုဆက်သွယ်သတင်းပေးရမည့်ဖုန်းနံပတ်နှင့် အီးမေးလိပ်စာတို့ကို ထုတ်ပြန်ပေးပြီး အများပြည်သူတို့ကို ဖိတ်ခေါ်ခဲ့သည်။ ဇူလိုင် ၃ ရက်နေ့တွင် ဒုတိယသတိပေးစာကိုထုတ်ပြန်ခဲ့ရာ ယခုတစ်ကြိမ်တွင် I Smart ၌ ရင်းနှီးမြှုပ်နှံမှုကိုပါ သတိပေးခဲ့သည်။

ကော်မရှင်ကို စတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၄ ခုနှစ်နောက်ပိုင်း ယခုကဲ့သို့ အမှုမျိုးဖြစ်ပွားခဲ့သည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း SECM အဖွဲ့ဝင် ဦဌေးချွန်ကပြောသည်။

“အတိုးနှုန်းမြင့်မားစွာပေးမယ်လို့ ကတိတွေပေးပြီး SCL ကုမ္ပဏီက ရှယ်ယာတွေရောင်းချနေတယ်ဆိုတဲ့ သတင်းတွေကို ကျွန်တော်တို့ရခဲ့ပါတယ်” ဟု သူကပြောသည်။

သတိပေးချက်ထုတ်ပြန်ပြီးနောက်ပိုင်းမှစ၍ ပြည်မှ ကိုခင်မောင်နှင့် သံဖြူဇရပ်မှ မဇင်မာထွန်းတို့ထံမှအပါအဝင် တိုင်ကြားချက် အမြောက်အမြားကို SECM က လက်ခံရရှိခဲ့သည်။ အာမခံစာချုပ်စာတမ်များရောင်းဝယ် သည့်လုပ်ငန်းကို မှတ်ပုံမတင်ဘဲ ဆောင်ရွက်သည့်အတွက် အာမခံစာချုပ်စာတမ်းများ လွှဲပြောင်းသည့် ဥပဒေ ပုဒ်မ (၅၅)က အရ SCL Myanmar ၏ ဒါရိုက်တာများကို တရားစွဲဆိုနိုင်ရန် တိုင်တန်းချက်များနှင့် အထောက်အထားများကို ကော်မရှင်က ထပ်မံရှာဖွေခဲ့သည်။ ယခုအမှုမှာ ထောင်ဒဏ် ငါးနှစ်ကျခံနိုင်ဖွယ်ရှိနေသည်။

သို့သော် အဖမ်းခံရမည့်သူရှိမရှိကို သူသံသယဝင်မိကြောင်းနှင့် တာဝန်ရှိသူများကို ဖြိုခွင်နိုင်းခြင်းရှိမရှိကို ယခုကိစ္စက ပြည်ထဲရေးဝန်ကြီးဌာနအတွက် “ မှတ်ကျောက်တင်ခြင်း” ဖြစ်ကြောင်း သူကပြောသည်။

ကော်မရှင်တွင် လူအင်အားနှင့် အတွေ့အကြုံချို့တဲ့သည့်အတွက်လည်း သူက စိတ်မကောင်းဖြစ်နေမိသည်။

“စုံစမ်းထောက်လှမ်းရေးအတွက် ကျွန်တော်တို့မှာ လူငါးယောက်ပဲရှိတယ်။ကျွန်တော်တို့ ဖွဲ့စည်းခဲ့တဲ့ သက်တမ်းက နှစ်နှစ်ပဲရှိပြီး စစ်ဆေးရေးနဲ့ ထောက်လှမ်ရေးအတွေ့အကြုံ မရှိသေးဘူး။ အတတ်နိုင်ဆုံး အကောင်းဆုံး ဖြစ်အောင် ကျွန်တော်တို့ကြိုးစားနေပါတယ်” ဟု သူက ပြောသည်။

အထူးသဖြင့် SCL ကိစ္စတွင် “ကျွန်တော်တို့ကို ဘယ်သူမှ သတင်းမပေးဘူး။ ကျွန်တော်တို့အဖွဲ့ကိုလည်း သတင်းမပေးဘူး။ သတင်းအချက်အလက်မရှိဘဲနဲ့ ကျွန်တော်တို့ ဘာမှလုပ်လို့မရပါဘူး ”ဟုလည်း သူကပြောသည်။

လွယ်ကူတဲ့ ပစ်မှတ်တွေလား

၁၉၉၀ ပြည့်လွန်နှစ်များနှောင်းပိုင်းနှင့် ၂၀၀၀ ပြည့်လွန်နှစ်များ၏ စောစောပိုင်းကာလများတွင် အလျှိုအလျှို ပေါ်ထွက်လာသော လိမ်လည်မှုများ၏ ရိုက်ခတ်မှုဒဏ်ကို မြန်မာနိုင်ငံသည် အလူးအလဲ ခံစားခဲ့ရသည်။ ယင်းတို့အထဲတွင် အကျိုးဆောင်လုပ်ငန်းဟုခေါ်သော လိုင်စင်မဲ့နှင့် အထိန်းအကွပ်မဲ့ ဘဏ္ဍာရေးလုပ်ငန်းများ ပါဝင်ပြီး ရှယ်ယာများအပေါ်တွင် မြင့်မားသော အမြတ်ငွေကို လစဉ်ပေးခဲ့ကြသည်။၂၀၀၂ ခုနှစ် ဒုတိယနှစ်ဝက်တွင် ယင်းစီးပွားရေးလုပ်ငန်းများ ဆက်တိုက် ပြိုကွဲရသည့်အတွက် ဘဏ်လုပ်ငန်းအကျပ်အတည်း ပေါ်ပေါက်ရန်အတွက် မီးပွားသဖွယ်ဖြစ်ခဲ့ရကြောင်း ၂၀၀၉ ခုနှစ်က ထုတ်ဝေသော သူ၏စာအုပ်ဖြစ်သည့် Fiery Dragons: Banks, Moneylenders and Microfinance in Burma တွင် သြစတြေးလျနိုင်ငံ၊ မာကွာရီတက္ကသိုလ် (Macquarie University)၏ တွဲဖက်ပါမောက္ခနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ စီးပွားရေးအကြံပေးဖြစ်သူ ပါမောက္ခရှောင်တာနဲက ရေးသားခဲ့သည်။ စီးပွားရေးလုပ်ငန်းများအနေဖြင့် အပ်နှံငွေများ လက်ခံခွင့်မရှိသော်လည်း SCL ကဲသို့သောအဖွဲ့အစည်းများက ငွေအပ်နှံသူများကို“ရှယ်ယာဝင်များအဖြစ်”သတ်မှတ်ပြီး လက်တစ်လုံးခြားလှည့်၍ ကန့်သတ်ချက်များကိုကျော်လွှားခဲ့သည်။

“ကြီးကြပ်ဖို့ တာဝန်ရှိတဲ့အဖွဲ့အစည်းတွေက အလွန်နောက်ကျတဲ့ အချိန်အထိ မျက်စိမှိတ်ထားပုံရတယ်”ဟု သူက ရေးသားခဲ့သည်။

အကျိုးဆောင်လုပ်ငန်းများက မြို့ပြဒေသများတွင် လှုပ်ရှားကြသော်လည်း SCL က ဘဏ္ဍာရေးအသိပညာ နိမ့်ကျသော နယ်ဘက်နှင့် ကျေးလက်ဒေသများတွင် အလေးပေး၍ ဆောင်ရွက်ခဲ့သည်။

ပစ်မှတ်ထားပုံနှင့် စီမံချက်အကောင်အထည်ဖေါ်ပုံတို့ကိုကြည့်ခြင်းအားဖြင့် လိမ်လည်မှုနောက်ကွယ်မှ ကြိုးကိုင်သူတို့မှာ “အလွန်ပါးနပ်ကြောင်း” SECM မှ ဦးဌေးချွန်က ပြောသည်။

သို့သော်လည်း သဘာဝမကျသည့် အမြတ်အစွန်းနောက်သို့ ကောက်ကောက်ပါအောင်လိုက်၍ ရင်းနှီးမြှုပ်နှံမှု ပြုခဲ့ကြသူတို့ကို သူကအပြစ်တင်ခဲ့သည်။

“အဲဒီနယ်မြေမှာရှိကြသူတွေက သူတပါးကို အရမ်းယုံလွယ်ပြီး လောဘကြီးလွန်းတယ်” ဟု သူကပြောသည်။

SCL Club ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှ တချို့ကမူ ငွေကြေးဆုံးရှုံးကြသူများအတွက် အလားတူသတင်းစကားမျိုးကို ပေးတတ်ကြသည်။ 

ဇော်မျိုးသန့်က “ပြီးခဲ့သည်များကို သင်ပုန်းချေရန်” နှင့် အတွေ့အကြုံမှ သင်ခန်းစာယူရန် အကြံပြု တိုက်တွန်းခဲ့သည်။

“နောက်တစ်ခါ အလိမ်မခံရအောင် သတိထားပြီး စဉ်းစားဖို့လိုပါတယ်။ ငွေကို လွယ်လွယ်ရှာလို့ရတယ်လို့ပြောတာကို မယုံမိဖို့လိုပါတယ်” ဟု သူကပြောသည်။

အချို့ကမူ ယခုဘဝတွင် လက်စားမချေနိုင်ပါက နောင်ဘဝ၌ လက်စားချေနိုင်ပါစေဟု စိတ်ကိုဖြေ၍ စဉ်းစားကြလေသည်။

Meme Lay ဟု အမည်ပေးထားသော ဖေ့စ်ဘုတ်သုံးသူတစ်ဦက “SCL မှလူညာများ” ဟူသောပေးစာတစ်စောင်ကိုရေး၍ သူတို့ အကြွေးကို ယခုဘဝတွင်ပြန်မဆပ်ပါက နောက်ဘဝတွင် တိရစ္ဆာန်ဖြစ်နိုင်ကြောင်း၊ သို့မဟုတ် ရူးသွပ်၊ ဆွံ့အ၊ နားမကြားဖြစ်နိုင်ကြောင်း သတိပေးခဲ့သည်။။

“သင်ပြုသမျှကံ သင့်ထံ ဧကန်ပြန်လာလိမ့်မည်” ဟု သူကရေးသားခဲ့သည်။

ဉာဏ်တင်ဘာသာပြန်သည်။

More stories

Related stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.