လူကုန်ကူးခံရသူတစ်ဦး၏ ၁၃ နှစ်ကြာ အိပ်မက်ဆိုး

မိန်းမပျိုလေးတစ်ဦးအတွက် ၂၀၀၄ ခုနှစ်က မွန်ပြည်နယ်အတွင်း လိုက်ပါခဲ့သော မီးရထားခရီးစဉ်တစ်ခုသည် တရုတ်နိုင်ငံအတွင်းရှိ အထီးကျန်ယောက်ျားများထံ လူကုန်ကူးခံ ဒုက္ခသည်လူသားတစ်ဦးအဖြစ် ၁၃ နှစ်ကြာ ခံစားခဲ့ရသည့် အိပ်မက်ဆိုး၏ အစခရီးဖြစ်ခဲ့သည်။

သီခ ရေးသားသည်။

မကြည်ကြည်(အမည်လွှဲ)အတွက် တရုတ် ယောက်ျားနှစ်ဦး၏ အဝယ်မယားအဖြစ် ကံကြမ္မာဆိုးရွားစွာ ရောက်ရှိသွားစေမည့် ခရီးစဉ်တစ်ခုသည ်လွန်ခဲ့သော ၁၃ နှစ်က မွန်ပြည်နယ်မီးရထားပေါ်တွင ်စတင်ခဲ့သည်။ ထိုစဉ်က သူ့အသက်မှာ ၁၇ နှစ်မျှသာ။

မုဒုံမြို့နယ် ကျေးရွာတစ်ရွာမှ မွန်အမျိုးသမီး မကြည်ကြည်သည် မွန်ပြည်နယ်တောင်ပိုင်းဒေသရှိ ရေးမြို့တွင် နေထိုင်သော အဖွားဖြစ်သူထံ သွားရောက်လည်ပတ်ရာမှ ပြန်လာခြင်းဖြစ်သည်။ အပြန်လမ်းတွင် မြန်မာ လင်မယားနှစ်ဦးနှင့် မိတ်ဆွေဖြစ်ကာ သူတို့က အရက်နှင့်ရော၍ တိုက်သောအချိုရည်ကို သူသောက်မိပြီး သတိမေ့သွားခဲ့သည်။

ဧပြီတွင် ကိုယ်ဝန်လေးလနှင့် မကြည်ကြည် ပြန်ရောက်လာပြီး မိဘများနှင့် ပြန်လည်ပေါင်းဆုံမိသော မြင်ကွင်းမှာ စိတ်လှုပ်ရှားဖွယ်ကောင်းလှသည်။ သူတို့က သူသေပြီဟုထင်ကြကြောင်း၊ တရုတ်နိုင်ငံမှ သူ လွတ်မြောက်လာရေးအတွက် ဆောင်ရွက်ရာတွင် အဓိကအခန်းမှပါဝင်သူ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းအဖွဲ့ဝင်  နိုင်ကိုသူက ပြောသည်။

မကြည်ကြည်ကို ချဉ်းကပ်သွေးဆောင် ဖြားယောင်းသူများမှာ လူမှောင်ခိုကူးသူများ၏ အေးဂျင့်များ ဖြစ်ကြသည်။ ရန်ကုန်သို့ ရထားဆိုက်သောအခါ သူတို့က သူ့ကို စားသောက်ဆိုင်တစ်ခုတွင် သုံးလခန့် အလုပ်သွင်းပေးပြီးနောက် တရုတ်နယ်စပ်သို့ ခေါ်ဆောင်ကာ ၎င်းအား လူမှောင်ခိုဂိုဏ်းတစ်ဂိုဏ်းထံ ရောင်းစားခဲ့သည်။

ဆယ်ကျော်သက်ရွယ် မိန်းမငယ်တစ်ဦးအား ဝယ်ချင်သူကို ရှာဖွေရသည်မှာ လူမှောင်ခိုဂိုဏ်းအတွက် အခက်အခဲ မရှိပါ။ မိသားတစ်စု ကလေးတစ်ဦးသာ ယူရမည့် တရုတ်နိုင်ငံ၏မူဝါဒ၊ ကိုယ်ဝန်ဖျက်ချရန် လွယ်ကူမှုနှင့် အမွေခံအဖြစ် သားယောက်ျားကလေးကို ပိုမိုလိုလားမှုတို့ကြောင့် ၂၀၀၄ ခုနှစ်တွင် တရုတ်နိုင်ငံရှိ လိင်အချိုးအစားမှာ ယောက်ျား ၁၁၆ ဦးလျှင် မိန်းကလေး ၁၀၀ ဦးနှုန်းသာ ရှိကြောင်း နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြကြသည်။

မကြည်ကြည်သည် ပထမယောက်ျားနှင့် သမီးတစ်ယောက်နှင့် သားတစ်ယောက်ရသည်။ သူ့ယောက်ျား၏ အဝယ်မယားအဖြစ် ၁၂ နှစ်ကြာနေပြီးနောက်  တရုတ်နယ်စပ်မြို့ဖြစ်သော ရူလီမှတစ်ဆင့် သူ့မိဘများထံ အလည်သွားရန် ၎င်းက မြန်မာနိုင်ငံသို့ ပြန်ခွင့်တောင်းခဲ့သည်။

“တရုတ်နိုင်ငံ နယ်စပ်ဘက်မှာနေတဲ့ မြန်မာတွေကို မယုံရဘူးဆိုပြီး ပထမတော့ သူက သဘောမတူဘူး” ဟု ၎င်းက ပြောသည်။

နောက်ဆုံးတွင် သူ သနားသွားသည်။ သူ၏ ပထမဆုံး တရုတ်အိမ်မှ မကြည်ကြည် ထွက်ခွာချိန်တွင် သူ့သားမှာ တစ်နှစ်သားအရွယ်ရှိပြီး စကားပြောတတ်စဖြစ်သည်။

နယ်စပ်ကိုဖြတ်ကျော်နိုင်အောင် ၎င်းအားကူညီမည်ဟု ကတိပေးသူ အမျိုသမီးကြီးတစ်ဦးနှင့်အတူ ရူလီသို့ မကြည်ကြည် ခရီးထွက်ခဲ့သည်။ သို့သော် ပျားပန်းခတ် စည်ကားလှသော နယ်စပ်မြို့သို့ သူတို့ ရောက်သောအခါ တည်းခိုခန်းတစ်ခုတွင် ၎င်းအား နှစ်ရက်ခန့် သော့ခတ်ထားသည်။ အသက်ကြီးကြီး တရုတ်ကြီး တစ်ယောက်ကို ၎င်းအား ယွမ် ၆၀,၀၀၀(အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၉ သန်း) ဖြင့် လူမှောင်ခိုတို့က ရောင်းစားလိုက်ခြင်းဖြစ်သည်ကို အပြင်သို့ ထွက်ရချိန်တွင်မှ သိလိုက်ရတော့သည်။

တရုတ်နိုင်ငံတွင် ၁၂ နှစ်နေပြီးနောက် မကြည်ကြည်သည် တရုတ်စကားကို ပြောတတ်လာသည်။ ဘာ့ကြောင့် ၎င်းအား ခေါ်သွားတာလဲဟု အဘိုးကြီးကို မေးသောအခါ  ၎င်းအား ရောင်းစားလိုက်ခြင်းဖြစ်ကြောင်း သူက ဖြေကြားသည်။ 

“ဒါပေမဲ့ ငါ့ကို ယွမ်  ၆၀,၀၀၀ ပေးရင် နင့်ကို သွားခွင့်ပေးမယ်” ဟု သူက မကြည်ကြည်ကို ပြောသည်။

လူကုန်ကူးခံရသော ဒုတိယအကြိမ်တွင် အဘိုးကြီးက သူနှင့်အတူနေရန် ကျေးလက်ဒေသသို့ ၎င်းအား ခေါ်သွားသည်။ ယင်းဒေသ၌ ပြောသောစကားမှာ ၎င်းအားပထမဝယ်သူပြောသော စကားနှင့်ကွဲပြားသည်။

မကြည်ကြည် ထွက်ပြေးချင်သည်။ သို့သော် ဒေသတည်နေရာ အနေအထားမှာ ဝေးလံခေါင်းပါးသကဲ့သို့ မိုဘိုင်းဖုန်းလည်း မရနိုင်သည့်အတွက် ကနဦးကြိုးပမ်းချက်များမှာ အချည်းနှီးဖြစ်ခဲ့ရပြီး တောင်သူလယ်သမား တစ်ဦး၏ ဇနီးမယားဘဝနှင့် အသားကျလာသည်။

“ကျွန်မက အိမ်သန့်ရှင်ရေး လုပ်တယ်။ နွားတွေ၊ ဆိတ်တွေကို အစာကျွေးတယ်။ သူတို့ဆိတ်သတ်တဲ့အခါ အမွေးတွေ နုတ်ရလွယ်အောင် ကျွန်မက ဆိတ်ခေါင်းကို ရေနဲ့ပြုတ်ပေးရတယ်” ဟု သူက ပြောသည်။

မကြည်ကြည်၏ အဘိုးအိုယောက်ျားက သူ့ဖုန်းကို ၎င်းအား တစ်ခါမျှ သုံးခွင့်မပေးပေ။ သို့သော်လည်း သူ့မှာလည်း အကြံနှင့်ပါ။ သူ့ထံမှငွေကို နည်းနည်းချင်း ခိုးယူထားပြီး မိုဘိုင်းဖုန်းနှင့် ဆင်းကတ်ဝယ်ရန် စုဆောင်းထားသည်။

“သူ မရိပ်မိအောင်လို့ တစ်ခါခိုးရင် တစ်ယွမ်၊ နှစ်ယွမ်လောက်ပဲ ကျွန်မက ခိုးထားတယ်” ဟု သူက ဆိုသည်။

ခုနစ်လလောက် စုလိုက်သောအခါ မိုဘိုင်းဖုန်းတစ်လုံးကို အဖိုးကြီး မသိအောင် သူ ဝယ်နိုင်ခဲ့သည်။ ထိုအချိန်တွင် စိန်ခေါ်မှုအသစ်နှင့် သူ ရင်ဆိုင်ခဲ့ရသည်။ တရုတ်နိုင်ငံတွင် သတင်းပေးပို့ ဝန်ဆောင်မှုအဖြစ် လူသုံးများလျက်ရှိသော WeChat အသုံးပြုနည်းကို သူ မသိပေ။ သို့သော် ကံကောင်းချင်တော့ WeChat  အသုံးပြုနည်းကို တယ်လီဗီးရှင်း အစီအစဉ်တစ်ခုမှတဆင့် သူ ရရှိခဲ့သည်။

“ကျွန်မ ဖုန်းနံပတ်ကိုသုံးပြီး အကောင့်ကို ဖွင့်ကြည့်တာ ရသွားတယ်။ ကျွန်မ ပျော်လိုက်တဲ့ဖြစ်ခြင်း”  ဟု သူက ပြောသည်။

သူ့ယောက်ျား နေ့စဉ်အလုပ်သွားချိန်၌  မကြည်ကြည်သည် သူ့အခန်းတွင်း၌အောင်း၍ မိခင်နိုင်ငံသို့ ပြန်နိုင်အောင် အကူအညီပေးမည့်သူနှင့် အဆက်အသွယ်ရရန် ကြိုးစားခဲ့သည်။ သူ၏ WeChat အဆက်အသွယ်များအနက် တစ်ဦးမှာ ဘဘကြီးဆိုသူဖြစ်သည်။ သူ ကြုံတွေ့နေရသော အတိဒုက္ခကို သူ့ကို ပြောပြသောအခါ လွတ်မြောက်ရေးအတွက် အကူအညီပေးရန် သူက ကမ်းလှမ်းခဲ့သည်။

ဘဘကြီးက ကိုသူဆိုသူနှင့် အဆက်အသွယ်ရအောင် မကြည်ကြည့်ကို စီစဉ်ပေးပြီး ကယ်ဆယ်ရေးလုပ်ငန်း စတင်ဆောင်ရွက်ရန် အစီအစဉ်ဆွဲခဲ့သည်။

ကိုသူက မကြည်ကြည်၏ လိပ်စာနှင့် သူ နေထိုင်ရာဒေသ၏ ဓာတ်ပုံကို တောင်းသည်။  ထို့နောက် သတင်းအချက်အလက်များကို ရူလီမြို့၏တစ်ဖက်ကမ်း မြန်မာဘက်ခြမ်း မူဆယ်မြို့ရှိ ရဲတပ်ဖွဲ့သို့ ပေးပို့ခဲ့သည်။ ထို့အတူ တရုတ်နိုင်ငံဘက်ခြမ်းရှိ ရဲတပ်ဖွဲ့သို့လည်း ပို့ပေးသည်။ မည်သို့မျှ အရေးမယူသောအခါ သူ ကိုယ်တိုင် ရူလီရဲတပ်ဖွဲ့တွင် အဖမ်းခံရန် သူက မကြည်ကြည်ကို အကြံပေးသည်။ သို့ဖြင့် မကြည်ကြည်သည် တရုတ်ပြည်ထဲ၌ အဖမ်းခံခဲ့ရပြီး ဧပြီလဆန်းပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

ဘဝသစ်

မိသားစုနှင့် ပြန်လည်ပေါင်းဆုံမိပြီးနောက် မကြည်ကြည် စတင်အလုပ်ရှာသည်။ သူသည် တရုတ်စကားကို ကောင်းစွာ ပြောတတ်သည့်အတွက် စကားပြန်အလုပ်ကို ရနိုင်လိမ့်မည်ဟု သူ မျှော်လင့်ထားသည်။ သို့သော် မွန်ပြည်နယ်တွင် ယင်းအလုပ်မျိုး ရရန်မှာ မရှိသလောက်ရှားသည်။ အသေးစား စီးပွားရေးလုပ်ငန်းတစ်ခုကို ဆောင်ရွက်ရန် စိတ်ကူးသည့်အခါတွင်လည်း လုပ်ငန်းစတင်ရန် ငွေအလုံအလောက် မရှိပေ။

မုဒုံနှင့် နေပြည်တော်တို့မှ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့ဝင်များက သူ့ဘဝသစ်ကို စတင်နိုင်အောင် အကူအညီပေးမည်ဟု ကတိပေးကြကြောင်း သူက ပြောသည်။ သူ့အိမ်တွင် မိုဘိုင်းစတိုးဆိုင်ဖွင့်ရန်၊ သို့မဟုတ် တိရစ္ဆာန်မွေးမြူရေးလုပ်ရန် ရှိပါက ကူညီမည်ဟုပြောသည်။ ယခုအချိန်အထိမူ ရဲတပ်ဖွဲ့ထံမှ မည်သည့်အကူအညီမျှ မရသေးကြောင်း သူက ပြောသည်။

လူမှုဖူလုံရေး ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် နိုဝင်ဘာလအထိ နေ့စဉ်ထောက်ပံ့ကြေး ကျပ်၂,၅၀၀နှင့် ကျန်းမာရေး စောင့်ရှောက်မှုကို ပေးခဲ့သည်။

မကြည်ကြည်နှင့် သူ့နောက်ကလေး၏ အနာဂတ်အတွက် သူ ရင်လေးမိသည်။ မကြည်ကြည်ကဲ့သို့သော အမျိုးသမီးများ၏ ဘဝပြန်လည်ထူထောင်ရေးအတွက် အစိုးရက အကူအညီများ ပိုမိုစီစဉ်ပေးသင့်ကြောင်း သူက ဆိုသည်။

ဉာဏ်တင် ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – သိမ့်မွန်စိုး(ဂျေ)

More stories

Related stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.