အမဲလိုက်ခံနေရတဲ့ ဆင်တွေ

ဆင်များအား အမဲလိုက်သတ်ဖြတ်မှုများသည် ရန်ကုန်မြို့အနီးတဝိုက်ရှိ ကျေးရွာများတွင်ပင် ဖြစ်ပေါ်နေပြီး ရဲများကလည်း ထိုကိစ္စကို မသိကျိုးကျွံပြုနေကြသည်။

Sam Aung Moon ရေးသားသည်။

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့၊ နံနက် ၇ နာရီခန့်တွင် ဆိုးရွားသည့် အပုပ်နံ့ဆိုးကြောင့် ဦးစိုးနိုင်တစ်ယောက် အိပ်ယာမှ လန့်နိုးလာခဲ့သည်။ ထိုအနံ့ထွက်ရာနေရာကို လိုက်ရှာရာ သူ့အိမ်ဘေးမှ ဖြတ်သန်းစီးဆင်းနေသော ချောင်းကမ်းနဖူးပေါ်တွင် ဆင်၏ ခေါင်းပြတ်တစ်ခု တင်နေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် ချောင်းတစ်လျှောက် မီတာ ၄၀၀ ခန့် သွားကြည့်သောအခါ သစ်ပင်တစ်ပင် ခြေရင်းတွင် ဆင်၏ ကိုယ်လုံးကို တွေ့ခဲ့လေသည်။ ထိုမတိုင်မီညက မိုးများ သည်းထန်စွာ ရွာသွားခဲ့သောကြောင့် ဆင်သေအလောင်းက ချောင်းစောက်ရွာအထိ မျောပါလာခဲ့ခြင်း ဖြစ်နိုင်သည်။

“ဆင်သေကောင်က တော်တော်လေးကို ပုံပျက်ပန်းပျက် ဖြစ်နေပြီ” ဟု ဦးစိုးနိုင်က ပြန်ပြောင်းပြောပြသည်။ ဆင်သေကောင်တွင် အရေခွံလည်း မရှိတော့သလို အသားများလည်း မရှိတော့ပေ။ ခေါင်းနှင့် ခြေလက်များကိုလည်း ပိုင်းဖြတ်ထားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အုတ်ကန်အနီးရှိ ချောင်းစောက်ရွာမှ ရွာသားများအတွက် အဆိုပါဆင်သေကောင်အား ဖယ်ရှားစွန့်ပစ်ရေးမှာ ပြဿနာ ဖြစ်လာသည်။ သူတို့ထဲမှ တစ်ယောက်က ဆင်သေကို ဓါတ်ဆီဖြင့်ဖြန်းပြီး မီးရှို့ပစ်ရန် ကြိုးပမ်းခဲ့သည်။ သို့သော် ဆင်သေကောင်က ရေစိုနေသဖြင့် မီးမစွဲခဲ့ပေ။ သုံးရက်အကြာတွင်မူ ဆင်သေကောင်ကို ချောင်းအတွင်း ပြန်လည်မျှောချလိုက်ရန်သာ သူတို့ ဆုံးဖြတ်ခဲ့ကြသည်။

“ရွာကလူတွေ အပုပ်နံ့ကို မခံနိုင်ကြတော့လို့ ဆင်သေကို ချောင်းထဲ မျှောချလိုက်ဖို့ကိုပဲ ကျွန်တော်တို့ ဆုံးဖြတ်လိုက်ပါတော့တယ်” ဟု ကျေးရွာခေါင်းဆောင် ဦးမင်းစိုးက ပြောသည်။

ဆင်သေကောင်က ချောင်းအတိုင်း မျောပါသွားကာ ရေစီးသန်သဖြင့် အစိတ်စိတ် ကွဲထွက်သွားသည်။ ထို့နောက် ဆင်သေကောင် အပိုင်းအစများသည် အနီးအနားရှိ စံရွာ ရေထိန်းတံခါးတွင် သွားပိတ်နေတော့သည်။

ထို့နောက် ပိတ်ဆို့နေသည့် ဆင်သေကောင်အပိုင်းအစများကို မြေတူးစက်ဖြင့် ဆယ်ယူပြီး ရေလှောင်တမံအနီးတွင် မြေမြုပ်လိုက်သည်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်လှက ပြောကြားသည်။ ထိုအချိန်တွင် ဆင်သေကောင်က ပိုမိုဆိုးရွားစွာပင် ပျက်စီးနေပြီဖြစ်သည်။ “ရွာသားတွေက ဆင်သေကောင် အပိုင်းအစတွေကို လက်နဲ့ ဆယ်ယူဖို့  ကြိုးပမ်းကြပေမယ့် အပုပ်နံ့ကြောင့် အနားတောင် မကပ်နိုင်ကြဘူး။ လောက်တွေလည်း ပွနေအောင် တက်နေပြီ” ဟု ၎င်းကပြောသည်။

အမဲလိုက်သတ်ဖြတ်မှုတွေ ဘယ်မှာဖြစ်နေလဲ

ဦးတင်လှနှင့် ဦးမင်းစိုးတို့ နှစ်ဦးလုံး၏အဆိုအရ ဆင်များ အမဲလိုက်ခံရခြင်း၏ သက်သေအထောက်အထားနှင့် ဆင်သေကောင်ကို ပထမဆုံးအကြိမ် လက်တွေ့မြင်ဖူးခြင်းဖြစ်သည်ဟု ဆိုသည်။ သို့သော် တခြားသူများကမူ ဆင်များကို အမဲလိုက်သတ်ဖြတ်မှုများသည် ချောင်းစောက်ရွာ၏ နေရာအနှံ့ ဖြစ်ပွားနေသည်ဟု ဆိုသည်။ ချောင်းစောက်ရွာမှာ ပဲခူးရိုးမ တောင်ဘက်အစွန်းတွင် တည်ရှိသည်။

ကျောက်ပြင်သာရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ဝင်း၏ အဆိုအရ ပြီးခဲ့သော နှစ်အတွင်း အုတ်ကန်မြို့ အနီးတဝိုက်တွင် ဆင် ၉ ကောင်မှ ၁၀ ကောင်အထိ သတ်ဖြတ်ခံခဲ့ရသည်ဟု ဆိုသည်။ ဆင်အမဲလိုက်သူများသည် ချောင်းစောက်ရွာသို့ လွန်ခဲ့သော ၂ နှစ်ခန့်က ပြောင်းရွှေ့လာခြင်း ဖြစ်သည်ဟု သူက ဆိုသည်။ ဆင်များကို အမဲလိုက်သတ်ဖြတ်မှု အများစုသည် ကျောက်ပြင်သာရွာနှင့် မော်ကုန်းရွာတို့တွင် အများဆုံး ဖြစ်ပွားသည်ဟု ဆိုသည်။ ထိုရွာ ၂ ခုသည် ပဲခူးရိုးမနှင့် အနီးကပ်ဆုံးဖြစ်ပြီး ဆင်များ နေထိုင်သော သစ်တောကြိုးဝိုင်းနှင့်လည်း နီးကပ်သည်ဟု ဆိုသည်။

dsc_7057.jpg

ကျောက်ပြင်သာရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ဝင်း။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

“ဆင်ရိုင်းတွေကို အမဲလိုက်တာက ၂၀၁၅ ဧပြီလလောက်မှာ စတင်လာတယ်လို့ ထင်တာပဲ။ ဒါထက်လည်း စောနိုင်ပါတယ်။ အမဲလိုက်သူတွေက ဆင်တွေကို နှစ်လုံးပြူး သေနတ်တွေနဲ့ ပစ်သတ်တာ” ဟု ၎င်းကဆိုသည်။

ဆင်ရိုင်းတစ်ကောင်အား အရေခွံနွှာနေသည်ကို ကျောက်ပြင်သာရွာမှ ဒေါ်ခင်လေးဆွေတစ်ယောက် ပြီးခဲ့သည့်နှစ်က ပထမဆုံး မြင်ဖူးခဲ့သည်။ “ကျွန်မရဲ့ ခင်ပွန်းက ဆင်တစ်ကောင်ကို ဖျက်နေတာ ကြည့်ချင်လား။ သွားကြည့်ရအောင်ဆိုပြီး ခေါ်သွားတာ။ သူ့နောက်ကို လိုက်ကြည့်တော့ မုဆိုးတွေက ဆင်ကို အရေခွံခွာနေကြတယ်။ သူတို့က အရေခွံ၊ ကိုယ်ထည်နဲ့ အစွယ်တွေကို သိမ်းထားတယ်။ အသားတွေကိုတော့ အနီးအနားက ရပ်ကြည့်နေတဲ့ လူတွေကို ဝေပေးနေတယ်” ဟု ဆေးပေါ့လိပ်ကြီးကို ဖွာရင်း ဒေါ်ခင်လေးဆွေက ပြောသည်။

ရိုးရာဆေးဝါးများတွင် အသုံးပြုရန်အတွက် ဆင်အရေခွံနှင့် တခြားအစိတ်အပိုင်းများကို ဝယ်လိုအား များပြားနေသောကြောင့် အထူးသဖြင့် ပဲခူးရိုးမနှင့် ဧရာဝတီမြစ်ဝှမ်းဒေသတို့တွင် ဆင်များကို အမဲလိုက်သတ်ဖြတ်မှုများ တိုးပွားလာနေသည်ဟု ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရံပုံငွေအဖွဲ့ (World Wildlife Fund) က ဇွန်လတွင် သတိပေးပြောကြားခဲ့သည်။ ၂၀၁၇ ခုနှစ်၊ လက်ရှိအချိန်အထိ အနည်းဆုံး ဆင်အသေကောင် ၂၀ ကို WWF က စောင့်ကြည့်နေသော နေရာ ၂ ခုတွင် တွေ့ရှိခဲ့ပြီး ဖြစ်သည်။ တစ်နှစ်လုံးဆိုပါက သတ်ဖြတ်ခံရသည့် ဆင်ကောင်ရေမှာ ထိုထက် များစွာပိုနိုင်သည်ဟု WWF က ဆိုသည်။

WWF ၏ အဆိုအရ ၂၀၁၃ ခုနှစ်မှ စတင်ရေတွက်လျှင် ဧရာဝတီမြစ်ဝှမ်းနှင့် ပဲခူးရိုးမတို့၌ ဆင်အကောင်ရေ ၁၁၀ ခန့်အထိ သတ်ဖြတ်ခံခဲ့ရသည်ဟု ဆိုသည်။ ၎င်းမှာ နိုင်ငံပိုင်သတင်းစာဖြစ်သည့် Global New Light of Myanmar က ဇွန်လ ၂၇ ရက်နေ့တွင် ဖော်ပြခဲ့သော အချက်အလက်နှင့်ဆန့်ကျင်နေသည်။ သတင်းစာက ဖော်ပြရာတွင် ၂၀၁၀ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ဆင် ၇၂ ကောင် သတ်ဖြတ်ခံခဲ့ရသည်ဟု ဆိုသည်။ ဆင်များ အဓိကပေါများသော ထိုနေရာတွင် လာမည့် တစ်နှစ်၊ နှစ်နှစ်အတွင်း ဆင်များ လုံးဝပျောက်ကွယ်သွားနိုင်သည့် အလားအလာများ ရှိနေသည်ဟု WWF က သတိပေးထားသည်။ အာရှဆင်အကောင်ရေ ၂,၀၀၀ ခန့်သာရှိသော မြန်မာနိုင်ငံတွင် ထိုသို့ ဆင်များမျိုးတုန်းမည့် အန္တရာယ်မှာ စိုးရိမ်ဖွယ်ရာ ဖြစ်သည်ဟု WWF က ဆိုသည်။ အရေးယူ ဆောင်ရွက်မှုများကို ချက်ချင်းလုပ်ဆောင်ရန် အချိန်ကျပြီဟုလည်း ကြေညာချက်တွင် ၎င်းတို့က ပြောကြားထားသည်။

ပဲခူးရိုးမနှင့် ဧရာဝတီမြစ်ဝှမ်းဒေသတို့တွင် ဆင်များကို အမဲလိုက် သတ်ဖြတ်မှုကို ဆန့်ကျင်စောင့်ကြည့်သည့် အဖွဲ့များ မရှိသေးကြောင်း WWF က ဆိုသည်။ WWF အနေဖြင့် အဆိုးရွားဆုံးသော နေရာများတွင် ဆင်များ သတ်ဖြတ်ခံရမှုကို ဆန့်ကျင်စောင့်ကြည့်မည့်အဖွဲ့ ၁၀ ဖွဲ့ခန့် ထားရှိပြီး လေ့ကျင့်သင်ကြားပေးခြင်း၊ လိုအပ်သည့်ကိရိယာများ တပ်ဆင်ပေးခြင်းတို့ကို လုပ်ဆောင်မည်ဟု ဆိုသည်။

အရေးယူဆောင်ရွက်မှု မရှိခြင်း

သားရဲတိရိစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေ (Protection of Wildlife and Conservation of Natural Areas Law) ဖြင့် ထိထိရောက်ရောက် အရေးယူဆောင်ရွက်ရမည့်တာဝန်မှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီးဌာန လက်အောက်ရှိ တောခေါင်းများနှင့် ရဲများ၏ တာဝန်သာ ဖြစ်သည်။

ဆင်များမှာ “သစ်တောရဲ့ အလှတရားတွေဖြစ်ပြီး ကျွန်တော်တို့က တန်ဖိုးထားပါတယ်” ဟု ကျောက်ပြင်သာရွာ၏ အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ဝင်းက ပြောကြားသည်။

typeof=

အုတ်ကန်မြို့နယ် ရဲတပ်ဖွဲ့က ကူညီပံ့ပိုးပေးခြင်း မရှိသည်ကိုလည်း သူက စိတ်မကောင်းဖြစ်နေသည်။ ဆင်အမဲလိုက်သူများသည် ချောင်စောက်ရွာ အနီးတဝိုက်တွင် လွတ်လွတ်လပ်လပ် သွားလာနေကြပြီး ရွာသားများကလည်း သူတို့ကို သိရှိနေကြသည်ဟု ဆိုသည်။ “ဒီအနီးတဝိုက်မှာ ဆင်အမဲလိုက်တဲ့ လူတွေ ၂ နှစ်လောက်ကြာအောင် ကျက်စားနေတာကို ရဲတွေက မသိဘူးဆိုတာ ကျွန်တော့အနေနဲ့ ယုံကြည်ဖို့ ခက်ခဲပါတယ်။ မော်ကုန်းရွာမှာဆို ရဲသတင်းပေးတွေတောင် ရှိသေးတယ်” ဟု သူကဆိုသည်။

အုတ်ကန်မြို့နယ် ရဲစခန်းမှ ရဲမှူးသန်းနိုင်ကမူ ပြီးခဲ့သောနှစ်တွင် ဆင်အမဲလိုက်မှု သုံးမှုကိုသာ ရှာဖွေတွေ့ရှိခဲ့သည်ဟုပြောသည်။ ရှာဖွေမတွေ့ခဲ့သည့် အမဲလိုက်မှုများက ထို့ထက် ပိုများနေသလားဟု မေးမြန်းသောအခါ “ကျွန်တော်က ဆင်အမဲလိုက်တာကို ရှာဖွေဖို့ တာဝန်ကျသူ မဟုတ်တော့ အရေအတွက် အတိအကျ မသိဘူး” ဟု ဖြေကြားခဲ့သည်။

ဆင်များအား အမဲလိုက်သတ်ဖြတ်မှုများကို ရဲများက မသိကျိုးကျွန် ပြုနေသလားဟု မေးမြန်းသောအခါတွင် သူက မရွှင်မပျ ဖြစ်သွားသည်။ ထို့ပြင် မော်ကုန်းရွာတွင် ရဲသတင်းပေးများ ခန့်အပ်ထားခြင်း မရှိကြောင်းလည်း သူက ပြောသည်။ “ဒီမှာ ရဲကို သတင်းပေးတဲ့လူက သာမန်ပြည်သူတွေထဲက တရားဥပဒေ စိုးမိုးမှုကို အလေးထားကြတဲ့ လူတွေက သတင်းပို့တာ။ ကျွန်တော်တို့က သီးခြား တာဝန်ပေးထားတဲ့ သတင်းပေး မရှိပါဘူး” ဟု ရဲမှူး ဦးသန်းနိုင်က ပြောသည်။

ဆင်များကို သတ်ဖြတ်မှုဖြင့် သံသယရှိသူ ၁၁ ဦးကို ဖမ်းဆီးထားကြောင်းနှင့် ကျန် ၇ ဦးမှာ လွတ်မြောက်နေသေးသည်ဟု ၎င်းက ဆိုသည်။ ၎င်းတို့အား သားရဲတိရိစ္ဆာန် ကာကွယ်ရေး ဥပဒေ ပုဒ်မ ၃၇ ဖြင့် တရားစွဲဆိုထားသည်။ ယင်းဥပဒေအရ ကာကွယ်ထားသော သားရဲတိရိစ္ဆာန်များကို သတ်ဖြတ်ခြင်း၊ အမဲလိုက်ခြင်း၊ လက်ဝယ်ပိုင်ဆိုင် ထားရှိခြင်း၊ ရောင်းချခြင်း၊ သယ်ယူပို့ဆောင်ပေးခြင်း၊ ဒဏ်ရာဖြစ်စေခြင်း၊ နိုင်ငံခြားသို့ ခိုးထုတ်ခြင်းများကို ထောက်ဒဏ် ၇ နှစ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်သည်။

သို့သော် ဖမ်းဆီးထားသော လူ ၁၁ ဦးမှာ ကျောက်ပြင်သာရွာနှင့် မော်ကုန်းရွာသားများဖြစ်ပြီး ဆင်အမဲလိုက်သူများကို ကူညီသူများသာ ဖြစ်သည်ဟု ဦးကျော်နိုင်ဝင်းက ပြောသည်။ ကိုယ်တိုင် အမဲလိုက်သူများကိုမူ ဖမ်းဆီးထိန်းသိမ်းနိုင်ခြင်း မရှိသေဟု ၎င်းက ပြောသည်။

ဆင်များအား အမဲလိုက်သတ်ဖြတ်သူများက ရွာသားများကို ပိုက်ဆံပေးပြီး ဆင်အရေခွံ၊ ဆင်စွယ်နှင့် ဆင်အသေများကို လာရောက်ယူဆောင်မည့်သူများနှင့် ချိန်းဆိုထားသည့် နေရာအထိ သယ်ယူခိုင်းလေ့ရှိသည်ဟု ၎င်းကပြောသည်။

အဖမ်းခံရသူများထဲမှ တစ်ဦးမှာ ချောင်းစောက်ရွာ၏ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သည်။ “သူက ဆင်အမဲလိုက်တဲ့ လူတွေနဲ့ ပူးပေါင်းတယ်လို့ စွပ်စွဲခံရတယ်။ သူ့ရဲ့ အကူအညီကြောင့် အမဲလိုက်သူတွေက ဆင်အရေခွံ၊ ဆင်စွယ်တွေကို သယ်ယူပို့ဆောင်ဖို့ လူရှာရတာ လွယ်ကူသွားတယ်” ဟု ဦးကျော်နိုင်ဝင်းက ပြောသည်။

“တစ်ချို့ကိုတော့ မက်လုံးပေးပြီး ခိုင်းစေတယ်။ တစ်ချို့ကိုတော့ အတင်းအကျပ် ခိုင်းစေတယ်” ဟု ၎င်းကဆိုသည်။

အမျိုးသား ရတနာ

ရွာထဲမှ အချို့လူများက ဆင်များကို ဒေါသထွက်ကြသောကြောင့် အမဲလိုက်သူများကို ကူညီကြသည်ဟု ဦးကျော်နိုင်ဝင်းက ပြောသည်။ ၎င်းတို့၏ စိုက်ခင်းများအတွင်းသို့ ဆင်များဝင်ရောက်နင်းချေ ဖျက်စီးသဖြင့် စိုက်ခင်းများ ပျက်ဆီးသွားသည်ကို ၎င်းတို့က ဒေါသဖြစ်ကြသည်။ အချို့ကမူ ဆင်ရိုင်းသတ်၍ အသိမိတ်ဆွေတစ်ဦး သေဆုံးခဲ့သည်ကို မြင်တွေ့ရသူများ ဖြစ်ကြသည်။

ကျောက်ပြင်သာရွာအပြင်ဘက်တွင် လယ်မြေ ၁၀ ဧကခန့် ပိုင်ဆိုင်သည့် ဦးသန်းထွန်း၏ စပါးစိုက်ခင်း ငါးဧကခွဲခန့်ကို ဆင်ရိုင်း ၁၀ ကောင်ခန့်က ပြီးခဲ့သည့်သုံးနှစ်က ဖျက်ဆီးသွားခဲ့သည်။ ထိုအဖြစ်အပျက်အား Frontier သို့ ပြန်ပြောင်း ပြောပြနေစဉ် လွန်ခဲ့သည့်ညက ရွှံ့ပေါ်တွင် ထင်ကျန်ရစ်ခဲ့သည့် ဆင်ခြေရာများကို သူက ပြသခဲ့သည်။

dsc_7113.jpg

ကျောက်ပြင်သာရွာမှ လယ်သမားတစ်ဦးဖြစ်သူ ဦးသန်းထွန်း။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

“ဒီနေရာမှာပဲ။ ဆင်တွေက အဲဒီဘက်က လာတာ။ ဆင်တွေက စက်တင်ဘာလနဲ့ နိုဝင်ဘာလအကြားမှာ ရောက်လာတတ်တယ်။ အဲဒီအချိန်ဆို စပါးတွေက မှည့်ပြီး ရိတ်သိမ်းတော့မယ်အချိန်” ဟု ဦးသန်းထွန်းက ပြောသည်။

ရွာသားများက ဆင်များကို ဟန့်တားနိုင်ခြင်း မရှိပေ။ တစ်ခါတစ်ရံ ရွာသားများက ဗျောက်အိုးများ ဖောက်ပြီး ဆင်များကို ခြောက်လှန့် မောင်းလွှတ်သော်လည်း ကြာလာသောအခါ ဆင်များက ဆူညံသံများကိုပါ ယဉ်ပါးသွားသည်။

“ဆင်တွေကို အမျိုးသား ရတနာတစ်ခုလို သတ်မှတ်ထားကြတော့ ကျွန်တော်တို့က ဆင်တွေကို သံဗုံးတီးခေါက်ပြီး ခြောက်လွှတ်ရုံထက် ဘာမှ မတတ်နိုင်ဘူး” ဟု ဦးသန်းထွန်းက သက်ပြင်းချရင်း ပြောသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.