လူမှုဖူလုံရေးစနစ် အပြောင်းအလဲကို အလုပ်သမားများကြိုဆို

ခံစားခွင့်များ ထုတ်ပေးရာ၌ ကြန့်ကြာခြင်း၊ ကွန်ပျူတာစနစ် ချွတ်ယွင်းမှုကြောင့် ကိုယ်ရေးအချက်အလက်များ ဖောင်းပွနေခြင်းနှင့် စမတ်ကတ်များ ထုတ်ပေးရန် ရပ်ဆိုင်းထားခြင်းစသည့် ချွတ်ယွင်းမှုများ ရှိနေသော်လည်း အလုပ်သမားများသည် ယေဘုယျအားဖြင့် လူမှုဖူလုံရေးအစီအစဉ်သစ်ကို ကျေနပ်ကြသည်။

ကျော်ရဲလင်း ရေးသားသည်။

သားငယ်မွေးဖွားပြီး ရှစ်လအကြာတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လက်အောက်ရှိ လူမှုဖူလုံရေးအဖွဲ့မှ မီးဖွားစရိတ်အတွက် ငွေသား ကျပ် ၈၀၀,၀၀၀ ကို နောက်ဆုံး၌ မနန်းထွေး တစ်ယောက် လက်ခံရရှိခဲ့သည်။

“မရတော့ဘူးလို့တောင် အောက်မေ့ထားတာ။ စောင့်ပါဦး စောင့်ပါဦးချည်းပဲ အဖြေရနေတော့ စိတ်တောင်ကုန်မိတယ်” ဟု  ရန်ကုန်၊ အလုံမြို့နယ်ရှိ မီဒီယာကုမ္ပဏီတစ်ခုတွင် လုပ်ကိုင်နေသူ အသက် ၃၄ နှစ်အရွယ်ရှိ မနန်းထွေးက ပြောသည်။

ကုမ္ပဏီ၌ အလုပ်ဝင်စဉ် လွန်ခဲ့သော ၁၀ နှစ်ကတည်းက မနန်းထွေးသည် လူမှုဖူလုံရေး အစီအစဉ်၌ မှတ်ပုံတင် ထားခဲ့သည်။ ၎င်း၏သားငယ်ကို မမွေးဖွားမီ ယမန်နှစ်၊ ဒီဇင်ဘာကတည်းက ငွေကြေးအကျိုးခံစားခွင့်နှင့် မီးဖွားခွင့် ၁၄ ပတ်ကို လျှောက်ထားခဲ့သည်။

မီးဖွားစရိတ်ငွေသားကို နှစ်လအတွင်း ရလိမ့်မည်ဟု သိရှိထားခဲ့သော်လည်း သြဂုတ်လရောက်မှသာ ၎င်း ရရှိခဲ့သည်။ ငွေလက်ခံမရရှိမီ အထောက်အထား စာရွက်စာတမ်းအများအပြားကို လက်မှတ်ရေးထိုးခဲ့ရပြီး လူမှုဖူလုံရေးရုံးသို့လည်း အခေါက်ခေါက် အခါခါ သွားခဲ့ရကြောင်း ၎င်းက ပြောသည်။

“မီးဖွားစရိတ်ရတာက ကျောက်ခဲရေပေါ်လာသလိုပဲ” ဟု ၎င်းက အောက်တိုဘာ ၁၃ ရက်က Frontier ကို ပြောသည်။

ကြန့်ကြာသော်လည်း ပေးသောပမာဏမှာ များပြားသည့်အတွက် ၂၀၁၂ ခု လူမှုဖူလုံရေးဥပဒေအရ မှတ်ပုံတင်ထားသော အလုပ်သမားများအတွက် အကောင်အထည်ဖော်သော စနစ်သစ်ကို မနန်းထွေးက သဘောကျသည်။

“စနစ်သစ်က စနစ်ဟောင်းထက် ပိုကောင်းပါတယ်။ ဒါပေမဲ့ လုပ်ထုံးလုပ်နည်းတွေ ရှုပ်ထွေးနေသေးတဲ့အတွက် စိတ်ရှုပ်စရာတော့ ကောင်းနေတုန်းပါပဲ” ဟု ၎င်းက ဆိုသည်။

ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုများ

၂၀၁၂ ခုနှစ် ဥပဒေသည် ၁၉၅၄ ခုနှစ် ဥပဒေကို အစားထိုးထားခြင်းဖြစ်သည်။ ယင်းဥပဒေသစ်တွင် ထည့်ဝင်ကြေးနှင့် ဆေးဝါးစောင့်ရှောက်မှု၊ နာမကျန်းဖြစ်မှု၊ မီးဖွားခွင့်နှင့် လုပ်ငန်းခွင်ထိခိုက်မှုအတွက် ခံစားခွင့်တို့ကို တိုးမြှင့်ပေးထားသည်။ မှတ်ပုံတင်ထားသော အလုပ်သမားများအတွက် စမတ်ကတ်များ ထုတ်ပေးရန်လည်း ပြဋ္ဌာန်းထားသည်။

နာမကျန်းမှုအတွက် ငွေသားအကျိုးခံစားခွင့်မှာ မှတ်ပုံတင်ထားသော လုပ်သားလစာ၏ ၅၀ ရာခိုင်နှုန်းသာ ယခင်ကပေးခဲ့ရာမှ ၆၀ ရာခိုင်နှုန်းသို့လည်းကောင်း၊ မီးဖွားစရိတ်ကို ၆၆ ဒသမ ၆၇ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းသို့လည်းကောင်း တိုးမြှင့်ပေးခဲ့သည်။ လုပ်ငန်းခွင်တွင် သေဆုံးသောအလုပ်သမားအတွက် သြင်္ဂိုဟ်စရိတ်ကို ယခင်က ကျပ် ၄၀,၀၀၀ ပေးခဲ့ရာမှ အလုပ်သမား လစဉ်ရရှိသောလစာ၏ ငါးဆအထိ တိုးပေးခဲ့သည်။

လုပ်ငန်းနှင့်ဆက်နွယ်နေသော ဒဏ်ရာများကုသရသည့် ကုန်ကျစရိတ် ပြန်အမ်းငွေကိုလည်း ၆၆ ဒသမ ၆၇ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းနှင့် လုပ်ငန်းခွင်တွင် သေဆုံးပါက ခံစားခွင့်ရှိသော မိသားစုဝင်များသည် ကွယ်လွန်သူ လစဉ်ရရှိသောလစာ၏ အဆ ၃၀ မှ အဆ ၈၀ အကြား ဝန်ထမ်းလုပ်သက်ပေါ်မူတည်၍ ကျန်ရစ်သူ အကျိုးခံစားခွင့် ရန်ပုံငွေမှ ရရှိနိုင်သည်။ ဥပဒေဟောင်းအရဆိုပါက လစာ၏ ၆၆ ဒသမ ၇ ရာခိုင်နှုန်းကို ရန်ပုံငွေမှ ပေးသော်လည်း အခြားအပိုခံစားခွင့်များ ထပ်မံမပေးအပ်တော့ပေ။

လူမှုဖူလုံရေးအဖွဲ့သည် ဥပဒေပြဋ္ဌာန်းပြီးနောက် နှစ်နှစ်အကြာ ၂၀၁၄ ခု၊ ဧပြီ ၁ ရက်တွင် ဥပဒေကို စတင်အကောင်အထည်ဖော်ခဲ့ကြောင်း ၂၀၀၈ မှ ၂၀၁၄ ခုနှစ်အထိ လူမှုဖူလုံရေးအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးယုလွင်အောင်က ဆိုသည်။

လူမှုဖူလုံရေးအဖွဲ့သည် စမတ်ကတ်များကို စတင်ထုတ်မပေးမီ ကွန်ပျူတာဒေတာစနစ်ကို အသုံးပြုနိုင်ရန် နှစ်နှစ်အချိန်ယူခဲ့ရကြောင်း ၂၀၁၄ ခု၊ အောက်တိုဘာတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တွင် အဖွဲ့ဝင်အဖြစ် ခန့်အပ်ခံရသူ ဦးယုလွင်အောင်က ဆိုသည်။

၂၀၁၅ မှစ၍ လူမှုဖူလုံရေးအဖွဲ့သည် Care Well အဖွဲ့နှင့် ပူးပေါင်းကာ ဆေးပေးခန်း သုံးခုကို ရန်ကုန်မြို့၌ ဖွင့်လှစ်နိုင်ခဲ့သည်။ ဓာတ်ပုံ - တေဇလှိုင်

၂၀၁၅ မှစ၍ လူမှုဖူလုံရေးအဖွဲ့သည် Care Well အဖွဲ့နှင့် ပူးပေါင်းကာ ဆေးပေးခန်း သုံးခုကို ရန်ကုန်မြို့၌ ဖွင့်လှစ်နိုင်ခဲ့သည်။ ဓာတ်ပုံ – တေဇလှိုင်

“ဒါပေမဲ့ အလုပ်ရှင်နဲ့ အလုပ်သမား ထပ်မံစေ့စပ်ညှိနှိုင်းဖို့လိုတဲ့အတွက် ဥပဒေမှာပါတဲ့ အကျိုးခံစားခွင့် ငါးချက်ထဲက သုံးချက်ကိုသာ ကျွန်တော်တို့ အကောင်အထည်ဖော်နိုင်ပါသေးတယ်” ဟု ၎င်းက ဆိုသည်။

ယင်းအကျိုးခံစားခွင့်များထဲတွင် ဆေးကုသမှုခံစားခွင့် ပါဝင်ပြီး မှတ်ပုံတင်ထားသော အလုပ်သမားများသည်  လူမှုဖူလုံရေးအဖွဲ့နှင့် မိတ်ဖက်အဖြစ် ဆောင်ရွက်ထားသော ပုဂ္ဂလိကဆေးပေးခန်းများ၌ အခမဲ့ဆေးကုသခွင့် ရှိသည်။

ကုသစရိတ်ကို လူမှုဖူလုံရေးအဖွဲ့က ဆေးပေးခန်းသို့ တိုက်ရိုက်ပေးချေပေးသည်။

လူမှုဖူလုံရေးအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးတွင် တာမွေနှင့် ထန်းတပင်တို့၌ ဆေးရုံနှစ်ရုံနှင့် မန္တလေးတွင် တစ်ရုံ အဖွဲ့ပိုင်ဆေးရုံ သုံးရုံကို ဖွင့်လှစ်ထားပြီး လူမှုဖူလုံရေး ဆေးပေးခန်း ၉၆ ခုကိုလည်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း အစိုးရကိန်းဂဏန်းများအရ သိရသည်။

“ဘုတ်အဖွဲ့ရဲ့စီမံခန့်ခွဲမှုအောက်မှာရှိတဲ့ ဆေးရုံနဲ့ ဆေးပေးခန်းတွေအပြင် စက်ရုံတွေက တည်ထောင်ထားတဲ့ ဌာနဆေးပေးခန်းကြီး ၅၅ ခန်းမှာလည်း ကျွန်မတို့က ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနေပါတယ်” ဟု လူမှုဖူလုံရေးအဖွဲ့ ဆေးကုသရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာလဲ့လဲ့ဝေက ပြောသည်။

ဝန်ထမ်း ၅၀ အထက်ရှိသော စက်ရုံများသည် အလုပ်သမားဥပဒေအရ မိမိတို့စက်ရုံဝင်းများအတွင်း၌ ဆေးပေးခန်းများကို ထူထောင်ထားရမည်ဖြစ်သည်။

“အဲဒီဆေးပေးခန်းတွေမှာ ကိုယ်ပိုင်ဆရာဝန်၊ သူနာပြုတွေ ထားရမှာဖြစ်ပြီး ကျွန်မတို့က ဆေးဝါးတွေ ထောက်ပံ့ပေးပါတယ်” ဟု ဒေါက်တာဒေါ်လဲ့လဲ့ဝေက Frontier ကို ပြောသည်။ ဆေးခွင့်နှင့်ပတ်သက်သော စာရွက်စာတမ်း အထောက်အထားများပေးရန် ဆေးပေးခန်းတွင် လိုအပ်ပါက လူမှုဖူလုံရေးအဖွဲ့က ဝန်ထမ်းတစ်ဦးကို သီးသန့်ခန့်ထားပေးသည်။

တိုးချဲ့သော လုပ်ငန်းများ

၂၀၁၅ ခုနှစ်တွင် လူမှုဖူလုံရေးအဖွဲ့သည် Care Well Medical ဟုခေါ်သော ရန်ကုန်အခြေစိုက် ကုမ္ပဏီတစ်ခုနှင့် သဘောတူစာချုပ်ချုပ်ဆိုခဲ့ရာ ယင်းသဘောတူစာချုပ်အရ ထိုနှစ်နှောင်းပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၌ ပထမဆုံး SSB-Care Well ဆေးပေးခန်းကိုဖွင့်လှစ်ရန်ခဲ့သည်။ ယခုနှစ် (၂၀၁၇ ခုနှစ်) မတ်လနှင့် စက်တင်ဘာလတို့တွင် မင်္ဂလာဒုံနှင့် ရွှေပြည်သာတို့၌ ဆေးပေးခန်းများ အသီးသီး ဖွင့်လှစ်နိုင်ခဲ့သည်။

လူမှုဖူလုံရေးတွင် မှတ်ပုံတင်ထားသော အလုပ်သမားများသည် SSB-Care Well ဆေးပေးခန်းများတွင် ဆေးကုသစရိတ်ပေးရန် မလိုအပ်ပေ။

“မှတ်ပုံတင်ထားတဲ့ အလုပ်သမားတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့နေရာမှာ ကျွန်မတို့အတွက် ငွေကြေးနဲ့ နည်းပညာအခက်အခဲတွေ ရှိနေပေမဲ့ ကျွန်မတို့ အစွမ်းကုန်ကြိုးစားနေပါတယ်” ဟု ဒေါက်တာ ဒေါ်လဲ့လဲ့ဝေက ဆိုသည်။ လူမှုဖူလုံရေးအဖွဲ့က ဆေးဝါးကုသစရိတ် ပေးနေကြောင်း ထပ်လောင်းပြောကြားသည်။

“ကျွန်မတို့မှာ အဆောက်အအုံတွေရှိတယ်။ ဆေးဝါးတွေ ဖြန့်ဖြူးပေးတယ်။ ဒါပေမဲ့ လူအင်အား မလုံလောက်တဲ့ ပြဿနာကြောင့် Care Well က ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းကို ဝင်ရောက်လုပ်ကိုင်ပေးနေရပါတယ်” ဟု ၎င်းက ဆိုသည်။

Care Well တွင် မရမ်းကုန်းမြို့နယ်၌  ပုဂ္ဂလိက ဆေးပေးခန်းတစ်ခုရှိပြီး ပြည်ပတွင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းကို ၁၀ နှစ်ကျော် ဆောင်ရွက်ခဲ့ဖူးသူ ဒေါက်တာ မူယာညွန့်က ဦးစီးဆောင်ရွက်လျက်ရှိသည်။

“၂၀၁၁ ခုနှစ်မှာ ကျွန်မ မြန်မာနိုင်ငံကို ပြန်ရောက်တော့ ကျွန်မက သူများတွေလုပ်နေတာနဲ့ မတူတာတွေ လုပ်ကြည့်ချင်ခဲ့တယ်” ဟု ၎င်းက ပြောသည်။ လူမှုဖူလုံရေးအဖွဲ့က ပုဂ္ဂလိကကဏ္ဍမှ ဆေးပေးခန်းများ၊ ဆေးရုံများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ၂၀၁၄ ခုနှစ် နှစ်ဦးပိုင်း၌ ပြောသောအခါ Care Well က စိတ်ဝင်စားပြီး အဆိုပြုချက် တင်သွင်းခဲ့သည်ဟု ၎င်းက ပြောသည်။

“ကျွန်မတို့ရဲ့ရည်ရွယ်ချက်က အလုပ်သမားတွေကို အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးဖို့ဖြစ်ပါတယ်” ဟု အောက်တိုဘာ ၁၂ ရက်က Frontier ကို ၎င်းက ပြောသည်။ ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများ၌ ဆေးပေးခန်းကွန်ရက်များ ဖြန့်ကျက်ရန် လူမှုဖူလုံရေးအဖွဲ့နှင့်ဆက်လက်၍ ပူးပေါင်းဆောင်ရွက်ရန် ကုမ္ပဏီက စိတ်ဝင်စားကြောင်း ထပ်လောင်းပြောကြားသည်။

“ဥပမာအနေနဲ့ဆို ရွှေပြည်သာ စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီက သူတို့အလုပ်သမားတွေအတွက် ဆေးပေးခန်းတစ်ခုဖွင့်ဖို့ ကျွန်မတို့ကို ဖိတ်ခေါ်လို့ အဲ့ဒီမှာ SSB-Care Well ဆေးခန်းကို ဖွင့်ဖြစ်တာပါ” ဟု ဒေါက်တာ မူယာညွန့်က ပြောသည်။ ဆေးပေးခန်းကို စက်တင်ဘာက စတင်အသုံးပြုခဲ့ပြီး အောက်တိုဘာ ၁၄ ရက်မှာ တရားဝင်ဖွင့်လှစ်ခဲ့သည်။

လူနာ အဆမတန် များပြားသဖြင့် ပြဿနာအချို့ရှိသော်လည်း SSB-Care Well ဆေးပေးခန်းများ၌ ကျန်းမာရေး စောင့်ရှောက်မှုပေးသောအဆင့်ကို ကျေနပ်ကြောင်း အလုပ်သမားတို့က ပြောကြားကြသည်။ လူမှုဖူလုံရေးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုးတက်မှုများ ရှိခဲ့ကြောင်း ၎င်းတို့က ပြောသည်။

“အဲဒီမှာက ကျွန်မကို ဘယ်သူကမှ မအော် မငေါက်ဘူး။ အဲဒါက လူမှုဖူလုံရေး ဆေးပေးခန်းနဲ့နှိုင်းယှဉ်ရင် အကြီးမားဆုံး ကွာခြားချက်ပါပဲ” ဟု လှိုင်သာယာ ဆေးပေးခန်းအပြင်ဘက်တွင် တွေ့ဆုံမေးမြန်းခဲ့သော အထည်ချုပ်စက်ရုံ အလုပ်သမ မဇင်နီနီလွင်က ပြောသည်။ ဆေးပေးခန်းကို အသုံးပြုရာမှာ အကောင်းဆုံး အချက်တစ်ချက်မှာ ငွေကြေးပေးရန်ကိစ္စကို မပူပင်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကြီးထွားလျက်ရှိသော နာကျင်မှုများ

၂၀၁၂ ခုနှစ်မှစ၍ လူမှုဖူလုံရေး အစီအစဉ်များကို ပြောင်းလဲခဲ့ရာ သူတို့ဝန်ထမ်းများအတွက် လူမှုဖူလုံရေး အစီအစဉ်မှ အကျိုးခံစားခွင့်ရရှိအောင် ဆောင်ရွက်ပေးရန် စိတ်ဝင်စားလာသော ကုမ္ပဏီများ ရှိလာအောင် ဆွဲဆောင်နိုင်ခဲ့ကြောင်း လူမှုဖူလုံရေးအဖွဲ့ အာမခံဌာနခွဲ၏ ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းနုက ပြောသည်။ 

လူမှုဖူလုံရေးအဖွဲ့တွင် မှတ်ပုံတင်ထားသော အလုပ်သမား အရေအတွက်မှာ ၂၀၁၄ ခုနှစ်က ၄၀၀,၀၀၀ ရှိခဲ့ရာမှ ယခင်လစာရင်းအရ စုစုပေါင်းလူဦးရေမှာ ၁,၀၈၉,၅၅၉ ဦးအထိ ရှိခဲ့ကြောင်း ၎င်းက ပြောသည်။

အလုပ်သမား ကိန်းဂဏန်းများ ဖောင်းပွနေသည့်အတွက် စမတ်ကတ်ထုတ်ပေးရေးကိစ္စကို လူမှုဖူလုံရေးအဖွဲ့က ရပ်ဆိုင်းထားရကြောင်း ဒေါ်သန်းသန်းနုက ပြောသည်။

“အဲဒီအစား ကျွန်မတို့က အလုပ်သမားတွေကို ယာယီကတ်ပြားတွေပဲ ထုတ်ပေးထားပါတယ်” ဟု အောက်တိုဘာ ၁၃ ရက်တွင် ဒေါ်သန်းသန်းနုက Frontier ကို ပြောသည်။ အလုပ်သမား ကိန်းဂဏန်းများကို စနစ်တကျ ထပ်မံကောက်ယူလျက်ရှိသည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

စမတ်ကတ် ၆၀၀,၀၀၀ ကျော်နှင့် ယာယီကတ်ပြား ၃၀၀,၀၀၀ ကို ထုတ်ပေးထားပြီးဖြစ်ကြောင်း ဒေါ်သန်းသန်းနုက ဆိုသည်။ အချက်အလက် သိုလှောင်ရေးစနစ်ကို ဆောင်ရွက်ပေးသော ကုမ္ပဏီနှင့် စမတ်ကတ်ထုတ်လုပ်သည့် အခြားကုမ္ပဏီတို့နှင့် ချုပ်ဆိုထားသော သဘောတူစာချုပ်တို့ကို လူမှုဖူလုံရေးအဖွဲ့က ရပ်ဆိုင်းထားကြောင်း ၎င်းက ပြောသည်။

“ကျွန်မတို့ လေလံတွေ ထပ်ခေါ်ပါမယ်။ နှစ်နှစ်အတွင်းလောက်နဲ့တော့ မပြီးလောက်ဘူး ထင်ပါတယ်” ဟု ၎င်းက ပြောသည်။

ဓာတ်ပုံ - တေဇလှိုင်

ဓာတ်ပုံ – တေဇလှိုင်

၂၀၁၂ ခုနှစ် ဥပဒေအရ ပြောင်းလဲမှုများကို အကောင်အထည်ဖော်ရာတွင် နှောင့်နှေးမှုများအပါအဝင် လူမှုဖူလုံရေးအဖွဲ့၏ ဆောင်ရွက်မှုများကို ဦးယုလွင်အောင်က လေ့လာသုံးသပ်လျက်ရှိသည်။

“ကျွန်တော်စပြီး စီမံခန့်ခွဲခဲ့ရတဲ့ အချိန်နောက်ပိုင်းမှာ ကျန်းမာရေး စောင့်ရှောက်မှုအတွက် အသုံးစရိတ်က ခုနစ်ဆကနေ ဆယ်ဆအထိ မြင့်တက်လာတယ်” ဟု ၎င်းက ပြောသည်။

ဆေးဝါးဝန်ဆောင်မှုဆောင်ရွက်ရန် ကုမ္ပဏီတစ်ခုတည်းနှင့် ပဋိညာဉ်စာချုပ်ချုပ်နိုင်ရေးအတွက် လူမှုဖူလုံရေးအဖွဲ့က ဆုံးဖြတ်သဖြင့် အချို့ကိစ္စများ၌ ကုန်ကျစရိတ်များ ပိုမိုမြင့်မားစေခဲ့ကြောင်း ဦးယုလွင်အောင်က ပြောသည်။

ထည့်ဝင်ကြေးများမှ ငွေကြေးအမြောက်အမြား ရနေသည့် လူမှုဖူလုံရေးအဖွဲ့ကို ပုဂ္ဂလိကထံ လွှဲလိုက်ပါက ပိုမိုထိရောက်စွာ လည်ပတ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လူမှုဖူလုံရေးစနစ်ကို အဆင့်မြှင့်မည်ဆိုပါက စိန်ခေါ်မှုအများအပြားနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ဒေါ်သန်းသန်းနုက ဝန်ခံပြောကြားသည်။ သို့သော်လည်း လူမှုဖူလုံရေးအဖွဲ့က ဆောင်ရွက်နေသော နည်းလမ်းများကို ပြောင်းလဲပစ်ရန်မလိုကြောင်း ၎င်းက အခိုင်အမာပြောသည်။

“လွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်လာဖို့ ကျွန်မတို့ အသင့်မဖြစ်သေးပါဘူး” ဟု ၎င်းက ပြောကြားသည်။

ဉာဏ်တင် ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.