“အလုပ်တစ်ခုကို ကျွန်မလုပ်နိုင်ကြောင်း ကျွန်မကိုယ် ကျွန်မ သက်သေပြတာပါ”- အမျိုးသမီးများရဲ့ အသံ

မြန်မာနိုင်ငံ၏ လုပ်ငန်းနယ်ပယ်အသီးသီး၌ အမျိုးသမီးများအပေါ်ရှုမြင်ပုံနှင့် အမျိုးသမီး အခွင့်အရေးနှင့် တန်းတူရည်တူရရှိမှုတို့နှင့် ပတ်သက်ပြီး သီလရှင်တစ်ပါး၊ ပန်းချီဆရာမတစ်ဦး၊ ရှေ့နေတစ်ဦးနှင့် စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးတို့က ၎င်းတို့၏ ဘဝနှင့် အတွေ့အကြုံများဖြင့် နှိုင်းယှဉ် ပြောပြထားသည်။

Katrin Schregenberger ရေးသားသည်။

နိုင်ငံတကာ အမျိုးသမီးများနေ့ကို မတ် ၈ ရက်နေ့က ကျင်းပခဲ့ရာတွင် မြန်မာနိုင်ငံ၏ အမျိုးသမီး အခွင့်အရေးနှင့် ပတ်သက်ပြီး ပြန်လည်ဆွေးနွေးမှုများ ပေါ်ပေါက်လာခဲ့သည်။

ယခုနှစ်အတွက် အမျိုးသမီးများနေ့၏ အနှစ်သာရမှာ ကျေးလက်နှင့် မြို့ပြမှ တက်ကြွလှုပ်ရှားသူများအနေဖြင့် အမျိုးသမီးများ၏ ဘဝများကို မြှင့်တင်ပေးရန် အချိန်ကျရောက်ပြီဟူ၍ ဖြစ်သည်။ ၎င်းမှာ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းက ကျေးလက်ဒေသများတွင် နေထိုင်နေကြသော မြန်မာနိုင်ငံအတွက် အထူး ရွေးချယ်ပေးထားသည့် အလားပင်ဖြစ်သည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ တိုင်းပြည် လူဦးရေ ၅၁ ဒသမ ၅ သန်း တွင် ၅၁ ဒသမ ၇၈ ရာခိုင်နှုန်းသည် အမျိုးသမီးများ ဖြစ်ကြသည်။ အတိအကျဆိုပါက အမျိုးသမီး ၂၆,၆၆၁,၆၆၇ ဦး ရှိနေခြင်း ဖြစ်သည်။ လူဦးရေအချိုးအစားမှာ အမျိုးသမီး ၁၀၀ တွင် အမျိုးသား ၉၃ ယောက်သာ ရှိနေသည်။

ပညာရေးတွင် အမျိုးသမီးများက အမျိုးသားများထက် ပိုမိုသာလွန်နေသည်။ အထူးသဖြင့် ဘွဲ့ရနှင့် ဘွဲ့လွန် အဆင့်များတွင် ဖြစ်သည်။ သို့သော် အလုပ်အကိုင်တွင်မူ အခွင့်အရေး သာလွန်မှု မရရှိကြပေ။ သန်းခေါင်စာရင်းတွင် ပါဝင်သည့် ကိန်းဂဏန်းများအရ အထက်တန်းလွန် ပညာရေး ရရှိထားသူများတွင် အမျိုးသမီး ၆၂ ရာနှုန်းသာ အလုပ်အကိုင် ရှိကြပြီး အမျိုးသားများမှာမူ ၇၆ ရာခိုင်နှုန်းအထိ အလုပ်ရရှိနေကြသည်။ ကိန်းဂဏန်းများက ပြောကြားနေသည်မှာ အမျိုးသမီးများမှာ ပျမ်းမျှအားဖြင့် အမျိုးသားများထက် အလုပ်လုပ်ကိုင်မှု နည်းပါးသည်။ အမျိုးသားများ ၈၅ ဒသမ ၂ ရာခိုင်နှုန်းက အလုပ်လုပ်ကိုင်နေကြပြီး အမျိုးသမီး ၅၀ ဒသမ ၅ ရာခိုင်နှုန်းသာ အလုပ်လုပ်ကိုင်သည်။ အလုပ်လက်မဲ့ နှုန်းတွင်လည်း အမျိုးသမီးများက ပိုများပြီး ၄ ဒသမ ၁ ရာခိုင်နှုန်း ရှိနေချိန်တွင် အမျိုးသား အလုပ်လက်မဲ့နှုန်းမှာ ၃ ဒသမ ၉ ရာခိုင်နှုန်းသာ ရှိနေသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိခဲ့သော ၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်များလည်း များပြားလာခဲ့ရာ ပြည်ထောင်စုလွှတ်တော်တွင် ၅ ဒသမ ၉ ရာခိုင်နှုန်းမှ ၁၄ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များတွင်လည်း ၃ ဒသမ ၉ ရာခိုင်နှုန်းမှ ၁၂ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။

သို့သော် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံခြင်းမှာ မြန်မာနိုင်ငံတွင် ပြဿနာတစ်ရပ် ဖြစ်နေသည်။ အိမ်တွင်း အကြမ်းဖက်မှုများလည်း အများအပြား ရှိနေဆဲဖြစ်သည်။

ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က ၂၀၁၇ ခုနှစ် ထုတ်ပြန်သော လိင် တန်းတူအခွင့်အရေး မရရှိမှု အညွှန်းကိန်း (Gender Inequality Index) တွင် နိုင်ငံပါင်း ၁၈၈ နိုင်ငံအနက် မြန်မာနိုင်ငံက အဆင့် ၈၀ တွင် ရှိနေသည်။

ဒေါ်ကေတုမာလ

ဗုဒ္ဓဘာသာ သီလရှင်တစ်ပါးဖြစ်သော အသက် ၃၇ နှစ်အရွယ် ဒေါ်ကေတုမာလသည် ထေရဝါဒ ဗုဒ္ဓဘာသာတွင် သီလရှင်များ၏ အရေးပါမှုကို မြှင့်တင်လိုသူ ဖြစ်သည်။ သို့သော် အမျိုးသမီး အခွင့်အရေး မြှင့်တင်လိုသူဟု ခေါ်ဆိုမှုကိုမူ သူမက မနှစ်သက်ပေ။

မြန်မာနိုင်ငံတွင် သီလရှင်ဦးရေ ၆၀,၀၀၀ ခန့် ရှိသည်။ သို့ရာတွင် ၎င်းတို့မှာ ဘာသာရေးတွင် ဘုန်းတော်ကြီးများလောက် အရေးမပါကြဟု သူမက ဆိုသည်။ 

အမျိုးသမီးတစ်ဦး သီလရှင်ဝတ်ပါက ဘုန်းတော်ကြီးများကဲ့သို့ပင် လောကီ အရေးကိစ္စများကို စွန့်လွှတ်ရမည်ဖြစ်သည်။

ketumala.jpg

ဓာတ်ပုံ-Katrin Schregenberger

“သီလရှင်တွေက ခေါင်းတုံးရိတ်ရတယ်။ မိမိရဲ့ အရင်ဘဝနဲ့ မိသားစုကို စွန့်လွှတ်ရတယ်။ လောကီပညာရေးတွေကို စွန့်လွှတ်ရတယ်။ ဒါပေမဲ့ လူ့အဖွဲ့အစည်းက ဘုန်းတော်ကြီးတွေလို လက်မခံကြဘူး” ဟု Dhamma School Foundation ကို တည်ထောင်သူ ဒေါ်ကေတုမာလက ဆိုသည်။ Dhamma School Foundation သည် မြန်မာနိုင်ငံတစ်ဝန်းတွင် ဗုဒ္ဓဘာသာ သင်တန်းကျောင်း ၄,၈၀၀ ခန့်ကို ဖွင့်လှစ်ထားသည်။ 

ထေရဝါဒ ဗုဒ္ဓဘာသာ၏ အစောပိုင်းကာလများက သီလရှင်များကို ဘုန်းတော်ကြီးများကဲ့သို့ သဘောထားပြီး ဘိက္ခုနီဟု ခေါ်ဆိုကြသည်။ လွန်ခဲ့သည့် နှစ် ၁,၀၀၀ ခန့်ကစတင်ပြီး ဘိက္ခုနီများ ပျောက်ကွယ်သွားသောအခါ ဘိက္ခုနီဝတ်မည့် အမျိုးသမီးများလည်း နည်းပါးသွားသည်။

ထိုအချိန်မှစတင်ပြီး ထေရဝါဒ ဗုဒ္ဓဘာသာ ထွန်းကားသော မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် သီရိလင်္ကာနိုင်ငံများတွင် သီလရှင်များမှာ ဝိနည်း ၁၀ ပါးဖြင့်သာ နေထိုင်ကြသည်။ ဘုန်းတော်ကြီးများကမူ ဝိနည်း ၂၂၇ ပါးဖြင့် နေထိုင်ရသည်။

အမျိုးသမီးများကို ဘိက္ခုနီအဖြစ် ဝတ်ခွင့်ပေးခြင်းသည် မြန်မာနိုင်ငံတွင် အထိမခံသော အကြောင်းအရာ ဖြစ်သောကြောင့် ဒေါ်ကေတုမာလက မဆွေးနွေးလိုပေ။ ယခင်က ဆွေးနွေးခဲ့သဖြင့် ဘာသာရေးအဖွဲ့အစည်းများ၏ ပြစ်တင်ဝေဖန်မှုများကို ခံခဲ့ရသည်။ 

လူ့အဖွဲ့အစည်းက သီလရှင်များကို အရာမသွင်းကြခြင်းသည် ဒေါ်ကေတုမာလအတွက် ပြဿနာတစ်ရပ် ဖြစ်နေသည်။ ဒေါ်ကေတုမာလသည် အသက် ၁၈ နှစ်အရွယ်တွင် သီလရှင် ဝတ်ခဲ့ခြင်း ဖြစ်သည်။ 

“အမျိုးသားတစ်ယောက် ဘုန်းကြီးဝတ်ရင် လူတွေက လေးစား အထင်ကြီးကြတယ်။ အမျိုးသမီး တစ်ယောက် မယ်သီလရှင်ဝတ်ရင် ဘာကြောင့် ဝတ်သလဲလို့ သင်္ကာမကင်း ဖြစ်ကြတယ်။ ကျန်းမာရေးကြောင့် ဝတ်တာလားလို့ ထင်ကြတယ်” ဟု ဒေါ်ကေတုမာလက ပြောသည်။

သီလရှင်များကို ဘုန်းတော်ကြီးများနှင့် ယှဉ်လျှင် အရာသွင်းမှု နည်းပါးခြင်းကို အမျိုးသမီး အခွင့်အရေး ပြဿနာတစ်ခုအဖြစ် ရှုမြင်နိုင်သော်လည်း ဒေါ်ကေတုမာလကမူ အဓိက အရေးကြီးသည်မှာ ဘာသာရေး ကျင့်ဝတ်များကို လိုက်နာခြင်းသာ ဖြစ်သည်ဟု ဆိုသည်။ “ဆရာလေးတို့က မြတ်စွာဘုရားရဲ့ အဆုံးအမကို လိုက်နာပါတယ်” ဟု သူမက ဆိုသည်။

သီလရှင်များ အရာသွင်း မခံရခြင်းနှင့် ပတ်သက်ပြီး ထုတ်ဖော်ပြောကြားသောကြောင့် လူအများက သူမကို နှိမ့်ချမှု မရှိသော သီလရှင်အဖြစ် ထင်မြင်ကြသည်ဟု ဆိုသည်။ 

သူမ၏ ရည်ရွယ်ချက်တစ်ခုမှာ သီလရှင်များက လူအဖွဲ့အစည်း ကောင်းကျိုးကို ဆောင်ရွက်နိုင်စေရန် ဖြစ်သည်။ အထူးသဖြင့် အမျိုးသမီးများ၏ ကောင်းကျိုးကို လုပ်ဆောင်ပေးနိုင်ရန် ဖြစ်သည်။

“သီလရှင်တွေက သီလရှင်ကျောင်းမှာဘဲ ကောင်းရာကောင်းကျိုး ဆောင်ရွက်နိုင်တယ်။ လူ့အဖွဲ့အစည်းအတွက် ပြင်ပမှာလည်း သွားရောက်ဆောင်ရွက်ပေးနိုင်သင့်တယ်” ဟု ဒေါ်ကေတုမာလာက ပြောသည်။

ဒေါ်စန္ဒာခိုင်

အသက် ၄၆ နှစ်ရှိပြီဖြစ်သည့် ဒေါ်စန္ဒာခိုင်သည် ကိုယ်လုံးတီးပန်းချီကားများကို ရေးဆွဲသည့် အမျိုးသမီး ပန်းချီဆရာမတစ်ဦး ဖြစ်သည်။ ကိုယ်လုံးတီး ရုပ်ပုံများကို ညစ်ညမ်းသည်ဟု လူအများက ယူဆထားသော မြန်မာနိုင်ငံတွင် ၎င်းက ရဲရဲဝင့်ဝင့် ရွေးချယ်ခဲ့သော အလုပ်အကိုင် ဖြစ်သည်။ 

၎င်းသည် Myanmar Fine Arts Collective ၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။ ရန်ကုန်မြို့ရှိ New Treasurd Art Gallery တွင် ပြပွဲ ပြသသောအခါ ဒေါ်စန္ဒာခိုင်လည်း ပါဝင်ခဲ့သည်။ သူမသိထားသလောက် စစ်အစိုးရလက်ထက်တွင် သက်ရှိ လူများ၏ ကိုယ်လုံးတီးရုပ်ပုံများကို ရေးဆွဲခဲ့သော တစ်ဦးတည်းသော ပန်းချီဆရာမလည်းဖြစ်သည်ဟု သူမကဆိုသည်။ ထိုအချိန်က ကိုယ်လုံးတီးရုပ်ပုံများအား အနုပညာမြောက် ဖန်တီးမှုသည် ဆင်ဆာဖြတ်တောက်ခြင်းများကို အမြဲတစေ ကြုံတွေ့နေရသည်။ 

သူမ၏ လက်ရာများအများစုတွင် ဝဝကစ်ကစ် အမျိုးသမီးလေးများက ကင်မရာပေါက်မှ ချောင်းကြည့်နေကြပုံများဖြစ်သည်။ သက်ရှိအရွယ် ရုပ်ပုံများက ကြည့်ရှုနေသူများကို ပြန်ငေးကြည့်သည့် ပန်းချီများ ဖြစ်သည်။

သူမကဲ့သို့ပင် ကိုယ်လုံးတီးပုံများ ရေးဆွဲနေသည့် ပန်းချီအနုပညာရှင်တစ်ဦးကို ဒေါ်စန္ဒာခိုင်က လက်ထပ်ထားသည်။ 

nswks-7_6.jpg

ဓာတ်ပုံ-Katrin Schregenberger

၂၀၁၂ ခုနှစ်တွင် ဆင်ဆာအဖွဲ့ကို ဖျက်သိမ်းလိုက်သော်လည်း သူမ၏ ဖန်တီးမှုများကို လူအများ လက်ခံလာအောင် ရုန်းကန်နေရဆဲ ဖြစ်သည်။ 

“လူတွေက ဒီပန်းချီကို ညစ်ညမ်းမှုနဲ့ ရောထွေးနေတယ်။ ဒါကလည်း အနုပညာ ဖန်တီးမှုကို ဖော်ပြတယ်ဆိုတာ နားမလည်ကြဘူး” ဟု သူမက ဆိုသည်။ 

ထို့ကြောင့် သူမနှင့် မိဘများ နေထိုင်သော အိမ်သို့ ဧည့်သည် လာမည်ဆိုပါက သူမ၏ ပန်းချီများကို ဖွက်ထားရသည်။ သူမ၏ စတူဒီယိုတွင်လည်း ထိုပန်းချီများကို အခန်းနောက်ဘက်တွင် ထားရသည်။

သူမ၏ ဖခင်က အိမ်မှ ကလေးများကို သူမ၏ ပန်းချီများထားသော အခန်းထဲမှ မောင်းထုတ်နေရသော်လည်း ဒေါ်စန္ဒာခိုင်ကမူ အခြားပန်းချီဆရာများအား သက်ရှိလူ မော်ဒယ်နှင့် ရေးဆွဲခြင်းကို လေ့ကျင့်ကြရန် တိုက်တွန်းလေ့ရှိသည်။

“အနုပညာရှင် တစ်ယောက်အတွက် ခန္ဓာဗေဒကို ကောင်းစွာ သိရှိခြင်းက ဆရာဝန်တစ်ယောက်ကဲ့သို့ပင် အရေးကြီးပါတယ်” ဟု သူမက ဆိုသည်။ သို့သော် ရေးဆွဲရမည့် မော်ဒယ် ရှာဖွေရခြင်းမှာ ခက်ခဲလှသည်။ ဒေါ်စန္ဒာခိုင်က ပြည့်တန်ဆာများကို ကိုယ်လုံးတီးမော်ဒယ်အဖြစ် လုပ်ဆောင်ပေးရန် အကူအညီ တောင်းသောအခါတွင် ငြင်းပယ်ခံရလေ့ရှိသည်။ 

အခြား စိန်ခေါ်မှုတစ်ခုမှာ အမျိုးသမီး ပန်းချီဆရာများ ရှားပါးပြီး အမျိုးသားများလောက် အလုပ်အကိုင် အခွင့်အလမ်း မကောင်းကြခြင်း ဖြစ်သည်။

အာရှဒေသတွင် ကျင်းပသော ပန်းချီပြပွဲတစ်ခုသို့ တစ်ဦးတည်းသော မြန်မအမျိုးသမီး ပန်းချီဆရာမအဖြစ် ဖိတ်ကြားခံခဲ့ရပုံကိုလည်း သူမက ပြန်လည်သတိရနေသည်။

အမျိုးသားများသာ ပါဝင်သောအဖွဲ့နှင့် အတူခေါ်သွားရန် မသင့်လျော်ဟု သူတို့က ဆုံးဖြတ်ပြီး သူမကို မတိုင်ပင်ဘဲ မြန်မာပြည်တွင် ချန်ထားခဲ့ကြသည်ဟု သူမက ဆိုသည်။

အပိုဝင်ငွေရရှိရန် ပန်းချီသန်တန်းများ ဖွင့်လှစ်ကာ ငွေကြေးရှာဖွေနေရသော ဒေါ်စန္ဒာခိုင်က အနုပညာရှင် တစ်ယောက်အနေဖြင့် အသက်မွေးရခြင်းမှာ ခက်ခဲသည်ဟု ဆိုသည်။ သူမသည် တစ်ခါတစ်ရံတွင် ပန်းချီဆွဲသော အလုပ်ကို စွန့်လွှတ်ရမည်လားဟုပင် တွေးမိသည်ဟု ဆိုသည်။ သို့ရာတွင် သူမ၏ ဘဝကို ပျော်ရွှင်စေသည်မှာ ပန်းချီဆွဲရသော အလုပ်ပင် ဖြစ်သည်။ 

မစိမ့်ဇာနည်

အသက် ၃၂ နှစ် ရှိပြီဖြစ်သော မစိမ့်ဇာနည်သည် Yangon Justice Center တွင် ရှေ့နေတစ်ဦးအဖြစ် လုပ်ကိုင်နေသည်။ ထိုစင်တာသည် ဆင်းရဲသော လူတန်းစားများအတွက် ဥပဒေရေးရာများကို အခမဲ့ အကြံဉာဏ်များပေးနေသော NGO အဖွဲ့အစည်း တစ်ခုဖြစ်သည်။ 

သူမမှာ အဒေါ်ဖြစ်သူ၏ အကြံဉာဏ် ပေးမှုဖြင့် ရှေ့နေတစ်ယောက် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ သူမ၏ အချိန်များစွာကို လိင်အကြမ်းဖက်ခံရသော အမျိုးသမီးများဘက်မှ ကာကွယ်ပေးခြင်းဖြင့် ကုန်ဆုံးစေသည်။

“လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ၊ အဓမ္မ ပြုကျင့်မှုတွေမှာ အမျိုးသမီးတွေကို အသေးစိတ် မေးမြန်းရတဲ့အတွက် အနေရခက်တဲ့ အခြေအနေကို ကျွန်မခံစားရပါတယ်” ဟု သူမက ဆိုသည်။ 

ထိုသို့ မေးမြန်းရသောအခါ ထိုအမျိုးသမီးများက သူမသည် သူတို့အပေါ် စာနာမှု မရှိဟု ထင်မြင်နေကြသည်ကို သူမရိပ်စားမိသည်။ သူမအား အမျိုးသမီးတွေအပေါ် သစ္စာဖောက်သူအဖြစ် ရှုမြင်ကြသည်။ “ဒါပေမဲ့ ရှေ့နေတစ်ယောက်ဆိုတော့ အမျိုးသမီးပဲဖြစ်ဖြစ် အမျိုးသားပဲဖြစ်ဖြစ် မေးရမှာပဲ” ဟု သူမက ဆိုသည်။ 

ဥပဒေ ပညာရပ်ကို လေ့လာရန် အမျိုးသမီးများက အမျိုးသားများထက် အမှတ်ပိုများရန် လိုအပ်သော်လည်း သူမနှင့်အတူ ဒဂုံတက္ကသိုလ်တွင် တက်ရောက်ကြသူအများစုသည် မိန်းကလေးများ ဖြစ်ကြသည်ဟု သူမက ဆိုသည်။ သို့သော် လုပ်ငန်းခွင် ဝင်သောအခါတွင် ပြောင်းပြန် ဖြစ်သွားသည်။ သူမသည် အမျိုးသား အများစုနှင့်သာ အလုပ်လုပ်ကိုင်ရတော့သည်။ 

အမျိုးသားများသည် ပိုမို ဉာဏ်ကောင်းသောကြောင့် ပုဂ္ဂလိကကဏ္ဍတွင် ပိုမိုလုပ်ကိုင်ကြပြီး အမျိုးသမီးများကမူ စနစ်ကျပြီး ပိုမို စည်းကမ်းကောင်းသောကြောင့် အစိုးရရုံးများတွင် တရားသူကြီးများ၊ ဥပဒေအရာရှိများအဖြစ် လုပ်ကိုင်ကြခြင်းဖြစ်လိမ့်မည်ဟု သူမက ဆိုသည်။

ပဲခူးမြို့တွင် ကြီးပြင်းလာခဲ့သော မစိမ့်ဇာနည်က လူ့အဖွဲ့အစည်းတွင် အမျိုးသမီးများကို ယခင်ကထက် လေးစားမှု ပိုရှိလာကြသည်ဟု ဆိုသည်။

“ကျွန်မတို့ အဖိုးအဖွားခေတ်ကဆိုရင် အမျိုးသမီးတွေက စာရေးစာဖတ်လောက်ပဲ ပညာသင်ကြားရပြီး နောက်တော့ အိမ်မှုကိစ္စပဲ လုပ်ကိုင်ကြရတယ်” ဟု သူမက ပြောသည်။ 

အမျိုးသမီးများကို ယခင်က ကန့်သတ်ထားသည့် ရှေးရိုးစဉ်လာများလည်း တဖြည်းဖြည်း ပျောက်ကွယ်လာသည်ဟု သူမက ဆိုသည်။

မခိုင်ခိုင်နွယ်

ဒေါ်ရိုစ့်လင်း ခိုင်ခိုင်နွယ်သည် စီးပွားရေးအသိုင်းအဝိုင်းတွင် အခြားအမျိုးသမီးများထက် ပိုမို ထင်ရှားသည်။

၂၀၁၁ ခုနှစ်တွင် သူမသည် မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ ပထမဆုံးသော အမျိုးသမီး တွဲဖက် အတွင်းရေးမှူးချုပ် ဖြစ်လာခဲ့သည်။ ထိုရာထူးတွင် သူမသည် အကြိမ်ကြိမ် ခန့်ထားခံရခြင်း ဖြစ်သည်။

ဒေါ်ခိုင်ခိုင်နွယ်သည် ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ဂျီနီဗာမြို့တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားကွန်ဖရင့် (International Labour Conference) တွင် အလုပ်ရှင်များဘက်မှ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သည်။ မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အဖွဲ့ဝင်အဖြစ် ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ လုပ်ကိုင်ခဲ့သည်။ 

khinkhinenwe.jpg

ဓာတ်ပုံ-Katrin Schregenberger

ထို့ပြင် မြန်မာအထည်ချုပ်လုပ်ငန်းရှင်များ အသင်း၏ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်ကာ မြန်မာအထည်ချုပ်လုပ်ငန်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုဌာန (Myanmar Garment Human Resources Development Centre) ၏ ဥက္ကဋ္ဌ ဖြစ်သည်။ အထည်ချုပ်လုပ်ငန်းကို ၁၉၉၄ ခုနှစ်ကတည်းက လုပ်ကိုင်ခဲ့သော Best Industrial Co Ltd ၏ လက်ထောက် စီမံခန့်ခွဲရေး ဒါရိုက်တာလည်း ဖြစ်သည်။ 

ဒေါ်ခိုင်ခိုင်နွယ်က အမျိုးသားများ အများစု လွှမ်းမိုးထားသော စီးပွားရေးလောကတွင် လူအများ ပြောနေကြသည့် လိင်ခွဲခြားဆက်ဆံမှုဆိုသည်ကို သူမ တစ်ခါမှ မကြုံရဖူးကြောင်း ပြောသည်။ ကြုံရပါကလည်း သူမက အလွယ်တကူပင် ငြင်းပယ်နိုင်သည်ဟု ဆိုသည်။ အဓိကအချက်မှာ ပရော်ဖက်ရှင်နယ်ပီသရန်နှင့် အကောင်းဆုံးများရရှိရေး အမြဲတမ်း ကြိုးစားနေရန် ဖြစ်သည်ဟု သူမက ပြောသည်။

“ကျွန်မက ဘယ်သူနဲ့မှ မပြိုင်ပါဘူး။ အမျိုးသားတစ်ယောက်နဲ့ တူအောင်လည်း မနေထိုင်ပါဘူး။ အလုပ်တစ်ခုကို ကျွန်မလုပ်နိုင်ကြောင်း ကျွန်မကိုယ် ကျွန်မ သက်သေပြတာပါ” ဟု သူမက Frontier ကိုပြောသည်။

မြန်မာ့လူ့အဖွဲ့အစည်းက အမျိုးသားများကို အလေးထားကြသည်ဆိုသည်မှာ မှန်ကန်ပြီး ထိုအချက်မှာ ပြောင်းလဲသွားမည်မဟုတ်ဟုလည်း သူမက ပြောသည်။

“ဒီလိုဆိုလို့ အမျိုးသမီးတွေက အမျိုးသားတွေလို မအောင်မြင်နိုင်ဘူးလို့ မဆိုလိုပါဘူး။ သူတို့ ကြိုးစားရင် အောင်မြင်နိုင်ပါတယ်။ အမျိုးသားတွေက ယောင်္ကျားလေး ဖြစ်နေတာနဲ့ အားလုံးကို အောင်မြင်နိုင်တယ်လို့ အမျိုးသမီးတွေက မမှတ်ယူသင့်ပါဘူး” ဟု သူမက ပြောသည်။ 

“အင်္ကျ ီချုပ်တဲ့ အလုပ်က မိန်းကလေး အလုပ်မဟုတ်ပါဘူး။ အထုပ်အပိုးပြင်တဲ့ အလုပ်ကလည်း အမျိုးသား အလုပ်မဟုတ်ပါဘူး။ အားလုံးက လူသားတွေ လုပ်နိုင်တဲ့ အလုပ်တွေပါ” ဟု သူမက ဆက်လက်ပြောသည်။  

ထို့ပြင် စီးပွားရေးလုပ်ငန်းများ၌ အောင်မြင်နေသော မြန်မာအမျိုးသမီး များစွာရှိသည်ဟု ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။ သို့ရာတွင် ယဉ်ကျေးမှု အတားအဆီးများကြောင့် လူအများရှေ့သို့ မထွက်ကြခြင်းဖြစ်သည်ဟု ဆိုသည်။ 

“ကျွန်မက အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူ မဟုတ်ပါဘူး” ဟု သူမက ပြောသည်။ ထို့ပြင် ထိုစကားလုံးကို မည်သို့ အဓိပ္ပါယ် ဖွင့်ဆိုရမည်ကိုလည်း မသိဟု သူမက ဆိုသည်။

“အနောက်နိုင်ငံတွေမှာ အမျိုးသမီးအရေးကိစ္စအတွက် ကျယ်ကျယ်ပြန့်ပြန့် ပြောနေကြပါတယ်။ ကျွန်မကတော့ အမျိုးသမီးတွေကိုချည်း အားပေးနေတာ မဟုတ်ပါဘူး။ အမျိုးသားတွေကိုလည်း အားပေးပါတယ်” ဟု ဒေါ်ခိုင်ခိုင်နွယ်က ဆိုသည်။ 

သို့သော် အရည်အချင်း ပြည့်ဝသော အမျိုးသမီးများ ပေါ်ပေါက်လာရန် များစွာလုပ်ဆောင်ရဦးမည်ကိုလည်း သူမက လက်ခံထားသည်။ 

“အမျိုးသမီးတွေရဲ့ လူအင်အားနဲ့ စိတ်အင်အားတွေကို ပိုမို အကျိုးရှိစွာ အသုံးချနိုင်မယ်ဆိုရင် နိုင်ငံအတွက်ရော၊ အမျိုးသမီးတွေအတွက်ပါ အကျိုးရှိမှာ ဖြစ်ပါတယ်” ဟု အမျိုးသမီးများ အလုပ်အကိုင် ရရှိမှုနည်းပါးနေသည်ကို ရည်ညွှန်းပြီး သူမက ပြောသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.