နိုင်ငံသားဖြစ်ပေမယ့် ခွဲခြားဆက်ဆံခံနေရတဲ့ ကမန်များ

ကမန် လူမျိုးစုများကို ရခိုင်ပြည်နယ်ရှိ IDP စခန်းများမှ ရန်ကုန်မြို့သို့ ပြောင်းရွှေ့ အခြေချစေရန် အစိုးရက ဆုံးဖြတ်ထားသော်လည်း ခွဲခြားဆက်ဆံမှုများကို ရင်ဆိုင်နေရသည်။ ကမန် လူမျိုးစုများသည် နိုင်ငံသား အပြည့်အဝ ဖြစ်နိုင်သော တိုင်းရင်းသားများ ဖြစ်ကြသည်။ 

စုမြတ်မွန် ရေးသားသည်။ 

ကမန် လူမျိုးစုများသည် မြန်မာနိုင်ငံတွင် တရားဝင် အသိအမှတ်ပြု ခံထားရသော တိုင်းရင်းသား ၁၃၅ ခုတွင် ပါဝင်သော်လည်း ဗုဒ္ဓဘာသာ မဟုတ်သောကြောင့် ခွဲခြားဆက်ဆံခံနေရသည်။

ကမန်လူမျိုးစုသည် ရခိုင်လူမျိုးခွဲ ခုနစ်ခုတွင် ပါဝင်ပြီး တိုင်းရင်းသား ၁၃၅ ခုတွင် တစ်ခုတည်းသော မူဆလင် ဘာသာဝင်များ ဖြစ်သည်။ လူဦးရေအားဖြင့် အသေးငယ်ဆုံးဖြစ်ပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ရခိုင်ပြည်နယ်တွင် ၂၈,၀၀၀ ခန့် ရှိကာ တစ်နိုင်ငံလုံးတွင် ၄၅,၀၀၀ ခန့် ရှိသည်ဟု လူ့အဖွဲ့အစည်း ခေါင်းဆောင်များက ပြောကြားသည်။ 

ဗုဒ္ဓဘာသာဝင် အများစုနှင့် မူဆလင်များကြား တင်းမာမှုများ ဖြစ်ပေါ်လာချိန်တွင် အစိုးရနှင့် အစွန်းရောက် အမျိုးသားရေး ဝါဒီများကြား ရခိုင်အရေးနှင့် ပတ်သက်ပြီး နိုင်ငံရေးအရ လွန်ဆွဲမှုများ ပေါ်ပေါက်လာချိန်တွင် ကမန်လူမျိုးများသည် မကြာခဏ ကြားညပ်ခံခဲ့ရသည်။ ထိုသို့ဖြင့် ၎င်းတို့၏ အခွင့်အရေးများလည်း ခြိမ်းခြောက်ခံလာရသည်။ 

မကြာသေးမီက ပြည်သူ့လွှတ်တော်တွင် အငြင်းအခုံ ဖြစ်ပွားခဲ့သည်ကို ကြည့်လျှင် မူဆလင်အုပ်စုများ ပုံမှန် ရင်ဆိုင်နေရသည့် ရန်လိုမှုများကို တွေ့မြင်နိုင်ကြသည်။ 

ကမန်မိသားစု ၅၅ စုမှ ကမန်လူမျိုး ၁၅၇ ဦးကို ရန်ကုန်မြို့တွင် အခြေချနေထိုင်စေမည် ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ရန် မတ် ၅ ရက်နေ့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ မင်းကင်း အမတ် ဦးမောင်မြင့်က အဆိုတင်သွင်းခဲ့သည်။ ထိုမိသားစုများသည် ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများ ဖြစ်ပြီးကတည်းက ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်ရှိ IDP စခန်းတွင် နေထိုင်နေကြရသည်။ 

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသည့် ကင်ဆာရောဂါကို ရခိုင်ပြည်နယ်တွင် ကုစားသည်က ပိုမိုသင့်တော်သည်ဟု ယခင် USDP အစိုးရ ဝန်ကြီးဟောင်းလည်းဖြစ်သူ ဦးမောင်မြင့်က လွှတ်တော်တွင် ပြောကြားခဲ့သည်။ ကမန်လူမျိုးများကို ရန်ကုန်တွင် အခြေချခိုင်းလိုက်ခြင်းက ကင်ဆာရောဂါကို နိုင်ငံ၏ အခြားအစိတ်အပိုင်းများသို့ ပျံနှံ့စေလိမ့်မည်ဟု ၎င်းက ဆိုသည်။ 

မတ် ၁၅ ရက်နေ့က ထိုအရေးကိစ္စကို ဆွေးနွေးခဲ့ကြသော အမတ်များထဲတွင် ရခိုင်အမျိုးသားပါတီ၏ မြေပုံ မြို့နယ်အမတ် ဦးဖေသန်းလည်း ပါဝင်ခဲ့သည်။ ဦးမောင်မြင့်၏ ကင်ဆာဟု ရည်ညွှန်းပြောဆိုမှုကို စိတ်ပျက်မိသည်ဟု ၎င်းက ဆိုသည်။

ဒီပြဿနာကို ရခိုင်ပြည်နယ်နယ်မှာပဲ ဖြေရှင်းရမယ်ဆိုလို့ စိတ်ပျက်မိပါတယ်။ ကင်ဆာတစ်ခုဖြစ်ရင် ကိုယ်အင်္ဂါဘယ်နေရာမှာပဲဖြစ်ဖြစ် လူကို သေစေနိုင်ပါတယ်။ အာနန်ကော်မရှင်က အကြံပေးထားတဲ့ အထဲမှာလည်း IDP စခန်းတွေကို ပိတ်ပေးရမယ်ဆိုတာ ပါပြီးသားပါ” ဟု ဦးဖေသန်းက ဆိုသည်။ 

ရခိုင်အမျိုးသားပါတီ၏ ကျောက်ဖြူ အမတ် ဦးဘရှိန်ကလည်း ကမန်များသည် တိုင်းရင်းသား ၁၃၅ ခုတွင် ပါဝင်သောကြောင့် နိုင်ငံသား အခွင့်အရေး အပြည့်အဝ ရရှိရမည်ဖြစ်ပြီး လွတ်လပ်စွာ သွားလာခွင့် ရရှိရမည်ဟု ပြောသည်။ ထို့ပြင် ၎င်းတို့ ရန်ကုန်တွင် အခြေချသည်မှာ ဥပဒေနှင့် ကိုက်ညီသည်ဟု ၎င်းက ဆိုသည်။ 

“ပိုအရေးကြီးတာက ဘင်္ဂလားဒေရှ့်နိုင်ငံ ပြန်လာသူတွေ နိုင်ငံသား ဖြစ်ခွင့်ရှိရင်လည်း ဒီအတိုင်းပဲ ဖြစ်ရမှာ” ၎င်းက ဆိုသည်။ 

ဦးမောင်မြင့်၏ ထိုအဆိုပြုချက်ကို မဲခွဲရာတွင် ၁၃၆ မဲ၊ ၂၃၆ မဲဖြင့် ရှုံးနိမ့်ခဲ့သည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက Frontier ကို ပြောကြားချက်အရ IDP စခန်းများရှိ ကမန်လူမျိုး အများစုမှာ အစိုးရဝန်ထမ်းများ ဖြစ်ကြသည်ဟု ဆိုသည်။ 

“ပဋိပက္ခတွေ ရုတ်တရက် ဖြစ်ပွားလာတော့ သူတို့ကို ဒုက္ခသည် စခန်းတွေဆီ ပို့လိုက်ရပြီး ဘယ်မှ သွားလာခွင့် မပြုခဲ့ဘူး။ ဒါက အကျဉ်းချထားသလိုပဲ။ ကျွန်တော်တို့ အစိုးရ အာဏာရလာတော့ ဒုက္ခသည် စခန်းတွေကို ပိတ်သိမ်းဖို့ စီစဉ်ခဲ့တယ်။ သူတို့ကလည်း နိုင်ငံသားတွေပါ။ သူတို့ကို ဒီလို ပိတ်လှောင်ထားမယ်ဆိုရင် လူမှုရေးအရ၊ စီးပွားရေးအရ၊ ပညာရေးအရ သူတို့တွေ နစ်နာလိမ့်မယ်” ဟု ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။ 

“သူတို့ကို သူတို့ပိုင်တဲ့ လယ်ယာတွေအတွက် လျော်ကြေးယူပြီး ရန်ကုန်ကို ပြောင်းရွှေ့မလား။ ရမ်းဗြဲမြို့နယ်က သူတို့ရဲ့ မူလအိမ်တွေကို ပြန်မလား ရွေးချယ်ခိုင်းထားတယ်” ဟု ၎င်းက ဆိုသည်။ 

“လျော်ကြေးတွေကို သူတို့ လယ်ယာတွေရဲ့ ကာလပေါက်ဈေးနဲ့ တွက်ချက်ပေးထားတယ်။ နဲနဲလောက်ကဘဲ ရမ်းဗြဲမှာ ပြန်လည်နေထိုင်ဖို့ ရွေးချယ်ကြတယ်။ သူတို့အတွက် နယ်စပ်ရေးရာ ဝန်ကြီးဌာနက အိမ်အသစ်တွေ တည်ဆောက်ပေးတယ်။ အားလုံး အဆင်ပြေနေပါတယ်” ဟု ၎င်းက ဆိုသည်။ 

သို့သော် ဝန်ကြီး၏ စကားသည် ရန်ကုန်သို့ ပြောင်းရွှေ့လာသော ကမန်များ၏ အဖြစ်မှန်နှင့် ကွဲလွဲနေသည်။ ၎င်းတို့သည် IDP စခန်းများမှ ထွက်ခွာလာရသဖြင့် ပျော်ရွှင်ကြသော်လည်း စီးပွားရေး မြို့တော်ဖြစ်သည့် ရန်ကုန်မြို့တွင် ဘဝသစ် စတင်ရသည်မှာ မလွယ်ကူလှပေ။ အထူးသဖြင့် မိသားစုဝင်များတွင် အစိုးရ ဝန်ထမ်း မရှိသည့် အိမ်ထောင်စုများအတွက် ဖြစ်သည်။ 

ဘဝသစ် ပြန်လည် တည်ဆောက်ခြင်း 

အကြမ်းဖက်မှုများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့် ကမန်လူမျိုး အများအပြားသည် ၂၀၁၂ ခုနှစ် ကတည်းက ရန်ကုန်သို့ တဖြည်းဖြည်း ပြောင်းရွှေ့လာကြသည်။ 

၎င်းတို့ထဲမှ အချို့သည် ကမန်လူမှုကွန်ယက် (Kaman Social Network) အဖွဲ့အစည်းကို တည်ထောင်ထားသည့် ကမန်လူ့အဖွဲ့အစည်း ခေါင်းဆောင် ဦးထွန်းငွေထံမှ အကူအညီ ရယူကြသည်။ 

ကမန်အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးကို ထောက်ကြံ့တွင် ပြီးခဲ့သည့် သြင်္ကန်ကာလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ-ဆုမြတ်မွန်

ကမန်အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးကို ထောက်ကြံ့တွင် ပြီးခဲ့သည့် သြင်္ကန်ကာလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ-ဆုမြတ်မွန်

ဦးထွန်းငွေသည် ရန်ကုန်မြောက်ပိုင်းရှိ တပ်မတော်ပိုင် မြေကွက်ကို ငှားရမ်းပြီး ကြက်မွေးမြူရေး လုပ်ကိုင်ခဲ့သည်မှာ ၁၅ နှစ်ရှိပြီဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် တပ်မတော်က အငှားစာချုပ်ကို အဆုံးသတ်လိုက်သောအခါ ဦးထွန်းငွေနှင့် ကမန်လူမျိုး တစ်စုသည် ၎င်းတို့၏ ငွေများကို စုပေါင်းပြီး မင်ဂလာဒုံမြို့နယ် ထောက်ကြန့်တွင် မြေဝယ်ကာ မွေးမြူရေး ခြံတစ်ခုကို တည်ထောင်ခဲ့သည်။ ထိုမွေးမြူရေးခြံမှ အလုပ်သမား အများစုသည် ရမ်းဗြဲမြို့နယ်မှ ကမန်များ ဖြစ်ကြသည်။ ဦးထွန်းငွေတို့ စုပေါင်း တည်ထောင်ထားသော မွေးမြူရေးခြံတွင် ကမန်မိသားစု ၃၂ ခုမှ လူ ၁၀၀ ခန့် နေထိုင်နေကြသည်။ ထိုအထဲတွင် ရမ်းဗြဲ IDP စခန်းမှ မကြာသေးမီက ပြောင်းရွှေ့လာသော ကမန်မိသားစု ငါးစုလည်း ပါဝင်သည်။ 

စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်တွင် ကမန်များ အခြေချလိုခြင်းမှာ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်ခြင်းနှင့် ရန်ကုန်တွင် လွတ်လပ်စွာ နေထိုင်နိုင်ခြင်းကို သဘောကျသောကြောင့် ဖြစ်သည်ဟု ဦးထွန်းငွေက ပြောသည်။

ကမန်များကို ရန်ကုန်သို့ ပြောင်းရွှေ့နိုင်ရန်အတွက် လေယာဉ်လက်မှတ် အခမဲ့ စီစဉ်ပေးပြီး မိသားစု တစ်စုလျှင် ကျပ် ၅၀၀,၀၀၀ နှင့် မိသားစုထဲမှ လူတစ်ဦးချင်းစီအား ကျပ် ၁၀၀,၀၀၀ ပေးခဲ့သည်ဟု ဦးထွန်းငွေက ဆိုသည်။ သို့သော် ရန်ကုန်သို့ ရောက်ရှိပြီးနောက် ရန်ကုန်တိုင်းအစိုးရအနေဖြင့် မည်သည့် လုပ်ဆောင်ပေးမှုမှ မရှိကြောင်း ၎င်းက ပြောသည်။ သို့သော် ပြီးခဲ့သည့်နှစ်က ထောက်ကြံ့သို့ လာရောက်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်ကမူ အစိုးရထံက အကူအညီ ရယူကြရန် ကမန်များကို တိုက်တွန်းခဲ့သည်ဟု ဆိုသည်။ 

ရန်ကုန်တွင် နေထိုင်နေသော ကမန်များကို အကူအညီပေးရန် အစိုးရ တာဝန်ရှိသူများထံ အကြိမ်ကြိမ်အခါခါ တောင်းခံခဲ့သော်လည်း တုန့်ပြန်မှု တစ်စုံတစ်ရာ ရရှိခဲ့ခြင်းမရှိပေ။ 

ထို့ကြောင့် မိသားစုများသည် ရန်ကုန်မြို့ရှိ ဆွေမျိုးများနှင့် ကမန်လူ့အဖွဲ့အစည်းအား မှီခိုနေကြရသည်။ “သူတို့ရဲ့ အခြေအနေက ပင်လယ်ထဲမှာ မျောနေတဲ့ လူတွေလိုပဲ။ သူတို့မှာ ဘာမှ မရှိဘူး။ အလုပ်အကိုင်လည်း မရှိဘူး။ တစ်နေ့စားဖို့ တစ်နေ့ရှာနေရတာ” ဟု ဦးထွန်းငွေက ပြောသည်။

ကမန်လူမျိုးများအား လျော်ကြေး အလုံအလောက် ပေးထားပြီးဖြစ်သည်ဟူသည့်အချက်ကို သူက ငြင်းပယ်ခဲ့သည်။ ထို့ပြင် ကမန်များသည် ရမ်းဗြဲမှ ၎င်းတို့၏ နေအိမ်များကို စွန့်လွှတ်ရန် အယုံသွင်း ခံခဲ့ရခြင်း ဖြစ်သည်ဟုလည်း ဦးထွန်းငွေက ဆိုသည်။ 

အစိုးရက ပေးသော ငွေကြေးမှာ ကမန်လူမျိုးများ ရန်ကုန်တွင် အခြေချနိုင်အောင် အကူအညီပေးခြင်းမျိုး ဖြစ်သင့်သည်ဟု ဦးထွန်းငွေက ဆိုသည်။ သို့သော် နိုင်ငံပိုင် မီဒီယာတွင် ဖော်ပြသော ဆောင်းပါးတွင်မူ ၎င်းတို့၏ မြေယာများအတွက် လျော်ကြေးပေးခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။ 

အစိုးရက ပေးသော ငွေကြေးသည် ကမန်များ၏ ဆုံးရှုံးမှုများကို ကာမိနိုင်ရန် များစွာ လိုအပ်နေသေးသည်ဟု အစိုးရကို အသိပေးပြီး ဖြစ်သည်ဟု ဆိုသည်။ ၎င်းတို့ ပိုင်ဆိုင်သော အိမ်နှင့် မြေယာသည် ထိုငွေကြေးထက် အဆပေါင်းများစွာ တန်ဖိုးရှိဟု ဦးထွန်းငွေက ဆိုသည်။ “ဒါအပြင် ရမ်းဗြဲဒေသက ကမန်တွေရဲ့ မြေယာတွေဟာ ရခိုင်ဘုရင်က သူဆီမှာ အမှုထမ်းလို့ ပေးအပ်ထားတာ။ တခြားသူဆီ လွှဲပြောင်းပေးအပ်လို့ မရဘူး။ ကျွန်တော်တို့ ဒီမြေကို ဘယ်တော့မှ အဆုံးရှုံးခံမှာ မဟုတ်ဘူး” ဟု ဦးထွန်းငွေက ဆက်ပြောသည်။ 

ကမန် အဖွဲ့အစည်းကို အရပ်ဝတ်ဖြင့် ရဲများက အမြဲတမ်း စောင့်ကြည့်နေကြသည်။ ထို့ပြင် သတင်းသမားများနှင့် စကားပြောဆိုမည်ဆိုပါက စစ်တပ်က ထိန်းချုပ်ထားသော အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ အကြောင်းကြားရန်လည်း ညွှန်ကြားထားသည်။ 

ဦးထွန်းငွေနှင့် အခြားသော ကမန်များကို Frontier အင်တာဗျူးရာတွင် ဒေသခံ အာဏာပိုင်များ၏ ဖိအားပေးမှုကြောင့် ၎င်းတို့၏ နေအိမ်အစား မင်္ဂလာဒုံမြို့နယ်ရှိ လက်ဖက်ရည်ဆိုင်၌ ပြုလုပ်ခဲ့ရသည်။ 

သြင်္ကန်ပွဲတော်၌ ဖျော်ဖြေနေကြသည့် ကမန်အမျိုးသား၊ အမျိုးသမီးများ။ ဓာတ်ပုံ- ဆုမြတ်မွန်

သြင်္ကန်ပွဲတော်၌ ဖျော်ဖြေနေကြသည့် ကမန်အမျိုးသား၊ အမျိုးသမီးများ။ ဓာတ်ပုံ- ဆုမြတ်မွန်

သတင်းသမားများနှင့် စကားပြောကြားနေစဉ်တွင်လည်း သေချာစွာ စောင့်ကြည့်နေပြီး Frontier က အင်တာဗျူးနေစဉ်မှာပင် ဦးထွန်းငွေ ဘယ်ရောက်သွားသည်ကို လိုက်လံမေးမြန်းကြသည်ဟု သိရသည်။ “ကျွန်တော်တို့ကို မီဒီယာနဲ့ စကားပြောဆိုခွင့် မပေးတာက အထွေထွေအုပ်ချုပ်ရေးမှူးရုံးက တရားမျှတမှု မရှိတာပဲ။ ကျွန်တော်တို့ကလည်း မီဒီယာနဲ့ စကားပြောဆိုခွင့် ရှိသင့်ပါတယ်” ဟု ဦးထွန်းငွေက ဆိုသည်။ 

“ကျွန်မတို့ ရခိုင်ကို ပြန်ချင်တယ်။”

အသက် ၅၁ နှစ်ရှိပြီဖြစ်ပြီး သားနှစ်ယောက်၊ သမီးနှစ်ယောက်ရှိသူ ဒေါ်နွယ်နွယ်ဝင်းက ရမ်းဗြဲမြို့နယ်ရှိ IDP စခန်းများတွင် နေထိုင်ရသည်မှာ ခက်ခဲလာသောကြောင့် ရန်ကုန်တွင် အခြေချရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ 

“ကျွန်မ ရန်ကုန်ကို လာရတဲ့ မျှော်လင့်ချက်က IDP စခန်းမှာ ဒုက္ခခံရတာက လွတ်မြောက်ဖို့ပါ” ဟု သူမက ဆိုသည်။ 

သို့သော် ပြောင်းရွှေ့အခြေချလာသည့် ကမန်များကို အစိုးရက အိမ်ယာ မစီစဉ်ပေးပါက ရန်ကုန်မှာ နေထိုင်ရသည်မှာ IDP စခန်းနှင့် အတူတူပင်ဖြစ်သည်ဟု သူမက ပြောသည်။ 

“ဒုက္ခတွေကတော့ အရင်အတိုင်းပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်မတို့မှာ နေစရာအိမ်လည်း မရှိဘူး။ အလုပ်အကိုင်လည်း မရှိဘူး” ဟု သူမက ပြောသည်။ 

“ပွင့်ပွင့်လင်းလင်း ပြောရရင် ရန်ကုန်မှာ လက်ချည်းဗလာနဲ့ နေရမယ့်အစား တည်ငြိမ်အေးချမ်းမှုကို အစိုးရက အာမခံပေးနိုင်ရင် ရခိုင်ပြည်နယ်ကိုပဲ ပြန်ချင်ပါတယ်” ဟု ဒေါ်နွယ်နွယ်ဝင်းက ဆိုသည်။ 

၂၀၁၂ ခုနှစ်၊ ဇွန်လတွင် ပထမအချီ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုကာလအတွင်း ရမ်းဗြဲ၌ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ် ၂၁ လုံးတွင်  သူမ၏ နေအိမ် ပါသွားခဲ့သည်ဟု ဆိုသည်။ သို့သော် အစိုးရက ထောက်ပံ့ခဲ့ခြင်း မရှိဟုလည်း ဆိုသည်။ ထိုနှစ် အောက်တိုဘာလတွင် ဖြစ်ပွားခဲ့သော ဒုတိယအကြိမ် အကြမ်းဖက်မှုတွင် မီးလောင်သွားသော နေအိမ် ၄၅ လုံးကို အစိုးရက လျော်ကြေးပေးခဲ့သည်ဟု သူမက ဆိုသည်။ 

လူဦးရေ ၆၀ ခန့် ပါဝင်သော ကမန် မိသားစုများသည် ၎င်းတို့ကိုယ်တိုင် အစီအစဉ်ဖြင့် သူတို့ ရန်ကုန်သို့ ပြောင်းရွှေ့သွားကြသည်။ ထို့နောက်တွင် မိသားစု ၅၅ ခုကို အစိုးရက ရန်ကုန်သို့ ပြောင်းရွှေ့ပေးခဲ့သည်။ 

၎င်းတို့ထဲတွင် ၂၀၁၂ ခုနှစ် အကြမ်းဖက်မှု အပြီး၌ သားသုံးဦးနှင့်အတူ IDP စခန်းသို့ ပြောင်းရွှေ့ခဲ့ရသော အသက် ၄၂ နှစ်အရွယ် ဒေါ်မဆိုင်းကေလည်း ပါဝင်ခဲ့သည်။ သူမသည် ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်ပြီး ကမန်အမျိုးသားကို လက်ထပ်ထားသူ ဖြစ်သည်။ 

IDP စခန်းတွင် စားနပ်ရိက္ခာ မလုံလောက်သောအခါ သူမ၏ ဗုဒ္ဓဘာသာဝင် ဆွေမျိုးများက အကူအညီပေးကြသည်ဟု သူမက ဆိုသည်။ 

“စားစရာ မလုံလောက်ရင် ကျွန်မက မိသားစုဝင်တွေဆီကို ဖုန်းဆက်ပြီး ဆန်တောင်းရတယ်။ ဒီလိုနည်းနဲ့ ရှင်သန်နေထိုင်လာရတာ” ဟု သူမက ဆိုသည်။ 

ဒေါ်မဆိုင်းကေ၏ မိသားစုဝင်များ ရန်ကုန်သို့ တဖြည်းဖြည်းချင်း ပြောင်းရွှေ့လာနေကြသည်။ သူမ၏ ခင်ပွန်းဖြစ်သူ ရန်ကုန်သို့ ပြောင်းရွှေ့အပြီး နှစ်နှစ်အကြာ၊ ၂၀၁၆ ခုနှစ်တွင် ဒေါ်မဆိုင်းကေသည် ရန်ကုန်သို့ တစ်ဦးတည်း လိုက်လာခဲ့သည်။ သူမ၏ သားသုံးယောက်ကလည်း ရန်ကုန်သို့ သီးခြားစီ လိုက်လာခဲ့သည်။ မူဆလင်များသည် ရမ်းဗြဲမြို့နယ်မှ ရန်ကုန်သို့ တိုက်ရိုက် ကားစီးသွားခွင့် မရှိသောကြောင့် သံတွဲမြို့မှတဆင့် လာခဲ့ရသည်။ သူမတို့ မိသားစုသည် ငွေကြေးနှင့် ဘာသာရေး အတားအဆီးကြောင့် အတူတူ ခရီးသွားခွင့် မရခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ 

ရမ်းဗြဲမြို့နှင့် နှိုင်းယှဉ်လျှင် ရန်ကုန်၌ ပိုမိုလွတ်လပ်စွာ နေထိုင်နိုင်သဖြင့် သဘောကျသည်ဟု သူမက ဆိုသည်။ 

“ဒီမှာက စိုးရိမ်စရာတွေ မရှိဘူး။ ကြောက်ရွံ့စရာလည်း မရှိဘူး။ ဒါပေမဲ့ ရခိုင်ပြည်နယ်မှာ အန္တရာယ် ကင်းသွားရင် ပြန်ချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မရဲ့  မောင်နှစ်မ ခုနစ်ယောက်လုံးက ရခိုင်ပြည်နယ်မှာပဲလေ” ဟု သူမက ဆိုသည်။ 

သြင်္ကန်ပွဲတော်ကို ဆင်နွှဲခဲ့ကြသည့် ကမန်အမျိုးသမိးငယ်များ။ ဓာတ်ပုံ-ဆုမြတ်မွန်

သြင်္ကန်ပွဲတော်ကို ဆင်နွှဲခဲ့ကြသည့် ကမန်အမျိုးသမိးငယ်များ။ ဓာတ်ပုံ-ဆုမြတ်မွန်

“ကျွန်မတို့က ရန်ကုန်မှာ အိမ်လည်း မရှိဘူးလေ။ ကြက်ခြံဘေးက အဖီမှာ နေနေရတာ။ ကြက်စော်လည်း နံပါတယ်” ဟု ရယ်မောရင်း သူမက ပြောသည်။ 

ယုံကြည်မှု ကင်းမဲ့လာခြင်း

ကမန်လူမှုကွန်ယက်၏ ဒုဥက္ကဋ္ဌ ဦးမင်းနိုင်က ၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုနှင့် မီးရှို့ဖျက်ဆီးမှုများကြောင့် အံ့သြခဲ့ရသည်ဟု ဆိုသည်။ အဘယ့်ကြောင့်ဆိုသော် အကြမ်းဖက် ဖျက်ဆီးမှုများတွင် ယခင်က အတူယှဉ်တွဲ နေထိုင်လာသော အသိုင်းအဝိုင်းများမှ လူများ ပါဝင်နေသောကြောင့် ဖြစ်သည်ဟု ဆိုသည်။ 

ရမ်းဗြဲမြို့မှ ကမန်အများစုတွင် ဗုဒ္ဓဘာသာဝင် ဆွေမျိုးများ ရှိကြသည်ဟု ဦးမင်းနိုင်က ပြောသည်။ သူ၏ အမေနှင့် အဖွားတို့မှာလည်း ဗုဒ္ဓဘာသာဝင်များ ဖြစ်သည်ဟု ဆိုသည်။ 

သူ၏ ဗုဒ္ဓဘာသာဝင် ဆွေမျိုးများသည် ကမန်အများစု နေထိုင်သော ရမ်းဗြဲမြို့၊ ၆ ရပ်ကွက်ရှိ နေအိမ်များကို မီးရှို့ခဲ့ကြသည်ဟု ဆိုသည်။ 

မေတ္တာတရားကို တန်ဖိုးထားသော ဗုဒ္ဓဘာသာဝင် အများစု နေထိုင်သည့် မြန်မာနိုင်ငံတွင် ထိုသို့ ဖြစ်ပွားခဲ့ရသည်ကို နားမလည်နိုင်အောင် ဖြစ်ရသည်ဟုလည်း သူက ဆိုသည်။ 

မတူညီသော ဘာသာဝင်များကြားတွင် ယုံကြည်မှု ကင်းမဲ့နေကြသည်။ အထူးသဖြင့် နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် တင်းမာမှုများကို မီးထိုးပေးသောအခါတွင် ဖြစ်သည်ဟု ဦးမင်းနိုင်က ပြောသည်။ 

“ရခိုင်ပြည်နယ်မှာ ဒီလိုဖြစ်နေရတာက နိုင်ငံရေး ကစားသူတွေကြောင့်ပါ” ဟု သူက ဆိုသည်။ 

အစိုးရက မူဆလင်တွေကို ခွဲခြားဆက်ဆံနေသည်ဆိုသည့် နိုင်ငံတကာ၏ ဝေဖန်မှုများကို ချေဖျက်ရန်မှာ ကမန်လူမျိုးများကို အခြားနိုင်ငံသားတွေနည်းတူ ဆက်ဆံနေသည်ဆိုသည်ကို ပြသရန်ဖြစ်သည်ဟု သူက ဆိုသည်။ 

“ဒီအချိန်က ဒီနာမည်ဆိုးကြီးကို ချေဖျက်ဖို့ အချိန်ကောင်းပဲ” ဟု ဦးမင်းနိုင်က ပြောသည်။ 

USDP အမတ် ဦးမောင်မြင့်က ကမန်များ ရန်ကုန်တွင် အခြေချနေသည့်အပေါ် ဆန့်ကျင်နေခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်နေသည်ဟု ဦးထွန်းငွေက ပြောသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားတိုင်းသည် နိုင်ငံတွင်း လွတ်လပ်စွာ သွားလာနေထိုင်ခွင့် ရှိသည်။ 

“အမတ်တွေက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို သေချာလေ့လာထားသင့်တယ်” ဟု ဦးထွန်းငွေက ပြောသည်။ 

ခေါင်းစီးဓာတ်ပုံ- စတိဗ်တစ်ခ်နာ

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.