“ပြည်တွင်းက သဘောတူညီချက်မရှိဘဲနဲ့ ရခိုင်ပြဿနာအတွက် အလုပ်ဖြစ်စေမယ့် ဖြေရှင်းချက်ဆိုတာ မရှိပါဘူး”

ပြန်ကြားရေးဝန်ကြီးဟောင်းနှင့် စင်ကာပူနိုင်ငံ ISEAS-Yusof Ishak Institute ဧည့် အကြီးတန်းအဖွဲ့ဝင်ဖြစ်သူ ဦးရဲထွဋ်က ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး Frontier မှ သောမတ်စ်ကင်းန်ကို ပြောကြားခဲ့သည်။

ဦးသိန်းစိန် အစိုးရလက်ထက်က သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူနှင့် နောက်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဖြစ်လာသူ ဦးရဲထွဋ်သည် ရခိုင်ပြည်နယ်၏ လူအသိုင်းအဝိုင်းအကြား တင်းမာမှုများနှင့် အကျပ်အတည်းကို ဖြေရှင်းရေးအတွက် နိုင်ငံတကာ၏ ဖိအားပေးခဲ့မှုကို ရင်ဆိုင်ခဲ့ရသည့် ဦးသိန်းစိန်အစိုးရလက်ထက်တွင် သမ္မတဦးသိန်းစိန်နှင့် အနီးကပ် လုပ်ကိုင်ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

၂ဝ၁၆ ခုနှစ်တွင် ဝန်ကြီးရာထူးမှ နုတ်ထွက်ခဲ့ပြီးနောက် ဦးရဲထွဋ်သည် စင်ကာပူရှိ ISEAS-Yusof Ishak Institute တွင် အခြေစိုက်ကာ ဦးသိန်းစိန် တာဝန်ယူလုပ်ဆောင်ခဲ့သည့် ပြုပြင်ပြောင်းလဲရေးအကြောင်းဖော်ပြမည့် မှတ်တမ်းစာအုပ်ကို ပြုစုနေသည်။ နိုင်ငံတကာဖိအားက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုအတွက် အထောက်အကူ မဖြစ်ပုံ၊ ကွဲပြားခြားနားသော နည်းလမ်းဖြင့် ပြဿနာကို ဦးသိန်းစိန် ချဉ်းကပ်ခဲ့ပုံနှင့် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုကသာ ရခိုင်ပြည်နယ်ရှိ အကျပ်အတည်းကို ဖြေရှင်းနိုင်မည်ဟု ထင်မြင်ကြောင်းတို့ကို ဦးရဲထွဋ်က ရှင်းလင်းပြောကြားခဲ့သည်။

ပြီးခဲ့တဲ့နှစ်အတွင်း ရခိုင်အကျပ်အတည်းအပေါ် အစိုးရရဲ့ တုံ့ပြန်ဖြေရှင်းချက်အပေါ် ခင်ဗျား ဘယ်လို အကဲဖြတ်မလဲ။

ကျွန်တော်အမြင်ကို ပြောရရင် ၂ဝ၁၇ ခုနှစ်၊ သြဂုတ်လကတည်းက ရခိုင်ပြဿနာအပေါ် အစိုးရရဲ့ အရေးယူ ဆောင်ရွက်မှုတွေဟာ ဖြစ်လာမှ တုံ့ပြန်တာတွေသာဖြစ်ပြီး မဖြစ်ခင်ကတည်းက လိုချင်တဲ့ အခြေအနေကို ဖန်တီးယူတာ မဟုတ်ပါဘူး။ အဲဒါဟာ အဓိကပြဿနာပါ။ ဒုတိယပြဿနာကတော့ ပွင့်လင်းမြင်သာမှု မရှိတာဖြစ်ပါတယ်။ အထူးသဖြင့် သူတို့က ပဋိပက္ခဖြစ်တဲ့ ဧရိယာထဲ မီဒီယာတွေကို ဝင်ခွင့်မပြုခဲ့ပါဘူး။

တတိယပြဿနာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိုင်ဒီယာပါ။ သူက ရခိုင်ပြဿနာကို ဖြေရှင်းဖို့ထက် ဖွံ့ဖြိုးရေးနည်းလမ်းကို သုံးရတာ ပိုနှစ်သက်နေတယ်။ ဒါပေမယ့် တကယ့် တကယ်က ဖွံ့ဖြိုးရေးနဲ့ မပတ်သက်ဘူး။ နိုင်ငံသားဖြစ်မှုအပြင် လုံခြုံရေးပြဿနာနဲ့သာ ပတ်သက်တာပါ။ စတုတ္ထပြဿနာကတော့ သူက ရခိုင်တိုင်းရင်းသားတွေရဲ့ စိတ်ခံစားမှုနဲ့ စိုးရိမ်မှုတွေကို လစ်လျူရှုတယ်။ ဒါကတော့ လွန်ခဲ့တဲ့ တစ်နှစ်အတွင်း အဖြစ်အပျက်အပေါ် ကျွန်တော်ရဲ့ အမြင်ပါ။

ဒီပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အစိုးရက လုပ်နိုင်တဲ့ တစ်ခုတည်းသော အရေးကြီးဆုံး ခြေလှမ်းက ဘာဖြစ်မလဲ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရ လုပ်သင့်တဲ့ ပထမဆုံးအရာက ရခိုင်ပြည်သူတွေ၊ စစ်တပ်တို့နဲ့ တွေ့ဆုံ ဆွေးနွေးမှုတစ်ခု စတင်ဖို့ပါ။

သူတို့ဟာ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲတစ်ခု လုပ်သင့်ပြီး အဲဒီမှာ သူတို့ဟာ ရခိုင်ပြဿနာအပေါ် အနာဂါတ် ချဉ်းကပ်မှုတစ်ခုအတွက် အခြေခံမူတွေအပေါ် သဘောတူညီမှုတွေ ရအောင်လုပ်ဖို့ လိုပါတယ်။ မြန်မာဘက်ခြမ်းမှာ ဒီလို သဘောတူချက်မရှိဘဲနဲ့ ရခိုင်ပြဿနာကိုဖြေရှင်းရာမှာ ရေတိုပဲဖြစ်ဖြစ်၊ ရေရှည်ပဲဖြစ်ဖြစ် ဘာမှလုပ်လို့မရဘူးလို့ ကျွန်တော် ထင်ပါတယ်။

တွေ့ဆုံဆွေးနွေးမှုက ဘာကို အဓိကထားသင့်ပါသလဲ။

ဘင်္ဂါလီ၊ ဒါမှမဟုတ် ရိုဟင်ဂျာတွေအတွက် နိုင်ငံသားဖြစ်မှုပါ။ အဓိကပြဿနာက ရိုဟင်ဂျာဆိုတဲ့အမည်ကို လူ့အသိုင်းအဝိုင်း၊ ဒါမှမဟုတ် လူမျိုးတစ်မျိုးရဲ့ အမည်အဖြစ် မြန်မာက လက်ခံ၊ မခံပါ။ ဒီအချက်ကို မဖြေရှင်းဘဲ ဒုက္ခသည်တွေရဲ့ နိုင်ငံသားဖြစ်မှု ပြဿနာကို အစိုးရက မကိုင်တွယ်နိုင်ဘူးလို့ ကျွန်တော် ထင်တယ်။
ဒုတိယအချက်က လုံခြုံရေးကို ဘယ်လိုလုပ်မလဲ။ အကြမ်းဖက်အဖွဲ့ရန်ကနေ ကာကွယ်ပေးဖို့၊ နယ်စပ်ကို ထိန်းချုပ်ဖို့နဲ့ ဘင်္ဂလားဒေ့ရှ်က တရားမဝင် ရွှေ့ပြောင်းလာမှုကို ဘယ်လိုရပ်တန့်မယ်ဆိုတာနဲ့ ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားတွေကို ဘယ်လို အာမခံမလဲဆိုတာပဲ။

ရိုဟင်ဂျာလူ့အသိုင်းအဝိုင်းရော အဲဒီ တွေ့ဆုံဆွေးနွေးမှုမှာ မပါသင့်ဘူးလား။

ရိုဟင်ဂျာ၊ ဒါမှမဟုတ် ဘင်္ဂလီအသိုင်းအဝိုင်းကို နိုင်ငံသားဖြစ်မှုနဲ့ လုံခြုံရေးတို့နဲ့ ပတ်သက်တဲ့ အဆိုပြုချက်တွေ အစိုးရက မကမ်းလှမ်းခင်မှာ အစိုးရဟာ ရခိုင်တိုင်းရင်းသားတွေနဲ့ စစ်တပ်ဆီက ထောက်ခံမှုတွေ မဖြစ်မနေ လိုအပ်ပါတယ်။ ဒါ့ကြောင့် အစိုးရဟာ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲနဲ့ စတင်ရမှာဖြစ်ပြီး နောက်မှ ဘင်္ဂလီ၊ ဒါမှမဟုတ် ရိုဟင်ဂျာတွေနဲ့ ညိနှိုင်းရမှာ ဖြစ်ပါတယ်။

ရခိုင်ပြဿနာအပေါ် နိုင်ငံတကာ ပါဝင်ညိနှိုင်းမှုထက် ပြည်တွင်း တွေ့ဆုံဆွေးနွေးမှုကို ဦးစားပေးသင့်တယ်လို့ ဆိုလိုတာလား။

ပြည်တွင်းက ပါဝင်ပတ်သက်သူတွေနဲ့ သဘောတူညီမှုမရဘဲ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြဿနာအတွက် အလုပ်ဖြစ်မယ့် ဖြေရှင်းချက်တစ်ခုကို မပေးနိုင်ပါဘူး။ အလုပ်ဖြစ်မယ့် ဖြေရှင်းချက်မရှိဘဲ မြန်မာဟာ ကောင်းမွန်တဲ့ နိုင်ငံတကာ ဆက်ဆံရေးကို မထူထောင်နိုင်ပါဘူး။ ရခိုင်ပြဿနာနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးက ဆိုးရွားနေပါတယ်။ ဒါပေမယ့် ခြုံကြည့်မယ်ဆိုရင်တော့ အနောက်နိုင်ငံတွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လိုအပ်နေဆဲပါ။

အခြေအနေ အထူးသဖြင့် ရခိုင်မြောက်ပိုင်းက လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်လို့ အနောက်နိုင်ငံတွေရဲ့ စိုးရိမ်မှုကို ကျွန်တော်တို့ နားလည်ပါတယ်။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကိုလည်း အနောက်နိုင်ငံတွေ နားလည်သင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးချယ်ခံ နိုင်ငံရေးသမား၊ ရွေးချယ်ခံ ခေါင်းဆောင်တစ်ဦးပါ။ အနောက်တိုင်း နိုင်ငံရေးခေါင်းဆောင်တွေဟာ လူအများစုရဲ့ စိတ်ခံစားချက်တွေကို စဉ်းစား ထည့်တွက်ရမှာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်လည်း ဒီလို ထည့်တွက်ရမှာ ဖြစ်ပါတယ်။

ရခိုင်အရေးနဲ့ပတ်သက်လို့ အီးယူ (ဥရောပသမဂ္ဂ) နဲ့ အမေရိကန်တို့ရဲ့ တုံ့ပြန်မှုတွေကို ကျွန်တော် မလွတ်တမ်း လေ့လာနေပါတယ်။ အခုချိန်ထိ ကျွန်တော် မြင်သမျှပြောရရင် သူတို့ရဲ့ပေါ်လစီက ဒီပြဿနာမှာ ဒေါ်အောင်ဆန်းစုကြည်အတွက် အထောက်အပံ့ဖြစ်မှာ မဟုတ်ပါဘူးလို့ ထင်တယ်။ ပြင်းထန်တဲ့ စကားလုံးတွေ၊ သတိပေးချက်တွေကို လူသိထင်ရှား ထုတ်ပြန်နေမယ့်အစား သူတို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အလုပ်လုပ်ဖို့ တိတ်ဆိတ်တဲ့ ဒီပလိုမေစီနည်းကို သုံးဖို့လိုပါတယ်။

သံတမန်တချို့နဲ့ ဆန်းစစ်လေ့လာသူတွေရဲ့ အပြောအရတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်အရေးနဲ့ ပတ်သက်လို့ သူ့ပတ်ဝန်းကျင်က လူတချို့ရဲ့ မကောင်းတဲ့ အကြံဉာဏ်တွေကို ရယူနေတယ်လို့ ဆိုပါတယ်။ ဒါကို သဘောတူပါသလား။

ဒါက သူ့အကြံပေးတွေနဲ့ မဆိုင်ဘူးလို့ ထင်ပါတယ်။ ဒါက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပင်ကိုစရိုက်နဲ့ ခေါင်းဆောင်မှုပုံစံပါ။ တခါတရံမှာ သူက အင်မတန် ခေါင်းမာပါတယ်။ တခါတလေ နိုင်ငံခြားသားတွေဆီကဖြစ်ဖြစ်၊ ရခိုင်နဲ့ တခြား ပါဝင်ပတ်သက်သူတွေလို ပြည်တွင်းက လူတွေဆီကဖြစ်ဖြစ် ခြားနားတဲ့ အိုင်ဒီယာတွေကို နားထောင်ဖို့ ငြင်းပါတယ်။

ဒီအကျပ်အတည်းဟာ ဦးသိန်းစိန်လက်ထက်က အတိုင်းအတာတစ်ခုအထိ အပါအဝင် ရခိုင်ပြည်နယ်မှာ အတိတ်က မှားယွင်းတဲ့ စီမံခန့်ခွဲမှုရဲ့အမွေလို့ လူအများက စောဒကတက်ခဲ့ပါတယ်။ ဦးသိန်းစိန်ကရော ဒေါ်အောင်ဆန်းစုကြည်နဲ့ မတူတဲ့နည်းနဲ့ ရခိုင်ပြဿနာကို ဘယ်လိုကိုင်တွယ်ခဲ့ပါသလဲ။

သူတို့နှစ်ယောက်ကြား အဓိကခြားနားချက်က ဦးသိန်းစိန်က မတူတဲ့အမြင်တွေကို အမြဲတမ်းကြိုဆိုပြီး နားထောင်ဖို့ အသင့်ဖြစ်နေခဲ့ပါတယ်။

ဦးသိန်းစိန်က သဘောတူညီချက်ကို တည်ဆောက်တယ်။ ဘင်္ဂါလီ၊ ဒါမှမဟုတ် ရိုဟင်ဂျာတွေအပါအဝင် ပါဝင် ပတ်သက်သူအားလုံး လုပ်ငန်းစဉ်မှာ ပါဝင်လာစေဖို့ ကြိုးစားတယ်။ သူက ဘူးသီးတောင်၊ မောင်တောဧရိယာကို ကြိမ်ဖန်များစွာ သွားရောက်ခဲ့တယ်။ မီဒီယာတွေကို လွတ်လွတ်လပ်လပ် သွားရောက်ခွင့်ပေးခဲ့တယ်။ တခါတလေ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ သဘောကွဲလွဲရင်တောင် သူတို့ရဲ့ လုပ်ငန်းဆောင်ရွက်မှုကို မတားဆီးခဲ့ဘူး။

ဦးသိန်းစိန်လက်ထက်ကို ကြည့်မယ်ဆိုရင် သူက ပြဿနာကြီးတစ်ခုလုံးကို မရှင်းနိုင်ခဲ့ဘူးဆိုရင်တောင် ၂ဝ၁၃ ခုနှစ်နောက်ပိုင်း လူ့အသိုင်းအဝိုင်းကြား အကြမ်းဖက်မှုသံသရာကို ရပ်တန့်နိုင်ခဲ့ပါတယ်။ ဒီပြဿနာမှာတော့ ဦးသိန်းစိန်ဟာ ဒေါ်အောင်ဆန်းစုကြည်ထက် ပိုကောင်းအောင် လုပ်နိုင်ခဲ့တယ်လို့ ပြောချင်ပါတယ်။

နောက်ထပ်ကြီးမားတဲ့ ခြားနားချက်ကတော့ ဦးသိန်းစိန်ဟာ ပြဿနာရဲ့ အခြေအနေ ရှုပ်ထွေးမှုတွေကို နားလည်တယ်။ ဒေါ်အောင်ဆန်းစုကြည်က အဲဒီဧရိယာကို မရောက်ဖူးဘူး။ ၂ဝ၁၅ ခုနှစ် မတိုင်မီအထိ ရခိုင်တောင်ပိုင်းကိုပဲ ရောက်ဖူးတယ်။ တစ်ကြိမ်တည်းပါ။

ဒေါ်အောင်ဆန်းစုကြည်က ရခိုင်အသိုင်းအဝိုင်းနဲ့ စကားမပြောဘူး။ ရခိုင်မြောက်ပိုင်းကို တစ်ကြိမ်ပဲ သွားခဲ့တယ်။ စစ်တွေကို သွားတဲ့အချိန် လေဆိပ်ပြင်ပကို ခြေမချခဲ့ဘူး။ လေဆိပ်ထဲမှာပဲ အစည်းအဝေးတွေ ကျင်းပတယ်။ နောက်မောင်တောကို လေယာဉ်နဲ့ သွားတယ်။ ပြီးတော့ နေပြည်တော်ကို လေယာဉ်နဲ့ ပြန်လာတယ်။ ဒေသခံ လူ့အသိုင်းအဝိုင်း ခေါင်းဆောင်တွေနဲ့လည်း မဆွေးနွေးခဲ့ဘူး။

အထူးသဖြင့် နိုင်ငံသားဖြစ်ရေးပြဿနာနဲ့ ပတ်သက်ပြီးတော့လည်း ဦးသိန်းစိန်လို တိုးတက်မှု တစုံတရာရှိဟန် မတူဘူးလား။ နိုင်ငံသား စိစစ်ရေးအစီအစဉ် (NVP) က နိုင်ငံသားအဖြစ်ရရှိခဲ့တဲ့ လက်တစ်ဆုပ်စာ မူဆလင်တွေမှာသာ ရလဒ်ထွက်ခဲ့ပါတယ်။

ကျွန်တော်တို့ မြေပုံမြို့နယ်မှာ နိုင်ငံသားဖြစ်မှုဆိုင်ရာ ရှေ့ပြေးအစီစဉ်တစ်ခုရှိခဲ့ပါတယ်။ အဓိက အတားအဆီးအခက်ခဲက ရိုဟင်ဂျာဆိုတဲ့ ဝေါဟာရပါ။ ၂ဝ၁၂ ခုနှစ်မတိုင်ခင်က ဘင်္ဂလီအများစုဟာ ရိုဟင်ဂျာဆိုတဲ့ အမည်ကို သုံးဖို့မတောင်းဆိုခဲ့ပါဘူး။ ၂ဝ၁၂ ခုနှစ် နောက်ပိုင်းရောက်တော့မှတော့ သူတို့ရဲ့အခွင့်အရေးကို ကာကွယ်ဖို့ လူမျိုးစု အမှတ်လက္ခဏာတစ်ခုတော့ လိုအပ်တယ်လို့ သာမာန် ဘင်္ဂါလီအများစု ထင်မြင်ယူဆခဲ့ကြပါတယ်။

အခုချိန်မှာတော့ အစိုးရက ရိုဟင်ဂျာဆိုတဲ့အမည်ကို အသိအမှတ်မပြုရင် NV လုပ်ငန်းစဉ်မှာ ဘင်္ဂါလီအများစုက မပါဝင်နိုင်ကြတော့ပါဘူး။ တိုင်းရင်းသားအဆင့်အတန်းနဲ့ ပတ်သက်လို့တော့ မေးစရာမလိုပါဘူး။ ဒီလိုအဆင့်အတန်းကို ကျွန်တော်တို့ မပေးနိုင်ပါဘူး။ ဒါပေမယ့် လူ့အသိုင်းအဝိုင်းတစ်ခုအနေနဲ့ သူတို့ကို ဒီနာမည် သုံးခွင့်ပေးနိုင်မလားဆိုတာကိုတော့ ကျွန်တော်တို့ စဉ်းစားဖို့လိုပါတယ်။ ဒါကတစ်ခုတည်းသော ဖြေရှင်းမှုလို့ ကျွန်တော် ယုံကြည်တယ်။

ဒါပေမယ့် အဲဒါကို တပ်မတော်က မတားဆီးဘူးလား။

သူတို့ရဲ့ တစ်ခုတည်းသော ပန်းတိုင်နဲ့ မစ်ရှင်က လုံခြုံရေးကို ထိန်းချုပ်ဖို့၊ အဲဒီဧရိယာမှာ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့နဲ့ တိုင်းရင်းသားပြည်သူတွေရဲ့အခွင့်အရေးကို ကာကွယ်ဖို့ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အတွက် အရေးကြီးဆုံးအရာက စစ်တပ်နဲ့ ယုံကြည်မှု တည်ဆောက်ဖို့ပါ။ ကျွန်တော်အမြင်ကို ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီပြဿနာကို အကြောင်းပြုပြီး စစ်တပ်ရဲ့ပုံရိပ်ထိခိုက်စေဖို့နဲ့ စစ်တပ်ရဲ့အခန်းကဏ္ဍကို အားနည်းသွားစေဖို့ ကြိုးစားနေတယ်လို့ စစ်တပ်က တခါတလေ ထင်နေတယ်။

ကိုးကန့်နဲ့ ရခိုင်ပြဿနာတွေမှာ မြန်မာပြည်သူအများအပြားက စစ်တပ်ကို ကြည့်ရာမှာ အမြင်မတူပါဘူး။ ဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က စိုးရိမ်မှုအချို့ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါမမဟုတ် အနည်းဆုံးတော့ သူမကိုထောက်ခံသူတွေမှာ ဒီလိုစိုးရိမ်မှုအချို့ ရှိတယ်လို့ ထင်ပါတယ်။ NLD အတွင်းစည်းက လူတချို့ဟာ စစ်တပ်ကို အားနည်းသွားအောင်လုပ်ဖို့ ဒီရခိုင်ပြဿနာကို အသုံးချဖို့ ကြိုးစားနိုင်တယ်လို့ ကျွန်တော် ထင်တယ်။

မကြာသေးခင်က စုံစမ်းစစ်ဆေးရေးကော် မရှင်ဖွဲ့စည်းမှုအပေါ် စစ်တပ်က ဘယ်လိုမြင်တယ်လို့ ထင်ပါသလဲ။

ရခိုင်နဲ့ပတ်သက်လို့ သူမရဲ့ပေါ်လစီတွေကို စစ်တပ်က သဘောတူရေး ဖိအားပေးဖို့ ဒီလိုစုံစမ်းရေးမစ်ရှင်မျိုးကို သူမက အသုံးချနေတာပါ။ ဆိုလိုတာက သူမကသာ အကာအကွယ်ပေးနိုင်၊ ဒါမှမဟုတ် (တရားစွဲခံရမှုကို) ရပ်တန့်နိုင်တဲ့သူဖြစ်တယ်ဆိုတာ ပြောချင်နေတာပါ။

အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.