ပညာရေးကွက်လပ် ဖြည့်ပေးသည့် ဘုန်းတော်ကြီးသင်ကျောင်းများ

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသည် ပညာသင်ခွင့်ဆုံးရှုံးနေသော ကလေးငယ်များအား ပညာသင်ကြားနိုင်သည့် အခွင့်အလမ်းကိုပေးသဖြင့် ပညာရေးစနစ်တွင် မရှိမဖြစ် လိုအပ်သောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။

ရှာရွန်ပန်း ရေးသားသည်။

စာသင်ကြားသည့်အသံများနှင့်အတူ စာသင်ခန်းခေါင်းလောင်းသံ ပေါ်လာသည်။ ကလေးငယ်တစ်သိုက်က သင်ပုန်းကြီးစာလုံးများကို ယုံကြည်မှုအပြည့်ဖြင့် ရွတ်ဖတ်လျက်ရှိပြီး အခြားသူများက ရယ်ရယ်မောမောနှင့် စကားတွတ်ထိုးနေကြသည်။ ထိုထိုသောအသံများကို လွှမ်းမိုးလျက် ဆရာ့အသံက ဟိန်းထွက်လာသည်။

မူလတန်းအဆင့် ငါးဆင့်စလုံးကို ပင်မအခန်းကြီးထဲတွင် အားလုံးစုပြုံသင်ကြားပေးသည့်အတွက် ဤနေရာကို  “စာသင်ခန်း classroom” ဟုခေါ်မည့်အစား “ကျောင်းခန်း schoolroom”  ဟု ခေါ်ပါက ပိုမှန်ပါလိမ့်မည်။

ကလေးများမှာ အသက်နှင့်အဆင့်အရ ကွာခြားမှုရှိနိုင်သော်လည်း  ပညာကိုလက်ခံသင်ကြားလိုသော ဆန္ဒမှာမူ တူညီကြလျက်ရှိသည်။

ဤကျောင်းသားများမှာ ရန်ကုန်တိုင်းဒေသကြီး အရှေ့ဒဂုံရှိ အေးရိပ်သာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကျောင်းသားများ ဖြစ်ကြသည်။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၏ ရည်မှန်းချက်များကို အခန်းနံရံပေါ်ရှိ ပိုစတာတွင် အင်္ဂလိပ်လို ဖော်ပြထားသည်။

အမှတ်တစ်အချက်အဖြစ် “ကျောင်းသားများကို ဆင်းရဲချမ်းသာမရွေး အခြေခံပညာရေးနှင့် ခေတ်မီပညာရေးစနစ်မှာကဲ့သို့ အရေး၊ အဖတ်နှင့် သင်္ချာဘာသာများ တတ်မြောက်စေရန်” “For students rich or poor, to be efficient in writing, reading and arithmetic like in Basic Education and modern-day education.”  ဟူ၍ဖော်ပြထားသည်။

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံပညာနှင့် ယဉ်ကျေးမှုအဖွဲ့ UNESCO က ဦးစီးဆောင်ရွက်နေသော အားလုံးအတွက်ပညာရေး Education For All အစီအစဉ်ကို လက်မှတ်ရေးထိုးထားသော နိုင်ငံဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံအစိုးရ မူလတန်းကျောင်းများက ကျောင်းနှင့်ပတ်သက်သော အခကြေးငွေများကို ကောက်ခံခြင်းမရှိပေ။

သို့သော်လည်း မိဘများသည် အခြားအသုံးစရိတ်များနှင့် ပုဂ္ဂလိကကျူရှင်စရိတ်များကို ပေးနေရသဖြင့် အားလုံးအဖို့ မတတ်နိုင်အောင်ဖြစ်ရသည်။ ဘုန်းတော်ကြီးများ၊ သို့မဟုတ် သီလရှင်များ ဦးစီးဆောင်ရွက်နေသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများက ငွေကြေးမတတ်နိုင်သူနှင့် မိဘမဲ့ကလေးများအတွက် ပညာသင်ကြားရေးကို ဆောင်ရွက်ပေးခြင်းဖြင့် ယင်းကွက်လပ်ကို ဖြည့်ဆည်းပေးလျက်ရှိသည်။

ဘုန်းတော်ကြီးသင် ပညာရေးသည် ပုဂံအင်ပါယာကို စတင်တည်ထောင်ခဲ့သူ၊ ထေရဝါဒ ဗုဒ္ဓဘာသာကို ထွန်းကားအောင်ပြုစုခဲ့သူ၊ မြန်မာလူမျိုးတို့၏ ဖခင်ကြီးအဖြစ် မှတ်ယူခံရသူ အနော်ရထာ ဘုရင်ကြီးလက်ထက်က စတင်ခဲ့ခြင်းဖြစ်သည်။ ဘုန်းတော်ကြီးများက ဦးစီးခဲ့သော ကျောင်းများတွင် ထိုအချိန်က ပညာရေးကိုသာ သင်ကြားပေးခဲ့သည်။

မြန်မာနိုင်ငံကို ဗြိတိသျှတို့က ကိုလိုနီအဖြစ် သိမ်းပိုက်ပြီးနောက် ဗြိတိသျှပညာရေးစနစ်ကို စတင်ဆောင်ရွက်ခဲ့ပြီး ဘုန်းတော်ကြီးသင် ပညာရေးကို အဆင့်နိမ့်သော ပညာရေးအဖြစ် နှိမ့်ချခဲ့သည်။ ဗိုလ်ချုပ်ကြီးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အုပ်ချုပ်သောကာလတွင် ဘုန်းတော်ကြီးသင် ပညာရေးနှင့် ပုဂ္ဂလိကပညာရေးအဖွဲ့အစည်းများကို ၁၉၆၂ ခုမှ ၁၉၈၈ ခုနှစ်အထိ ပိတ်ပင်ခဲ့သည်။  ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို ၁၉၉၂ ခုနှစ်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ပညာရေးဝန်ကြီးဌာနက ပြဋ္ဌာန်းထားသော တနိုင်ငံလုံးဆိုင်ရာ သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားပေးခဲ့သည်။

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို ၂၀၁၄ ခုနှစ် အမျိုးသားပညာရေး ဥပဒေအရ အသိအမှတ်ပြုထားပြီး သာသနာရေးနှင့် ပညာရေးဝန်ကြီးဌာနတို့က ပူးတွဲအုပ်ချုပ်ခဲ့သည်။

၂၀၁၆ ခုနှစ်က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကောက်ယူထားသော စာရင်းဇယားများအရ ကလေးသူငယ်ပေါင်း ၃၀၀,၀၀၀ ကို ပညာသင်ကြားပေးနေသော ဘုန်းတော်ကြီးကျောင်းပေါင်းမှာ နိုင်ငံတဝန်းလုံးတွင် ၁,၆၀၀ ရှိသည်။ မန္တလေးတွင် အများဆုံးရှိပြီး အများအပြားရှိသော အခြားဒေသများမှာ ရန်ကုန်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ဖြစ်သည်။

အေးရိပ်သာ၌ စာသင်ပေးနေသော ဘုန်းတော်ကြီးများတွင် သက်တော် ၂၈ နှစ်ရှိ ဦးတိဿလည်း ပါဝင်သည်။ အစိုးရကျောင်းကို မတက်နိုင်သော ကလေးများအား အကူအညီပေးလိုသည့်အတွက် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြု တက္ကသိုလ်၌ တက်ရောက်နေစဉ် လွန်ခဲ့သောသုံးနှစ်မှစ၍ ဦးပဉ္ဇင်းက ကလေးများကို စတင်သင်ကြားပေးခဲ့သည်။

“သတ်မှတ်ထားတဲ့ အဖြူအစိမ်း တူညီဝတ်စုံကို အစိုးရကျောင်းတွေမှာ ဝတ်ဖို့လိုပေမဲ့ ဒီမှာတော့ ကျောင်းသားတွေက မတတ်နိုင်လို့ တူညီဝတ်စုံ မဝတ်ရင်လည်း ခွင့်ပြုထားပါတယ်”  ဟု ဦးပဉ္ဇင်းက မိန့်သည်။

ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

ချမ်းသာသည့်မိဘအချို့ကမူ သူတို့ကလေးများအား အစိုးရနှင့်ပုဂ္ဂလိက နာမည်ကြီးကျောင်းများတွင် ထားရသည်ကို ဂုဏ်ယူလျက်ရှိနေသော်လည်း ထိုကဲ့သို့သော ပညာရေးမျိုးမှာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကလေးများအတွက် အလှမ်းဝေးလျက်ရှိကြောင်း ဦးတိဿက မိန့်ကြားသည်။

လုပ်ငန်းတာဝန်များများ  လစာနည်းနည်း

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှာ အခကြေးငွေမရဘဲ ကျောင်းများ၏ ဘဏ္ဍာရေးအခြေအနေမှာ အလှူအတန်းရရှိမှုအပေါ် မှီခိုနေရသဖြင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၏ ထောက်ပံ့ကြေး အခြေအနေမှာ စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည်။

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဆရာအများစုမှာ စေတနာ့ဝန်ထမ်းများဖြစ်ပြီး လစာအနည်းမျှသာ ရရှိကြသည်။

“ဝင်ငွေအတွက်သက်သက်နဲ့ ဒီကိုလာပြီး အလုပ်လျှောက်ရင် ကျုပ်တို့က အများကြီးပေးနိုင်စွမ်းမရှိလို့ လက်မခံနိုင်ပါဘူး”  ဟု ဦးတိဿက မိန့်ကြားသည်။

၂၀၁၃-၁၄ ခုနှစ်မှစ၍ ဘုန်းတော်ကြီးသင် မူလတန်းကျောင်းတွင် ကျောင်းသား ၄၀ ရှိသော မူလတန်းအဆင့် ဆရာတစ်ဦးအတွက် အစိုးရက တစ်လလျှင် ကျပ် ၃၆,၀၀၀၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ဆရာတစ်ဦးလျှင် တစ်လကို ကျပ် ၄၅,၀၀၀ နှင့် ၅၀,၀၀၀ အသီးသီး ထောက်ပံံ့ခဲ့သည်။ ထိုငွေကြေးပမာဏမှာ သူ့ဖုန်းဆက်ခအတွက်ပင် မလုံလောက်ကြောင်း ဦးတိဿကမိန့်သည်။

နောက်ထပ်လိုအပ်သော ဝင်ငွေအတွက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများက အလှူငွေများကိုသာ အားကိုးရသည်။ အလှူငွေကောင်းကောင်းရသဖြင့် လစာကောင်းကောင်းပေးနိုင်သော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ပေးသောလစာမှာ တစ်လကို အများဆုံးကျပ်တစ်သိန်းသာရှိသည်။ သို့ရာတွင် အလှူငွေရရှိမှု အခြေအနေအမျိုးမျိုး ရှိသကဲ့သို့ ကျောင်းဆရာများ၏ လစာမှာလည်း လစဉ်အတက်အကျ ရှိသည်။

“ကျွန်မ တစ်လလောက် ကြိုးစားရုန်းကန်လိုက်ရတယ်”  ဟု ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ သုံးထပ်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ၂၀၀၉ ခုနှစ်မှစ၍ ဆရာမအဖြစ် ဆောင်ရွက်ခဲ့သူ အသက် ၅၀ အရွယ် ဒေါ်ခင်မာဆွေက လွန်ခဲ့သည့် ၁၀ နှစ်က သူ့ဘဝအသက်မွေးဝမ်းကျောင်းအတွက် ခက်ခက်ခဲခဲ ရွေးချယ်ဆုံးဖြတ်ခဲ့ရပုံကို ပြန်ပြောင်းပြောပြသည်။ 

၁၉၉၅ ခုနှစ်၌ ဆယ်တန်းအောင်ပြီးနောက်  မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ ဖောင်တော်ဦး ပေါင်းစည်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ဆရာအဖြစ်ဆောင်ရွက်ရန် ဒေါ်ခင်မာဆွေကို ဖိတ်ခေါ်ခဲ့သည်။ ထိုစဉ်ကရသောလစာမှာ ကျပ် ၆၀၀ ဖြစ်သည်။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ နှစ်နှစ်ခန့်သင်ကြားပေးပြီးနောက် လစာပိုကောင်းသော ပုဂ္ဂလိက မူကြိုကျောင်းတွင် အုပ်ချုပ်ရေးရာထူးကို လက်ခံဆောင်ရွက်ရန် သူဆုံးဖြတ်ခဲ့သည်။

၂၀၀၈ ခုနှစ်တွင် မူကြိုကျောင်းရှိ သူ့အလုပ်မှ နုတ်ထွက်ခဲ့ပြီး သုံးထပ်ကျောင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ သင်ကြားပေးရန် ဆုံးဖြတ်ခဲ့သည်။ သူ့လစာမှာ တစ်လအမေရိကန်ဒေါ်လာ ၅၀၀ (ကျပ် ၇၀၀,၀၀၀ ) ရရှိနေရာမှ တစ်လကျပ်  ၈၀,၀၀၀ သို့ ကျဆင်းသွားသည်။

ကျောင်းသားများမှာ အသက် ခုနစ်နှစ်မှ ၁၁ နှစ်အကြား လမ်းပေါ်တွင်ကြီးပြင်းလာသော ကလေးများဖြစ်သဖြင့် အစကနဦးက ကြောက်ခဲ့မိကြောင်း ဆိုသည်။ အချို့ကစကားကို ကြမ်းကြမ်းတမ်းတမ်းသုံးပြီး အချို့က ကော်အမြဲရှူခြင်းကဲ့သို့ မူးယစ်ဆေးဝါး အလွဲသုံးကြကြောင်း ဒေါ်ခင်မာဆွေက Frontier ကိုပြောသည်။

ဒေါ်ခင်မာဆွေ လက်လျှော့ချင်ခဲ့သေးသော်လည်း ကလေးများ၏ဘဝ ပိုမိုကောင်းမွန်ရေးအတွက် သူပြောင်းလဲပေးနေခြင်းဖြစ်ကြောင်း လုပ်ဖော်ကိုင်ဖက်များက အားပေး၍သာ ဆက်လက်ဆောင်ရွက်ခဲ့သည်။

သင်ကြားရေး လွတ်လပ်မှု

အစိုးရကျောင်းမှာကဲ့သို့ နိုင်ငံတော်ကပြဋ္ဌာန်းထားသည့် သင်ရိုးညွှန်းတမ်းကို လိုက်နာရသော်လည်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ဆရာအဖြစ် သူသင်ပြရသည်မှာ လွတ်လပ်မှုအများကြီးရှိကြောင်း ဒေါ်ခင်မာဆွေက ပြောသည်။ ပြောင်းလွယ်ပြင်လွယ်မရှိသော ညွှန်ကြားချက်အချိန်ဇယားအတိုင်း သင်ကြားရသော အစိုးရကျောင်းများနှင့်မတူဘဲ သူ့ကျောင်းသားများ၏ သင်ယူနိုင်မှုစွမ်းရည်နှင့်ကိုက်ညီအောင် သင်ပြမှုနှုန်းကို ညှိနှိုင်းဆောင်ရွက်သွား၍ရသည်။

အစိုးရကျောင်း မတက်နိုင်သည့်ကလေးများအား စာသင်ကြားပေးလို၍ လွန်ခဲ့သောတစ်နှစ်ခန့်မှစတင် သင်ကြားပေးနေသည့် ဆရာတော် ဦးတိဿ။ ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

အစိုးရကျောင်း မတက်နိုင်သည့်ကလေးများအား စာသင်ကြားပေးလို၍ လွန်ခဲ့သောတစ်နှစ်ခန့်မှစတင် သင်ကြားပေးနေသည့် ဆရာတော် ဦးတိဿ။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

“ကျွန်မက စာမေးပွဲတွေကို သဘောမကျဘူး။ အကဲဖြတ်ချက်တွေကိုပဲ သဘောကျတယ်” ဟု ကျောင်းသားများအတွက် အသင့်တော်ဆုံးဟု သူယုံကြည်သောသင်နည်းကို အသုံးပြုခွင့်ရကြောင်း ရှင်းပြရင်း သူက ပြောသည်။

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ ဆရာများသည် စာသင်ကျောင်းပြင်ပ လှုပ်ရှားမှုများကို ဆောင်ရွက်ရသည်။ တခါတရံ ဒေါ်ခင်မာဆွေသည် နေ့လယ်ဆွမ်းကို ပြင်ပေးရပြီး ကိုရင်ငယ်များ၏ သင်္ကန်းများကို လျှော်ဖွပ်ပေးရသည်။ သူ့ကျောင်းသားများကို အဘက်ဘက်မှ နည်းမျိုးစုံဖြင့် စောင့်ရှောက်ရသော မိခင်တစ်ဦးသဖွယ်လည်းဖြစ်သည်။

သင်ကြားရန်ရွေးချယ်လိုက်သော နည်းလမ်းသည် ထိရောက်မှုရှိစေရန်မှာ ကောင်းမွန်သော ကျောင်းသင်ခန်းဆိုင်ရာ ခေါင်းဆောင်မှုသည် အရေးကြီးကြောင်း နိုင်ငံတဝန်းလုံးရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်များ တိုးတက်ကောင်းမွန်ရေးကို ဆောင်ရွက်နေသော လူထုအခြေပြု အဖွဲ့အစည်းတစ်ခုဖြစ်သည့် ဘုန်းတော်ကြီးသင်ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ Monastic Education Development Group – MEDG ၏ ပညာရေးအထောက်အကူပြုနှင့် မူဝါဒရေးရာ မန်နေဂျာ ဦးအောင်ကိုဦး (၄၃ နှစ်) ကပြောသည်။

MEDG သည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကျောင်းအုပ်များအတွက် ခေါင်းဆောင်မှုသင်တန်းများကို စီစဉ်ဆောင်ရွက်ပေးပြီး သင်ခန်းစာများ ပြင်ဆင်ရာတွင် ဆရာများအား ပြောင်းလွယ်ပြင်လွယ်ရှိအောင် ခွင့်ပြုထားရန်လည်း အလေးထားသင်ပြပေးလျက်ရှိသည်။  MEDG သည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဆရာများကိုလည်း တစ်လကြာသင်တန်းများပေးကာ ကျောင်းသားဗဟိုပြု အပြန်အလှန်တုံ့ပြန်မှုရှိသော သင်ကြားရေးပုံစံများကို ပို့ချပေးလျက်ရှိသည်။

စာသင်ကြားရာတွင် ပိုမိုထိရောက်မှုရှိအောင် အဆိုပါသင်တန်းများက အထောက်အကူပေးကြောင်း သူ့လုပ်ဖော်ကိုင်ဖက်များနှင့်အတူ သင်တန်းတက်ထားသူ ဒေါ်ခင်မာဆွေကပြောသည်။

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ဆရာအများစုသည် ဆရာဖြစ်သင် လေ့ကျင့်ရေးကျောင်းဆင်းများ မဟုတ်ကြသော်လည်း စွမ်းရည်အမျိုးမျိုး ကွဲပြားလျက်ရှိသော ကျောင်းသားများကို သင်ကြားရာတွင် လက်တွေ့ပိုင်းအတွေ့အကြုံ ပိုမိုရှိကြောင်း ဦးအောင်ကိုဦးကပြောသည်။

အသိအမှတ်ပြုမခံရသော ကြိုးပမ်းမှု

သူတို့တွင် အတွေ့အကြုံ၊ သို့မဟုတ် လေ့ကျင့်မှု မည်မျှပင်ပိုမိုရှိစေကာမူ ယေဘုယျအားဖြင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ဆရာဆရာမများမှာ အစိုးရ၊ သို့မဟုတ် ပုဂ္ဂလိကကျောင်းများမှ ဆရာ ဆရာမများကဲ့သို့ အသိအမှတ်ပြုခြင်း မခံရပေ။ သို့သော်လည်း မကြာမီ ပြောင်းလဲမှု ရှိလာနိုင်ပေသည်။

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် လူထုအခြေပြုကျောင်းများမှ ဆရာ ဆရာမများကို အခြားအဖွဲ့အစည်းများရှိ ဘဝတူဆရာဆရာမများနည်းတူဖြစ်အောင် ဆောင်ရွက်ပေးမည့်ဆရာများ၏ အရည်အသွေးပြည့်ဝရေး အမျိုးသားအဆင့်မူဘောင်ကို UNESCO ၏ အကူအညီဖြင့် ပညာရေးဝန်ကြီးဌာနက မူကြမ်းရေးဆွဲလျက်ရှိကြောင်း ဦးအောင်ကိုဦးကပြောသည်။

၂၀၀၆ ခုနှစ်၌ ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီးဌာနက ကောက်ယူခဲ့သည့်စာရင်းအရ ကလေး သုံးသိန်းခန့်ကို စာသင်ကြားပေးနေသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၁,၆၀၀ ရှိသည်ဟုသိရသည် ။ ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

၂၀၀၆ ခုနှစ်၌ ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီးဌာနက ကောက်ယူခဲ့သည့်စာရင်းအရ ကလေး သုံးသိန်းခန့်ကို စာသင်ကြားပေးနေသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၁,၆၀၀ ရှိသည်ဟုသိရသည် ။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

တရားဝင်အသိအမှတ်ပြုမှုသည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိ ဆရာ ဆရာမများ၏ ပညာရှင်ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်ပြီး ဆရာ ဆရာမများကို ထိန်းထားနိုင်သည့်နှုန်းလည်း ပိုမိုမြင့်တက်လာနိုင်ကြောင်း သူကပြောသည်။

အစိုးရကျောင်းများမှာပင် အရည်အသွေးပြည့်ဝသော ကျောင်းဆရာ အလုံအလောက်မရရှိကြောင်း ဦးအောင်ကိုဦးက အသိအမှတ်ပြုပြောကြားသည်။ ပညာရေးဝန်ကြီးဌာနသည် ပညာရေးစနစ် တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရာတွင် အခြားစိန်ခေါ်မှုအများအပြားနှင့် ရင်ဆိုင်နေရသည့်အတွက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ သင်ကြားမှုအရည်အသွေး မြှင့်တင်ရေးအတွက် အစိုးရမဟုတ်သော အဖွဲ့အစည်းများအပေါ်တွင် များစွာမှီခိုနေရသည်။

“ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ၊ လူထုအခြေပြုကျောင်းတွေ၊ အစိုးရကျောင်းတွေအားလုံးက အတူတူပါပဲ။ သူတို့က အခြေခံကျောင်းတွေပါ။ နောင်အနာဂတ်မှာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေလည်း စံချိန်တူအဆင့်ကို ရောက်လာကြမှာပါပဲ” ဟု ဦးအောင်ကိုဦးကပြောသည်။

ဆက်လက်ဆောင်ရွက်ရသည့် အကြောင်းရင်း

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသည် စိန်ခေါ်မှုအများအပြားနှင့် ရင်ဆိုင်နေရသော်လည်း အဆိုပါစာသင်ကျောင်းများ မရှိပါက မည်သည့်အချိန်မှ ကျောင်းတက်နိုင်မည်မဟုတ်သော ကလေးများ၏ ပညာရေးအတွက် အရေးပါသော အခန်းမှပါဝင်နေသဖြင့် ဆက်လက်ထောက်ပံ့မှုရနိုင်ရန် ဆွဲဆောင်မှုများ ရှိနေဆဲဖြစ်သည်။

“ပညာရေးက အရေးကြီးပါတယ်” ဟု ဦးတိဿက အလေးအနက်မိန့်ကြားသည်။ ပညာမတတ်သူသည် အခြားသူများ၏ ခိုင်းစေမှုကို အမြဲခံရကြောင်း မြန်မာ့ဆိုရိုးတစ်ခုကို ကိုးကား၍ ဆရာတော်က မိန့်ကြားသည်။

ငွေကြေးမဟုတ်သော်လည်း ပညာသင်ကြားပေးခြင်းမှ အကျိုးရလဒ်များကို ဒေါ်ခင်မာဆွေ ရရှိသည်။ သူလုပ်ငန်း စတင်ဝင်ရောက်စဉ်က ကြုံတွေ့ခဲ့ရသည့် ဗရုတ်သုတ်ခနိုင်သော ကလေးများသည် အရွယ်ရောက်လာသောအခါ အလုပ်အကိုင်များရရှိကာ သူတို့ကိုယ်သူတို့နှင့် မိသားစုကို ထောက်ပံ့နိုင်သော တာဝန်သိသူများ ဖြစ်လာကြသည်။

“သူတို့အတွက် ကျွန်မဂုဏ်ယူတယ်” ဟု သူကပြောသည်။

အေးရိပ်သာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ အသက် ၃၈ နှစ်အရွယ် ဆရာမဒေါ်ဝင်းဝင်ရီကမူ ယင်းလုပ်ငန်းကို စေတနာ့ဝန်ထမ်းအဖြစ် သဘောထားသည့်အတွက် နည်းပါးသောလစာကို လက်ခံခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

လေးတန်းကျောင်းသူ မသဇင်မိုးကမူ ဆရာမကို အားကျလျက်ရှိပြီး သူနှင့်သူ့သူငယ်ချင်းများက ဆရာမ၏ သင်ကြားမှုများကို သဘောကျပုံအကြောင်း Frontier ကို ပြောပြသည်။

“ကျွန်မရည်မှန်းချက်က ဆရာမ ဖြစ်ချင်တာပါ ။ ကျွန်မရဲ့ဆရာမလိုမျိုးပေါ့” ဟု ၁၀ နှစ်အရွယ် ကျောင်းသူကလေးက ပြောသည်။

ဇမ္ဗူစိုး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ် အေးရိပ်သာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ကလေးများ နေ့လယ်စာစားနေကြစဉ်။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.