ပိုက်ကွန်များ၊ မေ့ဆေးများ၊ ကာကွယ်ဆေး ဖြန့်ကျက်ကာ ခွေးရူးပြန်ရောဂါ တိုက်ဖျက်ခြင်း

မသိမသာ ပျံ့နှံ့နေပြီး ကုသ၍ မရနိုင်ကာ ရာနှုန်းပြည့်အသက်ဆုံးရှုံးနိုင်သော ကြောက်မက်ဖွယ် ခွေးရူးပြန်ရောဂါတိုက်ဖျက်ရေး အမျိုးသားအစီအစဉ်တစ်ခုကို စက်တင်ဘာ ၂၈ ရက်နေ့က ကျရောက်သော ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့တွင် မိတ်ဆက်ခဲ့သည်။

Eva Hirschi ရေးသားသည်။

လမ်းပေါ်က ခွေးတစ်ကောင်ကို ခွေးက လှည့်မကြည့်လိုက်နိုင်ခင်မှာပင် ပိုက်ကွန်ဖြင့် အုပ်လိုက်သည်။ စေတနာ့ဝန်ထမ်း လုပ်အားပေးတစ်ယောက်က ခွေးကို မလှုပ်နိုင်အောင် ချုပ်ကိုင်ထားစဉ် နောက်တစ်ယောက်က ခွေးရူးကာကွယ်ဆေး ထိုးပေးလိုက်သည်။ ထို့နောက် ကာကွယ်ဆေးထိုးပြီး ခွေးမှန်းသိသာစေရန် ခွေးကို လည်ပတ်ပတ်ပေးထားလိုက်သည်။

၁၉၈၈ ခုနှစ်က သြစတြီးယားနိုင်ငံတွင် တည်ထောင်ဖွဲ့စည်းခဲ့သော နိုင်ငံတကာတိရိစ္ဆာန်များ စောင့်ရှောက်ရေးအဖွဲ့ Four Paws မှ တိရိစ္ဆာန်ဆေးကုဆရာဝန်တစ်ဦးဖြစ်သူ Dr. Amir Khalil အတွက်တော့ တွေ့မြင်နေကျ မြင်ကွင်းတစ်ခုပင် ဖြစ်သည်။

မတ်လလယ်နေ့တစ်နေ့တွင် မြန်မာနိုင်ငံအလယ်ပိုင်းရှိ လယ်ဝေးမြို့၏ ကောင်းကင်၌ မိုးတိမ်ကင်းစင်လျက် နေက ၄၀ ဒီကရီစင်တီဂရိတ်အထိ ခြစ်ခြစ်တောက်ပူနေသည်။ Four Paws အဖွဲ့မှ စီမံကိန်းညွှန်ကြားရေးမှူး Khilil နှင့် သူ၏ အဖွ့ဲသည် ကျေးရွာ ၅၀၀ ကျော်တွင် ခွေးကောင်ရေ ၅၀,၀၀၀ ကို ခွေးရူးပြန်ကာကွယ်ဆေးထိုးပေးရန်ဟူသည့် စမ်းသပ်စီမံကိန်းအတွက် ရည်ရွယ်ချက်ကြီးမားလှသောတာဝန်ကို အကောင်အထည်ဖော်ရန် ကြိုးစားနေကြသည်။

ခွေးရူးပြန်ရောဂါသည် နို့တိုက်သတ္တဝါများတွင် ဖြစ်ပေါ်တတ်သော ဗိုင်းရပ်ပိုးကြောင့်ဖြစ်သည့် ရောဂါတစ်မျိုးဖြစ်ပြီး ကိုက်ရာ၊ ကုတ်ရာ၊ ခြစ်ရာများတွင် တိရိစ္ဆာန်၏ သွားရည်မှတဆင့် ပျံ့နှံ့ကူးစက်တတ်သည်။ ခွေးရူးပြန်ရောဂါကို မဖြစ်အောင် ကာကွယ်ခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။

“ဒီရောဂါက ရာနှုန်းပြည့် အသက်ဆုံးရှုံးနိုင်ပြီး ရာနှုန်းပြည့်လည်း ကာကွယ်နိုင်တဲ့ရောဂါပါ” ဟု ဒေါက်တာ Khalil က ပြောသည်။ ခွေးရူးရောဂါပိုးရှိနေသော ခွေးကိုက်ခံရပြီး (သို့မဟုတ်) ခွေးရူးပြန်ရောဂါပိုးရှိနေသော အခြား တိရိစ္ဆာန်တစ်ကောင်၏ ကုတ်ခြစ်ခြင်းခံရပြီး နာရီပိုင်းအတွင်း ဆေးကုသမှုခံယူခြင်းမပြုလျှင် ပြင်းထန်သည့် နာကျင်မှု ဝေဒနာကို ဖြေးဖြေးချင်းကြာရှည်စွာ ခံစားရပြီးမှ မချိမဆန့်ဝေဒနာဖြင့် သေဆုံးကြရသည်။

ခွေးရူးပြန်ပိုးကို မည်သည့်နို့တိုက်သတ္တဝါထံမှဖြစ်စေ လူသားများထံ ကူးစက်နိုင်သော်လည်း ခွေးကသာလျှင် အများဆုံး အဓိက ပိုးလက်ခံရာသတ္တဝါဖြစ်သည်။ ခွေးရူးပြန်ရောဂါဖြင့် သေဆုံးမှုအားလုံး၏ ၉၉ ရာခိုင်နှုန်းမှာလည်း ခွေးကိုက်ခံရခြင်းသာ ဖြစ်သည်။ လမ်းပေါ်မှ ခွေးလေခွေးလွင့်များကို ကာကွယ်ဆေးထိုးပေးခြင်းသည် ရောဂါပြန့်နှံ့ခြင်းမှ အကောင်းဆုံးကာကွယ်သည့် နည်းလမ်းပင် ဖြစ်သည်။ တိရိစ္ဆာန်မွေးမြူရေးနှင့် ဆေးကုသရေးဋ္ဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တု့ိ၏စာရင်းများအရ ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံတွင် လူ ၆၂,၀၀၀ ခန့် ခွေးကိုက်ခံခဲ့ရသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ် လူ ၁,၀၀၀ ခန့် ခွေးရူးပြန်ရောဂါဖြင့် သေဆုံးနေသည်။ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီးသို့ ၂၀၁၇ ခုနှစ်အတွင်း ခွေးကိုက်ခံရသူ ၁၇,၉၁၀ ဦး ရောက်ရှိလာပြီး ၂၀ ဦးမှာ ခွေးရူးပြန်၍ သေဆုံးခဲ့သည်။

“ဒီကိန်းဂဏန်းကိုကြည့်ပြီး နည်းတယ်လို့ထင်ရပေမယ့် အဲဒီအရေအတွက်က ပင်လယ်ထဲက ရေခဲတုံးကြီး Iceberg ရဲ့ မြင်ရတဲ့ အပေါ်ထိပ်ပိုင်းဘဲ ရှိပါသေးတယ်” ဟု ဒေါက်တာမော်မော်ဦးက ပြောပါသည်။ ရန်ကုန်ဆေးတက္ကသိုလ် (၁) အရေးပေါ် ဆေးပညာဋ္ဌာန၏ ပါမောက္ခဖြစ်သူ ၎င်းက “အဓိကပြဿနာကတော့ ဆေးရုံကို သတင်းမပို့ကြတာပါဘဲ၊ အထူးသဖြင့် ကျေးရွာတွေမှာပေါ့” ဟု Frontier ကို ပြောသည်။

“ရောဂါလက္ခဏာတွေက နောက်ကျမှ ပြတတ်တယ်။ ခွေးကိုက်ခံရပြီး ရက်သတ္တပတ်အတန်ကြာ၊ တခါတရံ လပေါင်းအတော်ကြာပြီးမှ၊ အနာလည်းကျက်ပြီးမှ ရောဂါလက္ခဏာက ပြတယ်။ ဒီတော့ လူတွေက ရောဂါလက္ခဏာကို ခွေးကိုက်ခံခဲ့ရတာနဲ့ ဆက်စပ်မတွေးမိကြတော့ဘူး။ ရောဂါလက္ခဏာပြလာပြီဆိုရင်တော့ နှစ်ရက်က ၁၀ ရက်အတွင်း အသက်ဆုံးရတော့တာပဲ” ဟု ဒေါက်တာမော်မော်ဦးက ပြောသည်။

အရေးယူဆောင်ရွက်မည့် အစီအစဉ်

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့အခြေစိုက် WHO ၏ အရှေ့တောင်အာရှဆိုင်ရာရုံး၏ အဆိုအရ လူသားများ ခွေးရူးပြန်ရောဂါ ဖြစ်ပွားမှုတွင် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံပြီးလျှင် ဒုတိယအများဆုံးဖြစ်သည်။ အိန္ဒိယတွင် နှစ်စဉ် လူ ၂၀,၀၀၀ ခန့် ခွေးရူးပြန်၍ သေဆုံးနေသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဋ္ဌာန၊ ရန်ကုန်တက္ကသိုလ်နှင့် သြစတြေးလျမှ တက္ကသိုလ်နှစ်ခုတို့ ပူးပေါင်းလေ့လာသုတေသနပြုမှုအရ မြန်မာနိုင်ငံတွင် ခွေးရူးကိုက်ခံရ၍ သေဆုံးသူဦးရေမှာ ငှက်ဖျားရောဂါဖြင့် သေဆုံးသူဦးရေထက် ပိုမိုများပြားနေသည်။

ထိုလေ့လာမှုက မြန်မာနိုင်ငံတွင် ငှက်ဖျားတိုက်ဖျက်ရေး၌ အမျိုးသားငှက်ဖျားရောဂါ ထိန်းချုပ်ရေးအစီအစဉ်၏ အောင်မြင်မှုကို အသိအမှတ်ပြုထားသည်။ မြန်မာနိုင်ငံ၌ ခွေးရူးပြန်ရောဂါ ဖြစ်ပွားမှုကို ထိန်းချုပ်ရာတွင် ငှက်ဖျားတိုက်ဖျက်ရေးကဲ့သို့ပင် ဘက်စုံထောင့်စုံမှ ပူးပေါင်းညှိနှိုင်းလုပ်ဆောင်မှု ကင်းမဲ့နေကြောင်းလည်း ထောက်ပြထားသည်။

အစိုးရသည် ခွေးရူးပြန်ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ရန် ကြိုးပမ်းရာတွင် ခွေးကိုက်ခံရပြီးနောက် ဆေးကုသမှုတွင် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုးပေးခြင်းအတွက် များစွာရင်းနှီးမြှုပ်နှံထားသော်လည်း ကုန်ကျစားရိတ် ပိုမိုသက်သာသည့် အခြားအစီအစဉ်များတွင် ပိုမိုအာရုံစိုက်သင့်သည်ဟု ပြောကြားထားသည်။ အထူးသဖြင့် အခြားနိုင်ငံများတွင် ခွေးရူးပြန်ရောဂါ အမြစ်ဖြတ်ရေးအတွက် ဆောင်ရွက်ရာတွင် အဓိကကျသော လုပ်ငန်းဖြစ်သည့် ခွေးများအား အစုလိုက် ကာကွယ်ဆေးထိုးပေးခြင်းဖြစ်သည်။

ခွေးများကို ပထမဆုံအကြိမ် အစုလိုက်အပြုံလိုက် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ၂၀၁၅ ခုနှစ်တွင် စတင် လုပ်ဆောင်ခဲ့သည်။ သို့သော် လုပ်ဆောင်ခဲ့သော NGO အဖွဲ့၏ ငွေကြေးအထောက်အပံ့ ကုန်ခန်းသွားသဖြင့် လုပ်ငန်းကို ဆက်မလုပ်နိုင်တော့ပေ။ ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက်နေ့က ကျရောက်သည့် ကမ္ဘာ့ခွေးရူးပြန်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာအစိုးရက မိတ်ဘက်အဖွဲ့အစည်းများ ဖြစ်ကြသော WHO နှင့် Four Paws ကဲ့သို့ အဖွဲ့များနှင့် ပူးပေါင်းကာ လုပ်ဆောင်မည့် အစီအစဉ်ကို ချမှတ်ခဲ့သည်။

ထိုအစီအစဉ်က နောက်လာမည့် သုံးနှစ်အတွင်း ခွေးကောင်ရေတစ်သန်းကို ခွေးရူးပြန်ကာကွယ်ဆေး ထိုးပေးရန် ရည်ရွယ်သည်။ ထိုအထဲမှ တစ်ဝက်ကို အစိုးရက တာဝန်ယူထိုးပြီး ကျန်တစ်ဝက်ကို Four Paws က လုပ်ဆောင်ပေးရန် ဖြစ်သည်။

အိမ်မွေးခွေးများနှင့် ပိုင်ရှင်မဲ့ခွေးများ အားလုံးကို ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်သည်။ ဓာတ်ပုံ-Supply

အိမ်မွေးခွေးများနှင့် ပိုင်ရှင်မဲ့ခွေးများ အားလုံးကို ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်သည်။ ဓာတ်ပုံ-Supply

“ကျွန်တော်တို့ ပန်းတိုင်ကတော့ ၂၀၃၀ ပြည့်နှစ်လောက်ရောက်ရန် မြန်မာနိုင်ငံဟာ ခွေးရူးပြန်ရောဂါကင်းစင်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်သွားဖို့ပါပဲ” ဟု ဒေါက်တာမင်းသိန်းမော်က ပြောပါသည်။ ၎င်းသည် တိရိစ္ဆာန်ဆေးဝါးနှင့် ရောဂါထိန်းချုပ်ရေးဋ္ဌာနခွဲ၏ ညွှန်ကြားရေးမှူး ဖြစ်သည်။ ထိုဋ္ဌာနခွဲသည် တိရိစ္ဆာန်မွေးမြူရေးနှင့် ဆေးကုသရေးဦးစီးဋ္ဌာန လက်အောက်မှ ဋ္ဌာနခွဲတစ်ခုဖြစ်သည်။

အစိုးရအနေနှင့် WHO နှင့် Four Paws အဖွဲ့တို့ထံမှ အကူအညီရရှိရေးမှာ အလွန်အရေးကြီးသည်ကိုလည်း ၎င်းက မှတ်ချက်ပြု ပြောကြားသည်။ “ဒီစီမံကိန်းကို ကျွန်တော်တို့ ကိုယ်တိုင်လုပ်ဖို့ ငွေကြေးမလုံလောက်ပါဘူး” ဟု ၎င်းကပြောသည်။

ခွေးများကို ဖမ်းဆီးခြင်း၊ လည်ပတ်တပ်ဆင်ခြင်းနှင့် အချက်အလက်ကောက်ယူခြင်းတို့ လုပ်ဆောင်ရန် Four Paws က နိုင်ငံတကာ ကျွမ်းကျင်သူများနှင့် ပစ္စည်းကိရိယာများကို ထောက်ပံ့ပေးသည်။ အဆိုပါလှုပ်ရှားမှုတွင် တိရိစ္ဆာန်ဆေးပညာတက္ကသိုလ်၊ တိရိစ္ဆာန် ကျန်းမာရေးဆိုင်ရာ ကမ္ဘာ့အဖွဲ့အစည်း၊ ပြည်တွင်း အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော မင်္ဂလာမြန်မာတို့လည်း ပါဝင်ကြသည်။ နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ရန်ကုန်၊ မန္တလေး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ခွေးများကို ကာကွယ်ဆေးထိုးပေးရန် လူ ၁၀၀ ခန့် ပါဝင်သော အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းထားသည်။

ရှေ့ပြေး စီမံကိန်း

ရှေ့ပြေး စမ်းသပ်စီမံကိန်းအဖြစ် Four Paws အဖွဲ့က မတ်လအတွင်းတွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်နှင့် မေလအတွင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တို့ရှိ စုစုပေါင်းကျေးရွာ ၅၁၆ ရွာတို့၌ ခွေးနှင့်ကြောင် စုစုပေါင်း ၅၉,၀၀၀ ကောင်တို့ကို ကာကွယ်ဆေးထိုးပေးခဲ့ကြသည်။

“ကျွန်မတို့ရည်ရွယ်ချက်ကတော့ ခွေးရူးပြန်ရောဂါကို တိုက်ဖျက်လို့ရတယ်ဆိုတာ အစိုးရကို လက်တွေ့ပြချင်လို့ပါဘဲ။ အခုထက်ပိုပြီး အားထည့်လုပ်ကြဖို့လဲ အရေးကြီးပါတယ်။ ခွေးရူးပြန် အဖြစ်အများဆုံးဒေသမှာ ကျွန်မတို့စပြီး လုပ်ပါတယ်။ ဒီနေရာက အရင် အဖွဲ့အစည်းတွေ ကာကွယ်ဆေး စထိုးခဲ့ကြတဲ့နေရာပါ။ အတော်ခဲခဲယဉ်းယဉ်း လုပ်ခဲ့ကြရတာပါ” ဟု မြန်မာနိုင်ငံတွင် Four Paws Project ကို ဦးဆောင်နေသူ Ms.Marina Ivanova က ပြောသည်။

အဖွဲ့၏ နေ့စဉ်အလုပ်မှာ နံနက် ၆ နာရီ အိပ်ရာမှထပြီးနောက် ဦးစွာ ရွာလူကြီးနှင့်တွေ့ဆုံပြီး လုပ်ဆောင်မည့် အလုပ်အကြောင်းကို ရှင်းပြကြရသည်။ ထို့နောက် အဖွဲ့လေးများခွဲကာ ကာကွယ်ဆေးထိုးရန်အတွက် ၎င်းတို့၏ ခွေးနှင့် ကြောင်များအား ခေါ်ဆောင်လာကြရန် ရွာသူ၊ ရွာသားတွေအား အသိပေး ပြောကြားကြရသည်။ အဖွဲ့တွင်းမှ နိုင်ငံခြားသာ အဖွဲ့ဝင်များပင် မြန်မာစကား အနည်းဆုံးတစ်ကြောင်းတော့ ပြောတတ်နေကြပြီဖြစ်သည်။ ထိုစကားမှာ “ခင်ဗျားတို့အိမ်မှာ ခွေးတွေ၊ ကြောင်တွေရှိလား” ဟူသော မေးခွန်းဖြစ်သည်။

ထို့ပြင် ပိုင်ရှင်မဲ့ ခွေးလေ၊ ခွေးလွင့်များကိုလည်း ဖမ်းပြီး ခွေးရူးပြန်ကာကွယ်ဆေး ထိုးကြရသည်။ ပိုက်ကွန်များ၊ မေ့ဆေးထည့်ထားသော လေမှုတ်မြားဖြင့် ပစ်ခတ်ဖမ်းဆီးခြင်းများကို ပြုလုပ်ကြသည်။ ရွာသူရွာသားများထံမှ အပြုသဘော တုန့်ပြန်လုပ်ဆောင်မှုများနှင့်သာ ကြုံတွေ့ခဲ့ရသည်ဟု Ms. Ivanova က ပြောသည်။

“ရွာသူ ရွာသားတွေဆီက အကူအညီ အများကြီးရပါတယ်။ အထူးသဖြင့် ကလေးတွေဆီကပေါ့။ ပုန်းနေတဲ့ ခွေးတွေကြောင်တွေကို ကလေးတွေက ပြပေးကြတယ်။ ကျွန်မတို့အတွက် ဖမ်းတောင်ပေးကြတယ်” ဟု Ms. Ivanova က ရယ်မောရင်း Frontier ကိုပြောသည်။

“ကျွန်မတို့ လုပ်ကိုင်နေကြတာကို လူတွေက နားလည် တန်ဖိုးထားကြပါတယ်။ တချို့မှာ သူတို့ခွေးတွေကို လွန်ခဲ့တဲ့ နှစ်နှစ် လောက်ကတည်းက ကာကွယ်ဆေးထိုးခဲ့ကြပြီးပြီ။ ဒါကြောင့် သူတို့ တိရိစ္ဆာန်တွေကို သူတို့ကိုယ်တိုင် ယူလာကြပါတယ်။ ဒါဟာ သိပ်ကောင်းတဲ့လက္ခဏာပါ။ ဒီလှုပ်ရှားမှုစီမံကိန်းက ဘာအတွက်ဆိုတာ သူတို့ နားလည်ကြတာကိုပြတာပဲ” ဟု Ms. Ivanova ကပြောသည်။

ကျေးရွာလူထုအား ခွေးရူးပြန်ရောဂါအကြောင်း ပညာပေးရာတွင်လည်း စီမံကိန်းက အထောက်အကူနေသည်။

“ဒီရောဂါနဲ့ပတ်သက်ပြီး လူတွေ အယူအဆလွဲမှားနေကြတာတွေ ရှိတယ်။ ခွေးရူပြန်ရောဂါက ပူတဲ့ရာသီမှာမှ ပြန့်နှံ့တယ်လို့ လူတစ်ချို့က ထင်နေကြတယ်။ ရာသီဥတုက ပူအိုက်လို့ ခွေးတွေ ကိုက်ချင်စိတ်၊ ရန်လိုစိတ်ဖြစ်တာလို့ သူတို့က ယူဆနေတာတွေရှိတယ်” ဟု Ivanova ကပြောသည်။

စီမံကိန်းတွင် ရွာသားများအား ခွေးရူးပြန်ကာကွယ်ဆေးထိုးနည်းလည်း သင်ကြားပေးသည်။ ခွေးများကို ခွေးရူးပြန်ကာကွယ်ဆေး ထိုးနှံပေးခြင်းအားဖြင့် ခွေးများတွင် ခွေးရူးပြန်ရောဂါ မဖြစ်စေနိုင်စေတော့သလို လူသားများမှာလည်း ခွေးရူးပြန်ရောဂါရအတွက် မစိုးရိမ်ရတော့ခြင်းကြောင့် ရည်ရွယ်ချက်နှစ်ခုကို ပြီးမြောက်စေသည်ဟု Khalil က ပြောပြသည်။

“လူတွေရဲ့ကောင်းကျိုးကို တိရိစ္ဆာန်တွေရဲ့ ကောင်းကျိုးနဲ့ ခွဲခြားမထားသင့်ပါဘူး။ ကောင်းမှုဆိုတာ အပြန်အလှန် ဆက်သွယ်နေကြတာပါ” ဟု ၎င်းကပြောသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.