လိင်မှုခင်းထူပြောလာ၍ အမျိုးသမီးအခွင့်အရေးဥပဒေ ပြဋ္ဌာန်းရန်တောင်းဆို

မုဒိန်းမှုများ တဟုန်ထိုးမြင့်တက်လာခြင်းမှာ အမျိုးသမီးများအား ထိရောက်စွာ ကာကွယ်ပေးနိုင်အောင် ပြီးပြည့်စုံသည့် တခုတည်းသောဥပဒေ မရှိ၍ဖြစ်ကြောင်း ပြစ်တင်လျက်ရှိသည်။

ဆုမြတ်မွန် ရေးသားသည်။

အမျိုးသမီးဦးရေမှာ လူဦးရေစုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းကျော် ပါဝင်နေသော်လည်း ခေါင်းဆောင်မှုကဏ္ဍ၌ မြန်မာအမျိုးသမီးများ၏ ပါဝင်မှုအချိုးအစားမှာ အဆမတန်နည်းပါးနေပြီး အများစု၏ ခွဲခြားဆက်ဆံမှုကို ခံနေရသည်။

မကြာသေးမီနှစ်များအတွင်း မုဒိန်းမှုများ တရှိန်ထိုးမြင့်တက်လာမှုကြောင့် ၁၉၉၇ ခုနှစ်က ကုလသမဂ္ဂ အမျိုးသမီးများ ခွဲခြားဆက်ဆံမှုဆန့်ကျင်ရေး ကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုးထားသော မြန်မာနိုင်ငံတွင် အမျိုးသမီးများအားကာကွယ်ရန် အထူးဥပဒေများ ပြဋ္ဌာန်းပေးရန် တောင်းဆိုမှုများရှိလာသည်။

မိမိတို့အား ထိခိုက်နစ်နာစေသည့်ဥပဒေများကို အမျိုးသမီးအများစုက အကျဉ်းမျှသာ နားလည်သည့်အတွက် ကျားမတန်းတူညီမျှရေး လှုပ်ရှားသူများက စိုးရိမ်ပူပန်လျက်ရှိကြသည်။

လူပုံအလယ်တွင် ယောကျ်ားများ၏ နှောက်ယှက်မှုကို မကြာခဏခံရသော်လည်း အမျိုးသမီးများသည် ငြိမ်ခံနေရမည်၊ ဗိုင်းကောင်းကျောက်ဖိနေရမည်၊ သိမ်သိမ်မွေ့မွေ့နေရမည်ဟူသော အယူအဆရှိနေသည့် လူ့အဖွဲ့အစည်း၌ သူအပြစ်ဆိုခံရမည်စိုးသဖြင့် သူတို့၏အပြောအဆိုများကို မတုံ့ပြန်ခဲ့ဖူးကြောင်း မမေဇင် ၂၂ နှစ်ကပြောသည်။

“သူတို့ကယောကျ်ားတွေ ကိုယ်ကမိန်းမဆိုတော့ ပြန်ပြီးမတုံ့ပြန်ချင်ပါဘူး” ဟု သူက Frontier ကိုပြောသည်။

အမျိုးသမီးများနှင့် သူတို့ဂုဏ်သိက္ခာကို အကာအကွယ်ပေးသော တရားဥပဒေများကို မတွေ့ဖူးသေးကြောင်း မမေဇင်ကပြောသည်။

အမျိုးသမီးများနှင့်စပ်လျဉ်းသည့် ဥပဒေအများစုကို ပြင်ဆင်ရန်၊ သို့မဟုတ် ဖျက်သိမ်းရန်လိုကြောင်း ယခင်နှစ် သြဂုတ်လက ဥပဒေရေးရာ၊ ကျားမခွဲခြားမှုနှင့် နိုင်ငံရေးကျောင်းတည်ထောင်သူ ဒေါ်ညိုညိုသင်းကပြောသည်။

အမျိုးသမီးများအား ခွဲခြားဆက်ဆံမှုများကို အရေးယူမည့် ဥပဒေများပြဋ္ဌာန်းရန် ပျက်ကွက်မှုက ယခင်နှင့် လက်ရှိအစိုးရတို့၏ အားနည်းချက်ဖြစ်ကြောင်း၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ဗဟန်းမဲဆန္ဒနယ်အမှတ် -၂ ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းနှင့်ယှဉ်ပြိုင်ရာတွင် ရှုံးနိမ့်ခဲ့သူ ရန်ကုန်တိုင်းဒေသကြီး တသီးပုဂ္ဂလိက ယခင်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းကပြောသည်။

မုဒိမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှု ဥပဒေများနှင့်ပတ်သက်၍ အထူးတလည်စိုးရိမ်မိကြောင်း ဒေါ်ညိုညိုသင်းက မှတ်ချက်ချသည်။

တရားရုံးတွင် သက်သေမထွက်လိုသဖြင့် မုဒိမ်း၊ သို့မဟုတ် လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှု သားကောင်ဖြစ်ရသည့်အခါမျိုး၌ အမျိုးသမီးအများစုက တိုင်တန်းရန်တွန့်ဆုတ်တတ်ကြသည်။

သို့ရာတွင် တရားရုံး၏ခွင့်ပြုချက်ဖြင့် ဗီဒီယိုကွန်ဖရင့်၊ သို့မဟုတ် တယ်လီဗီးရှင်းအဆက်အသွယ်မှတဆင့် သက်သေခံထွက်ဆိုခြင်းကို ခွင့်ပြုပေးရန် ၁၈၇၂ ခုနှစ် သက်သေခံအက်ဥပဒေကို ပြင်ဆင်ခဲ့သည်။ ထိုသို့ ခွင့်ပြုပေးနိုင်ရန်၊ အမျိုးသမီးသည် အသက် ၁၆ နှစ်အောက်ရှိပြီး တရားမျှတရှိရန်အလို့ငှာ ဆောင်ရွက်သင့်သည်ဟု တရားရုံးက ယုံကြည်နိုင်ရမည်ဟူသော အချက်များပါဝင်သည်။

ဥပဒေပြင်ဆင်ချက်များမှာ တိုးတက်မှုကို ပြသနေသော်လည်း လုံးဝပြီးပြည့်စုံသွားပြီဟု မဆိုနိုင်သေးကြောင်း ဒေါ်ညိုညိုသင်းက ပြောသည်။

အခြားအတားအဆီးတစ်ခုမှာ ရှေ့နေငှားရမ်းခ ကြီးမားခြင်းဖြစ်သည်။

“မုဒိမ်းအကျင့်ခံရတဲ့ အမျိုးသမီးအများစုက ဆင်းရဲကြပါတယ်။ ဒါကြောင့်သူတို့က ရှေ့နေစရိတ် မတတ်နိုင်ကြပါဘူး” ဟု သူကပြောသည်။

“အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ တိုးပွားလာတာက ဥပဒေက တရားမျှတမှု မပေးနိုင်လို့ဖြစ်ပါတယ်” ဟု ဒေါ်ညိုညိုသင်းကပြောပြီး မုဒိမ်းမှုများ ဖြစ်ပွားအောင် အခြေအနေအရပ်ရပ်က အထောက်အကူ ပေးနေကြောင်းလည်း သူကပြောသည်။

အမျိုးသမီးများအတွက် အထောက်အကူများ ရနိုင်သည့်ကိစ္စနှင့်ပတ်သက်၍ ရန်ကုန် တာမွေမြို့နယ်တွင် မုန့်ပဲသရေစာဆိုင်ဖွင့်ထားသော အသက် ၄၀ အရွယ် ဒေါ်နီနီမြင့်ကိုမေးကြည့်ရာ ၂၀၀၃ ခုနှစ်၌ စတင်တည်ထောင်ပြီး အမျိုးသမီးများအား အိမ်တွင်းအကြမ်းဖက်မှုနှင့် လူကုန်ကူးမှုများမှ ကာကွယ်ပေးသည့် လှုပ်ရှားမှုများ ဆောင်ရွက်နေသော မြန်မာအမျိုးသမီးများရေးရာအသင်းအကြောင်း သူသိကြောင်းဆိုသည်။

အသင်း၏လုပ်ဆောင်ချက်များကို သူကချီးကျူးပြောဆိုသော်လည်း အမျိုးသမီးများကို ကာကွယ်သော ဥပဒေများအကြောင်း သူမသိပါဟုပြောသည်။

သက်ငယ်မုဒိမ်းအပါအဝင် မုဒိမ်းမှုများမြင့်မားလာနေသည့်သတင်း သူကြားနေရသဖြင့် စိုးရိမ်မိကြောင်း ဒေါ်နီနီမြင့်ကပြောသည်။

၂၀၁၇ တွင် အသက် ၁၆ နှစ်အောက် မိန်းကလေးများပြုကျင့်ခံရသည့်အမှု ၈၉၇ မှုအပါအဝင် မုဒိမ်းမှုပေါင်း ၂,၄၀၅ မှုရှိသဖြင့် ၂၀၁၆ ခုနှစ်ကရှိခဲ့သော အသက် ၁၆ နှစ်အောက် မိန်းကလေး ၆၇၁ ဦး၏ အမှုများအပါအဝင် မုဒိန်းမှု ၁,၁၀၀ နှင့် နှိုင်းယှဉ်ပါက မြင့်တက်လာကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှထုတ်ပြန်သော ကိန်းဂဏန်းများက ပြသနေသည်။

ယခုနှစ် ဇန်နဝါရီမှ မေလအတွင်း မုဒိန်းမှု ၆၈၂ မှုရှိခဲ့သည့်အနက် ၄၅၈ မှုမှာ အသက် ၁၆ နှစ်အောက် ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ကိန်းဂဏန်းများကိုကိုးကား၍ ပြည်သူ့လွှတ်တော် အမျိုးသမီးများနှင့် ကလေးသူငယ်များ အခွင့်အရေးကော်မတီ အတွင်းရေးမှူး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နော်ဆူဆန်နာ လှလှစိုး (အင်န်အယ်လ်ဒီ၊ ရန်ကုန် အမှတ်- ၁၀ မဲဆန္ဒနယ်)ကပြောသည်။

“မုဒိန်းမှုလျော့ကျအောင် အစိုးရက ထိထိရောက်ရောက် အရေးယူစေချင်ပါတယ်” ဟု ဒေါ်နီနီမြင့်က ပြောသည်။

“တခြားနိုင်ငံတွေလိုပါပဲ” အမျိုးသမီးများအား အကာအကွယ်ပေးသော အထူးဥပဒေတစ်ရပ် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာ(အင်န်အယ်လ်ဒီ၊ ကျောက်တံတား – ၁) က အကြံပြုပြောကြားသည်။

အမျိုးသမီးများသည် အထူးတလည် နှောက်ယှက်ခံနေရသည့် ပစ်မှတ်များဖြစ်နေကြောင်း သူကပြောသည်။

“မြန်မာနိုင်ငံက လူတွေက မိန်းမကိုယ်ခန္ဓာကို ရယ်စရာပြက်လုံး ထုတ်ဖို့ပစ္စည်းလို သဘောထားကြတယ်” ဟု သူကဆိုပြီး ယောကျ်ားအများစုက ကျား-မတန်းတူညီမျှရေးကို အလေးမထားကြကြောင်း ဖြည့်စွက်ပြောသည်။

သူတို့သည် ရာဇဝတ်မှုများ၏ သားကောင်ဘဝ ကျရောက်နေကြရသည်ဟူသောအချက်ကို ဥပဒေဗဟုသုတခေါင်းပါးမှုကြောင့် အမျိုးသမီးအများစုက သတိမမူမိကြကြောင်း ဒေါ်ကြည်ပြာကပြောသည်။

အမျိုးသမီးအခွင့်အရေး ဆောင်ရွက်နေကြသော အဖွဲ့အစည်းအများအပြား ရှိကြသော်လည်း အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် သင်တန်းများပေးနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ပေးသောဘတ်ဂျက်မှာ မလုံလောက်သဖြင့် အစိုးရ၏လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဟန့်အတားများရှိနေကြောင်း သူကပြောသည်။

“တရားဥပဒေအရ ပြဋ္ဌာန်းပေးတာနဲ့ အရေးပေါ်ခိုလှုံရေးစခန်း တည်ဆောက်တာတွေအပါအဝင် အမျိုးသမီးတွေအတွက် အကာအကွယ်တွေ ပိုမိုပေးအပ်ဖို့လိုပါတယ်” ဟု ဒေါ်ကြည်ပြာကပြောသည်။

အမျိုးသမီးများအား အကာအကွယ်ပေးရန် ရေးဆွဲထားသော ဥပဒေများအပါအဝင် နိုင်ငံအတွင်းရှိ ဥပဒေများအကြောင်းသိရှိသည့် နိုင်ငံသားရှားပါးကြောင်း လွှတ်တော်ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်း(အင်န်အယ်လ်ဒီ၊ ဇလွန် -၂ ) ကပြောသည်။

အမျိုးသမီးများအခွင့်အရေး အကာအကွယ်ပေးရေးဥပဒေများကို စုစည်း၍ တခုတည်းသောဥပဒေ တစ်ရပ်အဖြစ် ရေးဆွဲပါက ပိုကောင်းကြောင်း သူကပြောသည်။

တရားဥပဒေအရ အကာအကွယ်ပေးရန် တန်းတူအခွင့်အရေး အာမခံချက်ပေးထားသော ၂၀၀၈ ခုနှစ် အခြေခံဥပဒေအကြောင်း ပိုမိုလေ့လာရန်လိုကြောင်းနှင့် ရာဇသတ်ကြီးဥပဒေ၊ လူကုန်ကူးမှုနှင့် တလင်တမယားစနစ် ဥပဒေများကို အမျိုးသမီးများက ပိုမိုလေ့လာထားရန်လိုကြောင်း ဦးခင်ဝင်းကပြောသည်။

“အမှန်တော့ ဥပဒေတွေရှိနေရုံနဲ့ မလုံလောက်သေးပါဘူး။ ဥပဒေတွေ အာဏာသက်ရောက်ဖို့လိုပါတယ်။ ဒီအဖြစ်ကလည်း မြန်မာပြည်မှာ အားနည်းချို့တဲ့နေပါတယ်” ဟု သူကပြောသည်။

ဥပဒေအကြောင်း အမျိုးသမီးများအား ပညာပေးရန် ရှေ့ဆောင်မြန်မာ Charity-Oriented Myanmar က ဇွန်လအတွင်း ထုတ်ဝေခဲ့သော စာအုပ်မိတ်ဆက်ပွဲတွင် အမျိုးသမီးခေါင်းဆောင်တချို့က အမျိုးသမီးများအတွက် သီးသန့်ဥပဒေလိုအပ်ကြောင်း ပြောကြားခဲ့ကြသည်။

ဇမ္ဗူစိုး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – စတိဗ်တစ်ခ်နာ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.