မြန်မာနိုင်ငံ၏ ကွယ်ဝှက်နေသော စိတ်ကျန်းမာရေးပြဿနာ

မြန်မာနိုင်ငံသည် စိတ်ကျန်းမာရေး စောင့်ရှောက်မှုကို တိုးတက်အောင် လုပ်ဆောင်ရန် အရေးတကြီး လိုအပ်နေသည်။ ထိုရည်မှန်းချက် ပြည့်မီနိုင်ရန် မူဝါဒချမှတ်သူများနှင့် လူ့အဖွဲ့အစည်းက သဘောထား ပြောင်းလဲရန် လိုအပ်နေသည်။

အဲလီယော့ ဘရင်နန် ရေးသားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယမန်နှစ်က ထုတ်ပြန်သည့်အစီရင်ခံစာတွင် ကျန်းမာရေးဆိုင်ရာ ကိန်းဂဏန်းများ အတန်အသင့် တိုးတက်လာသည်ကိုတွေ့ရသည်။ သို့သော် စိုးရိမ်ဖွယ်ကောင်းသည်မှာ ထိုအစီရင်ခံစာ၌ စိတ်ကျန်းမာရေးဆိုင်ရာ အကြောင်းအရာမှာ တစ်မျက်နှာပင် မပြည့်ဘဲရှိနေခြင်းပေ။

၂၀၁၄ – ၂၀၁၆ ခုနှစ်အတွက် ထုတ်ပြန်ခဲ့သော ပြည်သူ့ကျန်းမာရေးဆိုင်ရာကိန်းဂဏန်း အစီရင်ခံစာ Public Health Statistics Report မှ စိတ်ကျန်းမာရေးဆိုင်ရာ အချက်အလက်များသည် မပြည့်စုံသည့်ပြင် ဖြစ်ပွားရသည့် အကြောင်းရင်းခံများဆိုင်ရာ ကိန်းဂဏန်းများလည်း မပါဝင်ပေ။

ဥပမာ လူ တစ်သိန်းတွင် စိတ်ရောဂါ ဖြစ်ပွားသူဦးရေသည် နိုင်ငံ၏ ပျမ်းမျှဖြစ်ပွားနှုန်းထက် ချင်းပြည်နယ်တွင် ဘာကြောင့် သုံးဆ ပိုများနေပြီး ကယားပြည်နယ်၌ အဘယ်ကြောင့် ခြောက်ဆ ပိုများနေရကြောင်း ဖြေရှင်းချက် ထုတ်မထားပေ။ အစီရင်ခံစာ၌ စိတ်ကျန်းမာရေး အသိပညာပေးမှု၊ စောင့်ရှောက်မှုများအတွက် ထည့်သွင်းဖော်ပြမထားသောကြောင့် ယင်းတို့ကို မည်မျှလုပ်ဆောင်ရဦးမည်ကို မှန်းကြည့်နိုင်သည်။

၁၉၁၂ ခုနှစ် စိတ်ရောဂါ ဥပဒေသည် စိတ်ကျန်းမာရေး ပြဿနာကို ဆေးပညာရှုထောင့်ကထက် ဥပဒေရှုထောင့်က သုံးသပ်ထားသော မြန်မာနိုင်ငံ၏ နောက်ဆုံးပြဋ္ဌာန်းဥပဒေ ဖြစ်သည်။ ထိုဥပဒေသည် ယခုအထိ အသက်ဝင်နေသည်ကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံသည် အများပြည်သူဆိုင်ရာ ကျန်းမာရေး မူဝါဒ၏ အရေးကြီးသော စိတ်ကျန်းမာရေးနယ်ပယ်တွင် မည်မျှခေတ်နောက်ကျနေသည်ကို သိရှိနိုင်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ၏ ရည်မှန်းချက်ကြီးမားသော ၂၀၁၆ – ၂၀၃၀ ကျန်းမာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ဖြစ်သည့် A Roadmap Towards Universal Health Coverage in Myanmar (2016-2030) လမ်းပြမြေပုံတွင် ရန်ပုံငွေချထားရေး ရည်ရွယ်ချက်အတွက် စိတ်ကျန်းမာရေးကို မကူးစက်နိုင်သောရောဂါများ ကဏ္ဍအောက်တွင်သာ ထားရှိသည်။

ကျန်းမာရေးအသုံးစရိတ်သည် ၂၀၀၉ ခုနှစ်တွင် ဂျီဒီပီ၏ သုည ဒသမ ၂ ရာခိုင်နှုန်းသာ ရှိခဲ့သော်လည်း ၂၀၁၄ ခုနှစ်တွင် တစ်ရာခိုင်နှုန်းကျော်ကျော် ရှိလာခဲ့သည်။ သို့သော် ယင်းမှာ ဒေသတွင်းမှ အခြားနိုင်ငံများထက် နည်းပါးနေသေးပြီး ဖွံ့ဖြိုးပြီးနိုင်ငံများနှင့်ယှဉ်လျှင် များစွာနောက်ကျနေသေးသည်။ ထိုနည်းပါးလှသော ပမာဏထဲမှပင် စိတ်ကျန်းမာရေးအတွက် အသုံးစရိတ်သည် သုည ဒသမ ၃ ရာခိုင်နှုန်းသာရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ World Health Organization က ဆိုသည်။ ရင်းမြစ်များသည်လည်း မဆိုစလောက်သာ ရှိသည်။ စိတ်ရောဂါ အထူးကုဆေးရုံသည် ရန်ကုန်နှင့် မန္တလေးတို့၌သာရှိသည်။ မူးယစ်ဆေးဖြတ်စင်တာနှင့် စိတ်ကျန်းမာရေးအဆောင် ၇၀ ခန့်သာရှိသည်။ 

ရန်ကုန်နှင့် မန္တလေးမြို့များတွင် လူတစ်သိန်းလျှင် စိတ်ရောဂါသည်အတွက် ခုတင် ၂ ဒသမ ၅ လုံးသာ ရှိနေသည်။ အခြားပြည်နယ်နှင့်တိုင်းများတွင် သုည ဒသမ ၃ လုံးသာ ရှိသည်။ ပိုမိုဆိုးရွားသည်မှာ ရန်ကုန်တက္ကသိုလ် စိတ်ရောဂါပညာဌာန အကြီးအကဲ၏ပြောကြားချက်အရ ၂၀၁၆ ခုနှစ်တွင် လူ ၂၆၀,၀၀၀ အတွက် စိတ်ရောဂါကုဆရာဝန် တစ်ဦးသာရှိကြောင်းသိရသည်။ ယင်းမှာ နိုင်ငံလူဦးရေနှင့်ဆိုလျှင် စိတ်ရောဂါကု ဆရာဝန် ၂၀၀ ခန့်သာ ရှိနေခြင်းဖြစ်သည်။

လုပ်နိုင်စွမ်းများ နည်းပါးသောကြောင့် အများပြည်သူ ကျန်းမာရေးစနစ်သည် လူနာအနည်းငယ်မျှကိုပင် အထောက်အပံ့ မပေးနိုင်ပေ။ အိမ်လာကုသောစနစ်များလည်း အရေးတကြီး လိုအပ်လျက်ရှိသည်။ WHO ၏ကိန်းဂဏန်းများက နာတာရှည် စိတ်ရောဂါ ခံစားနေရသူများသည် မြန်မာနိုင်ငံ၏ စိတ်ကျန်းမာရေးဆေးရုံ ခုတင်များ၏ ၆၀ ရာခိုင်နှုန်းခန့်ကို ရယူထားကြောင်းဖော်ညွှန်းလျက်ရှိသည်။ စိတ်ကျန်းမာရေးအတွက် ဆေးရုံခုတင်များ လုံလောက်စွာ မထားပေးသောကြောင့် စိတ်ရောဂါကို အထင်အမြင်သေးမှုများ ဖြစ်လာပြီး လာရောက်ကုသရန် ကြိုးစားသူလည်း နည်းပါးလာနိုင်သည်။ 

စိတ်ရောဂါကို မကုသဘဲထားခြင်း၏ ဆိုးကျိုးများသည် ကြီးမားသည်။ အမေရိကန်နိုင်ငံတွင် ၂၀၁၂ ခုနှစ်က ပြုလုပ်သော သုတေသနက လူ ၁၇ ဦးတွင် ၁ ဦးသည် ပြင်းထန်သောစိတ်ရောဂါကို ခံစားနေရကြောင်း လူ ၂ ဦးတွင် ၁ ဦးသည် စိတ်ရောဂါခံစားဖူးကြောင်း ဖော်ပြထားသည်။ စိတ်ရောဂါကြောင့် ကုန်ထုတ်လုပ်စွမ်း ကျဆင်းမှုသည် ၁ နှစ်လျှင် ကန်ဒေါ်လာ ဘီလျံ ၁၀၀ ကျော်ရှိသည်ဟု ဆိုထားသည်။

မြန်မာနိုင်ငံတွင် Institute for Health Metrics and Evaluation ၏ ကိန်းဂဏန်းများအရ စိတ်ရောဂါနှင့် မူးယစ်ဆေးသုံးစွဲမှု၊ စိတ်ဖောက်ပြန်မှုတို့ကြောင့် ကျန်းမာသည့်ဘဝတာကာလ နှစ်သန်းချီ၍ ဆုံးရှုံးနေသည်။ ယင်းမှာ မြန်မာနိုင်ငံ၏ မသန်စွမ်းမှုဖြင့် ကုန်ဆုံးသွားသော ဘဝအချိန်တာ Disability Affected Life Years DALYs စုစုပေါင်း၏ ငါး ရာခိုင်နှုန်းခန့် ရှိသည်။ DALYs သည် အချိန်မတိုင်မီ သေဆုံးခြင်း၊ မကျန်းမာခြင်း၊ မသန်စွမ်းဖြစ်ခြင်းတို့ဖြင့် ဆုံးရှုံးသွားသော နှစ်များ၏စုစုပေါင်း ဖြစ်သည်။

မသန်စွမ်းမှုဖြင့် ကုန်ဆုံးသွားသည့်နှစ် DALYs ဖြင့် တိုင်းတာလျှင်ဖြစ်စေ၊ ဖြစ်ပွားမှုနှုန်း များပြားခြင်းဖြင့် တိုင်းတာလျှင်ဖြစ်စေ စိတ်ရောဂါသည် မြန်မာနိုင်ငံ၏ ထိပ်တန်းရောဂါ ၁၀ ခုတွင် ပါဝင်သည်။ သို့သော် ထိုများပြားလှသော ကိန်းဂဏန်းများသည် ကမ္ဘာ့စိတ်ရောဂါ ပျမ်းမျှဖြစ်ပွားနှုန်းအောက် ထက်ဝက်ခန့် နည်းပါးနေသေးသည်။ ယင်းမှာ အချက်အလက်များ လုံလောက်စွာ မရရှိသောကြောင့်လည်း ဖြစ်နိုင်သည်။ မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ်တွင် အချက်အလက် စုဆောင်းခြင်း၊ ခွဲခြမ်းလေ့လာမှုအားနည်းခြင်းတို့ကြောင့် စိတ်ကျန်းမာရေးဆိုင်ရာ အချက်အလက်များလည်း မှန်ကန်သည်ဟု မဆိုနိုင်ပေ။

ပိုမိုဆိုးရွားသည်မှာ အချက်အလက်များအရ ပြဿနာသည် ကြီးထွားလာနေသည်ကို တွေ့ရှိရသည်။ Global Burden of Disease ၏ ကိန်းဂဏန်းများအရ မြန်မာနိုင်ငံတွင် စိတ်ရောဂါနှင့် မူးယစ်ဆေးသုံးသဖြင့် ဖြစ်ပေါ်လာသော စိတ်ရောဂါတို့ကြောင့် မသန်စွမ်းမှုဖြင့် ကုန်ဆုံးသွားသည့်နှစ် DALYs သည် ၁၉၉၀ ပြည့်နှစ်၌ လူ ၁၀၀,၀၀၀ တွင် ၁,၅၀၀ ဦးရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်၌ ၁,၆၃၈ ဦးရှိလာခဲ့သည်။ ထိုကိန်းဂဏန်းသည် မိမိနှင့် အခြားသူကို အတိဒုက္ခပေးသော အချက်အလက်များကို ထည့်သွင်းမထားခဲ့ပေ။ မိမိကိုယ်ကို ဒုက္ခပေးခြင်းသည် စုစုပေါင်း DALYs ၏ ၁ ဒသမ ၆၇ ရာခိုင်နှုန်းရှိပြီး အခြားသူကို ဒုက္ခပေးခြင်းသည် စုစုပေါင်း DALYs ၏ ၁ ဒသမ ၉၁ ရာခိုင်နှုန်း ရှိသည်။ ယင်းတို့မှာ စိတ်ရောဂါကြောင့် လုပ်ဆောင်သော အတိဒုက္ခပေးခြင်းများ ဖြစ်သည်။

ထို့ပြင် စိတ်ဖိစီးမှု ခံစားရပြီးနောက် စိတ်မလုံမခြုံဖြစ်ကျန်ရစ်သည့် Post-Traumatic Stress Disorder ကြောင့်ဖြစ်ပွားသော ကိန်းဂဏန်းများလည်း မပါဝင်ပေ။ အတိတ်ကာလက ဖိနှိပ်သော အစိုးရလက်အောက်  နေထိုင်ခဲ့ရခြင်း၊ ပြည်တွင်းပဋိပက္ခများ ဖြစ်ပွားနေခြင်းကို ကြည့်ရှုလျှင် PTSD ကြောင့် ဖြစ်ပွားသော စိတ်ဝေဒနာများလည်း အများအပြား ရှိနိုင်သည်။ အချက်အလက်များအရ ကျွန်တော်တို့သည် မြန်မာနိုင်ငံ၏ စိတ်ဝေဒနာနှင့်ပတ်သက်ပြီး ရေခဲတောင်၏ ထိပ်ပိုင်းကိုသာ မြင်တွေ့နေရခြင်း ဖြစ်နိုင်သည်။ ကြီးမားလာနေသော ပြဿနာသည် အရေးတယူ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်နေသည်။

သိသာသည့် ချောက်ချားမှုဝေဒနာ

အချက်အလက်များက မဖော်ပြနိုင်သည်မှာ မြန်မာနိုင်ငံတွင် တုန်လှုပ်ချောက်ချားမှုဝေဒနာ မည်မျှရှိသည် ဆိုသည်ပင်ဖြစ်သည်။ တုန်လှုပ်ချောက်ချားဖွယ်ရာဖြစ်ရပ်နှင့် စိတ်ကျန်းမာရေးသည် ဆက်စပ်နေသည်။ မြန်မာနိုင်ငံမှ လူအများစုသည် တုန်လှုပ်ချောက်ချားဖွယ်ရာဖြစ်ရပ်ကို တွေ့ကြုံခံစားနေရသည်မှာ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်သည်။ ရာစုနှစ် ထက်ဝက်တိုင်အောင် စစ်တပ်သည် မြန်မာနိုင်ငံကို အကြောက်တရားဖြင့် အုပ်ချုပ်လာခဲ့သည်။

တော်လှန်လိုသူများကို နှိပ်စက်ညှင်းပန်းခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ထောက်ခံသူများကို အကြမ်းဖက်ခြင်းများ လုပ်ဆောင်ခဲ့သည်။ စစ်ပွဲများနှင့် သဘာဝဘေးတို့ကြောင့် နေရာပြောင်းရွှေ့ရသူများ အများအပြားရှိသည်။ အများစုမှာ နယ်စပ်မှ တိုင်းရင်းသားများ ဖြစ်သည်။ မကြာသေးမီကလည်း ရခိုင်ပြည်နယ်တွင် အလုံးအရင်းနှင့် ထွက်ပြေးတိမ်းရှောင်ရသူများ ရှိခဲ့သည်။

မြန်မာနိုင်ငံ၏ တုန်လှုပ်ချောက်ချားဖွယ်ဖြစ်ရပ် ကြုံတွေ့ရခြင်းနှင့်ပတ်သက်ပြီး လေ့လာထားသောစာတမ်းများ မရှိသော်လည်း ယဉ်ကျေးမှုနှင့် နိုင်ငံရေးအရ ဆင်တူသော နိုင်ငံများ၏ အချက်အလက်ကို ကြည့်ရှုခြင်းအားဖြင့် မြန်မာနိုင်ငံ လူထုအကြားတွင် တုန်လှုပ်ချောက်ချားမှုများ အတော်အတန် ရှိနေနိုင်သည်ကို သိရှိနိုင်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းသည်မှာ ကမ္ဘာပေါ်တွင် ပဋိပက္ခကြောင့် PTSD ဖြစ်ပွားနှုန်းသည် ၁၅ ရာခိုင်နှုန်း၊ စိတ်ကျရောဂါ ဖြစ်ပွားနှုန်းသည် ၁၇ ရာခိုင်နှုန်း အသီးသီးရှိသည်ဟုဆိုသည်။ သဘာဝဘေးကြောင့် ဖြစ်ပွားသော PTSD ကို ခန့်မှန်းရန်ခက်ခဲပြီး ၈ ဒသမ ၆ မှ ၅၇ ဒသမ ၃ ရာခိုင်နှုန်းအတွင်း ရှိနိုင်သည်ဟုဆိုသည်။

မြန်မာနိုင်ငံနှင့် ပတ်ဝန်းကျင်ဒေသများသည် သဘာဝကပ်ဘေးများ ဖြစ်နိုင်ခြေများလှသည်။ အခြားအရှေ့တောင်အာရှနိုင်ငံများသည် ၂၀၀၄ ခုနှစ် ဆူနာမီအပြီး၌ စိတ်ပိုင်းဆိုင်ရာ လူမှုရေးကူညီမှုများ၊ စိတ်ကျန်းမာရေး အစီအစဉ်များ လုပ်ဆောင်ခဲ့သော်လည်း မြန်မာနိုင်ငံက လုပ်ဆောင်ခဲ့ခြင်း မရှိပေ။ ထိုသို့ ပြင်ဆင်မသောကြောင့် ၂၀၀၈ ခုနှစ် နာဂစ် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်သောအခါ ထိခိုက်မှု များပြားခဲ့သည်။

နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၁၃၈,၀၀၀ သေဆုံးသွားခဲ့ပြီး လူပေါင်း ၈၀၀,၀၀၀ ခန့် နေရာပြောင်းရွှေ့ခဲ့ရသည်။ ထိုအချိန်မှစပြီး ရေကြီးမှုများ၊ ငလျင်များ၊ မိုးခေါင်ရေရှားမှုများ ဆက်တိုက် ဖြစ်ခဲ့သည်။ ထိုသဘာဝကပ်ဘေးများကြောင့် တုန်လှုပ်ချောက်ချားရမှု၏ စိတ်ပိုင်းဆိုင်ရာ အကျိုးဆက်များကို မသိရှိရပေ။ သို့သော် နာဂစ်ကြောင့် နေရာပြောင်းရွှေ့ရသူများ၏ ထိခိုက်မှုကို အကြမ်းဖျင်း တွက်ချက်ကြည့်လျှင် PTSD ဖြစ်ပွားခဲ့ရသော လူပေါင်း ၆၉,၀၀၀ ခန့် ရှိလိမ့်မည်ဟု ခန့်မှန်းရသည်။

မြန်မာနိုင်ငံတွင် သဘာဝကပ်ဘေးဆိုသော တုန်လှုပ်ချောက်ချားဖွယ်ဖြစ်ရပ် တစ်ခုတည်းရှိသည်မဟုတ်ပေ။ ပဋိပက္ခများသည်လည်း တုန်လှုပ်ချောက်ချားဖွယ်ရာရင်းမြစ်များ ဖြစ်သည်။ အစိုးရသည် ပိုမိုကျန်းမာသော ပြည်သူများ ဖြစ်လာစေရန် ထောက်ပံ့မှုများ လုပ်ဆောင်ပေးရမည်ဖြစ်သည်။

မြန်မာနိုင်ငံမှ ပြောင်းရွှေ့လာသော ဒုက္ခသည်များကို လေ့လာကြည့်သောအခါ တုန်လှုပ်ချောက်ချားမှုကြောင့် စိတ်ဝေဒနာရရှိနေသူ များပြားကြောင်းတွေ့ရသည်။ သြစတြေးလျနိုင်ငံတွင် ရောက်ရှိနေသော ဒုက္ခသည်များကို ၂၀၁၁ ခုနှစ်က လေ့လာကြည့်သောအခါ ကိုးရာခိုင်နှုန်းသည် PTSD ဖြစ်ပွားနေပြီး ၂၀ ရာခိုင်နှုန်းသည် စိုးရိမ်သောကများပြားသော ဝေဒနာများ ရရှိနေသည်ဟုသိရသည်။ ၃၆ ရာခိုင်နှုန်းသည် စိတ်ကျဝေဒနာ ခံစားနေရကြောင်း တွေ့ရှိခဲ့ရသည်။ ၎င်းတို့သည် နေရပ်ပြောင်းရွှေ့လာရသဖြင့် တုန်လှုပ်ချောက်ချားဖြစ်ရသည့်အချက်များ ပါဝင်နိုင်သော်လည်း သုတေသနပညာရှင်များကမူ ပြောင်းရွှေ့မလာခင်ကတည်းက PTSD ဖြစ်နေသူများလည်း တွေ့ရသည်ဟုဆိုသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကိန်းဂဏန်းများကို အခြေခံတွက်ချက်ကြည့်လျှင် တုန်လှုပ်ချောက်ချားဖွယ် ဖြစ်ရပ်ကြောင့် စိတ်ဝေဒနာရရှိနေသူ ဦးရေသည် မြန်မာနိုင်ငံတွင် သန်းနှင့်ချီပြီး ရှိနေနိုင်သည်။ ထိုစိတ်ဝေဒနာရှင် လူထုကြီးကို မကုသဘဲ ထားရှိနေခြင်းကြောင့် မြန်မာနိုင်ငံ၏ တိုးတက်မှုကို နှောင့်နှေးစေနိုင်သည်။

တတိယဆင့် ပြဿနာများ

ဖြေရှင်းချက်ကို အစိုးရနှင့် လူ့အဖွဲ့အစည်းက လုပ်ဆောင်ပေးရမည်ဖြစ်သည်။ ရိုးရာယုံကြည်မှုများသည် တုန်လှုပ်ချောက်ချားဖွယ်ရာဖြစ်ရပ်နှင့် ယင်းနှင့်ဆက်စပ်နေသော စိတ်ဝေဒနာတို့ဖြေရှင်းပုံကို အများကြီး အဆုံးအဖြတ်ပေးနေသည်။ ထိုယုံကြည်မှုများသည် စိတ်ဝေဒနာကို ပိုမိုဆိုးရွားစေပြီး ကုသမှုအတွက် အဟန့်အတား ဖြစ်စေနိုင်သည်။ ထိုယုံကြည်မှုများတွင် ရိုးရာအစဉ်အလာအရ ဆေးကုသနေသူများ၊ ဘိုးတော်များ ပါဝင်နိုင်သည်။

ဗေဒင်ဆရာများနှင့် ဆွေးနွေးကြသည်ကများပြီး ဗုဒ္ဓဘာသာတွင် လက်ခံထားသည့် ကံကြောင့်ဖြစ်ရသည် ဆိုသည့်အသိတို့ကြောင့် ဆေးကုသမှုကို နှောင့်နှေးစေခြင်းမျိုးလည်း ရှိနိုင်သည်။ မှန်ကန်သည့်ဆေးဝါးဖြင့် မဟုတ်ဘဲ အခြားနည်းလမ်းများဖြင့် ကုသခြင်းသည် အောင်မြင်မည်မဟုတ်ပေ။ အာရှဒေသတွင် လုပ်ဆောင်ခဲ့သော သုတေသနများအရ ဗုဒ္ဓဘာသာဝင်များ၌ ဒူပေနာပေ ခံနိုင်ရည်များကြကြောင်း တွေ့ရှိရသည်။ ယင်းမှာ ကံတရားကြောင့်ဖြစ်ရသည်ဟူသော ယုံကြည်မှုဖြင့် ဒုက္ခများကို လက်ခံနိုင်သောကြောင့် ဖြစ်သည်။ ထို့ပြင် လူ့အဖွဲ့အစည်းကလည်း စိတ်ဝေဒနာဖြစ်ပွားသူသည် အတိတ်ကံကြောင့် ဖြစ်ရသည်ဟု ယုံကြည်ကာ လက်ခံပေးနေကြသည်။

အစိုးရအတွက် လိုအပ်သည်မှာ ရိုးရှင်းသည်။ စိတ်ဝေဒနာအကြောင်း အသိပညာပေးခြင်း၊ စိတ်ကျန်းမာရေး အစီအစဉ်များကို ရန်ပုံငွေ ထောက်ပံ့ပေးခြင်းတို့ဖြစ်သည်။ ထို့ပြင် ကုသမှုကို နှောင့်နှေးစေနိုင်သော၊ မရရှိစေနိုင်သော အဖွဲ့အစည်းဆိုင်ရာအချက်အလက်များကို ပြုပြင်ပြောင်းလဲပေးရမည်။ အဓိကပြဿနာမှာ ဆေးဝါးများကို မြို့ကြီးများတွင်သာ ရရှိနိုင်ပြီး ဆေးတုအများအပြားလည်း ပျံ့နှံ့နေခြင်းဖြစ်သည်။ ဆေးကုသမှုနှုန်း နည်းပါးသည့်တိုင် ဆေးကုသည့်အခါ ဈေးချိုသာသည်။ မတတ်နိုင်သော လူနာများကို အခမဲ့ ကုသပေးသည်များလည်း ရှိသည်။ သို့သော် ရန်ကုန် စိတ်ကျန်းမာရေးအသင်း Yangon Mental Health Society က ၂၀၁၆ ခုနှစ်တွင် ခန့်မှန်းသည်မှာ စိတ်ဝေဒနာဖြစ်ပွားပြီး ကုသမှု မခံယူသူ ၉၀ ရာခိုင်နှုန်းခန့်ရှိသည်ဟု ဆိုသည်။

အခြားစိန်ခေါ်မှုမှာ မြန်မာနိုင်ငံတွင် ဆေးကုစရိတ် ကြီးမြင့်နေခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် ဆေးကုစရိတ် ၈၁ ရာခိုင်နှုန်းခန့်သည် ပြည်သူများ၏ အိတ်ကပ်ထဲမှ ကုန်ကျခံရခြင်း ဖြစ်သည်။ တကမ္ဘာလုံးတွင် ပြည်သူများ မိမိဘာသာ ကုန်ကျခံရမှုသည် ၃၂ ရာခိုင်နှုန်းသာ ရှိသည်။ ယင်းသည် ၂၀၁၅ ခုနှစ်တွင် ၆၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။ အင်န်အယ်လ်ဒီအစိုးရသည် ပြည်သူများက မိမိဘာသာ ကုန်ကျခံရမှုကို ၂၅ ရာခိုင်နှုန်းအထိလျှော့ချရန် ရည်ရွယ်ကြိုးစားလျက်ရှိသည်။

၂၀၁၇-၂၀၂၁ အမျိုးသား ကျန်းမာရေး အစီအစဉ်အရ ၂၀၂၀ ပြည့်နှစ်တွင် အခြေခံကျန်းမာရေး ဝန်ဆောင်မှုကို ပြည်သူတိုင်း ရရှိနိုင်အောင် ရည်ရွယ်ထားသည်ဟုဆိုသည်။ ယင်းသို့ အမှန်တကယ် ဖြစ်လာပါက စိတ်ကျန်းမာရေးအတွက် မြှင့်တင်မှုသည် အတန်တိုးတက်လာဖွယ်ရှိသည်။ ထို့နောက် ထပ်မံလုပ်ဆောင်မည့် အစီအစဉ်များသည် စိတ်ကျန်းမာရေးကို ဦးစားပေးသင့်သည်။

အစိုးရသည် အထောက်အပံ့ပေးနေသော အဖွဲ့အစည်းများကို ကူညီရမည်ဖြစ်သည်။ စိတ်ဝေဒနာ ဖြစ်ပွားနေသူများကို ကုသပေးရန် အခြေခံအဆောက်အအုံ မရှိခြင်းကြောင့် ဝေဒနာသည်များကို မိသားစုဝင်များကသာ တာဝန်ယူရသည်။ သို့ဖြင့် မိသားစုဝင်များသည် ဘဏ္ဍာရေးအကျပ်အတည်း ရင်ဆိုင်ရခြင်း၊ စိတ်ဖိစီးမှုခံစားရခြင်း၊ စိတ်ရောဂါအခြေအနေ ပိုမိုဆိုးရွားလာခြင်းတို့ကို ဖြစ်ပေါ်စေသည်။

စိတ်ဝေဒနာသည်များကြောင့် ကျန်းမာရေးဝန်ထမ်းများလည်း ထိခိုက်ရမှုများရှိသည်။ စိတ်မကျန်းမာသူများကို စောင့်ရှောက်ကုသပေးသည့်နေရာများ ထားရှိခြင်းဖြင့် ပြည်သူအားလုံး၏ ဝန်ထုပ်ဝန်ပိုးကို လျှော့ချနိုင်သည့်အပြင် နိုင်ငံ၏စီးပွားရေး ကုန်ထုတ်စွမ်းအားလည်း မြင့်တက်လာနိုင်ပေသည်။ ထို့ပြင် လူတိုင်း၏ ဘဝအရည်အသွေးကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။

စိတ်ကျန်းမာရေး မကောင်းက ကျန်းမာရေးကဏ္ဍထိခိုက်

၂၀၀၇ ခုနှစ်တွင် နာမည်ရ သည်လင်းဆက် ဆေးပညာဂျာနယ် The Lancet က ထူထောင်ခဲ့သော Global Mental Health Movement က စိတ်ကျန်းမာရေး မကောင်းခြင်းသည် မည်သည့်ကျန်းမာရေးမှ မကောင်းခြင်းပင် ဖြစ်သည်ဟုဆိုထားသည်။ ရုပ်ကျန်းမာရေး မကောင်းပါက စိတ်ကျန်းမာရေးကို ထိခိုက်နိုင်သကဲ့သို့ စိတ်ကျန်းမာရေး မကောင်းပါကလည်း ရုပ်ကျန်းမာရေးကို ထိခိုက်နိုင်သည်။ နှစ်ခုစလုံး မကောင်းဖြစ်လာသောအခါ ဆေးကုသရ ခက်ခဲလာသည်။ မြန်မာနိုင်ငံ ရည်မှန်းချက် ကြီးမားသော ကျန်းမာရေးအစီအစဉ်ဖြင့် ထိုအခြေခံကို ကောင်းမွန်အောင် လုပ်ဆောင်ပေးပါက ထိခိုက်ဆုံးရှုံးရမှု နည်းပါးနိုင်သည်။

သည်လင်းဆက်ဂျာနယ်က အသေးစား စိတ်ကျန်းမာရေး စောင့်ရှောက်မှုများသည် အကုန်အကျသက်သာပြီး ပိုမိုထိရောက်သည်ဟုဆိုသည်။ ယင်းတို့မှာ လူမှုအဖွဲ့အစီအစဉ်များဖြင့်ဖြစ်စေ၊ ကျန်းမာရေးဝန်ထမ်းများနှင့်ဖြစ်စေ လေ့ကျင့်လုပ်ဆောင်နိုင်သည်။ မြန်မာနိုင်ငံသည် အိပ်ချ်အိုင်ဗီနှင့် အဆုတ်တီဘီရောဂါများကို ကိုင်တွယ်ဖြေရှင်းရာတွင် အောင်မြင်ခဲ့သော သာဓကများရှိရာ သတင်းအချက်အလက်ပေးသော အစီအစဉ်ဖြင့် ကျန်းမာရေးပန်းတိုင်ကို လွယ်ကူစွာ ရောက်ရှိနိုင်သည်။ မူးယစ်ဆေးဝါး ပြဿနာကို ကျန်းမာရေးဝန်ထမ်း တစ်ဦးက အကျဉ်းချုံး ပညာပေးဟောပြောရုံဖြင့် ထိရောက်စွာ ဖြေရှင်းနိုင်သည်။ ဦးစားပေး ကိုင်တွယ်ဖြေရှင်းခဲ့ပါက စိတ်ကျရောဂါကို အကုန်အကျ သက်သာစွာဖြင့် ဖြေရှင်းနိုင်မည်ဖြစ်သည်။

စိတ်ကျန်းမာရေးဝေဒနာကြောင့်ဖြစ်သော ဘဏ္ဍာရေးအခက်အခဲနှင့် သေဆုံးမှုနှုန်းတို့သည် အခြားရောဂါများနှင့် နှိုင်းယှဉ်ပါက ပိုမိုမြင့်မားနေသည်။ ရောဂါခံစားနေရသူနှင့် သူ့မိသားစုသည် ဝေဒနာခံစားလျက် နှစ်ပေါင်းများစွာ နေထိုင်နေရခြင်းရှိသကဲ့သို့ တဘဝလုံး ဝေဒနာခံစားလျက်သာ နေထိုင်သွားရသည်လည်းရှိသည်။ စိတ်ကျန်းမာရေးကို ကုသခြင်းသည် အခြားရောဂါအားလုံးကို ကုသခြင်းပင်ဖြစ်နိုင်သည်။ လူအများအပြား၏ ဘဝအရည်အသွေးကို မြှင့်တင်ပေးရာလည်း ရောက်သည်။

စိတ်ရောဂါကုသခြင်းသည် အခြားရောဂါများ ကုသခြင်းလောက် အဆင့်မြင့်နည်းပညာနှင့် ကိရိယာများ မလိုအပ်ပေ။ မြန်မာနိုင်ငံတွင် အထူးပြုမဟုတ်သော လူမှုအဖွဲ့ဆိုင်ရာ ကျန်းမာရေးဝန်ထမ်း အများအပြားရှိသည်။

စိတ်ကျန်းမာရေးကို ယင်းဝန်ထမ်းများဖြင့်ပင် ကုသ၍ရနိုင်သည်။ သဘာဝကပ်ဘေးများတွင် ဝန်ဆောင်မှုပေးရာ၌ WHO-UNHCR mhGAP လူသားချင်းစာနာမှု လမ်းညွှန်စာတမ်းတွင် အထူးပြုမဟုတ်သော ကျန်းမာရေးဝန်ထမ်းများအတွက် အကြံဉာဏ်များ ပေးထားသည်။ WHO ၊ UNHCR နှင့် NGOs များ၏ အကူအညီဖြင့် သဘာဝကပ်ဘေးကြုံလျှင် တုံ့ပြန်လုပ်ဆောင်နိုင်သော ကျန်းမာရေးဝန်ထမ်း အရေအတွက်ကို မြှင့်တင်ပေးနိုင်သည်။ သဘာဝဘေးကြုံရချိန်တွင် ဆောလျင်စွာ ကုသပေးထားခြင်းဖြင့် ရေရှည်ဖြစ်ပေါ်လာမည့် စိတ်ကျန်းမာရေး ပြဿနာများကို လျှော့ချနိုင်သည်။

လူ့အဖွဲ့အစည်း၏ စိတ်ကျန်းမာရေးကို ဖြေရှင်းပေးခြင်းဖြင့် နိုင်ငံ၏စီးပွားရေး တိုးတက်လာနိုင်သည်။ တကမ္ဘာလုံးတွင် မိသားစု လေးစုလျှင် တစ်စုတွင် စိတ်ရောဂါသည် တစ်ဦးရှိနေသည်။ မြန်မာနိုင်ငံတွင်လည်း ထိုသို့ရှိနေပါက စိတ်ရောဂါသည်ကို ကုသပေးလိုက်ခြင်းသည် တနိုင်ငံလုံးရှိ မိသားစု လေးပုံတစ်ပုံကို ကုသပေးလိုက်ခြင်းဖြစ်ရာ ကုန်ထုတ်စွမ်းအားများ ပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိသည်။

ဆယ်စုနှစ်များစွာ လျစ်လျူရှုခံထားရသော ကျန်းမာရေးကဏ္ဍကို ပြုပြင်ပြောင်းလဲခြင်းဖြစ်ရာ လုပ်ဆောင်စရာများ အများအပြားရှိနေပါသည်။ သို့သော် လက်ရှိတွင် စိတ်ကျန်းမာရေးကို အလေးပေး လုပ်ဆောင်နေခြင်း မရှိသောကြောင့် ပြည်သူများနှင့်စီးပွားရေးအတွက် ရေရှည်၌ ထိခိုက်နိုင်ဖွယ်ရာရှိသည်။ အစိုးရ၊ အင်န်ဂျီအိုများနှင့် မြန်မာနိုင်ငံမှ အဖွဲ့အစည်းများသည် စိတ်မကျန်းမာပါက အခြားကျန်းမာရေးများလည်း မရရှိနိုင်ဟူသောစကားကို နားလည်မှသာ တော်ကာကျမည်ဖြစ်သည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.