ကချင်တိုက်ပွဲရှောင်ပြည်သူတို့၏ အပျော်ကင်းသည့် နေရပ်ပြန်ခရီး

ကေအိုင်အို၏ ပူးပေါင်းမှုမပါဝင်ဘဲ တပ်မတော်က ကချင်ပြည်နယ်မှ စစ်ဘေးရှောင်ခဲ့သူများအား နေရပ်ပြန်ပို့ခြင်းသည် နှစ်ဖက်လက်နက်ကိုင်တို့အကြား သံသယပွားစေကာ လူအသက်များလည်း ထိခိုက်စေနိုင်သည်။
စာသား – ရဲမွန်၊ ဓာတ်ပုံ – ခွန်လတ်
တပ်မတော်နှင့် ကေအိုင်အေတို့အကြား ပဋိပက္ခများပြန်လည်စတင်ပြီး ရှစ်နှစ်အကြာတွင် မြန်မာအစိုးရနှင့် တပ်မတော်သည် တိုက်ပွဲကြောင့် နေရပ်စွန့်ခွာရသူ ၁၀၀,၀၀၀ ကျော်အနက်မှအချို့ကို နေရပ်ပြန်ပို့ရန် စတင်ဆောင်ရွက်လာသည်။
အမျိုးသား မဟာဗျူဟာ၏အစိတ်အပိုင်း တစ်ခုအဖြစ် နေရာပြောင်းရွှေ့ရသူများ IDPs ကို နေရပ်ပြန်ပို့ပြီး စခန်းများပိတ်သိမ်းခြင်းသည် ကေအိုင်အိုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြန်လည်စတင်ခြင်းနှင့်အတူ ဖြစ်ထွန်းလာသည့် ကေအိုင်အေ၏နှစ်ဖက်အပစ်အခတ်ရပ်စဲရန် ရည်ရွယ်လုပ်ဆောင်သော နိုင်ငံရေးအခင်းအကျင်းဖြစ်သည်။
အစိုးရနှင့် ကချင်ဒေသ စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ KHCC Kachin Humanitarian Concern Committee တို့သည် နေရပ်ပြန်ပို့ရေးကိစ္စနှင့်ပတ်သက်ပြီး အလားအလာများကို ဆွေးနွေးခဲ့ကြသည်။ ယင်းကော်မတီတွင် ကချင်ပြည်နယ်မှ လူသားချင်းစာနာမှုခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များအပြင် ကေအိုင်အို၏ စစ်ဘေးရှောင်ပြည်သူများကော်မတီမှ အဖွဲ့ဝင် နှစ်ဦးလည်း ပါဝင်သည်။
ဖေဖော်ဝါရီလတွင် တရားဝင်မဟုတ်သည့် ဆွေးနွေးပွဲများအပြီး၌ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန National Reconciliation and Peace Centre နှင့် KHCC တို့သည် ဧပြီလတွင် နေပြည်တော်၌ တွေ့ဆုံခဲ့ကြသည်။ စစ်ဘေးရှောင်ပြည်သူများကို ဘေးကင်းလုံခြုံစွာ ပြန်ပို့နိုင်ရေး၊ ယင်းပြည်သူများအား ပိုမိုထောက်ပံ့ကူညီနိုင်ရေး၊ စစ်ဘေးရှောင်စခန်းများကို အပြီးပိတ်သိမ်းနိုင်ရေး ဆွေးနွေးခဲ့ကြသည်။
သို့သော် ကေအိုင်အိုနှင့် တပ်မတော်အကြား နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မရရှိနိုင်ခြင်းကြောင့် တိုးတက်မှုများမရရှိခဲ့ပေ။
သို့သော် ဝိုင်းမော်မြို့နယ်မှ ရွာတစ်ရွာတွင်မူ ထိုသို့မဟုတ်ပေ။ တပ်မတော်သည် မြစ်ကြီးနား၊ ဝိုင်းမော်နှင့် ဗန်းမော်မြို့ရှိ စစ်ဘေးရှောင်စခန်းများမှ တိုက်ပွဲရှောင်ပြည်သူ ၂၀၀ ခန့်ကို နေရပ်ပြန်လည်ပို့ဆောင်ရန် လုပ်ဆောင်ခဲ့သည်။  
၂၀၁၉ ဇန်နဝါရီလတွင် တပ်မတော်သည် စစ်ဘေးရှောင်မိသားစု ၁၇ စုကို နမ့်စမ်ယန် Nam San Yang ရွာသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ ထို့နောက် မတ်လတွင် ဒုတိယတစ်သုတ်ကို ပို့ဆောင်ခဲ့သည်။ မြစ်ကြီးနား ဗန်းမော်လမ်းမပေါ်ရှိ ထိုရွာသည် တပ်မတော်နှင့် ကေအိုင်အေတို့ကြား တိုက်ပွဲများတွင် များစွာပျက်စီးခဲ့သည်။ ထိုနေရာသည် မြေမြုပ်မိုင်းအမြောက်အမြားရှိနေပြီး ရှေ့တန်းစစ်မျက်နှာနှင့်လည်း နီးကပ်သည်။
တပ်မတော်ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက Frontier ကို နမ့်စမ်ယန်တွင် စစ်ရှောင်ပြည်သူများကို နေရပ်ပြန်ပို့ပေးခဲ့ခြင်းသည် အောင်မြင်သည်ဟုပြောကြားသည်။ တပ်မတော်သည် အစိုးရနှင့်ပေါင်းပြီး တိုက်ပွဲရှောင်ပြည်သူများအား နေရပ်ပြန်ပို့ရန် တိုးချဲ့လုပ်ဆောင်သွားမည်ဟုဆိုသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကဆက်လက်၍ အစိုးရသည် စစ်ဘေးရှောင်ပြည်သူများကို ရွာ ၁၂ ရွာ သို့ နေရပ်ပြန်ပို့ရန် အကြံပြုထားကြောင်း၊ စစ်တပ်က ပြန်လည်ပို့ဆောင်ပေးရေးနှင့် မြေမြှုပ်မိုင်းရှင်းလင်းရေးတို့ကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားသည်။
“ကျွန်တော်တို့ နမ့်စမ်ယန်ရွာအနီးဝန်းကျင်မှာ မြေမြှုပ်မိုင်း ရှင်းလင်းရေးတွေ လုပ်ဆောင်ပြီးပါပြီ” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကဆိုသည်။

တိုက်ပွဲရှောင်ပြည်သူများ၏ကျေးရွာ နမ့်စမ်ယန်သို့ပြန်လာကြသူများ။ ဓာတ်ပုံ - ခွန်လတ်

တိုက်ပွဲရှောင်ပြည်သူများ၏ကျေးရွာ နမ့်စမ်ယန်သို့ပြန်လာကြသူများ။ ဓာတ်ပုံ – ခွန်လတ်

နေရပ်ပြန်ပို့ရေး အောင်မြင်ခဲ့သလား
နမ့်စမ်ယန်ရွာသို့ စစ်ဘေးရှောင်ပြည်သူများအား ပြန်ပို့ပေးခြင်းသည် ချောမွေ့စွာပြီးစီးသွားသော်လည်း ယင်းမှာ ကေအိုင်အိုအဖွဲ့နှင့် ကချင်နှစ်ခြင်းအသင်းတော် Kachin Baptist Convention တို့၏ ပူးပေါင်းဆောင်ရွက်မှု မပါဝင်ဘဲ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ပြန်လည်ပို့ဆောင်ပေးခြင်းသည် ရေရှည်အလုပ်ဖြစ်ပါ့မလား၊ ပြန်ပို့ခံရသော မိသားစုများ၏လုံခြုံရေးသည် စိတ်ချရပါ့မလား သံသယများရှိနေသည်။
ကချင်နှစ်ခြင်းအသင်းတော် KBC ၏ ဥက္ကဋ္ဌဖြစ်ပြီး KHCC ၏ ဥက္ကဋ္ဌလည်းဖြစ်သော သိက္ခာတော်ရ ခါလမ်ဆမ်ဆန် Reverend Hkalam Samson က နမ့်စမ်ယန်ရွာသို့ စစ်ဘေးရှောင်ပြည်သူများ ပြန်ပို့ပေးခြင်းသည် ၎င်းတို့အတွက် အန္တရာယ်ရှိသည်ဟု Frontier ကိုပြောသည်။
သူက နမ့်စမ်ယန်ရွာသို့ ပြန်ပို့ခံရသူများသည် ယခုအခါ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟုဆိုသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် ကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ အကူအညီများလည်း မရသည့်အပြင် အစိုးရထံမှလည်း အကူအညီအနည်းငယ်သာ ရရှိသောကြောင့်ဖြစ်သည်ဟုဆိုသည်။
နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များသည် သူတို့ကို ထောက်ပံ့မှုရပ်ဆိုင်းလိုက်သည်။ သူတို့သည် စစ်ဘေးရှောင်ပြည်သူများ မဟုတ်တော့၍ဖြစ်သည်။ ကူညီပါကလည်း ကူညီရေးလုပ်သားရော၊ ရွာသားများအတွက်ပါ အန္တရာယ်ရှိနိုင်သည်ဟု ၎င်းကဆိုသည်။
နမ့်စမ်ယန်ရွာသို့ ပြန်ပို့ခံရသူများတွင် အသက် ၅၁ နှစ်အရွယ် ဗုဒ္ဓဘာသာဝင် ဒေါ်သန်းရီလည်းပါဝင်သည်။ သူသည် ယခင်က ဗန်းမော်သို့ ထွက်ပြေးလာခဲ့သူဖြစ်သည်။
သူသည် နမ့်စမ်ယန်ရွာတွင် သူငယ်ချင်း တစ်ယောက်နှင့်အတူနေသည်။ သူ့အိမ်သည် တိုက်ပွဲများကြောင့် မီးလောင်သွား၍ဖြစ်သည်။ အိမ်ပြင်ရန် သူ့တွင်ငွေမရှိပေ။ နေရပ်ပြန်သူများကို အကူအညီပေးသော အဖွဲ့အစည်းမရှိသောကြောင့် စိတ်ပျက်ရသည်ဟု သူကဆိုသည်။ အစိုးရက သူတို့ကို ပိုမိုကူညီသင့်ကြောင်း သူကတောင်းဆိုသည်။
“ပဋိပက္ခအတွင်း ပျက်စီးသွားတဲ့ ကျွန်မတို့နေအိမ်တွေကို ပြင်ဆင်ဖို့ ဘယ်သူကမှ မကူညီကြဘူး။ ကျွန်မတို့ကို နေရပ်ပြန်မပို့ခင် နေအိမ်တွေကို အရင်ပြင်ဆင်ပေးသင့်တယ်” ဟု သူကဆိုသည်။

တိုက်ပွဲရှောင်ကျောင်းသူ/သားများမှာ သူတို့နမ့်စမ်ယန်ရွာအပြန်၌ ကက်သလစ်ဘုရားရှိခိုးကျောင်းတွင် တည်းကြရသည်။ ဓာတ်ပုံ - ခွန်လတ်

တိုက်ပွဲရှောင်ကျောင်းသူ/သားများမှာ သူတို့နမ့်စမ်ယန်ရွာအပြန်၌ ကက်သလစ်ဘုရားရှိခိုးကျောင်းတွင် တည်းကြရသည်။ ဓာတ်ပုံ – ခွန်လတ်

သူက ဘေးကင်းလုံခြုံမှုနှင့်ပတ်သက်ပြီးလည်း စိုးရိမ်ကြောင်း၊ အထူးသဖြင့် ထိုနေရာတဝိုက်၌ ကျန်ရှိနေသေးသော များပြားလှသည့် မြေမြုပ်မိုင်းများကြောင့်ဖြစ်ကြောင်းပြောပြသည်။ စစ်တပ်က ရွာ၏ တစိတ်တပိုင်းကိုသာ မိုင်းရှင်းလင်းပေးခဲ့သည်ဟု ဒေါ်သန်းရီကဆိုသည်။
“ကြည့်ရတာ ကျွန်မပိုက်ဆံရှိလို့ အိမ်ပြင်ပြီးကာမှ စစ်တပ်က မိုင်းလာရှင်းပေးမယ့်ပုံပဲ” ဟု သူကဆိုသည်။
ခါလမ်ဆမ်ဆန်က KHCC နှင့် KIO တို့သည် နမ့်စမ်ယန်ရွာအရေးကို NRPC နှင့် ဆွေးနွေးရန်စီစဉ်နေကာ ပြီးမှပြန်လည်သုံးသပ်ပေးရန် တိုက်တွန်းသွားပေးမည်ဟု ပြောကြားသည်။
“ကျွန်တော်တို့ ဒါကို သေချာပြန်လည်သုံးသပ်နိုင်ရင် စစ်ဘေးရှောင်ပြည်သူတွေကို နမ့်စမ်ယန်ရွာ ပြန်ပို့တာ အောင်မြင်နိုင်သလား မအောင်မြင်နိုင်ဘူးလားသိရလိမ့်မယ်” ဟု သူကဆိုသည်။
“နေရပ်ပြန်ပို့ပေးဖို့နဲ့ ပြန်လည်နေရာချထားပေးဖို့က စစ်တပ်နဲ့ ကေအိုင်အေတို့ကြား ပူးပေါင်းဆောင်ရွက်မှု မပါဝင်ရင် အောင်မြင်နိုင်မှာမဟုတ်ဘူး” ဟု ခါလမ်ဆမ်ဆန်က ဆိုသည်။
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ International Committee of the Red Cross က ယင်းတို့သည် နမ့်စမ်ယန်ရွာသို့ နေရပ်ပြန်ပို့သည့်ကိစ္စရပ်တွင် ပါဝင်ပတ်သက်မှုမရှိကြောင်း၊ နမ့်စမ်ယန်ရွာသို့ ပြန်သွားသူများကိုလည်း အကူအညီပေးနေခြင်းမရှိကြောင်း ပြောကြားသည်။ နေရပ်ပြန်သွားသူများ၏ ဘေးကင်းရေးအတွက် ၎င်းတို့စိုးရိမ်ကြောင်းလည်းဆိုသည်။
“ICRC က စစ်ပွဲအတွင်းက မြှုပ်ထားခဲ့သော မြေမြုပ်မိုင်းများသည် ဒေသခံတို့၏ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ကြောင်း၊ နေရပ်သို့ အောင်အောင်မြင်မြင်ပြန်ပို့နိုင်မှုကိုလည်း ထိခိုက်နိုင်ကြောင်း” ထုတ်ပြန်ချက် တစ်ခု၌ဖော်ပြထားသည်။
“နေရပ်ပြန်ပို့မှုဖြစ်စဉ်သည် မိမိဆန္ဒအရ ဘေးကင်းစွာနှင့် သိက္ခာရှိစွာပြန်ခြင်းဖြစ်ပါက ICRC က စစ်ဘေးရှောင်ပြည်သူများအား လိုအပ်သောထောက်ပံ့မှုများပေးရန် အဆင်သင့်ရှိသည်” ဟုဆိုသည်။
အချို့ပုဂ္ဂိုလ်တို့၏ထောက်ပြချက်များတွင် အချိန်မတန်သေးဘဲ နေရပ်ပြန်ပို့ခြင်းသည် ငြိမ်းချမ်းရေး အလားအလာကို ထိခိုက်စေနိုင်သည့်အပြင် စစ်မှန်၍ တာရှည်တည်တံ့သော နေရပ်ပြန်ပို့မှုကို  ထိခိုက်နိုင်သည်ဟုပါရှိသည်။ ဘရပ်ဆဲစ်အခြေစိုက် International Crisis Group ကမူ မကြာသေးမီကာလက တိုးတက်မှုများသည် စစ်ဘေးရှောင်ပြည်သူများကို နေရပ်ပြန်ပို့ရန် လမ်းပွင့်လာသည်ဟု ဆိုနိုင်သော်လည်း ယင်းမှာတပ်မတော်နှင့် ကေအိုင်အိုတို့အကြား အပစ်ရပ်ရေးဆွေးနွေးပွဲရလဒ်ပေါ် များစွာမူတည်နေသည်ဟု သုံးသပ်သည်။
“ကချင်ပြည်နယ်တွင် စစ်ဘေးရှောင်ပြည်သူများကို အလုံးအရင်းနှင့် နေရပ်ပြန်ပို့ရန် ဖြစ်နိုင်ခြေ နည်းနေသေးသည်။ သို့သော် ရေတိုအတွက်သာဖြစ်ပါက ပဋိပက္ခနှင့်ဝေးသည့်နေရာများတွင် ပြန်လည်နေရာချထားရေးကို လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်ပါသည်။ ယင်းစစ်ဘေးရှောင်ပြည်သူများကို လက်ခံသောလူ့အဖွဲ့အစည်းများကို အထောက်အပံ့များပေးခြင်းကို လုပ်ဆောင်နိုင်သည်” ဟု ICG အဖွဲ့က ဆိုသည်။  
ICG အဖွဲ့က စစ်တပ်ဦးဆောင်သော နေရပ်ပြန်ပို့ရေးလုပ်ဆောင်မှုသည် သံသယများကို တိုးပွားစေပြီး တိုးတက်မှု အလားအလာကို နည်းပါးစေကြောင်း၊ ထို့ပြင် နေရပ်ပြန်ပို့ရေးနှင့် ပြန်လည်နေရာချထားရေးကို အစိုးရက ကချင်ခေါင်းဆောင်များနှင့်ဆွေးနွေးပြီး တာဝန်ယူလုပ်ဆောင်သင့်ကြောင်း ဆိုထားသည်။
တိုက်ပွဲရှောင်စခန်းများကို ပိတ်သိမ်းရန် မဟာဗျူဟာဖြင့် လုပ်ဆောင်နေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် နမ့်စမ်ယန်ရွာနှင့်ပတ်သက်သော Frontier ၏ မေးခွန်းများကို ဖြေကြားခဲ့ခြင်းမရှိပေ။ ထိုရွာသို့ ပြန်လည်ပြောင်းရွှေ့လာသူများကို ဝန်ကြီးဌာနက အထောက်အပံ့ ပေးနေခြင်း မရှိကြောင်းနှင့် NRPC သည် KHCC နှင့် ဇူလိုင်လတွင် ထိုကိစ္စရပ်နှင့်ပတ်သက်ပြီး ထပ်မံဆွေးနွေးကြောင်းသာ ပြန်ကြားခဲ့သည်။

ဖရဲရွာမှ တိုက်ပွဲရှောင်ပြည်သူများသည် ၂၀၁၁ ကတိုက်ပွဲများကြောင့် ရွာနှင့်ကိုးမိုင်ကွာသော စခန်းမှာသာ အိုးပစ်အိမ်ပစ် ဆက်နေကြသည်။ ဓာတ်ပုံ - ခွန်လတ်

ဖရဲရွာမှ တိုက်ပွဲရှောင်ပြည်သူများသည် ၂၀၁၁ ကတိုက်ပွဲများကြောင့် ရွာနှင့်ကိုးမိုင်ကွာသော စခန်းမှာသာ အိုးပစ်အိမ်ပစ် ဆက်နေကြသည်။ ဓာတ်ပုံ – ခွန်လတ်

အပစ်ရပ်ရေးကို ပထမ
ကေအိုင်အို၏ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူးက ကေအိုင်အိုသည် စစ်ဘေးရှောင်ပြည်သူများအား နေရပ်ပြန်ပို့ခြင်း၊ ပြန်လည်နေရာချထားခြင်းများမလုပ်ဆောင်မီ အပစ်ရပ်ရေးကို အရင်လုပ်ဆောင်လိုသည်ဟု Frontier ကိုပြောကြားသည်။
“ဒါနဲ့ပတ်သက်ပြီး အစိုးရနဲ့စစ်တပ်ကို ပြောထားပြီးပါပြီ။ အပစ်ရပ်ရေး မလုပ်ဆောင်ရင် သူတို့ရဲ့ နေရပ်ပြန်ပို့တဲ့ကိစ္စမှာ ကျွန်တော်တို့ ပူးပေါင်းပါဝင်မှာ မဟုတ်ပါဘူး” ဟု သူကဆိုသည်။
နမ့်စမ်ယန်ရွာကိစ္စတွင် အစိုးရနှင့်စစ်တပ်က စစ်ဘေးရှောင်ပြည်သူများ ပြန်ပို့မှုကို ကေအိုင်အိုနှင့်မတိုင်ပင်ဘဲ တဖက်သတ် လုပ်ဆောင်ခဲ့သည်ဟု ဗိုလ်မှူးကြီးနော်ဘူးကပြောသည်။
နမ့်စမ်ယန်ရွာသို့ တိုက်ပွဲရှောင်ပြည်သူများကို ပြန်ပို့ပြီးသောအခါ တပ်မတော်သည် ထိုနေရာတဝိုက်ရှိ ကေအိုင်အေရှေ့တန်းစခန်းများအနက်မှ တစ်ခုကို ဖယ်ရှားခိုင်းသည်။ ထို့နောက် တပ်မတော်က ထိုနေရာတွင် စစ်ဆေးရေးစခန်းတစ်ခု ချထားလိုက်သည်ဟု သူကဆိုသည်။
“တပ်မတော်က အဲဒီနေရာမှာ တပ်စခန်း မချသင့်ပါဘူး။ ပြည်သူတွေက စိုးရိမ်ပူပန်ကြလိမ့်မယ်” ဟု ဗိုလ်မှူကြီးကဆိုသည်။
တပ်မတော်က နမ့်စမ်ယန်ရွာနားတွင် တပ်စခန်းအသစ် ချထားသလား KIA ကို စခန်းနေရာပြောင်းရွေ့ရန် ညွန်ကြားခဲ့သလား ဇော်မင်းထွန်းက အတည်ပြုပြောကြားခြင်း မရှိပေ။
နမ့်စမ်ယန်ရွာသို့ပြန်ပို့ခြင်းကြောင့် KHCC အဖွဲ့အကြား ဘာသာရေးအရ ကွဲပြားခြင်းကို ဖြစ်ပေါ်စေသည်။
နေရပ်ပြန်သူအများစုသည် ရိုမန်ကက်သလစ် ဘာသာဝင်များ ဖြစ်ကြပြီး ဘက်ပ်တစ်အဖွဲ့အစည်းများက ပါဝင်ခဲ့ခြင်းမရှိပေ။ နမ့်စမ်ယန်ရွာမှ ဘက်တစ်ဒုက္ခသည် အများစုသည် စစ်ဘေးရှောင်စခန်းမှာသာ ကျန်ရစ်နေခဲ့ကြသည်။
ကချင်နှစ်ခြင်းအသင်းတော်က ဘက်တစ်များကို နမ့်စမ်ယန်ရွာသို့ မပြန်ကြရန် ၎င်းတို့တားဆီးခြင်းမရှိကြောင်း၊ မပြန်ဘဲနေကျန်ရစ်သူများသည် သူတို့ဆန္ဒအလျောက် ရွေးချယ်ခြင်းသာဖြစ်ကြောင်းပြောကြားသည်။
ယခင်က နမ့်စမ်ယန်ရွာတွင် နေထိုင်ခဲ့သူ လာနု La Nu သည် ယခုအခါ မြစ်ကြီးနားတွင် သူ့ဆွေမျိုးများနှင့် နေထိုင်လျက်ရှိသည်။ သူက သူ့မိသားစုနေအိမ်သည် တိုက်ပွဲများအတွင်း ပျက်စီးသွားခဲ့ကြောင်း၊ ထိုသို့ နေအိမ်မရှိတော့သူများအတွက်လည်း ရှင်းလင်းသောအစီအစဉ်များ အစိုးရက ချမှတ်ပေးမထားကြောင်း Frontier ကိုပြောပြသည်။ သူသည် မကြာသေးမီက နမ့်စမ်ယန်ရွာသို့ တစ်ခေါက်သွားကြည့်ခဲ့သော်လည်း လောလောဆယ်ပြန်ဖို့ အစီအစဉ်မရှိကြောင်းဆိုသည်။
နေရပ်ပြန်သူများသည် အလုပ်အကိုင် အခွင့်အလမ်းရရှိရန် နည်းပါးသည်ဟု သူကဆိုသည်။ ယခင်က ထိုသူများသည် တရုတ်ပြည်နှင့် ကုန်ပစ္စည်းသယ်ပို့သော ကုန်သည်များဖြစ်ကြသည်။ လိုင်ဇာနှင့် ကုန်သွယ်သည့်လမ်းကို ပဋိပက္ခများကြောင့် ပိတ်ထားရသဖြင့် ယင်းအလုပ်အကိုင်သည် အပစ်ရပ်စာချုပ် လက်မှတ်မထိုးမချင်း လုပ်ကိုင်၍ရမည်မဟုတ်ပေ။
“နမ့်စမ်ယန်ရွာမှာ နေထိုင်သူတွေအတွက် လုံခြုံရေးအာမခံချက်လည်းမရှိပါဘူး။ စစ်တပ်နဲ့ ကေအိုင်အေတို့ ပဋိပက္ခတွေ ပြန်စလာရင် ရွာကလူတွေ ဒုက္ခရောက်ကြမှာပဲ” ဟုသူကဆိုသည်။

တိုက်ပွဲရှောင်ကျောင်းသား/သူများသည် ချီဖွေမြို့နယ် ဖရဲစခန်း၌ စာမေးပွဲဖြေကြရသည်။ ဓာတ်ပုံ - ခွန်လတ်

တိုက်ပွဲရှောင်ကျောင်းသား/သူများသည် ချီဖွေမြို့နယ် ဖရဲစခန်း၌ စာမေးပွဲဖြေကြရသည်။ ဓာတ်ပုံ – ခွန်လတ်

“ကျွန်တော်တို့က အစိုးရကို မယုံကြည်ဘူး”
ဇွန်လအတွင်းက Frontier သည် ကချင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး မြစ်ကြီးနားနှင့် ချီဖွေမြို့များရှိ စစ်ဘေးရှောင်စခန်းများကို လေ့လာကြည့်ရှုခဲ့သည်။ အင်တာဗျူးခဲ့သူအားလုံးက သူတို့သည် နေရာသစ် တစ်ခုတွင် ပြန်လည်နေရာချပေးခြင်းထက် မူလနေထိုင်ခဲ့သော နေအိမ်များသို့သာ ပြန်ချင်ကြသည်ဟု ဆိုသည်။
ချီဖွေမြို့ ပန်ဝါအရပ်ဒေသရှိ ဖရဲ Hpare ဒုက္ခသည်စခန်းတွင် ဒုက္ခသည် ၉၀၀ ခန့်ရှိသည်။ စခန်းခေါင်းဆောင် ဆောဇောင် Sau Zung ၏ပြောပြချက်အရ ယင်းမှာကချင်ပြည်နယ်တွင် အကြီးဆုံးတိုက်ပွဲရှောင်စခန်းများထဲမှ တစ်ခု ဖြစ်သည်။ ၂၀၁၁ ခုနှစ် တိုက်ပွဲများဖြစ်ပွားသောအခါ ယခုစစ်ဘေးရှောင်စခန်းနှင့် ကိုးမိုင်ခန့်ဝေးသော ဖရဲရွာမှ ရွာသားများသည် နေအိမ်များစွန့်ခွာကာ ထွက်ပြေးလာကြခြင်းဖြစ်သည်။
ထိုစခန်းသည် ကေအိုင်အိုထိန်းချုပ်နယ်မြေတွင် တည်ရှိသောကြောင့် လူသားချင်းစာနာသည့် အဖွဲ့အစည်းများထံမှ အကူအညီအနည်းငယ်သာ ရရှိသည်။ အထူးသဖြင့် ၂၀၁၆ ခုနှစ် ဇွန်လတွင် အစိုးရက အကူအညီပေးသည့် အဖွဲ့အစည်းများကို တင်းကျပ်စွာ ထိန်းချုပ်လိုက်ကတည်းကဖြစ်သည်။
၂၀၁၃ ခုနှစ်ကတည်းက ထိုဒေသ၌ တိုက်ပွဲများထပ်မဖြစ်တော့ပေ။ ကေအိုင်အေနှင့် တပ်မတော် စစ်သားများသည် တရားဝင်မဟုတ်သော ရန်မပြုရေးသဘောတူညီမှု ရရှိခဲ့ပြီးနောက် နှစ်ဖက်ရှေ့တန်း စစ်မျက်နှာအကြား စစ်ကင်းမဲ့ဇုန်တွင် စခန်းတစ်ခုထားပြီး တပ်မတော်နှင့် ကေအိုင်အေစစ်သားများ အတူနေထိုင်ကာ အစားအသောက်များမျှဝေပြီး အဖော်ပြုနေထိုင်ကြသည်။ သို့သော် တိုက်ပွဲရှောင်စခန်းမှ ဒုက္ခသည်များမှာမူ နေရပ်မပြန်နိုင်ကြသေးပေ။ သူတို့အတွက် အန္တရာယ်ရှိနေသေး၍ဖြစ်သည်။
ဒေသခံ တစ်ဦးဖြစ်သော ခေါင်လင်း Hkwang Lin က သူသည် မကြာသေးမီက ဖရဲရွာသွားပြီး နေအိမ်နှင့် လယ်ယာကို သွားကြည့်ခဲ့ကြောင်း၊ သို့သော် ကေအိုင်အိုက မီးစိမ်းမပြမချင်း နေရပ်ပြန်မည်မဟုတ်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် တိုက်ပွဲများပြန်ဖြစ်လာနိုင်ပြီး မြေမြှုပ်မိုင်းများလည်း ရှိနေသေးသောကြောင့်ဟု ဆိုသည်။
“ကျွန်မတို့အတွက် လုံခြုံရေးအာမခံချက်ရှိရင် နေရပ်ပြန်မှာပါ။ ကျွန်မတို့အားလုံးကလည်း ပြန်ချင်ပါတယ်။ စစ်ရှောင်စခန်းမှာနေရတာ မပျော်ပါဘူး။ ဒီမှာသောင်တင်နေတာ စိတ်ပျက်လာပါပြီ” ဟု သူကဆိုသည်။
မြစ်ကြီးနားမြို့ ထရီနီတီဒုက္ခသည်စခန်း Trinity camp မှ ဆိုင်းနှား Seng Hnar ကလည်း သူသည် အင်ဂျန်းယန်မြို့နယ် ဘွန်ဆွေယန် Bon Swe Yang ရွာရှိ သူ့အိမ်သို့ မပြန်နိုင်သေးကြောင်း၊ ထိုနေရာတွင် မြေမြှုပ်မိုင်းများ ရှိနေကြောင်းဆိုသည်။ ထိုစခန်းတွင် အင်ဂျန်းယန်မြို့နယ်မှ ဒုက္ခသည် ၈၅၃ ဦးရှိပြီး ၎င်းတို့သည် ၂၀၁၈ ခုနှစ်က ရောက်ရှိလာခြင်းဖြစ်သည်။
နမ့်စမ်ယန်ရွာပြန်ကြသူများ၏ အတွေ့အကြုံကြောင့် နေရပ်ပြန်ရန် သူပိုပြီးစဉ်းစားနေရသည်။
“နမ့်စမ်ယန်ရွာပြန်သူတွေ ဟိုရောက်ကတည်းက ဘေးကင်းလုံခြုံတယ်လို့ မခံစားရဘူးဆိုတာကြားနေရတယ်။ ကျွန်မတို့က အစိုးရကိုလည်း မယုံကြည်ဘူး။ အစိုးရနဲ့ တပ်မတော်က ကျွန်မတို့ရဲ့လုံခြုံရေးကို အာမခံပေးစေချင်တယ်”
ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ဤဆောင်းပါးရေးသားမှုအတွက် အင်တာနယူးစ်မြန်မာ Internews Myanmar က ထောက်ပံ့ပေးထားသည်။

ခေါင်းစီးဓာတ်ပုံ – ခွန်လတ်

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.