အမှန်တရားဖော်ထုတ်ဖို့ ရှေ့တန်းနေရာသစ်

မြန်မာနိုင်ငံနှင့် မြန်မာ့ခေါင်းဆောင်များအား ရိုဟင်ဂျာအရေးအခင်းတွင် ပါဝင်ခဲ့မှုအတွက် သည်ဟိတ်နှင့် အာဂျင်တီးနား၌ ရုံးတင်တရားစွဲလိုက်ခြင်းကြောင့် နေပြည်တော်အပေါ် ဖိအားများတိုးလာမည်ဖြစ်သည်။ အခန်း ၂ ခန်းပါရှိသော ဆောင်းပါး၏ ပထမအပိုင်းတွင် ဤအမှုပေါ်ပေါက်လာပုံ၊ မည်သို့သော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရမည်၊မြန်မာက မည်သို့တုံ့ပြန်ဖွယ်ရှိသည်များကို ဖော်ပြမည်ဖြစ်သည်။

သောမတ်စ် ကင်း(န်) ရေးသားသည်။

ရိုဟင်ဂျာများအပေါ် ကျူးလွန်သည်ဆိုသော နိုင်ငံတကာ၏ အတွန်းအတိုက်များတွင် လူမျိုးတုံး သုတ်သင်ရှင်းလင်းမှုဆိုသည့်စွဲချက်လည်း ပါဝင်နေရာ ယင်းမှာ အရေးပါသောခြေလှမ်းဖြစ်သည်။ လေးရက်အတွင်း ထင်ရှားသော အဖြစ်အပျက် လေးခုဖြစ်ခဲ့သည်။

နိုဝင်ဘာ ၁၃ ရက်တွင် နိုင်ငံတကာတရားစီရင်မှု သဘောတရားအရ အာဂျင်တီးနား ဖက်ဒရယ်တရားရုံး၌ တရားစွဲသည်။ နောက်တနေ့တွင် နိုင်ငံတကာပြစ်မှုဆိုင်ရာ တရားရုံး International Criminal Court ICC က ဤရာဇဝတ်မှု စွပ်စွဲချက်ကို စစ်ဆေးရန်ခွင့်ပြုသည်။ မြန်မာအစိုးရ ခန့်အပ်သည့် လွတ်လပ်သောကော်မရှင်သည် ဘင်္ဂလားဒေ့ရှ်သို့သွားပြီး နောက်လတွင် အထောက်အထားများ စုဆောင်းရယူမည်ဖြစ်သည်။

ICC, ICJ ခေါ်နိုင်ငံတကာတရားရုံးနှင့် အာဂျင်တီးနားတင်သော အမှုအားလုံးသည် အဖြစ်အပျက် တစ်ခုတည်းအပေါ် တင်ခြင်းဖြစ်သော်လည်း သဘာဝချင်း ကွဲပြားပါသည်။ ထို့ကြောင့် ရိုဟင်ဂျာများ၊ မြန်မာနှင့် ခေါင်းဆောင်များအပေါ် မတူကွဲပြားသော သက်ရောက်မှုများရှိနိုင်သည်။ ကျွန်ုပ်တို့ ဘယ်ကိုရောက်နေသည်၊ ဘယ်ကို ဦးတည်နေသည်ဆိုသည်ကို နားလည်ဖို့ ခက်ပါသည်။ ဤအမှုများသည် ရှုပ်ထွေးပြီး ပါဝင်သော အဖွဲ့အစည်းများ၏ နာမည်များကလည်း ဆင်တူနေပါသည်။ ICC, ICJ မှ ICOE, IFFM နှင့် IIMM တို့ ပါဝင်နေကြသည်။

ဖြစ်ရပ်များကို အနီးကပ်လေ့လာမထားလျှင် ဖြစ်စဉ်အားလုံးက စိတ်ရှုပ်စရာဖြစ်နိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့က သုတေသနလုပ်သည်။ စွဲချက်တွေကို ဖတ်သည်။ အခြေအနေကို ပိုသိရအောင် ကျွမ်းကျင်သူတို့ထံ ချဉ်းကပ်မေးသည်။

ပထမ အိုင်အက်ဖ်အက်ဖ်အမ်

ဤတိုင်တန်းချက်တွေ၊ စွပ်စွဲချက်တွေ မလုပ်ခင်ကပင် ကုလသမဂ္ဂက ရိုဟင်ဂျာများအပေါ် မြန်မာက ကျူးလွန်သည်ဆိုသော စွပ်စွဲများကို စစ်ဆေးနေခဲ့ပါသည်။ ရခိုင်မှာသာမက ကချင်နှင့် ရှမ်းပြည်နယ်တို့တွင် ၂၀၁၁ ခုနှစ်မှစ၍ ကျူးလွန်ခဲ့သည်ဆိုသော စွပ်စွဲချက်များကို စစ်ဆေးရန် လူ့အခွင့်အရေးကောင်စီက ‘လွတ်လပ်သော အချက်အလက်ရှာဖွေရေး မစ်ရှင်’ Independent Fact-Finding Mission – IFFM ကို ၂၀၁၇ ခုနှစ် မတ်လတွင် ဖွဲ့စည်းခဲ့သည်။ အာဆာ အကြမ်းဖက်တိုက်ခိုက်မှုကို တပ်မတော်က တုံ့ပြန်၍ နယ်မြေရှင်းလင်းရေးလုပ်ခဲ့သဖြင့် ရိုဟင်ဂျာ ၇၅၀,၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ကြသော ၂၀၁၇ မတိုင်ခင်ကတည်းက  IFFM ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အင်ဒိုနီးရှားရှေ့နေ မစ္စတာ မာဇူကီဒါရုစမန် Mr Marzuki Darusman ဦးဆောင်သော သုံးဦးပါအဖွဲ့ကို မြန်မာအစိုးရက အဝင်မခံခဲ့ပေ။ သို့သော် ထိုအဖွဲ့က လူတွေ့မေးမြန်းမှု ၈၇၅ ခု လုပ်ခဲ့သည်။ ဂြိုဟ်တုရုပ်ပုံများ၊ အထောက်အထားဓာတ်ပုံများ၊ ဗီဒီယိုများ ရယူခဲ့သည်။ ထိုအချက်အလက်များအပေါ် အခြေခံ၍ ၂၀၁၈ ခု စက်တင်ဘာလတွင် အစီရင်ခံစာအပြည့်အစုံတင်သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် တပ်မတော်အရာရှိကြီးများကို ရခိုင်မြောက်ပိုင်းတွင် လူမျိုးတုံးသုတ်သင်ရှင်းလင်းမှု၊ ရှမ်း၊ ကချင်နှင့် ရခိုင်တွင် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်မှုများဖြင့် စစ်ဆေးပြီး တရားစွဲရန်ဖော်ပြထားသည်။

IFFM က ထိုအမှုကို အိုင်စီစီတင်ရန်လည်းတောင်းဆိုခဲ့သည်။ အိုင်စီစီမှာပဲ ဆက်ရမည်လော၊ အထူးဖွဲ့စည်းထားသော ခုံရုံးမှာပင် စစ်ဆေးရမည်လော မသေချာမရေရာသဖြင့် IFFM သည် ၎င်းစုဆောင်းရခဲ့သော အချက်အလက်များကို စိစစ်ရန်နှင့် ထိန်းသိမ်းရန် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပေး‌ရေးအတွက် တောင်းဆိုခဲ့သည်။ ၂၀၁၈ စက်တင်ဘာလတွင် လူ့အခွင့်အရေးကောင်စီသည် မြန်မာနိုင်ငံအတွက် လွတ်လပ်သော စုံစမ်းရေးယန္တရား Independent Investigative Mechanism for Myanmar – IIMM ထူထောင်ရန် မဲခွဲဆုံးဖြတ်သည်။ ယခုနှစ် စက်တင်ဘာလအတွင်း IFFM ၏ နောက်ဆုံးသတ်မှတ်ရက် ကုန်ဆုံးကာနီးအချိန်လေးမှာပင် IFFM သည် ၎င်း၏ အချက်အလက်အားလုံးကို IIMM သို့ လွှဲပြောင်းပေးခဲ့သည်။ ဂျီနီဗာတွင် အခြေစိုက်သော ဤအဖွဲ့သစ်သည် သြဂုတ်လ ၃၀ ရက်၌ လုပ်ငန်း စတင်လုပ်ဆောင်ခဲ့သည်။

IFFM လိုပင် ထိုယန္တရား၏လုပ်ပိုင်ခွင့်မှာ မကြာမီက ရခိုင်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များအတွက်သာ ကန့်သတ်မထားဘဲ မြန်မာနိုင်ငံ၌ ၂၀၁၁ မှ စ၍ မြန်မာနိုင်ငံ မည်သည့်နေရာမှာမဆို ကျူးလွန်သည်ဟုဆိုသော အထောက်အထားများကို ခွဲခြားစိတ်ဖြာခြင်း၊ စစ်ဆေးခြင်းများလုပ်နိုင်ပြီး ပြီးဆုံးရက်ကိုလည်း သတ်မှတ်မထားပေ။ ရရှိသောအထောက်အထားများကို နိုင်ငံတွင်း၊ ဒေသတွင်း၊ နိုင်ငံတကာတွင်း အခွင့်အာဏာရှိသော တရားရုံးများ၊ ခုံရုံးများ၌ ထိုစွပ်စွဲရာဇဝတ်မှုများကို အိုင်စီစီ၊ သို့မဟုတ် အာဂျင်တီးနား၏ တရားရေးစနစ်တွင် တင်နိုင်သည်။

IIMM ဥက္ကဋ္ဌလည်းဖြစ် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု ဥပဒေပညာရှင်လည်းဖြစ်သော မစ္စတာ နီကလပ်စ်ခေါင်းမ်ဂျီယင် Mr. Nicholas Koumjian က ထိုယန္တရားသည် ကျူးလွန်ခဲ့ပြီးသော ရာဇဝတ်မှုများကို စစ်ဆေးရန်သာမက အနာဂတ်တွင် အရပ်သားများအပေါ် အကြမ်းဖက်မှုများကို ဟန့်တားရန်လည်း ပါဝင်သည်ဟု ပြောသည်။ မြန်မာနိုင်ငံမှ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို ဤသတင်းစကားဖြင့် ဟန့်တားလိုက်ခြင်းဖြစ်သည်ဟုလည်း ဆိုပါသည်။

“ကျွန်တော်တို့က စောင့်ကြည့်နေတယ်၊ ပြစ်မှုကျူးလွန်ခဲ့လျှင်လည်း တာဝန်ရှိသူတွေကို အရေးယူနိုင်ဖို့ လုပ်ဆောင်နေပါတယ်”ဟု ပြောသည်။ ဤတာဝန်ယူမှု၊ တာဝန်ခံမှု လုပ်ဆောင်ချက်ကို လူ့အခွင့်အရေးကောင်စီတွင် စတင်ခဲ့သည်မှန်သော်လည်း ကုလသမဂ္ဂအထွေထွေညီလာခံတွင် IFFM နှင့် IIMM တို့၏ လုပ်ဆောင်ချက်များကို ကြိုဆိုခဲ့ကြပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို ထောက်ခံသူ ၁၄၀၊ ကန့်ကွက်သူ ၉၊ ကြားနေ ၃၂ နိုင်ငံဖြင့် အတည်ပြုခဲ့ကြရာ မြန်မာနိုင်ငံမှာ ပို၍အထီးကျန်ဖြစ်လာခဲ့သည်။ မစ္စတာခေါင်းမ်ဂျီယင် ဦးဆောင်သော IIMM အဖွဲ့သည် နိုဝင်ဘာ ၉ ရက်မှ ၁၄ ရက်အထိ ဒေသတွင်းသွားကာ ဒုက္ခသည်များ၊ အရပ်ဖက် အဖွဲ့အစည်းများ Cox’s Bazaar မှ အသိုက်အဝန်းခေါင်းဆောင်များနှင့် တွေ့ဆုံပြီး အဖွဲ့၏လုပ်ဆောင်မှုများနှင့် ၎င်းတို့ ပါဝင်ရမည့် အခန်းကဏ္ဍများကို ရှင်းလင်းပြခဲ့သည်။

ဒုက္ခသည် ကိုယ်စားလှယ်များနှင့်တွေ့ဆုံစဉ် သက်သေများ၏လုံခြုံရေးကို ဦးစားပေးလုပ်ဆောင်ထားကြောင်း အာမခံခဲ့ပါသည်။

တာဝန်ယူမှု ကြိုးပမ်းချက်နှင့်ပတ်သက်၍ မသေချာ မရေရာမှုများ ရှိနေရာ အသက်မသေကျန်ရစ်သူများ၏ မျှော်လင့်ချက်များနှင့်စပ်လျဉ်း၍ လုပ်ငန်းစဉ်များ မတူညီမှုများကို နားလည်သဘောပေါက်ကြရန် သတိပေးထားပါသည်။ IIMM ၏သွားရောက်မှုမှာ ယင်းကိစ္စကို အလေးပေးရှင်းပြခဲ့ပုံရပါသည်။

ယင်းကိစ္စနှင့်ပတ်သက်လျှင် မစ္စတာခေါင်းမ်ဂျီယင်သည် အတွေ့အကြုံ အလွန်ကြွယ်ဝသူဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုဥပဒေ ကျွမ်းကျင်သူတစ်ယောက်အဖြစ် ကမ္ဘောဒီးယားနိုင်ငံ ခမာနီစစ်ဆင်ရေးခုံရုံးတွင် ၂၀၁၃ မှစ၍ နိုင်ငံတကာ ပူးတွဲတရားလိုအဖြစ် ဆောင်ရွက်ခဲ့သည်။ ဆယ်စုနှစ်များစွာအတွင်း ယူဂိုဆလားဗီးယား၊ ဘော့စနီးယား၊ ဟာဇီဂိုဗီးနား၊ တီမောလက်စတီ၊ ဆီအာရာလီယွန် နိုင်ငံများတွင် လုပ်ကိုင်ခဲ့သူဖြစ်သည်။

အိုင်စီစီတွင် တီထွင်ဆန်းသစ်သော ဖြေရှင်းချက်

‘သည်ဟိတ်’တွင် အခြေစိုက်သော အိုင်စီစီသည် လူမျိုးတုံးသုတ်သင်ရှင်းလင်းမှု၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု၊ ကျူးကျော်ရာဇဝတ်မှု စသည်တို့ ပြစ်မှုအရေအတွက် အနည်းငယ်စီ ကျူးလွန်သော ပုဂ္ဂိုလ်တစ်ဦးချင်းစီကို တရားစွဲသည်၊ ဤသည်ကို တရားရုံး၏ နောက်ဆုံးအားကိုးရာဟုလည်း ခေါ်ကြသည်။ အကြောင်းမူကား နိုင်ငံတစ်နိုင်ငံ၊ သို့မဟုတ် ဒေသတစ်ခု၏ အာဏာပိုင်က အရေးယူနိုင်စွမ်းမရှိသောအခါ၊ သို့တည်းမဟုတ် အရေးယူရန် ဆန္ဒမရှိသောအခါ ဤနည်းကို အသုံးပြုရသောကြောင့်ဖြစ်ပါသည်။

ရခိုင်မြောက်ပိုင်းတွင် ရာဇဝတ်ကျူးလွန်ခဲ့သူများအား အိုင်စီစီက တရားစွဲရာတွင် အစပိုင်း၌ အလွန်ခက်ခဲလှသည်။ မြန်မာနိုင်ငံသည် အိုင်စီစီကို ဖွဲ့စည်းတည်ထောင်မှုပြုစေခဲ့သော ၁၉၉၈ စာချုပ် Rome Statute ကို လက်မှတ်ထိုးထားသော အဖွဲ့ဝင်နိုင်ငံ မဟုတ်ချေ။ သို့ဖြစ်ရာ ဤအမှုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက သူ့ထံလွှဲပြောင်းပေးပါမှ အိုင်စီစီတွင် ကိုင်တွယ်ခွင့် အာဏာရရှိလိမ့်မည်ဖြစ်သည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် အလွန်ရင်းနှီးပြီး ရုရှားနိုင်ငံနှင့်လည်း အတော်ပင် အဆင်ပြေသည်ဖြစ်ရာ တရုတ်နှင့် ရုရှားက ထောက်ခံမည်မဟုတ်ချေ။

သို့ဆိုပါက ပွဲပြီးသွားပြီလား၊ သည်လိုတော့လည်း မဟုတ်သေးချေ။ ၂၀၁၈ ခု စက်တင်ဘာလတွင် စစ်ဆေးမှုအကြို ချိန်ဘာတရားသူကြီးများက တရားလို မစ္စ ဖတူးဘင်းန်ဆူဒါ Ms Fatou Bensouda ၏ ပန်ကြားချက်ကို သဘောတူလက်ခံခွင့် ပြုပေးခဲ့သည်။ အာဏာနယ်ပယ်အတွင်း ရာဇဝတ်မှု၏ အနည်းဆုံးပါဝင်သူတစ်ဦး၊ သို့မဟုတ် ရာဇဝတ်မှု ကျူးလွန်ရာနယ်မြေ အစိတ်အပိုင်းတစ်ခုသည် စာချုပ်ဝင်နိုင်ငံ နယ်ပယ်တွင်း ကျရောက်နေလျှင် ရောမစာချုပ်အကျုံးဝင်စေရန် ပန်ကြားခဲ့ခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် Rome Statute ကို ၂၀၁၀ ကတည်းက လက်မှတ်ထိုးထားခဲ့သော နိုင်ငံဖြစ်သည်။ သို့ဖြင့် ဆက်ကစားလို့ရပြီ၊ သို့တစေ သွားရမည့်ခရီးက အများကြီးကျန်သေးသည်။

ဤဖန်တီးယူသော ဖြေရှင်းနည်းဖြင့် လူသားအပေါ်ကျူးလွန်သော ရာဇဝတ်မှုဖြင့် တာဝန်ရှိသူများအား ရုံးတင်တရားစွဲနိုင်ဖို့ တံခါးပွင့်သွားခဲ့ပါသည်။ ဇွန်လတွင် မစ္စဘင်းန်ဆူဒါ က ၂၀၁၆ အောက်တိုဘာမှစ၍ ဖြစ်ပွားခဲ့သော အဖြစ်အပျက်များကို အပြည့်အဝစုံစမ်းစစ်ဆေးမှု စတင်ရန် ရုံးတော်သို့ ခွင့်တောင်းခဲ့ရာ နိုဝင်ဘာ ၁၄ ရက်တွင် တရားသူကြီး သုံးဦးက ခွင့်ပြုခဲ့သည်။ အထောက်အထား အလုံအလောက်ပေါ်ထွက်လာပါက စုံစမ်းစစ်ဆေးမှုမှာ ဤရာဇဝတ်မှုများမှာသာ ရပ်တန့်မည်မဟုတ်ဟုလည်းဆိုပါသည်။

ဆုံးဖြတ်ချက်ကိုတော့ ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ထားခဲ့ကြပြီးဖြစ်သည်။ စွပ်စွဲထားသော ပြစ်မှုများ၏ လေးနက်ပုံကို တရားသူကြီးများက စဉ်းစားသည်။ (ဤပြစ်မှုများကလည်း အတော်အတန် အတည်ပြုပြီးဖြစ်သည်။) နောက်ပြီး ခံစားခဲ့ရသူများ၏ဆန္ဒကို စဉ်းစားသည်။ (ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်များ၏ ပြောကြားချက်များမှ သိရှိခဲ့ပြီးဖြစ်သည်။) တရားသူကြီးများသည် တရားဥပဒေစီရင်ခွင့် နယ်ပယ်နှင့် ပတ်သက်သည့် အငြင်းပွားမှုကိုလည်း ပြန်လည်စစ်ဆေးသည်။

သူတို့လည်း စီရင်ပိုင်ခွင့်အပေါ် စောဒကတက်ချက်များကို ပြန်လည်စစ်ဆေးခဲ့ကြသည်။ ထို့အပြင် အပြည့်အဝစုံစမ်းစစ်ဆေးမှုတစ်ခုကို  မစ္စဘင်းန်ဆူဒါက စီစဉ်ထားသည့်အတိုင်း ရှေ့ဆက်နိုင်ကြောင်း သဘောတူညီမှုမရမီ စုံစမ်းစစ်ဆေးမှုတစ်ခုက တရားမျှတမှုရှိကြောင်း လုံလောက်သည့် အထောက်အထား ရှိသလားဆိုသည်ကိုပါ ပြန်လည်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ယင်းအစိုးရရှေ့နေသည် IIMM ထံ လွှဲပြောင်းပေးခဲ့သည့် IFFM က စုစည်းခဲ့သော အထောက်အထားကို အကြံဉာဏ်ယူဖွယ်ရှိသည်။ ယင်းက စုံစမ်းစစ်ဆေးမှုကို သွက်လက်မြန်ဆန်စေမည်ဖြစ်သည်။ ထို့အတွက် အချိန်ကန့်သတ်မထားဟုလည်း ဆိုပါသည်။

မစ္စဘင်းန်ဆူဒါ သာ လုံလောက်သည့် အထောက်အထားတွေ့ပါက ဆင့်ခေါ်မှုများထုတ်ရန်၊ သို့မဟုတ် ဖမ်းဝရမ်းများထုတ်ရန် တရားသူကြီးများကို သူတောင်းဆိုနိုင်သည်။ အိုင်စီစီ၏ တရားစီရင်ပိုင်ခွင့်ကို မြန်မာက ပယ်ချထားခြင်းနှင့် လုပ်ငန်းစဉ်ကို ဆောင်ရွက်ရန် ငြင်းပယ်ထားခြင်းတို့ကို ထည့်သွင်းစဉ်းစားပါက သံသယရှိသူများကို မြန်မာကလွှဲပေးမည်မှာ မဖြစ်နိုင်ပေ။ မကြာခင်အချိန်တစ်ခုအတွင်း ပြောင်းလဲရန်မဖြစ်နိုင်သည့် အနေအထားတစ်ခုဖြစ်သည်။

ခွင့်ပြုမိန့်များ သတ်မှတ်ပြဋ္ဌာန်းခြင်းမှာ အိုင်စီစီအတွက် ယင်းတည်ထောင်ကတည်းက အတွေ့ရများသည့် ပြဿနာတစ်ခုဖြစ်သည်။ သို့သော်လည်း အိုင်စီစီသည် မြန်မာနိုင်ငံက လူပုဂ္ဂိုလ်များအတွက် အချို့ကို ထုတ်ပြန်လိုက်ပါက အစိုးရအပေါ် နောက်ထပ်ဖိအားများတိုးလာပြီး ထိုအမည်စာရင်းပါပုဂ္ဂိုလ်များ၏ နိုင်ငံတကာခရီးသွားလာနိုင်စွမ်းကို ဆိုးဆိုးဝါးဝါးကန့်သတ်မည်ဖြစ်သည်။ တဖန် အနာဂါတ်သည် ခန့်မှန်း၍မရလောက်အောင်ဖြစ်သွားနိုင်မှန် သတိထားရန် အရေးကြီးလှသည်။ ထို့ပြင် ရောမဥပဒေအရ ပြစ်မှုများအပေါ် ဥပဒေက ကန့်သတ်ချက်ဟူ၍မရှိနိုင်တော့ပေ။

နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံး တရားလိုရှေ့နေ မစ္စဖတူးဘင်းန်ဆူဒါ။ ဓာတ်ပုံ - အေအက်ဖ်ပီ

နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံး တရားလိုရှေ့နေ မစ္စဖတူးဘင်းန်ဆူဒါ။ ဓာတ်ပုံ – အေအက်ဖ်ပီ

အိုင်စီဂျေတွင် မြန်မာက လမ်းကြောင်းသစ်ဖြင့် ချဉ်းကပ်မည်

အိုင်စီစီက ပုဂ္ဂိုလ်ရေးဆိုင်ရာတာဝန်ရှိမှုကို စစ်ဆေးသော်လည်း သည်ဟိဂ်တွင် အိုင်စီဂျေရှိ အမှုသစ်တစ်ခုက နိုင်ငံ၏တာဝန်ရှိမှုကို စူးစိုက်မည်ဖြစ်ပြီး မြန်မာသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လူမျိုးတုံး သုတ်သင်ရှင်းလင်းမှုကို တားဆီးရန်ပျက်ကွက်ရှိမရှိဆိုသည်ကို စူးစိုက်ဆောင်ရွက်မည်ဖြစ်သည်။

ယင်းအမှုက လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုဆိုင်ရာကွန်ဗင်ရှင်းကို မဏ္ဍိုင်ပြုသည်။ မြန်မာသည် ၁၉၅၆ခုနှစ်က ကွန်ဗင်းရှင်း၏ အဖွဲ့ဝင်တစ်ခုဖြစ်လာသည့်အခါ လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုကို တားဆီးအပြစ်ပေးရန် ကတိပြုခဲ့သည်။အပိုဒ်ခွဲ ၉ အရ အဖွဲ့ဝင်နိုင်ငံတစ်ခုသည် အခြားအဖွဲ့ဝင်နိုင်ငံတစ်ခုက ကွန်ဗင်းရှင်း၏ စည်းကမ်းချက်များကို ဖောက်ဖျက်နေသည်ဟု ယုံကြည်ပါက အိုင်စီဂျေသို့ အမှုတင်နိုင်သည်။

ကွန်ဗင်ရှင်းကို လက်မှတ်ထိုးစဉ် မြန်မာသည် အပိုဒ်ခွဲ သုံးကို သီးသန့်ဖယ်ခဲ့သည်။ အပိုဒ်ခွဲ သုံးက လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုအတွက် တာဝန်ရှိသော လူပုဂ္ဂိုလ်များကို နိုင်ငံတကာတရားရုံးတစ်ခုတွင် တရားစွဲဆိုခြင်းဖြစ်သည်။

သို့သော်လည်း ယင်းက အပိုဒ်ခွဲ ၉ နှင့်မဆိုင်ဘဲ အမှုဖွင့်ရေးတံခါးမှာ ပွင့်နေသည်။

ပါဝင်ပတ်သက်လာသည်က အနောက်အာဖရိက၏ အသေးငယ်ဆုံးနိုင်ငံတစ်ခုဖြစ်သည့် ဂမ်ဘီယာဖြစ်သည်။ ယင်းက အိုအိုင်စီနိုင်ငံများကိုယ်စား မြန်မာကို တရားစွဲလာခြင်းဖြစ်ပြီး မြန်မာသည် ရိုဟင်ဂျာတို့ကို စိတ်ပိုင်းရုပ်ပိုင်းအန္တရာယ်ဖြစ်စေခြင်း၊ သတ်ဖြတ်ခြင်း၊မွေးဖွားခြင်းကို တားဆီးခြင်းစသည့် အရေးယူဆောင်ရွက်မှုများပြုလုပ်ခြင်းနှင့် အဓမ္မရွှေ့ပြောင်းစေခြင်းတို့ကဲ့သို့ တစိတ်တပိုင်းဖြစ်စေ ဖျက်ဆီးရန် ရည်ရွယ်ချက်ရှိရှိပြုလုပ်ခဲ့သည်ဟု စွပ်စွဲထားသည်။

ယခုအခါများစွာအာရုံစိုက်မှုရှိနေသော်လည်း အမှုကရုပ်လုံးမပေါ်လာသေး‌ပေ။ မေလ ၂၀၁၈ က အိုအိုင်စီ၏ ပြောကြားချက်အရ ရခိုင်မြောက်ပိုင်းတွင် မြန်မာနိုင်ငံ၏အပြုအမူများမှာ နိုင်ငံတကာဥပဒေကို ပြင်းပြင်းထန်ထန်နှင့် ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာရောက်ပြီး အမှုကို စစ်ဆေးရန် ဂမ်ဘီယာဦးဆောင်သည့် အဆင့်မြင့်ကော်မတီကို ဖွဲ့စည်းခဲ့သည်ဟုဆိုသည်။

ယခုနှစ်မတ်လတွင် ကော်မတီသည် အမှုကို အိုင်စီဂျေသို့ တင်သွင်းရန် သဘောတူခဲ့သည်။ ဂမ်ဘီယာ၏အမှုကို ဦးဆောင်သူမှာ နိုင်ငံ၏ရှေ့နေချုပ်နှင့် တရားရေးဝန်ကြီးဖြစ်သူ မစ္စတာအဘူဘာကာတမ်ဘာဒူဖြစ်ပြီး ရဝမ်ဒါကို စစ်ဆေးသော ကုလနိုင်ငံတကာရာဇဝတ်ခုံရုံးတွင် ပါဝင်ခဲ့သူဖြစ်သည်။

တရားရုံးသို့ ယင်း၏လျှောက်လဲချက်တွင် မြန်မာသည် ကွန်ဗင်းရှင်းကို ချိုးဖောက်ခဲ့သည့်အပြင် ဆက်လက်ချိုးဖောက်နေကြောင်း၊ ယင်းအပြုအမူများကို ရပ်တန့်ပြီး ကွန်ဗင်းရှင်းကတိကဝတ်များကို လေးစားရမည်ဖြစ်ကြောင်း၊ လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုတွင် ပါဝင်သူများကို အပြစ်ပေးရမည်ဖြစ်ကြောင်းနှင့် ကွန်ဗင်းရှင်းချိုးဖောက်မှုများကို ထပ်မံပြုလုပ်မည်မဟုတ်ဟု အာမခံချက်ပေးရမည်ဖြစ်ကြောင်း ဂမ်ဘီယာက အိုင်စီဂျေကို တောင်းဆိုခဲ့သည်။

သို့သော်လည်း ၎င်းက အမှားအတွက် အစားလျော်ပေးမှုရရန်လည်း ကြိုးပမ်းသည်။ အမည်အားဖြင့် ရိုဟင်ဂျာဒုက္ခသည်များ အန္တရာယ်ကင်း၍ ဂုဏ်သိက္ခာရှိစွာ ပြန်နိုင်ရေး၊ နိုင်ငံသားအပြည့်အဝရရှိရေးနှင့် ၎င်းတို့အားခွဲခြားဆက်ဆံခြင်း၊ နှိပ်စက်ခြင်းတို့မှ ကာကွယ်ပေးရေးတို့ဖြစ်သည်။

အိုင်စီစီအမှုနှင့် မတူသည်မှာ စွပ်စွဲချက်များကို တုံ့ပြန်မည်ဆိုသည့် လက္ခဏာပြနေသည်။ Genocide Convention အဖွဲ့ဝင်အဖြစ်ဖြင့်တုံ့ပြန်မည်ဖြစ်ပြီး Rome Statute အဖွဲ့ဝင်အဖြစ်မဟုတ်ပေ။ တရားရေးနယ်ပယ်မှ တုံ့ပြန်မှုမပြုရန် ငြင်းဆန်နေခြင်းက အမြော်အမြင်ရှိသည့် မဟာဗျူဟာမဟုတ်ပေ။

ကုလဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းက ဆဲဗင်းဒေးကို ပြောကြားခဲ့သည်မှာ မြန်မာနိုင်ငံက တရားရေးလမ်းကြောင်းများကနေ ကိုယ်ကိုယ်ကိုယ်ကာကွယ်မည်ဖြစ်ပြီး သို့မှသာ လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုကို မိမိတို့မကျူးလွန်ကြောင်း တရားစွဲသူတို့သိမည်ဟု ဆိုသည်။

အထောက်အထားအဖြစ် ရိုဟင်ဂျာဒုက္ခသည်များ ပြန်လာရေး ဘင်္ဂလားဒေ့ရှ်နှင့် နှစ်ဖက်သဘောတူညီချက် လက်မှတ်ရေးထိုးခြင်းကို ရည်ညွှန်းပြဆိုသည်။

“တကယ်လို့ မြန်မာကသာ လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုကျူးလွန်တယ်ဆိုရင် အိမ်နီးချင်းနိုင်ငံကို ထွက်ပြေးခဲ့တဲ့သူတွေကို ပြန်လာစေဖို့ ကျွန်တော်တို့ ကြိုးစားမှာမဟုတ်ပါဘူး” ဟု၎င်းကပြောသည်။

ရခိုင်တွင် ကျန်ခဲ့သော ရိုဟင်ဂျာတို့သည် လူမျိုးတုံးသုတ်သင်ရှင်းလင်းခံရမှု အန္တရာယ်ရှိနေသည်ဆိုသည့် စွပ်စွဲချက်ကိုလည်း ငြင်းပယ်ခဲ့ပြီး ရခိုင်မြောက်ပိုင်းရှိ ရိုဟင်ဂျာများသည် ခြိမ်းခြောက်ခံရမှုမရှိကြောင်း မြန်မာနိုင်ငံကို လာရောက်ခဲ့သည့် ကုလအပါအဝင် နိုင်ငံတကာလေ့လာသူများ သိရှိကြသည်ဟု ၎င်းကပြောကြားသည်။

မြန်မာသည် ကြီးမားသည့် ဆန့်ကျင်မှုနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ဂမ်ဘီယာသည် ဘော့စတွန်အခြေစိုက် ဥပဒေအကျိုးဆောင်ကုမ္ပဏီ ဖိုလေးဟော့ဂ် Foley Hoag ကိုငှားရမ်းထားပြီး ၎င်း၏တရားရေးအဖွဲ့ကို ဦးဆောင်စေမည်ဖြစ်သည်။ ထို့အပြင် ထင်ရှားသည့်နိုင်ငံတကာရှေ့နေနှင့် လူ့အခွင့်အရေး ကျွမ်းကျင်သူ နှစ်ဦးလည်း အမှုတွင် ပါဝင်ဆောင်ရွက်ပေးမည်ဖြစ်သည်။ ၎င်းတို့မှာ University College London မှ ပရော်ဖက်ဆာ ဖိလစ်ဆန်းProfessor Philippe Sands နှင့် မွန်ထရီယယ်ရှိ McGrill University မှပရော်ဖက်ဆာ ပရာယမ်အက်ခါဗန် Professor Payam Akhavan တို့ဖြစ်သည်။

လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုများ ရပ်တန့်အောင် ယာယီဆောင်ရွက်မှု

ယင်းအမှုတွဲဖွင့်ခြင်း၏ အရေးကြီးသော လက္ခဏာတစ်ရပ်မှာ ရခိုင်မြောက်ပိုင်း၌နေရစ်သည့် ခန့်မှန်းခြေ ရိုဟင်ဂျာ ၆၀၀,၀၀၀ ကို လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုကျူးလွန်ခြင်း ရပ်တန့်သွားအောင် လောလောဆယ် အရေးယူဆောင်ရွက်ရန်၊ အလွန့်အလွန် အဆောတလျင်လုပ်ဆောင်ရန် တရားရုံးကို တောင်းဆိုခြင်းဖြစ်သည်။ ၎င်းက IFFM ၏ တွေ့ရှိချက်များကို ထုတ်သုံးသည်။ လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုများ ဖြစ်နိုင်ခြေ၊ သို့မဟုတ် ပြန်ဖြစ်နိုင်ခြေ အန္တရာယ်ရှိနေသည်ဟု စက်တင်ဘာလက IFFM ကသတိပေးခဲ့သည်။ ထို့အပြင် ကျန်နေသည့် ရိုဟင်ဂျာများအတွက် လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုကျူးလွန်မခံရစေရေး အပြည့်အဝကာကွယ်ပေးရန်လည်း တရားရုံးကို တောင်းဆိုခဲ့သည်။

ဂမ်ဘီယာက အဆိုပြုထားသော လောလောဆယ်အရေးယူဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံက လူမျိုးတုံးသုတ်သင်ရှင်းလင်းမှု ပြုလုပ်ရာကျသော အပြုအမူအားလုံးကို ကြိုတင်ကာကွယ်ရန်ပါဝင်ပြီး ယင်းတို့မှာ တရားရုံးမတင်ဘဲသတ်ဖြတ်မှုများနှင့် လိင်အကြမ်းဖက်မှုများသာမက အိမ်များနှင့်ကျေးရွာများကို မီးရှို့ခြင်း၊ အစားအစာနှင့် အခြားလိုအပ်ချက်များကို ပိတ်ပင်ခြင်းတို့လည်း ပါဝင်သည်။

လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုဖြစ်ပွားသည်ဟု စွပ်စွဲခံရသောနေရာများမှ အမှုနှင့်ဆက်နွယ်သည့် အရာအားလုံးကို ဖျက်ဆီးခြင်းမပြုရန် တရားရုံးက မြန်မာနိုင်ငံကို အမိန့်ပေးရန်လည်း ဂမ်ဘီယာက တောင်းဆိုထားသည်။

အကယ်၍ တရားရုံးကသာ လောလောဆယ်ဆောင်ရွက်ရမည့် အရေးယူဆောင်ရွက်မှုများကို ထုတ်ပြန်ပါက အဆိုပါအရေးယူမှုများကို အကောင်အထည်ဖော်သည့် လေးလအတွင်း နှစ်နိုင်ငံစလုံးက တရားရုံးသို့ သတင်းပြန်ပို့ရန် လိုအပ်မည်ဟု ဂမ်ဘီယာက အဆိုပြုသည်။ ယင်းတောင်းဆိုမှုနှင့်စပ်လျဉ်း၍ ဒီဇင်ဘာလတွင် တရားရုံးက ကြားနာမှုများ ပြုလုပ်မည်ဟု မျှော်လင့်ရသည်ဟု ဖိုလေးဟော့ဂ်ကဆိုသည်။

ယခုအမှုတွဲတင်ခြင်းက ထူးခြားသည်။ အဘယ့်ကြောင့်ဆိုသော် တိုက်ရိုက်ထိခိုက်မှုမရှိသော Genocide Convention အဖွဲ့ဝင်နိုင်ငံတစ်ခုက အခြားအဖွဲ့ဝင်နိုင်ငံတစ်ခုကို အိုင်စီဂျေသို့ ပထမဆုံးအကြိမ် အမှုတွဲတင်ခြင်းကြောင့်ဖြစ်သည်။

သို့ရာတွင် မတူညီသော ကွန်ဗင်ရှင်းနှင့်ပတ်သက်၍ တရားရုံးရှေ့မှောက၌ တူညီသောအမှုတစ်ခုရှိနေသည်။ ၂၀၀၉ ခုနှစ်က ဘယ်လ်ဂျီယံနိုင်ငံက ဆီနီဂေါနိုင်ငံကို အိုင်စီဂျေသို့ အမှုတွဲတင်ခဲ့ပြီး ဆီနီဂေါသည် ချာ့ဒ်အာဏာရှင်ဟောင်း ဟစ်ဆင်ဟဲဘရာ Hissene Habre ကို တရားစွဲဆိုရန်၊ သို့မဟုတ် ပြစ်မှုကျူးလွန်ရာနိုင်ငံသို့ ပြန်အပ်ရန် ပျက်ကွက်ခြင်းဖြင့် Torture Convention ကို ချိုးဖောက်သည်ဟု ဘယ်လ်ဂျီယံက စွပ်စွဲခဲ့သည်။

၂၀၁၂ ခုနှစ်က တရားရုံးသည် ဘယ်လ်ဂျီယံကို အနိုင်ပေးခဲ့သည်။ ထို့အပြင် အပြစ်ပေးမခံရဘဲ ချိုးဖောက်မှုမရှိစေရဆိုသည့် ဘုံအကျိုးစီးပွားတစ်ခု ကွန်ဗင်ရှင်းအဖွဲ့ဝင်နိုင်ငံများတွင် ရှိသည်ဆိုသည့် အခြေခံမူကို အတည်ပြုခဲ့သည်။ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံအားလုံးတွင် လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုအတွက် အပြစ်ပေးရန် တာဝန်တစ်ခုရှိပြီး အဖွဲ့တရားဝင်တာဝန်များကို မြန်မာနိုင်ငံ၏အပြုအမူများက ထိခိုက်စေခဲ့သည်ဟု ဂမ်ဘီယာက စောဒကတက်သည်။ အထူးသဖြင့် ဂမ်ဘီယာသည် ဘယ်လ်ဂျီယံ – ဆီနီဂေါအမှုတွဲကို အထောက်အထားအဖြစ်ကိုးကားပြီး Genocide Convention သို့ လျှောက်လဲခြင်းဖြစ်သည်ဆိုသည်။

ဂမ်ဘီယာ၏လျှောက်လဲချက်က ရှေ့ဆက်ဖို့ ဘယ်လိုဖြစ်နိုင်သလဲ။ အခြေအနေ၏ သိသာထင်ရှားသည့် အဆောတလျင်ဖြစ်နေမှုကို ထည့်သွင်းစဉ်းစားပါက လောလောဆယ်အရေးယူဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်တစ်ခုကို သီတင်းပတ်အနည်းငယ်အတွင်း ချမှတ်နိုင်သည်။ ဘော့စနီးယားနှင့် ဆာဘီးယားအမှုတွင် အလားတူဆုံးဖြတ်ချက်တစ်ခုကို သုံးပတ်အတွင်း ချမှတ်ခဲ့သည်။ အမှုတစ်ခုလုံးပြီးဆုံးရန်မှာမူ နှစ်များစွာ ကြာနိုင်သည်။

အိုင်စီဂျေ၏ ဆုံးဖြတ်ချက်အားလုံးမှာ နောက်ဆုံးသာဖြစ်ပြီး အသနားခံမှုအတွက် ရွေးချယ်စရာမရှိပေ။ အဖွဲ့ဝင်နိုင်ငံတစ်ခုက အမိန့်ကို လိုက်နာရန်ပျက်ကွက်နေသည်ဟု အခြားအဖွဲ့ဝင်နိုင်ငံတစ်ခုက ယုံကြည်လျှင် ယင်းကိစ္စကို ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ လွှဲနိုင်သည်။ ယင်းနောက် ကောင်စီက ဖောက်ဖျက်သည့်နိုင်ငံကို ဆုံးဖြတ်ထားသည့် စည်းကမ်းချက်များကို အတင်းအကျပ် အကောင်အထည်ဖော်စေရန် အရေးယူမှုများ ပြုလုပ်နိုင်သည်။

အမှန်တကယ်တော့ တရုတ်နှင့် ရုရှားတို့သည် လုံခြုံရေးကောင်စီတွင် နောက်တစ်ကြိမ် အတားအဆီး တစ်ခုဖြစ်လာနိုင်သည်။ သို့သော်လည်း ရခိုင်တွင် လူမျိုးတုံးသုတ်သင်ရှင်းလင်းမှု ဖြစ်ပွားခဲ့သည်ဆိုသည့် တွေ့ရှိချက်တစ်ခုက မြန်မာနိုင်ငံအတွက် မယုံနိုင်လောက်အောင် ထိခိုက်မှုရှိနေဆဲဖြစ်ပြီးအခြားနိုင်ငံများအတွက် အရေးပါသောအဟန့်အတားတစ်ခုဖြစ်နေသည်။

ဦးကိုကိုနှင့် အောင်ကျော်ဦး ဘာသာပြန်သည်။

Frontier ၏ နောက်တကြိမ်ထုတ်ဝေမှုတွင် အာဂျင်တီးနားအမှုတွဲနှင့် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် ပြဿနာတို့အပြင် ရခိုင်မြောက်ပိုင်းအဖြစ်အပျက်များကို မြန်မာ၏ကိုယ်ပိုင်စုံစမ်းစစ်ဆေးမှုများအကြောင်း စစ်ဆေးဖော်ပြသွားမည်ဖြစ်သည်။

ခေါင်းစီးဓာတ်ပုံ – ၂၀၁၆ က စစ်တွေမြို့နယ်ရှိ သက်ကယ်ပြင်စခန်းသို့ ရခိုင်ပြည်နယ်ပဋိပက္ခကြောင့် ရောက်လာကြသော ရိုဟင်ဂျာဒုက္ခသည်များ။ ဓာတ်ပုံ – အေအက်ဖ်ပီ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.