“အမေစု နဲ့ အတူ ရပ်တည်စို့”

လူထုကြီးရဲ့ တစ်ခဲနက်ဝန်းရံနေတဲ့ဟန်က သူတို့ရဲ့ ခေါင်းဆောင်အပေါ် ယုံကြည်ချက်နဲ့ မျှော်လင့်ချက်တွေကို မီးမောင်းထိုးပြနေရာရောက်နေပါတယ်။ နိုင်ငံတော် သီချင်းသံဆုံးတာနဲ့ “အမေစုနဲ့အတူရပ်တည်မယ်”၊ “အမေစုကျန်းမာပါစေ”လို့ တစ်ပြိုင်နက် အော်ဟစ်လိုက်ပါတယ်။

နော်ဘတ်တီဟန်

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်  သည်ဟိတ်မြို့မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ အမှုကြားနာမယ့်နေ့မှာ ရန်ကုန်မြို့လယ်ခေါင်က မြို့တော်ခန်းမရဲ့ အနီးတစ်ဝိုက်မှာ လူအုပ်ကြီးက အသီးသီးနေရာယူလိုက်ကြပါတယ်။ လူအုပ်ကြီးထဲက လူတော်တော်များများဟာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ တီရှပ်တွေကို ဝတ်ဆင်ထားပြီး အကျီတွေရဲ့ နောက်ကျောမှာတော့ “We Stand with You” ဆိုတဲ့ ဆောင်ပုဒ်တွေကို ရိုက်နှိပ်ထားပါတယ်။ သူတို့ကိုင်ဆောင်တဲ့ ဗီနိုင်းတွေ၊ ပိုစတာတွေမှာလည်း သူတို့ရဲ့ ခေါင်းဆောင်ကို အပြည့်အဝ ဝန်းရံပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်က မှန်ပါတယ်လို့ အဓိပ္ပါယ်ရတဲ့ စာတန်းတွေအများအပြားကို လည်းရေးဆွဲထားပါသေးတယ်။ လူထုကြီးရဲ့ တစ်ခဲနက်ဝန်းရံနေတဲ့ဟန်က သူတို့ရဲ့ ခေါင်းဆောင်အပေါ် ယုံကြည်ချက်နဲ့ မျှော်လင့်ချက်တွေကို မီးမောင်းထိုးပြနေရာရောက်နေပါတယ်။

စင်မြင့်ထက်ကနေပြီးတော့ အစီအစဉ်ကြေညာတဲ့သူနှစ်ဦးက အခမ်းအနားစတင်ပြီဖြစ်ကြောင်း မိုက်ခရိုဖုန်းကနေ ကြေညာလိုက်ပြီး နိုင်ငံတော်သီချင်းကိုဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက် တက်ကြွလှုပ်ရှားနေတဲ့ လူအုပ်ကြီးဟာ ငြိမ်သက်သွားပြီး သီချင်းသံဆုံးတာနဲ့ “အမေစုနဲ့အတူရပ်တည်မယ်”၊ “အမေစုကျန်းမာပါစေ”လို့ တစ်ပြိုင်နက် အော်ဟစ်လိုက်ပါတယ်။

ဓာတ်ပုံ-ခွန်လတ်

ဓာတ်ပုံ-ခွန်လတ်

ရန်ကုန်မြို့နည်းတူ မန္တလေးမြို့မှာလည်း လူအင်အား ထောင်ပေါင်းများစွာတို့က ထောက်ခံပွဲကျင်းပ နေကြပါသေးတယ်။ ဒီလူထုထောက်ခံပွဲတွေအပါအဝင် အနယ်နယ်အရပ်ရပ်က လူထုထောက်ခံပွဲတွေဟာ နိုင်ငံတော်အတိုင်ပင်ခံရုံးကနေ နိုဝင်ဘာလ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ သည်ဟိတ်မြို့ကို ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ရင်ဆိုင်ဖြေရှင်းမယ်ဆိုတဲ့ ကြေညာချက်နောက်ပိုင်းမှာ စတင်ခဲ့ကြတာဖြစ်ပါတယ်။

ပထမဦးဆုံး လူထုထောက်ခံပွဲကိုတော့ ဒီဇင်ဘာလ ၇ရက်နေ့က စစ်ကိုင်းမြို့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြင့်နိုင်ကိုယ်တိုင် တက်ရောက်ပြီးမိန့်ခွန်းပြောကြားခဲ့တဲ့ ဒီလူထုထောက်ခံပွဲဟာ ထူးထူးခြားခြားကိုပဲ ရဟန်းသံဃာတွေနဲ့ သီလရှင်တွေ ဟာ နိုင်ငံတော်အလံတွေ၊ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ပိုစတာတွေကို အသီးသီးကိုင်ဆောင်ပြီး အုပ်စုဖွဲ့ ဝန်းရံခဲ့ကြတာဖြစ်ပါတယ်။

အလားတူပဲ ပဲခူးမြို့မှာ ဒီဇင်ဘာလ ၉ရက်နေ့က ကျင်းပခဲ့တဲ့ လူထုထောက်ခံပွဲမှာလည်း အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ လွှတ်တော် ဥက္ကဌကိုယ်တိုင် တက်ရောက်ခဲ့ပြီး ပဲခူးတိုင်းလွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာအတွက် အိုင်စီဂျေမှာတရားရင်ဆိုင်ဖို့ သွားတာဖြစ်လို့ သူမနဲ့အတူ ထောက်ခံအားပေးဖို့ လိုတယ်လို့ လူထုကိုပြောခဲ့ပါသေးတယ်။

ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံအနှံ့က ထောက်ခံပွဲတွေဟာ တူညီတဲ့ ရည်ရွယ်ချက် ၃ချက်နဲ့ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ လူထုထောက်ခံပွဲ ရည်ရွယ်ချက်တွေကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ ကျင်းပတဲ့ ထောက်ခံပွဲမှာချိတ်ဆွဲထားတာကို တွေ့ရပါသေးတယ်။

မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကာကွယ်ရန်အတွက် တရားမျှတမှုနှင့် အမှန်တရားကို ဖော်ထုတ်ရန်၊ နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ တာဝန်ယူမှု တာဝန်ခံမှုရှိသော စိတ်ဓါတ်နှင့် သတ္တိကို ထောက်ခံအားပေးရန်၊  လူသားဆိုင်ရာ ကျင့်ဝတ်စံနှုန်းများကို လိုက်နာကျင့်သုံးသည့် ယဉ်ကျေး၍ ဂုဏ်သိက္ခာရှိသော နိုင်ငံတော်နှင့် မြန်မာ့လူ့အသိုင်းအဝိုင်းကို  အနာဂါတ်မျိုးဆက်သစ်လက်သို့ လက်ဆင့်ကမ်းလွှဲပြောင်းပေးနိုင်ရန် ဆိုတဲ့ နေရာအနှံ့က ဆောင်ပုဒ်ပိုစတာတွေဟာ နိုင်ငံအနှံ့က လမ်းမပေါ်ထွက်လာတဲ့ လူတွေရဲ့ ရပ်တည်ချက်ကို ထင်ဟပ်ပေးနေပါတယ်။

လူထုထောက်ခံပွဲလုပ်ဆောင်ဖို့အတွက် အသုံးပြုရတဲ့ စရိတ်တွေကလည်းမနည်းလှပါဘူး။ အထူးသဖြင့် ရန်ကုန်တိုင်းအတွင်းက မြို့နယ်တော်တော်များများမှာ စိုက်ထူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ ဘေလ်ဘုတ်ကြီးတွေအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကိုပေးရတဲ့ စားရိတ်တွေက အတော်လေးကိုများပြားပါတယ်။

ဒါပေမဲ့ မြို့နယ်တော်တော်များများက စည်ပင်ဧရိယာတွေမှာ ထောင်ထား၊ ကပ်ထားတဲ့ ဆိုင်းဘုတ်အသေးတွေ ကိုတော့ သက်ဆိုင်ရာထောက်ခံပွဲကျင်းပရေး ကော်မတီအဖွဲ့ဝင်တွေ၊ မြို့နယ်အသီးသီးက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ရပ်မိရပ်ဖတွေက စီမံခန့်ခွဲတာဖြစ်ပြီး အခွန်အခကို စည်ပင်က ကောက်ခံခြင်း မပြုပါဘူး။

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

၄၅ပေ၊ ၁၅ ပေပတ်လည် ဘေလ်ဘုတ်တွေအတွက် တစ်လကို ၂၁သိန်းကျပ်နဲ့၊ တစ်နှစ်ကို သိန်း ၂၅၀ အခွန်ပေးဆောင်ရမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက နှုန်းထားသတ်မှတ်ထားတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊စီမံဌာန၊ဒုတိယညွှန်ကြားရေးမှုး ဦးစစ်မင်းဟန်က ပြောပါတယ်။

အမေစုနဲ့အတူ ရပ်တည်မယ်ဆိုတဲ့ စာတန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတွေနဲ့ ဘေလ်ဘုတ်ကြီးတွေ အတွက် အခွန်ငွေကို ကောက်ခံရရှိထားပြီး ဘယ်သူက ပေးဆောင်တယ်ဆိုတာကိုတော့ မသိဘူးလို့ ဦးစစ်မင်းဟန်က ပြောပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ အင်ဂျင်နီယာဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးနိုင်ရဲ့ ဖြေကြားချက်အရ ဒီဇင်ဘာလ ၁ရက်နေ့ကစပြီး ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့၄၅ပေ၊ ၁၅ ပေပတ်လည် ဘေလ်ဘုတ်ကြီး ၁၈ခုကို ပြည်လမ်းနဲ့ ကမ္ဘာအေးဘုရားလမ်းတစ်လျှောက်လိုက်ထောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။ ဘေလ်ဘုတ်တွေမှာ ပုံတွေလိုက်လံတပ်ဆင်ဖို့ စည်ပင်သာယာရေးကော်မတီကနေ အမိန့်ပေးခဲ့တာဖြစ်တယ်လို့ သူကဆိုပါတယ်။ Frontier ရဲ့ တွက်ချက်မှုအရ ဘေလ်ဘုတ် ၁၈ခုအတွက် တစ်လကို မြန်မာငွေ ၃၇၈သိန်းကုန်ကျနေမှာဖြစ်ပြီး ဆိုင်းဘုတ်မဖြုတ်သေးသ၍ လစဉ်ကုန်ကျနေမှာ ဖြစ်ပါတယ်။ ဒါဟာရန်ကုန်မြို့တစ်မြို့တည်းရဲ့ ဘေလ်ဘုတ်ထောင်တဲ့ကုန်ကျစားရိတ်ဖြစ်ပြီး နိုင်ငံအနှံ့က ဘေလ်ဘုတ်တွေ၊ ထောက်ခံပွဲကုန်ကျစားရိတ်တွေကို ထည့်တွက်ထားခြင်းမရှိပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ပွဲတွေကို ကျင်းပဖို့အတွက် အွန်လိုင်း Chat group ကနေ စတင်တိုင်ပင်ဆွေးနွေးခဲ့ပြီး နောက်ပိုင်း အပြင်မှာ မကြာမကြာ အဖွဲ့ဝင်တွေတွေ့ဆုံကာ ကော်မတီဖွဲ့စည်းခဲ့တယ်လို့ ထောက်ခံပွဲ ကျင်းပရေးကော်မတီ (ရန်ကုန်) ရဲ့ ဦးဆောင်ကော်မတီဝင် မစုစုမာက ပြောပါတယ်။ ပြင်ပအစည်းအဝေးတွေကို နိုဝင်ဘာလ နောက်ဆုံးအပတ်လောက်မှာ စတင်လုပ်ဆောင်ခဲ့တယ်လို့ သူမက ပြောပါတယ်။

သူမရဲ့ ဖြေကြားချက်အရ ပွဲကျင်းပရေးကော်မတီမှာ ကော်မတီခွဲ ၈ခုဖွဲ့စည်းထားပြီး ဦးဆောင်ကော်မတီ၊ ကြိုဆိုဧည့်ခံရေးနဲ့ နေရာချထားရေးကော်မတီ၊ ပြန်ကြားရေးကော်မတီ၊ စည်းကမ်းထိန်းသိမ်းရေးနဲ့ လုံခြုံရေးကော်မတီ၊ ငွေကြေးစီမံခန့်ခွဲရေးနဲ့ ရန်ပုံငွေရှာဖွေရေးကော်မတီ၊ ဦးဆောင်ကော်မတီ စသဖြင့် အသီးသီးဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

ငွေကြေးစီမံခန့်ခွဲရေးနဲ့ ရန်ပုံငွေရှာဖွေရေးကော်မတီကတော့ အလှူငွေတွေကိုစုဆောင်းပြီး ရန်ကုန်မြို့ပေါ်မှာ ထောင်ထားတဲ့ ဘေလ်ဘုတ်ဖိုးတွေနဲ့ အခြားကုန်ကျငွေတွေအတွက် စီမံခန့်ခွဲတာ ဖြစ်ပါတယ်။

“ရန်ပုံငွေတွေက အမေစုကိုထောက်ခံတဲ့ တစ်ဦးချင်းအလှူရှင်တွေဆီကနေလာတာဖြစ်ပါတယ်။ အလှူငွေတွေဟာ ငွေငါးထောင်ကနေစပြီး ငွေကျပ် ၁၅သိန်းအထိ ရှိပြီး အလှူရှင်အသီးသီးကို မကြာခင်မှာ ဂုဏ်ပြုလွှာတွေပြန်ပေးမှာဖြစ်ပါတယ်”လို့ မစုစုမာက Frontierကို ပြောပါတယ်။

“ကျမတို့မှာ ထောက်ခံတဲ့လှုပ်ရှားမှုတွေဆက်လုပ်ဖို့ အလှူငွေတွေအလုံအလောက်ရှိတယ်”လို့ သူမက ပြောပါတယ်။ ဒါပေမဲ့ စုစုပေါင်းအလှူငွေပမာဏမည်မျှရရှိထားကြောင်းနဲ့ ကုန်ကျငွေ ဘယ်လောက်ထိရှိထားကြောင်းကိုတော့ သူမက ပြောဆိုခဲ့ခြင်းမရှိပါဘူး။ နောက်ကျင်းပမဲ့ အစည်းအဝေးမှာ ငွေစာရင်းရှင်းတမ်းတွေကို တင်ပြမှာဖြစ်ပြီး အစည်းအဝေးမတိုင်ခင်မှာ ကြိုတင်ပြောပြလို့ မရသေးဘူးလို့ သူမက ဖြည့်စွက်ပြောပါတယ်။

ကော်မတီအဖွဲ့ဝင်အသီးသီးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိုင်စီဂျေမှာတရားရင်ဆိုင်ဖို့သွားတဲ့အပေါ်မှာ နိုင်ငံသားတစ်ယောက်အနေနဲ့ သူမဘက်ကရပ်တည်သင့်တယ်ဆိုတဲ့ စိတ်ကူးတွေ အသီးသီးရခဲ့ကြရာက ထောက်ခံပွဲကျင်းပရေးကော်မတီဖွဲ့ဖို့ဖြစ်လာတယ်လို့ သူမကပြောပါတယ်။

ထောက်ခံပွဲကျင်းပရေးကော်မတီအဖွဲ့ (ရန်ကုန်)ဟာ အခြားပြည်နယ်နဲ့တိုင်းအသီးသီးက ပွဲကျင်းပရေးကော်မတီတွေနဲ့လည်း အွန်လိုင်းမှာအဆက်အသွယ်ပြုလုပ်ခဲ့ကြပြီး ပွဲကျင်းပရေးရည်ရွယ်ချက်တွေ ဆောင်ပုဒ်တွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တူညီအောင်လုပ်ဆောင်ခဲ့ကြတယ်လို့ သူမကရှင်းပြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLDရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်ကတော့ ပွဲကျင်းပရေး ကော်မတီ အသီးသီးဖွဲ့စည်းတဲ့နေရာမှာသာမက၊ ငွေရေးကြေးရေးနဲ့ပတ်သတ်တဲ့အပိုင်းတွေမှာပါ ပါတီအနေနဲ့ ပါဝင်ခဲ့ခြင်းလုံးဝမရှိဘူးလို့ ဆိုပါတယ်။

“ဒါပေမဲ့ ပါတီဝင်တွေထဲကတော့ သူတို့ရဲ့ ပုဂ္ဂလိက ဆန္ဒအရ ပွဲကျင်းပရေးထဲမှာပါချင်ပါမှာပေါ့။ ဒါကတော့ ပါတီကို ကိုယ်စားမပြုဘူးလေ။ ကျနော်တို့ကိုယ်တိုင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို တစ်ဦးတစ်ယောက်သဘောထားနဲ့ ထောက်ခံတာပဲလေ”လို့ ဒေါက်တာမျိုးညွှန့်ကပြောပါတယ်။

ဒါပေမဲ့ ဘယ်လိုထောက်ခံမှုပဲလုပ်လုပ် လက်ရှိတည်ဆဲဥပဒေကိုကျော်လွန်ပြီးမလုပ်မိအောင် ထိန်းသိမ်းဖို့ ပါတီဝင်တွေကိုတော့ မှာကြားထားတယ်လို့ သူကပြောပါတယ်။

ဒီဇင်ဘာလ ၁၀ရက်နေ့ နေ့လည်တစ်နာရီခန့်မှာတော့ မြို့တော်ခန်းမရှေ့မှာ ထောက်ခံသူတွေဟာ ဘာသာပေါင်းစုံက ဘာသာရေးခေါင်းဆောင်တွေရဲ့ဆုတောင်းမှုတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့အခမ်းအနားကိုကျင်းပခဲ့ပါတယ်။

ဓာတ်ပုံ-သူရဇော်

ဓာတ်ပုံ-သူရဇော်

ရက်ဂေးအဆိုတော် စောဖိုးခွားရဲ့ သီဆိုဖျော်ဖြေမှု ကလည်း ထောက်ခံသူလူအုပ်ကြီးကို ပိုမိုစိတ်အားတက်ကြွစေပါတယ်။

သန်လျင်မြို့ကနေ လာရောက်ဝန်းရံတဲ့ အသက်၄၅နှစ်အရွယ် ဦးအောင်ထွန်းတင့်ကတော့ သူရဲ့ မိတ်ဆွေတွေ နဲ့အတူ လူအုပ်ထဲရောက်ရှိနေပါပြီ။ သန်လျင်ကနေ ကားငှားခဲ့ကြပြီး လူပေါင်း ၄၀၀ခန့် လာရောက်ဝန်းရံတာဖြစ်တယ်လို့ သူကရှင်းပြပါတယ်။ ဒီထောက်ခံပွဲအကြောင်းကို လူမှုကွန်ယက်စာမျက်နှာတွေကနေ တစ်ဆင့်သိရှိခဲ့ပြီး ပွဲမှာပူးပေါင်းပါဝင်ဖို့ လွန်ခဲ့တဲ့နှစ်ရက်ကတည်းက ကြိုတင် စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။

သန်လျင်က မြို့နယ်တူ ထောက်ခံသူတွေစုပေါင်းပြီးလာရောက်တာဖြစ်ပြီး မည်သည့်နိုင်ငံရေးပါတီနဲ့ အဖွဲ့အစည်းတွေနဲ့ပတ်သက်ခြင်းမရှိဘူးလို့ ပြောပါတယ်။

“အမေစုက ကျနော်တို့နိုင်ငံအနာဂါတ်အတွက် ခေါင်းဆောင်ကောင်းပဲ။ ကျနော်သူ့ဘက်ကအမြဲရပ်တည်မယ်” လို့ ဦးအောင်ထွန်းတင့်ကပြောပါတယ်။

“အိုင်စီဂျေဆိုတာဘာလဲ၊ ဂမ်ဘီယာနိုင်ငံကဘယ်မှာလဲ။ ဘာကြောင့် ကြားနာတာလဲ ဆိုတဲ့ဟာကိုတော့ ကျနော်မသိဘူး။ ဒါပေမဲ့ သူမက ကျနော်တို့ခေါင်းဆောင်ဖြစ်လို့ ကျနော်ယုံတယ်။ ထောက်ခံတယ်” လို့ ဦးအောင်ထွန်းတင့်ကပြောပါတယ်။

မြို့နယ်အသီးသီးက ထောက်ခံဝန်းရံကြသူတွေအထဲမှာ စက်ဘီးသမားအုပ်စုတွေလည်းပါပါတယ်။ အသက် ၆၂နှစ်အရွယ်ရှိပြီဖြစ်တဲ့ စက်ဘီးသမား ဦးခင်မောင်ကြည်ဟာ မင်္ဂလာတောင်ညွှန့်မြို့နယ်ကနေ ပွဲကျင်းပရာ မြို့တော်ခန်းမရှေ့ကို စက်ဘီးစီးပြီးချီတက်ခဲ့တာဖြစ်ပါတယ်။ သူနဲ့အတူ အခြားစက်ဘီးသမား ၂၀၀ကျော်လည်း ပူးပေါင်းပါဝင်ခဲ့ပါသေးတယ်။

“ခေါင်းဆောင်က နိုင်ငံတကာမှာ တရားသွားရင်ဆိုင်နေပြီလေ။ ကျနော်တို့ဘာလုပ်မှာလဲ။ သူမကို ထောက်ခံဝန်းရံရမှာပေါ့။ ကိုယ့်ခေါင်းဆောင်လေ။ အိုင်စီဂျေကိစ္စကိုကျနော်အတိအကျမသိဘူး။ ဒါပေမဲ့ အမေစုအတွက်ရော နိုင်ငံအတွက်ရော အကောင်းဆုံးရလာဒ်ရလာဖို့ မျှော်လင့်တယ်”လို့ ဦးခင်မောင်ကြည်က ပြောပါတယ်။

ပွဲကျင်းပပြီး ၂နာရီခန့်အကြာမှာတော့ ထောက်ခံပွဲကို ရုပ်သိမ်းနေပါပြီ။ မကြာမီ အိုင်စီဂျေမှာ ဒေါ်အောင်ဆန်းစု ကြည် တရားရင်ဆိုင်နေတာကို မြို့တော်ခန်းမရှေ့မှာထောင်ထားတဲ့ LEDဘုတ်ကနေတစ်ဆင့် တိုက်ရိုက်ထုတ် လွှင့်မှာဖြစ်တယ်လို့ အစီအစဉ်တင်ဆက်သူတွေက ကြေညာနေပါတယ်။ အခမ်းအနားအောင်မြင်စွာပြီးဆုံးသွားပြီ လို့ ကြေညာလိုက်တာနဲ့တစ်ပြိုင်နက် အမျိုးသားရေးနိုးကြားတက်ကြွစေမဲ့သီချင်းတွေက ဆောင်းဘောက်စ်ကနေ တစ်ဆင့်ပြန့်လွင့်လာပါတယ်။

ထောက်ခံသူလူအုပ်ကြီးဟာ တက်တက်ကြွကြွနဲ့ သီချင်းလိုက်ဆိုနေပြီး ကခုန်နေကြသူအချို့ကိုပါ တွေရပါတယ်။ သူတို့ကို ကြည့်ရတာ အမျိုးသားရေးတာဝန် တစ်ရပ်ကို အောင်အောင်မြင်မြင် ထမ်းဆောင်ခဲ့ပြီးတဲ့အလားသဏ္ဍာန်တူနေပါတယ်။ သီချင်းသံဆုံးတာနဲ့ လူအုပ်ကြီးဟာ လူစုခွဲပြီး သက်ဆိုင်ရာအသီးသီးတို့ ပြန်ဖို့ ပြင်ဆင်နေကြပါပြီ။ မကြာခင်ပြသတော့မဲ့ LEDဘုတ်က တိုက်ရိုက်ထုတ်လွှင့်မှုကိုတော့ မည်သူမှ အသေအချာ ဂရုတစိုက် မကြည့်အားကြတော့ပါ။

 

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.