အင်တာနက် ကွန်ရက်ချိတ်ဆက်မှုကို အမီလိုက်ခြင်း

လွန်ခဲ့သောနှစ်ကာလ အနည်းငယ်အတွင်း အင်တာနက် ကွန်ရက်ချိတ်ဆက်မှုပိုင်း၌ သိသိသာသာ တိုးတက်မှုရှိခဲ့ပြီးနောက် များမကြာမီတွင် ပင်လယ်ရေအောက် အင်တာနက်လိုင်းတစ်ခုက အင်တာနက် သုံးစွဲသူများအတွက် ပျော်ရွှင်ဖွယ်များကို သယ်ဆောင်လာတော့မည် ဖြစ်သည်

နာအိုမီ ဂင်းဂိုးလ် ရေးသားသည်။

မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲခဲ့ဖူးသူတိုင်းသိသည့် အချက်တစ်ချက်မှာ ၂၀၁၆ ခုနှစ်တွင် ကြုံတွေ့ရနိုင်သော အလားအလာများမှာ လွန်ခဲ့သောနှစ်နှစ်ခန့်ကမူ ဖြစ်နိုင်ဖွယ်ရာမရှိသော အိမ်မက်မျှသာ ဖြစ်သည်ဆိုခြင်းပင်။ ထိုစဉ်အခါက သင်သည် ရန်ကုန်မြို့၏ ဈေးအကြီးဆုံးသော ဟိုတယ်တွင် ရှိမနေပါက ယူကျု (YouTube) မှ ဗီဒီယိုများကို ကြည့်၍ မရနိုင်သလို စကိုက်ပ်ဗီဒီယို သို့မဟုတ် အသံအသုံးပြုသော ချိတ်ဆက် ပြောဆိုမှုများမှာလည်း နေ့အချိန်အတွင်းတွင် ထိရောက်မှုမရှိလှပေ။ သို့သော်လည်း ၂၀၁၅ ခုနှစ် နှစ်လယ်ပိုင်းတွင်မူ သရီးဂျီကွန်ယက်များ စတင်ပေါ်ထွက်လာပြီး စကိုက်ပ်နှင့် ယူကျုတို့ကိုအသုံးပြုခြင်းမှာ ရေးကြီးခွင်ကျယ်ကိစ္စ မဟုတ်သလောက်နီးပါး ဖြစ်လာခဲ့သည်။

တယ်လီနောနှင့် အူရီဒူးတို့ကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လတွင် မိုဘိုင်းလိုင်စင်များ ပေးအပ်ခဲ့ခြင်းနှင့် တစ်နှစ်အကြာတွင် ဝန်ဆောင်မှုများ စတင်ခဲ့ပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ တယ်လီကွန်းကဏ္ဍတွင် အပြုသဘောဆောင်သည့် ဖြစ်စဉ်များ ပေါ်ထွက်လာသည်။ မိုဘိုင်းဖုန်း ဖြန့်ကျက်မှုနှုန်းမှာလည်း ခုနစ် ရာခိုင်နှုန်းမှ ၅၀ ရာနှုန်းကျော်သို့ တစ်ဟုန်ထိုး မြင့်တက်သွားခဲ့သည်။

ထိုသို့သော ဖြစ်စဉ်များ ရှိနေသော်လည်း “မိုဘိုင်းတော်လှန်ရေး” ဟု ကင်ပွန်တပ်နေကြသော မြန်မာ့ဆက်သွယ်ရေးစနစ်ကို အထောက်အကူပြုရန် လိုအပ်နေသည့် ဖိုက်ဘာလိုင်း အခြေခံ အဆောက်အအုံအား အဆင့်မြှင့်တင်ခြင်းမှာမူ အာရုံစိုက်မှု အနည်းငယ်သာ ရရှိခဲ့သည်။ စတင်ဆောင်ရွက်စဉ်ကတည်းက ကွန်ယက်ချိတ်ဆက်မှု ဈေးနှုန်းမှာ တစ်ပြေးတည်း ဖြစ်နေခဲ့ပြီးဖြစ်သည်။ ဆင်းမ်ကဒ်များကလည်း ဈေးပေါနေသော်လည်း အင်တာနက်အသုံးပြုခမှာ သာမန်နိုင်ငံသားများ မကြာခဏအသုံးပြုနိုင်ရေးအတွက် အလွန်တရာ ဈေးကြီးနေတုန်းပင်ဖြစ်သည်။

မြန်မာက ကမ္ဘာ့အနှံ့ဖြန့်ကျက်ထားသော အင်တာနက်ကွန်ယက်ကို SEA-ME-WE 3 ဟုခေါ်ဆိုသော ရေအောက်ကေဘယ်ကြိုးတစ်ခု၊ ထိုင်းနိုင်ငံသို့ ချိတ်ဆက်ထားသည့် ကြီးမားသော ကုန်းတွင်းချိတ်ဆက်မှု တစ်ခုနှင့် တရုတ်နိုင်ငံသို့ ချိတ်ဆက်ထားသည့် အရည်အသွေးနိမ့် ကုန်းတွင်း ချိတ်ဆက်မှုတစ်ခုတို့ဖြင့် ဆက်သွယ်ထားသည်။ ၂၀၁၃ ခုနှစ်က စတင်ကာ သိသိသာသာတိုးတက်လာခဲ့သော်လည်း ပြည်တွင်း၊ ပြည်ပဖိုက်ဘာလိုင်းများ နည်းပါးနေဆဲဖြစ်ပြီး ကွန်ယက်မှာလည်း လုံလောက်မှုမရှိဘဲ မကြာမကြာ လိုင်းကျမှုများ ပေါ်ပေါက်လျက်ရှိသည်။

အများသို့အငှားချနိုင်သော ဤနိုင်ငံတကာ ကွန်ယက်ချိတ်ဆက်မှုများကို နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(အမ်ပီတီ) က တစ်ဦးတည်း ထိန်းချုပ်ထားပြီး စင်ကာပူနိုင်ငံထက် ခုနှစ်ဆမှ ၁၀ ဆအကြားနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံထက်လည်း နှစ်ဆမျှ ပိုမိုများပြားသည့် ဈေးနှုန်းအား သတ်မှတ်ထားသည်။

သို့ရာတွင် အခြေခံအဆောက်အအုံ ပိုင်ဆိုင်မှုနှင့် ဖွဲ့စည်းပုံတို့မှာ အလျင်အမြန်ပြောင်းလဲလျက်ရှိပြီး အခြေခံကျကျ အသွင်ပြောင်းသွားရန် နီးစပ်နေပြီဖြစ်သည်။ ယခုလအစောပိုင်းအတွင်းက စင်ကာပူအခြေစိုက် Campana Group က ရေအောက်ကေဘယ်လိုင်း စနစ်ပိုင်းဆိုင်ရာ ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်သော Alcatel-Lucent နှင့် ပူးပေါင်းပြီး ကေဘယ်လိုင်း ဆက်သွယ်ရေးစာချုပ်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့သည်။ မြန်မာနိုင်ငံသို့ ပထမဆုံးသော ပုဂ္ဂလိကပိုင် ရေအောက်အင်တာနက်လိုင်းတစ်ခု ယူဆောင်လာရန်အတွက် ဖြစ်သည်။

မြန်မာ-မလေးရှား-ထိုင်း-နိုင်ငံတကာအင်တာနက် ချိတ်ဆက်ကေဘယ်လိုင်း (MYTHIC) မှာ အင်တာနက် ချိတ်ဆက်မှု အလွန်အမင်းလိုအပ်နေသော မြန်မာနိုင်ငံသို့ တစ်မိနစ်လျင် ၃၀၀ ဂစ်ဂါဘိုက်မျှ ပိုပေးနိုင်မည်ဖြစ်သည်။

ရှင်းရှင်းလင်းလင်း ဆိုရပါမူ ၂၀၁၃ ခုနှစ်တွင် အဆင်မြှင့်တင်မှုပြုလုပ်ပြီးနောက် မြန်မာနိုင်ငံ၌ တစ်မိနစ်လျင် ၃၀ ဂစ်ဂါဘိုက်မျှပင်မရှိသော အင်တာနက်လိုင်းသာရှိခဲ့သည်။

“မြန်မာနိုင်ငံတစ်ခုလုံးအတွက် နိုင်ငံတကာ ချိတ်ဆက်မှုက တစ်မိနစ်လျင် ၁၀၀ ဂစ်ဂါဘိုက်ခန့်သာ ရှိခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့စတင်ဆောင်ရွက်စဉ် အချိန်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရှိခဲ့တဲ့ပမာဏထက် သုံးဆမျှပိုမိုများပြားတဲ့ ပမာဏနဲ့ လာနေတာပါ” ဟု Campana Group ၏ လုပ်ငန်းဖွံ့ဖြိုးမှုဆိုင်ရာ အကြီးအကဲဖြစ်သူ ဂျူလီယန် ရောလီက ပြီးခဲ့သည့်နှစ် နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။

MYTHIC ကေဘယ်လိုင်းအတွက် ကွင်းဆင်းလေ့လာခြင်းလုပ်ငန်းများအား လာမည့်လတွင် စတင်သွားမည်ဖြစ်ပြီး လိုင်းအား ၂၀၁၇ ခုနှစ်၊ ဧပြီလတွင် စတင်အသုံးပြုမည်ဖြစ်သည်။ ၎င်းမှာ မြန်မာနိုင်ငံ၏ ဒုတိယမြောက် ရေအောက်ဖိုက်ဘာလိုင်း ဖြစ်သည်။

MYTHIC မှာ မြန်မာနိုင်ငံ၏ ပထမဆုံးသော မည်သည့် တယ်လီဖုန်းကုမ္ဗဏီကမှ တစ်ဦးတည်း ပိုင်ဆိုင်ခြင်းမရှိသည့် “carrier-neutral” ကေဘယ်လိုင်းဖြစ်လာမည်ဖြစ်သည်။ မည်သည့် တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီ သို့မဟုတ် လုပ်ငန်းကိုမျှ အထူး အခွင့်အရေး ပေးလိမ့်မည်မဟုတ်ဟု ဆိုလိုခြင်းဖြစ်သည်။ Campana က အင်တာနက်လိုင်းအသုံးပြုခအတွက် များစွာနည်းပါးသောဈေးနှုန်းဖြင့် ကမ်းလှမ်းရန်စီစဉ်ထားသော်လည်း ဈေးကွက်သို့ မည်သည့် ပမာဏဖြင့် ကမ်းလှမ်းသွားမည်ဆိုသည်ကိုမူ မစ္စတာ ရောလီက ထုတ်ဖော်ပြောကြားရန် ငြင်းဆိုခဲ့သည်။

Campana မှာ ကေဘယ်ကြိုးရှိ အင်တာနက်လိုင်း ငှားရမ်းရန်အတွက် ပြည်တွင်း တယ်လီဖုန်းဆက်သွယ်ရေး ကုမ္ပဏီများဖြင့် ပြောကြားလျက်ရှိသည်။ သို့သော် မည်သည့်ကုမ္ပဏီကမျှ တစုံတရာ မှတ်ချက်ပြု ပြောကြားလိုခြင်း မရှိခဲ့ပေ။ 

Ye Aung Thu / AFP

Ye Aung Thu / AFP

မစ္စတာရော်လီသည် မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ်တွင် ရေအောက်ကေဘယ်ကြိုးလုပ်ငန်းကဏ္ဍဆိုင်ရာ အကျိုးဆောင်အကြံပေးတစ်ဦးအဖြစ်ဖြင့် ပထမဆုံးအကြိမ် လာရောက်ခဲ့သည်။ ၎င်းသည် ပွင့်လမ်းစ ဈေးကွက်၏ အလားအလာများအပေါ် အလွန်အမင်း စွဲလမ်းနှစ်သက်ခဲ့သောကြောင့် မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အတွက် ၎င်း၏ကုမ္ပဏီမှ အလုပ်ထွက်ခဲ့သူဖြစ်သည်။ “အခြားနိုင်ငံတွေကနေ ကျွန်တော် မြင်တွေ့ခဲ့ရတဲ့ အခြေအနေတွေအရ အင်တာနက်ကို အလွန်အမင်းလိုအပ်နေတဲ့ ဈေးကွက်တစ်ခု အတွင်းကို နိုင်ငံတကာကေဘယ်ကြိုးတစ်ချောင်း သယ်လာခြင်းက ပုံမှန်ဆိုရင် လက်လီဈေးနှုန်းအပေါ်မှာ သက်ရောက်မှုတစ်ရပ်ရှိပါတယ်” ဟု ၎င်းကပြောသည်။ “ဒါက တစ်ခုဆိုတစ်ခုပဲ အကျိုးရှိတဲ့အရာမျိုး မဟုတ်ပါဘူး” ဟုလည်း ၎င်းကပြောသည်။

တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီများနှင့် အင်တာနက်ဝန်ဆောင်မှု ပေးအပ်သူများက ဈေးနှုန်းချိုသာစွာ ကမ်းလှမ်းသောနည်းလမ်းသည် သုံးစွဲသူများအတွက် မည်မျှအထိ သက်သာသွားမည်နည်းဆိုသည်နှင့် မည်မျှမြန်ဆန်သနည်း ဆိုသည်တို့ကို အဆုံးအဖြတ်ပေးမည်ဖြစသည်။ တိုးမြှင့်လိုက်သော နိုင်ငံတကာ အင်တာနက်မြန်နှုန်းကို အသုံးပြုသူများ အကျိုးခံစားရစေရန်အလိုငှာ ပြည်တွင်းသုံး ဖိုက်ဘာအခြေခံ အဆောက်အအုံမှာလည်း တိုးမြင့်လာသောပမာဏအတွက် ခံနိုင်ရည်ရှိရမည်ဖြစ်သည်။ ဖြစ်နိုင်ခြင်း ရှိ၊ မရှိဆိုသည်ကိုမူ စောင့်ကြည့်ရဦးမည်ဖြစ်သည်။

တိုးမြင့်လာသော နိုင်ငံတကာအင်တာနက်မြန်နှုန်းအပြင် အတိုင်းထက်အလွန်လိုအပ်နေသည့် တည်ငြိမ်သော အင်တာနက်ပိုက်လိုင်းတစ်ခု ဖော်ဆောင်ပေးရန်နှင့် ပြည်တွင်းသုံးစွဲသူများအတွက် အင်တာနက်ကုန်ကျစရိတ် သိသိသာလျော့နည်းသွားစေရန်တို့ကို ဆောင်ရွက်သင့်သည်။

ဖိုက်ဘာကေဘယ်ကြိုးများမှာ ရေထဲမှာထက် ကုန်းမြေပေါ်တွင် ပိုမိုထိလွယ်ရှလွယ်ဖြစ်ဟန်တူသောကြောင့် Campana က ရေအောက်ကေဘယ်ကြိုးကို ပဲခူးမြစ်ဘေး သို့မဟုတ် စီးပွားရေးမြို့တော် ရန်ကုန်၏ အနောက်ဖက်အစွန်ပိုင်းနဲ့ အနီးဆုံးသော သန်လျင်မှတဆင့် ကုန်းပေါ်သို့ ချိတ်ဆက်ရန် စီစဉ်နေတယ်။ ဖိုက်ဘာအင်တာနက်ကေဘယ်လိုင်းသည် နိုင်ငံတကာအင်တာနက် ချိတ်ဆက်မှုများအတွက် အဓိကနေရာတစ်ခုဖြစ်သော ထိုင်းနိုင်ငံတောင်ပိုင်းမှ ဆက်တန်ခရိုင်အထိ ချိတ်ဆက်ထားသည့် လိုင်းတစ်ခုဖြစ်သည်။ ထို့အပြင် ခံနိုင်စေရန်အတွက် မလေးရှိနိုင်ငံ၊ ပီနန်မြို့တွင် ရုံးခွဲသစ်တစ်ခုတည်ဆောက်ရန် သင့်၊ မသင့်ကိုလည်း ဆုံးဖြတ်လျက်ရှိသည်။

 “Campana နှင့်ချုပ်ဆိုသော မိမိတို့၏ ကေဘယ်ကြိုးဆက်သွယ်ရေးစာချုပ်က မိမိတို့အား ဤစီမံကိန်းကြီးကြပ်ရေးကို က မှ အ အထိ ဆောင်ရွက်ရစေတာကြောင့် ကျွနု်ပ်တို့အနေနဲ့ ကေဘယ်ကြိုးဒီဇိုင်းဖော်ခြင်း၊ ကေဘယ်ကြိုး ထုတ်လုပ်ခြင်း၊ ကေဘယ်ကြိုးချခြင်းနဲ့ ယခုစနစ်အတွက် လုပ်ငန်းတာဝန်ပေးအပ်ခြင်းတို့ကို ပြုလုပ်သွားမှာပါ” ဟု Alcatel-Lucent ၏ အရောင်းမြှင့်မှုဆက်သွယ်ရေးဒါရိုက်တာ ဖရန်ဆက်ကာ ကက်ဇာနီဂါက ပြောကြားခဲ့သည်။

Alcatel-Lucent သည် ကေဘယ်လိုင်း တည်ဆောက်ပြီးသည့် နောက်ပိုင်းတွင်လည်း ကေဘယ်ကြိုးစနစ်အား ထိန်းသိမ်းသွားမည်ဖြစ်သည်။

MYTHIC သည် မြန်မာနိုင်ငံရှိ နိုင်ငံတကာအင်တာနက်ချိတ်ဆက်မှုအတွက် သိသာထင်ရှားမှုအရှိဆုံးသော အခက်အခဲတစ်ရပ်အား ကျော်လွှားခဲ့ခြင်းကိုသာမက တန်ဖိုးရှိသောဖွံ့ဖြိုးတိုးတက်မှုတစ်ရပ်အဖြစ်လည်း ကိုယ်စားပြုလျက်ရှိသည်။

တယ်လီနောမြန်မာကလည်း ဤဖြစ်ရပ်များ၏ နောက်ကွယ်မှ ကြိုးစားပမ်းစား ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သည်။ တယ်လီနော ရှည်လျားသည့် နိုင်ငံတကာ အင်တာနက်ချိတ်ဆက်ရေး သီးခြားလိုင်းသုံးခု (တစ်စက္ကန့်လျင် ၁၀-၃၀ ဂစ်ဂါဘိုက်နှုန်းရှိသည်) ကို တည်ဆောက်ခဲ့ပြီး ဖြစ်သည်။ လိုင်းနှစ်လိုင်းမှာ ထိုင်းနိုင်ငံနှင့် ချိတ်ဆက်ထားခြင်းဖြစ်ပြီး အခြားတစ်လိုင်းမှာ တရုတ်နိုင်ငံနှင့် ဖြစ်သည်။ ထို့အတူ အိန္ဒိယနိုင်ငံနှင့်ချိတ်ဆက်မည့် စတုထ္ထမြောက် လိုင်းတစ်လိုင်းကိုလည်း ဆောင်ရွက်လျက် ရှိသည်ဟု တယ်လီနောမှ ပြောကြားထားသည်။

 “အမ်ပီတီပေါ်မှာရှိတဲ့ ကျွန်တော်တို့ရဲ့ အလုံးစုံမှီခိုမှုက ခန့်မှန်းချေအားဖြင့် ၁၀ ရာခိုင်နှုန်းရှိပါတယ်” ဟု တယ်လီနော်မြန်မာ၏ ဒု-ဥက္ကဌဖြစ်သူနှင့် ကော်ပိုရိတ်ဆက်သွယ်ရေး အကြီးအကဲဖြစ်သူ ဂျိုအာချင် ရက်ဂျာရမ်က ပြောကြားခဲ့သည်။

အမ်ပီတီကလည်း ရေအောက်ကေဘယ်လိုင်းတစ်ခုဖြစ်သော SEAME-WE 5 အား မြန်မာနိုင်ငံသို့
ဆောင်ကျဉ်းလာခြင်းအပါအဝင် နိုင်ငံတကာအင်တာနက်လိုင်းသစ်များအတွက် ဆောင်ရွက်လျက်ရှိသည်။

ဆိုလိုသည်မှာ ပုံမှန်ဖြစ်လေ့ရှိသည့်အတိုင်း အမ်ပီတီ လိုင်းကျသွားသည့်အချိန်များတွင် ထိုသို့သော လိုင်းပြတ်တောက်မှုမှာ ၃၀ စက္ကန့်နှင့် လေးမိနစ်အကြားရှိ အလွန်တိုတောင်းသောကာလဖြစ်ပါက တယ်လီနောမြန်မာ၏ ဝန်ဆောင်မှုများအပေါ် ထိခိုက်မှု အလွန်နည်းပါးသည်။ မိမိတို့တွင် မြန်မာနိုင်ငံ၏ တည်ငြိမ်မှုအရှိဆုံးသော ကွန်ယက်တစ်ရပ်ရှိသည်ဟု တယ်လီနောက ပြောဆိုထားသည်။

တယ်လီနောမြန်မာသည် စင်ကာပူနိုင်ငံနှင့်ပြုလုပ်ထားသည့် အနီးဆုံးသော အင်တာနက်ကွန်ယက် ဖလှယ်မှုအား ဖော်ဆောင်ရန်နှင့် Google ကဲ့သို့သော အချက်အလက် ကူးပြောင်းရေးလိုင်းများဖြင့် နီးနီးကပ်ကပ် သို့မဟုတ် တိုက်ရိုက်ဖလှယ်မှု စတင်ရန်ပြုလုပ်သည့် ပထမဆုံးသော ပြည်တွင်းတယ်လီဖုန်း ဆက်သွယ်ရေးကုမ္ပဏီ တစ်ခုလည်းဖြစ်သည်။ အင်တာနက်ဖလှယ်ခြင်းများမှာ ကမ္ဘာတစ်လွှားရှိ အကြောင်းအရာအမျိုးမျိုး တင်ပြပေးသူများနှင့် တယ်လီဖုန်းဆက်သွယ်ရေး ကုမ္ပဏီများမှ အချက်အလက်များကို ကြားခံမလိုဘဲ ထုတ်ဖော်ပေးနိုင်သည့် အရေးပါသော အင်တာနက်စင်တာများ ဖြစ်ကြသည်။

ကမ္ဘာတစ်လွှားရှိ တယ်လီဖုန်းဆက်သွယ်ရေး လုပ်ငန်းအများစုတွင် “settlement free peering” ဟု ခေါ်ဆိုသော အစီအမံတစ်ခု ထားရှိကြသည်ဟု အင်တာနက်စောင့်ကြည့်ရေးနှင့် ဆန်းစစ်လေ့လာရေး ကုမ္ပဏီတစ်ရပ်ဖြစ်သည် Dyn Research မှ ဒေါင် မက်ဒေါ်ရီက ထောက်ပြခဲ့သည်။ ယင်းမှာ ကုမ္ပဏီတစ်ခုမှ အခြားကုမ္ပဏီတစ်ခု၏ ကွန်ယက်ဖလှယ်မှုတစ်ခုအတွင်းသို့ အင်တာနက် အချက်အလက်များအား ဝန်ဆောင်ခပေးစရာမလိုဘဲ ကူးပြောင်းရန် သဘောတူသောနေရာဖြစ်သည်။ ကမ္ဘာတစ်လွှားအသုံးပြုနေသော ဓလေ့တစ်ခုဖြစ်ပြီး စင်ကာပူနိုင်ငံရှိ Equinix Internet Exchange တွင် တယ်လီနောရှိနေခြင်းမှာ “ဒီကွန်ရက်ရဲ့ ရင့်ကျက်မှုကို ညွှန်းဆိုခြင်းပဲဖြစ်ပါတယ်” ဟု ရှင်းလင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်၌ စတင်လုပ်ကိုင်ခဲ့သည့် အခြားသော နိုင်ငံတကာ တယ်လီဖုန်းဆက်သွယ်ရေး ကုမ္ပဏီကြီးတစ်ခုဖြစ်သော အူရီဒူးကလည်း မိမိတို့တွင် နိုင်ငံတကာဖိုက်ဘာလိုင်းသုံးခုရှိနေပြီး နှစ်ခုမှာ ထိုင်းနိုင်ငံနှင့် ချိတ်ဆက်ထားခြင်းဖြစ်ကာ အခြားတစ်ခုမှာ တရုတ်နိုင်ငံနှင့် ချိတ်ဆက်ထားခြင်းဖြစ်သည်ဟု ပြောကြားထားသည်။ သို့သော် အမ်ပီတီ၏ အခြေခံအဆောက်အအုံများအပေါ်တွင် မည်သည့် အတိုင်းအတာ အထိ မှီခိုလျက်ရှိသည်ဆိုခြင်းအား အော်ရီဒူး၏ အများပြည်သူနှင့် လူမှုအသိုင်းအဝိုင်းရေးရာ ဆက်ဆံရေး ဌာနမှ အကြီးတန်းမန်နေဂျာ ဒေါ်သီရိကြာညိုက ပြောကြားရန် ငြင်းဆန်ခဲ့သည်။ ထိုအရေးကိစ္စများနှင့် ရင်းနှီး ကျွမ်းဝင်မှုရှိသော လေ့လာဆန်းစစ်သူများအဆိုအရ ထိုင်းနိုင်ငံနှင့် ချိတ်ဆက်ထားသော အူရီဒူး၏ လိုင်းတစ်လိုင်းမှာ အမ်ပီတီ ၏ ကေဘယ်ကြိုးပေါ်မှ ငှားရမ်းထားသောဝန်ဆောင်မှုဖြစ်နိုင်ချေရှိသည်။

ဂျပန်ကုမ္ပဏီများဖြစ်ကြသည့် KDDI နှင့် Sumitomo တို့ဖြင့် ယမန်နှစ် ဇူလိုင်လက အကျိုးတူ ပူးပေါင်းခဲ့သော အမ်ပီတီတွင်လည်း ကိုယ်ပိုင် လှုပ်ရှားမှုများ ရှိနေသည်။

မိုဘိုင်းဈေးကွက်အတွင်းတွင် မိမိ၏လက်ဝါးကြီးအုပ်မှုအား ဆုံးရုံးခဲ့သည့်အချိန်မှစတင်ကာ ကြော်ငြာများတွင် သိသိသာသာ တိုးမြှင့်သုံးစွဲခဲ့ပြီးဖြစ်သော အမ်ပီတီသည် အကျိုးတူ ကုမ္ပဏီတစ်ခုမှ ပိုင်ဆိုင်ထားသည့် မြေအောက်ကေဘယ်လိုင်းတစ်ခုဖြစ်သော SEAME-WE 5 အား မြန်မာနိုင်ငံသို့ ဆောင်ကျဉ်းလာခြင်းအပါအဝင် နိုင်ငံတကာအင်တာနက်လိုင်းသစ်များအတွက် ဆောင်ရွက်လျက်ရှိသည်။

SEA-MEWE 5 ၏ မြန်မာနိုင်ငံလိုင်းခွဲအား မည်သည့်အချိန်တွင် စတင်လိမ့်မည်ဆိုသည်ကို အမ်ပီတီက ပြောကြားလိမ့်မည် မဟုတ်ပေ။ သို့သော်  ၂၀၁၇ ခုနှစ် အကုန်ပိုင်းတွင် စတင်လည်ပတ် သွားလိမ့်မည်ဟု အမ်ပီတီ၏ အများပြည်သူဆက်ဆံရေး အကြံပေး ယိုဆူခီဖူကူမားနှင့် ဌာန၏ ပြည်ပဆက်သွယ်ရေး အင်ဂျင်နီယာတစ်ဦးဖြစ်သူ ဦးဇော်ဌေးတို့က ပြောကြားခဲ့သည်။ ၎င်းလိုင်းသည် ရန်ကုန်မြို့အနောက်ဘက် ကီလိုမီတာ ၂၄၀ ကျော်အကွာရှိ ငွေဆောင်ကမ်းခြေမှတစ်ဆင့် ကုန်းတွင်းသို့ ချိတ်ဆက်လိမ့်မည်ဟု မျှော်လင့်ရသည်။

China Unicom ကလည်း အမ်ပီတီနှင့် အကျိုးတူပူးပေါင်းကာ မြန်မာနိုင်ငံအတွင်းသို့ AAE-1 ရေအောက် ကေဘယ်လိုင်းသစ်တစ်ခု ဆက်သွယ်ရန် ဆောင်ရွက်လျက်ရှိသည်။ China Unicom တွင် မြေပေါ် ကေဘယ်ကြိုးဆက်သွယ်ခွင့် လိုင်စင်သာရှိသည်ဟု ဦးဇော်ဌေးကဆိုသည်။ AAE-1 မှ အင်တာနက် ချိတ်ဆက်မှုမှာ တရုတ်နိုင်ငံကို ဖြတ်သန်းရမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ အင်တာနက်သုံးစွဲသူများအတွက် အကျိုးရှိနိုင်ဖွယ်မရှိချေ။

လုပ်ငန်းအမျိုးမျိုးမှ အင်တာနက်ချိတ်ဆက်မှုများ အလျင်အမြန်များပြားလာသော်လည်း Campana ၏ ပုဂ္ဂလိကပိုင်ကေဘယ်ကြိုးကဲ့သို့သော ကေဘယ်ကြိုးများမှာ အနာဂတ်၏ လားရာများဖြစ်ကြသည်ဟု မစ္စတာ မက်ဒေါ်ရီက ဆိုသည်။

ကုန်းမြေတွင်းချိတ်ဆက်မှုများမှာ ထိလွယ်ရှလွယ်ဖြစ်နိုင်ချေ ပိုများပြီး မြန်မာ့နိုင်ငံတကာချိတ်ဆက်မှုများမှာ အပတ်စဉ်နီးပါးဆိုသလို လိုင်းပြတ်တောက်မှုများ ဖြစ်ပွားလျက်ရှိသည်။ “အစိုးရပိုင်မဟုတ်တဲ့ တရားဝင် ကေဘယ်ကြိုးလိုင်းခွဲတစ်ခုက ယနေ့ခေတ်ကာလရဲ့ လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်ပါတယ်” ဟုလည်း မစ္စတာ မက်ဒေါ်ရီက ပြောသည်။ 

အောင်မင်း ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.