ငွေလဲကောင်တာပေါ်က ရင်ထိတ်ဖွယ်ရာ ဇာတ်လမ်းတွေ

ငွေလဲကောင်တာများက အမေရိကန်ဒေါ်လာငွေများနှင့် ပတ်သက်၍ စိတ္တဇဆန်စွာ ဇီဇာကြောင်နေကြခြင်းအတွက် ဖြစ်နိုင်ချေရှိသော အကြောင်းအရင်းသုံးမျိုး ရှိသည့်အနက် တစ်ခုမှာ အခြားနှစ်ခုထက် ပိုမိုယုတ္တိ ရှိနေသည်

ဂျော့ရှုဝါ ကားရိုးမှ ရေးသားတင်ပြသည်။

မြန်မာနိုင်ငံသို့ ကျွန်တော်ရောက်ရှိခါစအချိန်က ကျွန်တော့ အမေရိကန်ဒေါ်လာငွေများ၏ အခြေအနေနှင့် ပတ်သက်၍ သောကဖြစ်နေရသည့် အချိန်နာရီများစွာ ဖြတ်သန်းခဲ့ရသည်။ ငွေကြေးလဲလှယ်သူများက ခရီးသွားများ သွားနေကျနေရာများတွင် အနည်းငယ်မျှသော အစွန်းအထင်းများ သို့မဟုတ် ခေါက်ရာများပါရှိသော ပိုက်ဆံများကိုပင် လဲလှယ်ရန် ငြင်းဆန်ကြသည်ဟူသော ထိတ်လန့်ဖွယ်သတင်းများကို ဖတ်ရှူခဲ့ရပြီး ကျွန်တော်၏ ပိုက်ဆံအိတ်အတွင်းရှိ မာတောင့်တောင့် ဒေါ်လာ ၁၀၀ တန်ကို ကာကွယ်ရန်အတွက် စိုးရိမ်သောကရောက်ရသော အချိန်ကာလတစ်ခုသို့ ရောက်ရှိခဲ့ရဖူးသည်။   

ကတ္ထူစာအုပ်ဖြင့် ပြုလုပ်ထားသည့် ဒိုင်ယာရီစာအုပ်က စာရွက်များကို ဒေါ်လာငွေစက္ကူ အရွယ်လောက် ဖြတ်တောက်ပြီး ဒေါ်လာတွေကို အထဲမှာ အထပ်လိုက် ထည့်ခဲ့ဖူးသည်။ အဲဒီနောက်မှာတော့ ယာယီလက်ဖြစ် အဆိုပါပိုက်ဆံအိတ်ကို စာရွက်တွေကြားမှာ အသေအချာ ခေါက်ထားလိုက်ပြီး လန်ဒန်မှ ရန်ကုန်သို့ သွားရောက်ခဲ့သည့် ၁၈ နာရီကြာခရီးအတွက် ကျွနု်ပ်၏ခါးပေါ်က ခါးပတ်အတွင်းမှာ ဇစ်ပိတ် သိမ်းဆည်းခဲ့ရဖူးသည်။

လေယာဉ်ပေါ်၌ ကျွန်တော့် အမေရိကန်ပိုက်ဆံများကို ပျက်စီးစေနိုင်ဖွယ်ရှိသည့် အကြောင်းများအား စိတ်ကူးယဉ်တွေးကြည့်ခြင်းဖြင့် အိမ်ရာသစ်သို့ သွားရောက်နေစဉ် ခိုးကိုးရာမဲ့ ဖြစ်ခဲ့ဖူးသေးသည်။ လေယာဉ်မယ်တစ်ဦးက ကျွနု်ပ်အတွက် သောက်စရာများ ငှဲ့ပေးနေစဉ် ဝဝဖိုင့်ဖိုင့်ခရီးသည် တစ်ဦး ငိုက်ကျလာပြီး ကျွန်တော့ ဗိုက်ပေါ်သို့ တံတောင်ဖြင့် ထောက်မိလိုက်ပြီး ကတ္ထူပိုက်ဆံအိတ် ကာဗာကို ဖိညှစ်မိလိုက်သောကြောင့် ဘင်ဂျမင်ဖရန့်ကလင်းပုံနဲ့ ကျွနု်ပ်ရဲ့ပိုက်ဆံတွေအားလုံးကို ထိခိုက်မိသွားစေသေးသည်။

မကြာမီ ရန်ကုန်မြို့ ၌ ကျွန်တော်တွ့ရှိခဲ့ရသော ငွေလဲကောင်တာများကလည်း သူတို့၏ ဒေါ်လာများနှင့် ပတ်သက်၍ ကျွန်တော်ကဲ့သို့ပင် စိုးရိမ်သောကရောက်ရှိနေကြသည်။ “အမေရိကန်ပိုက်ဆံရဲ့  ထုတ်ပြီးစ အနံ့ကိုတောင် ရနေသေးတယ်” ဟု ကနေဒါကမ္ဘာလှည့်ခရီးသွားတစ်ဦးဖြစ်သူ ဖာ့ရှ်ကန်ဂျီက ဆိုသည်။ သူ၏ ငြင်းပယ်ခြင်းခံလိုက်ရသော ၁၀၀ တန် အသစ်စက်စက် ဖြစ်ဟန်ရှိသည့် ပိုက်ဆံကို ဘေးအိမ်ထဲမှ ထုတ်ပြရင်း “ဒါက ယုတ္တိမရှိပါဘူး” ဟုလည်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

မြန်မာ့ငွေရေးကြေးရေးကဏ္ဍရှိ ယခုကဲ့သို့သော ဒေါသထွက်ဖွယ်ရာ ကိစ္စအတွက်အကြောင်းအရင်းမှာ လျို့ဝှက် ဆန်းကြယ်မှုတစ်ရပ်အဖြစ် ဖုံးကွယ်လျက်ရှိသည်။ “ဒါက ဘာကြောင့်လဲဆိုတာ ကျွန်တော်တို့မသိတဲ့ စည်းမျဉ်း စည်းကမ်းတစ်ခုဖြစ်ပြီး ခင်ဗျားအနေနဲ့ ရုံးချုပ်ကိုမေးကြည့်ဖို့ လိုပါတယ်” ဟု ရန်ကုန်မြို့ ပြည်ပငွေလဲလှယ်ရေး ကောင်တာတစ်ခုမှ ငွေကိုင်တစ်ဦးကဆိုသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးသမားများပင် နားလည်ဟန်မရှိသော အကြောင်းတရားတစ်ခုဖြစ်သည်။ ထိုအကြောင်းကို ဇဝေဇဝါဖြစ်နေသောလွှတ်တော် ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်သူ ဦးအောင်ခိုင်က ၂၀၁၄ ခုနှစ် လွှတ်တော်အစည်းအဝေးတစ်ခုတွင် မေးခွန်းတစ်ခု မေးမြန်းခဲ့ဖူးသည်။ ထိုမေးခွန်းမှာလည်း ဒေါ်လာအဟောင်းများကို လက်ခံပေးရန်အတွက် ပြည်ပငွေကြေးလဲလှယ်သူများကို ညွှန်ကြားထားသည်ဟူသော ဗဟိုဘဏ် ဒုဥက္ကဌ၏ ဝေ့လည်ကြောင်ပတ် ဖြေကြားမှုဖြင့်သာ အဆုံးသတ်ခဲ့ရသည်။

လုံးဝရှင်းလင်းသည့်အချက်မှာ ထိုညွှန်ကြားချက်အား ငွေလွှဲကောင်တာများ လိုက်နာမှုမရှိခြင်းပင် ဖြစ်သည်။ အသစ်စက်စက်ပိုက်ဆံများကို အလိုရှိခြင်းမှာ စံညွှန်းမီ လုပ်ထုံးလုပ်နည်းတစ်ရပ်အဖြစ် တည်ရှိနေသေးသည်။ မည်သည့်အတွက်ကြောင့် ထိုသို့တည်ရှိနေရသေးသနည်း။ Frontier က ထိုအဖြေအား ရှာဖွေခဲ့ပြီးနောက် အကြောင်းရင်းသုံးခုအား တွေ့ရှှိခဲ့သည်။

၁- အားလုံးမှာ စင်ကာပူကြောင့်သာ ဖြစ်သည်

“ကျွန်တော်တို့ရဲ့ ပြဿနာ မဟုတ်ပါဘူး။ ကျွန်တော်တို့ကို မမေးပါနဲ့” ဟု ကမ္ဘောဇဘဏ်ရှိ လုပ်ငန်းလည်ပတ်ရေး အကြီးအကဲတစ်ဦးဖြစ်သူ ဦးသန်းလွင်က အံ့အားသင့်ဖွယ် ခုခံချေပခဲ့သည်။ “ဒါက စင်ကာပူက ဖန်တီးလိုက်တဲ့ ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ အဲဒီအကြောင်းကို အကြိမ်ကြိမ်အခါခါ ကျွန်တော် ပြောကြားပြီးပါပြီ။ စင်ကာပူက ညစ်ပတ်နေတဲ့ ဒါမှမဟုတ် ဟောင်းနွမ်းနေတဲ့ ပိုက်ဆံတွေကို ဘယ်တုန်းကမှ လက်မခံခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့က ခုလိုမျိုး တောင်းဆိုနေရတာပါ။ စင်ကာပူကိုပဲ ကျွန်တော်တို့ ပို့နိုင်လို့ပါ” ဟုလည်း ၎င်းက ရှင်းပြခဲ့သည်။

အမေရိကန်နှင့် အခြားနိုင်ငံများက အရေးယူပိတ်ဆို့မှုများ လေ ျှာ့ချခြင်းမပြုမီက စင်ကာပူဘဏ်များကသာ မြန်မာနိုင်ငံမှ ဒေါ်လာများကို ဝယ်ယူခဲ့သည်ဟု ဦးသန်းလွင်က ဆိုသည်။ ထိုသို့သော အားသာချက်ကို အသုံးချကာ ဟောင်းနွမ်းသော ပိုက်ဆံများကို ဈေးနှိမ်ခဲ့ကြသည်ဟုဆိုပြီး ရှည်လျားထွေပြားစွာ ရှင်းပြခဲ့သည်။

ဦးသန်းလွင်က ထပ်မံရှင်းပြနိုင်ခြင်း မရှိခြင်းကြောင့် ဤသဘောတရားမှာလည်း ပြည့်စုံမှုမရှိပဲ အဆုံးသတ် သွားခဲ့ရသည်။ ဥပမာ – စင်ကာပူဘဏ်များက ဒေါ်လာအားလုံးအတွက် နိမ့်ပါးသော ဈေးနှုန်းတစ်ရပ်ကိုသာ ပေးချေခြင်း ပြုရမည့်အစား မည့်သည့်အတွက်ကြောင့် ပိုက်ဆံအဟောင်းနှင့် အသစ်များအကြား တစ်ဖက်သတ်ခွဲခြား ထားသနည်းဆိုသော မေးခွန်းမျိုးပင်ဖြစ်သည်။

ဖြစ်နိုင်ချေရှိသည်မှာ ကမ္ဘော့ဇ ငွေလဲကောင်တာ အခန်းငယ်များတွင် မိမိတို့ဒေါ်လာများကို လဲလှယ်ရာတွင် စိတ်ဆိုးဒေါသ ထွက်နေသူများ၏ ဝေဖန်ပြစ်တင်မှုများအတွက် လွှဲချသော နည်းလမ်းတစ်ရပ် ဖြစ်ဟန်ရှိသည်။ သို့သော် ဘဏ်၏ရပ်တည်ချက်မှာ ကျွန်တော်တို့ရရှိပြီးသောအဖြေများအနက် အကောင်းဆုံးသောအဖြေမဟုတ်ပေ။ “သူတို့ရဲ့ ရှင်းပြချက်ကိုတော့ ကျွန်တော်နားမလည်ပါဘူး” ဟု ဆစ်ဒနယ်ရှိ မက်ကွားယားတက္ကသိုလ်ရှိ မြန်မာ့စီးပွားရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်ဖြစ်သကဲ့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စီးပွားရေးအကြံပေး တစ်ဦးလည်းဖြစ်သူ မစ္စတာရှောင်တန်နယ်က ဆိုသည်။

၂- နိုင်ငံပိုင်ဘဏ်များ၏ အကျင့်ပျက်ချစားမှုများ

Frontier ၏ ဆောင်းပါးရှင်တစ်ဦးဖြစ်သူ စည်သူအောင်မြင့်ကမူ မြန်မာနိုင်ငံအတွက် အလွန်သက်ဆိုင်မှုရှိသော အဖြေတစ်ရပ်ကို ပေးခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် မြန်မာတိုင်း(မ်)၌ ရေးသားခဲ့သည့် နိုင်ငံပိုင်ဘဏ်များရှိ အာဏာပိုင်များဟူသော ဆောင်းပါးတွင် ငွေကြေးလဲလှယ်သူများထံမှ လာဒ်ယူရန်အတွက် အရောင်မှေးမှိန်နေသော သို့မဟုတ် ဟောင်းနွမ်းသော ပိုက်ဆံများကို လက်ခံရန် ငြင်းဆိုခြင်းဖြစ်သည်ဟု စွပ်စွဲ ရေးသားခဲ့သည်။

“မြန်မာနိုင်ငံတွင် မည်သို့သောပိုက်ဆံများကို လက်ခံမည်ဟူသော ဆုံးဖြတ်ချက်ချမှတ်သည့် အာဏာမှာ ၎င်းတို့ထံတွင် ရှိနေသည်” ဟု စည်သူအောင်မြင့်က ရေးသားတင်ပြခဲ့သည်။ “ပိုက်ဆံငြင်းပယ်ခံရပြီဆိုလျှင်လည်း ၎င်းတို့နှင့် အချေအတင် ပြောနိုင်သူမရှိပေ။ ပိုက်ဆံအဟောင်းများ ငြင်းပယ်ခြင်းဓလေ့မှာ ထိုအကြောင်းအရင်းမှ ပေါ်ပေါက်လာဖွယ်ရှိသည်” ဟုလည်း ၎င်းက ရေးသားခဲ့သည်။

နိုင်ငံပိုင်အဖွဲ့အစည်းများတွင် အကျင့်ပျက်ချစားမှုများ ရှိနေသည်ဟူသော စွပ်စွဲချက်မှာ မြန်မာနိုင်ငံအကြောင်း သိနေသူများအတွက် အထူးအဆန်း ဖြစ်ဖွယ်မရှိပေ။ ဒေါ်လာအဟောင်းများ အသုံးပြုခြင်းကို မနှစ်သက်သည့်သူများမှာ လာဒ်ငွေရယူနိုင်စေရန်အတွက် ဖြစ်သည်ဟူသော အဆိုပြုချက်မှာ “အလွန်တရာ ယုတ္တိရှိသည်” ဟု မစ္စတာတန်နယ်က ပြောကြားခဲ့သည်။

“ဒါပေမယ့် ဒေါ်လာအဟောင်းတွေကို မနှစ်သက်ခြင်းက ဦးစားပေးနေရာမှာ ရှိနေသေးတာကြောင့် ယခုလို လာဒ်ယူမှု ပြုလုပ်ဖို့အတွက် အလိုရှိဟန် မရှိပါဘူး။ ဒါကြောင့် အခြေခံပိုကျတဲ့ အကြောင်းတရားတစ်ခုခု ရှိနေမယ်လို့ ကျွန်တော် ထင်ပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ ဤသီအိုရီမှာ လူသားစိတ်ပညာနှင့် ငွေကြေးဆိုင်ရာ အတွေးအခေါ် သဘောသဘာဝအပေါ်တွင် အခြေခံသည့် အခြားသော ရှင်းလင်းပြောဆိုချက်တစ်ခု ဖြစ်နိုင်သည်ဟုလည်း ၎င်းက ဆိုသည်။

၃- တန်ဖိုးရှိသော စုဆောင်းမှုတစ်ခု ဖြစ်နေသည့် ဒေါ်လာ

မြန်မာနိုင်ငံ၏ အလွန်တရာ ကမောက်ကမဖြစ်နေသော ငွေကြေးစနစ်အပေါ် ယုံကြည်မှုကို တိုက်စားခဲ့ပြီး အမေရိကန်ဒေါ်လာကဲ့သို့သော ခိုင်မာသည့် ပြည်ပငွေကြေးများအား ငွေကြေးလဲလှယ်ရန်ထက် တန်ဖိုးရှိသော စုဆောင်းမှု တစ်ရပ်အဖြစ် လူအများ ထင်မြင်မှတ်ယူစေခဲ့ပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကြီးမားသော ကျပ်ငွေတန်ဖိုး ကျဆင့်မှုနှစ်ခုကို ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။ ဗိုလ်ချုပ်နေဝင်းက တရားမဝင် ငွေကြေးများအဖြစ် ကြေညာခဲ့သည့် ၁၉၈၀ ပြည့်နှစ်များနှင့် ဘဏ်များ ငွေကြေးပြတ်တောက်ခဲ့သည့် ၂၀၀၃ ခုနှစ်တို့တွင် ဖြစ်သည်။ ကျပ်ငွေဈေးကွက်တန်ဖိုးမှာ သမိုင်းနှင့်ချီ၍ တည်ငြိမ်မှုမရှိခဲ့သည့် အကြောင်းတရားအား ထပ်မံထည့်သွင်း စဉ်းစားမည်ဆိုပါက လူတိုင်းက မိမိတို့၏ ချမ်းသာကြွယ်ဝမှုအား နိုင်ငံထုတ်ငွေကြေးအဖြစ် သိုလှောင်သိမ်းဆည်းလိုခြင်း မရှိသည်မှာ သိသာလှပေသည်။

အဖြေမှာ ကမ္ဘာ့အရံငွေကြေးဖြစ်သော အမေရိကန်ဒေါ်လာကို ဝယ်ယူခြင်းပင်ဖြစ်သည်။ ဤလုပ်ရပ်မှာ ယုတ္တိရှိရန် လိုအပ်ဖွယ်မရှိသော်လည်း ဤအကြောင်းတရားအတွက် ပြည်ပငွေကြေးဝယ်ယူနေသူများက “ရုပ်ဝတ္ထု ငွေကြေး ဖြစ်သည့် အမေရိကန်ဒေါ်လာအတွက် တစ်နည်းတစ်ဖုံသော တန်ဖိုးတစ်ခုကို အပ်နှင်းရန် ရှာဖွေခြင်းဖြစ်သည်” ဟု ရှောင်တန်နယ်က ဆိုသည်။ 

မြန်မာနိုင်ငံရှိ ငွေပိုငွေလျှံရှိသောသူများစွာသည် ငွေကြေးလိုအပ်ချက် ရှိလာသည့်အခါတွင် ပေါင်နှံခြင်း သို့မဟုတ် ရောင်းချခြင်းများ ပြုလုပ်နိုင်သည့် ရွှေဖြင့်ပြုလုပ်ထားသော လက်ဝတ်ရတနာများကို ဝယ်ယူလျက်ရှိသည်။ အရောင်မှိန်နေသော လက်ကောက်တစ်ကွင်းက နည်းပါးသော ဈေးနှုန်းတစ်ခုကို ဖြစ်ပေါ်စေပုံအား အလွယ်တကူ တွေ့မြင်နိုင်သကဲ့သို့ အမေရိကန်ပိုက်ဆံနှင့် ပတ်သက်၍လည်း အလားတူ စိတ်ပိုင်းဆိုင်ရာခံစားချက်ကို ကိုင်ဆွဲထားနိုင်သည်။

“အမေရိကန်ပိုက်ဆံက အမေရိကန်ရဲ့ ဘဏ္ဍာရေးနဲ့ နိုင်ငံရေးပါဝါတစ်ခုအဖြစ် ကိုယ်စားပြုပါတယ်။ ဒီပိုက်ဆံတွေ ကိုယ်တိုင်ကိုက အထင်ကရ ရုပ်ဝတ္ထုပစ္စည်းတွေလည်း ဖြစ်ပါတယ်” ဟု မစ္စတာ တန်နယ်ကဆိုသည်။

လာမည့်နှစ်များအတွင်းတွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြမည့် အလွန်များပြားသော ကမ္ဘာ့လှည့် ခရီးသွားများအနေဖြင့် ငွေလဲကောင်တာများတွင် ဤသို့သော တုန်လှုပ်ချောက်ချားဖွယ်ရာ အတွေ့အကြုံအား ရှောင်ရှားနိုင်ဖွယ် ရှိ၊ မရှိဆိုသော မေးခွန်းကိုမူ “အနည်းငယ် ပိုကောင်းလာပါပြီ” ဟု မစ္စတာတန်နယ်က ဖြေကြားခဲ့သည်။

“ကျွန်တော့်ရဲ့  ကိုယ်ပိုင်အတွေ့အကြုံအရ ‘ကမ္ဘာနဲ့ဆက်ဆံမှု’ ပိုများလာပြီး အဆင့်မြင့်လာတဲ့ လုပ်ငန်းတစ်ခုခု ဖြစ်လာလေလေ အမေရိကန်ဒေါ်လာကို လက်ခံတဲ့အခြေအနေ ပိုများလာလေလေ ဖြစ်မှာပါ” ဟုလည်း ၎င်းက ရှင်းပြခဲ့သည်။

“အားလုံးက တော်တော်လေးကို အစီအစဉ်မကျသေးသလို ယုံကြည်စိတ်ချလို့လည်း မရသေးပါဘူး။ ပြီးခဲ့တဲ့ သတင်းပတ်အနည်းငယ်တုန်းက လေဆိပ် ငွေလဲကောင်တာတစ်ခုမှာ ခေါက်နေတဲ့ အမေရိကန်ဒေါ်လာ ၁၀၀ တန်တစ်ရွက် လဲလှယ်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမယ့် လက်မခံခဲ့ဖူးလေ။ ယဉ်ယဉ်ကျေးကျေး တောင်းတောင်း ပန်ပန်နဲ့ ငြင်းဆန်ခဲ့တာပါ။ အခုလို သိမ်မွေ့မှုမျိုးကို အရင်ကဆိုရင် တွေ့ရခဲပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

အောင်မင်း ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.