အရေးယူ ပိတ်ဆို့မှုများကြောင့် အာရှဘဏ်များ နေရာရနေ

အနောက်တိုင်းမှ ဘဏ်များက ဘေးမှ စောင့်ကြည့်နေရချိန်တွင် အာရှဘဏ်များသည် မြန်မာနိုင်ငံတွင် ထူးထူးကဲကဲ ခြေကုပ်ရရှိနေကြသည်။ 

ပီတာ ဂျင်ဆင် ရေးသားသည်။

ရန်ကုန်မြို့အနီးရှိ သီလဝါ အထူးစီးပွားရေးဇုန်မှ စီဘီဘဏ်၌ ဂျပန်ကုမ္ပဏီများ၏ စီးပွားရေးလုပ်ငန်းများကို ကိုင်တွယ်လုပ်ဆောင်ပေးနေသော တိုကျို မစ်ဆူဘီရှီ ဘဏ် Bank of Tokyo Mitsubishi UFJ (BTMU) ၏  ဝန်ထမ်းတစ်ဦး ထိုင်သော ဂျပန်ကောင်တာ ရှိသည်။

ဂျပန်ဘဏ် တစ်ခု သီလဝါ စီးပွားရေးဇုန်တွင် ရှိနေခြင်းမှာ တိုက်ဆိုင်မှု မဟုတ်ပေ။ သီလဝါ အထူးစီးပွားရေးဇုန်သည် ကုမ္ပဏီပေါင်း ၇၀ ခန့်ကို ဆွဲဆောင်ထားနိုင်ပြီး ယင်းတို့ထဲမှ ထက်ဝက်ကျော်မှာ ဂျပန်ကုမ္ပဏီများ ဖြစ်ကြသည်။ စီဘီဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးသည် မြန်မာသီလဝါ အထူးစီးပွားရေးဇုန် ဦးပိုင်ကုမ္ပဏီ၏ ဒုဥက္ကဋ္ဌ ဖြစ်ပြီး ရှယ်ယာအများဆုံး ထည့်ထားသူ ဖြစ်သည်။ ယင်း ဦးပိုင်ကုမ္ပဏီသည် ရန်ကုန် စတော့ဈေးကွက် YSX Yangon Stock Exchange တွင် မကြာသေးမီက စာရင်းဝင်ထားသူ ဖြစ်သည်။

တိုကျို မစ်ဆူဘီရှီ ဘဏ်သည် မစ်ဆူဘီရှီ ဘဏ္ဍာရေးအုပ်စု Mitsubishi UFJ Financial Group (MUFG) ၏ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဘဏ်တစ်ခု ဖြစ်ပြီး ယင်းဘဏ်သည် မြန်မာနိုင်ငံတွင် ဘဏ်ခွဲဖွင့်လှစ်ရန် လိုင်စင်ရရှိထားသော နိုင်ငံခြားဘဏ် ၉ ခုတွင် ပါဝင်သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ စည်းမျဉ်းများတွင် ထိုလိုင်စင် ရရှိထားသူများသည် လက်ကားဘဏ်စနစ်ကိုသာ ဝန်ဆောင်မှု ပေးနိုင်သည်။ ယင်းမှာ နိုင်ငံခြား ကုမ္ပဏီများနှင့် မြန်မာဘဏ်များကို ချေးငွေများ ထုတ်ပေးခြင်း ဖြစ်သည်။ သို့သော် သီလဝါ အထူးစီးပွားရေးဇုန်၏ အခြေအနေများကြောင့် တိုကျို မစ်ဆူဘီရှီ ဘဏ်ကို ဂျပန်ကုမ္ပဏီများအတွက် ရင်းနှီးမြှုပ်နှံရာတွင် အထောက်အပံ့ ပေးနိုင်ရန် အာမခံ ပေါ်လစီများ စီစဉ်ပေးခြင်းစသော အခြားလုပ်ဆောင်ချက်များကိုလည်း ခွင့်ပြုပေးထားသည်။ လက်ရှိအချိန်တွင် စီဘီဘဏ်သည် တစ်ဦးချင်းစီအတွက် လက်လီဘဏ်စနစ်ကို ဝန်ဆောင်မှုပေးပြီး စီးပွားရေးဇုန်မှ ဂျပန်နိုင်ငံခြားသားများကို အေတီအမ်နှင့် ငွေထုတ်ကတ်များ ဝန်ဆောင်မှု ပေးထားသည်။

ယင်းမှာ တိုကျို မစ်ဆူဘီရှီ ဘဏ်နှင့် မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကဘဏ်များထဲမှ တစ်ခုဖြစ်သော စီဘီဘဏ်တို့ မဟာဗျူဟာကျကျ ပူးပေါင်းလုပ်ကိုင်ခြင်း ဖြစ်သည်။ ဘဏ်နှစ်ခုစလုံးသည် ရန်ကုန်မြို့လယ်တွင် တည်ရှိသော ပြည်ထောင်စု ဘဏ္ဍာရေးဗဟိုဌာန Union Financial Center (UFC) တွင် ရုံးခန်းနေရာများ ရရှိထားသည်။ထိုနေရာတွင် စီဘီဘဏ်က ရုံးချုပ်ကို တည်ထောင်ရန် စီစဉ်လျက်ရှိသည်။

“မြန်မာနိုင်ငံကို လာရောက်ရင်းနှီးမြှုပ်နှံချင်တဲ့ ဂျပန်ကုမ္ပဏီတွေနဲ့ ပတ်သက်လာရင် ကျွန်တော်တို့က မစ်ဆူဘီရှီ ဘဏ္ဍာရေးအုပ်စုနဲ့ အနီးကပ် ပူးတွဲလုပ်ဆောင်ပါတယ်”ဟု စီဘီဘဏ်၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ ဦးကျော်လင်းက ပြောကြားသည်။

ထိုသို့ မဟာဗျူဟာကျသော ပူးပေါင်းလုပ်ဆောင်မှုများကို တည်ထောင်ကြသည်မှာ မစ်ဆူဘီရှီနှင့် စီဘီဘဏ်တို့သာ မဟုတ်ပေ။ အခြား ဂျပန်ဘဏ်ကြီး တစ်ခုဖြစ်သော ဆူမီမိုတို မစ်ဆူအိ ဘဏ်လုပ်ငန်း Sumitomo Mitsui Banking Corp (SMBC) သည်လည်း မြန်မာနိုင်ငံ၏ အကြီးမားဆုံး ပုဂ္ဂလိက ဘဏ်ကြီး ဖြစ်သည့် ကမ္ဘောဇဘဏ်နှင့် အလားတူ ပူးပေါင်းလုပ်ဆောင်မှုကို တည်ထောင်ခဲ့သည်။

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်ရှိ ပြည်ထောင်စု ဘဏ္ဍာရေး ဗဟိုဌာနကို တွေ့ရစဉ်။ ဓာတ်ပုံ - တေဇလှိုင်

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်ရှိ ပြည်ထောင်စု ဘဏ္ဍာရေး ဗဟိုဌာနကို တွေ့ရစဉ်။ ဓာတ်ပုံ – တေဇလှိုင်

မစ်ဆူဘီရှီနှင့် ဆူမီမိုတို မစ်ဆူအိတို့သည် ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် ယင်းတို့၏ လိုင်စင်များကို ရရှိခဲ့ခြင်း ဖြစ်သည်။ ယင်းတို့နှင့်အတူ လိုင်စင်ရရှိထားသော အခြားနိုင်ငံခြားဘဏ်များမှာ Oversea Chinese Banking Corp (Singapore)၊ United Overseas Bank (Singapore)၊ Bangkok Bank (Thailand)၊ Industrial and Commercial Bank of China (China)၊ Maybank (Malaysia)၊ Mizuho Bank (Japan)နှင့် Australian and New Zealand Banking Group (Australia) တို့ ဖြစ်ကြသည်။

ယင်းဘဏ် ကိုးခုစလုံးသည် ပြီးခဲ့သောနှစ်တွင် ဘဏ်ခွဲများ ဖွင့်လှစ်ခဲ့ကြသည်။ မတ်လ ၆ ရက်တွင် ဗဟိုဘဏ်သည် State Bank of India (India) ၊ Bank for Investment and Development of Vietnam ၊ E SUN Commercial Bank (Taiwan) နှင့် Shinhan Bank (South Korea) စသည့် နိုင်ငံခြားဘဏ် လေးခုကို ဘဏ်ခွဲ ဖွင့်လှစ်ခွင့် လိုင်စင်များ ထပ်မံချပေးခဲ့သည်။

ထိုစာရင်းတွင် အာရှနိုင်ငံများမှ ဘဏ်များ လွှမ်းမိုးနေသည်။ ယင်းမှာ အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများကြောင့် ဖြစ်သည်။ အမေရိကန် ဘဏ္ဍာရေးဌာနသည် မေလလယ်တွင် မြန်မာနိုင်ငံမှ နိုင်ငံပိုင်ဘဏ် လေးခုကို အထူးနာမည်ပျက်စာရင်း Specially Designated Nationals (SDN) blacklist မှ ဖယ်ရှားပေးလိုက်သော်လည်း လူအတော်များများနှင့် ကုမ္ပဏီ အတော်များများသည် နာမည်ပျက်စာရင်းထဲတွင် ကျန်ရှိနေကြဆဲ ဖြစ်သည်။

ထို့ကြောင့် အာရှတွင် ဘဏ်ခွဲကွန်ရက်များ အများအပြားရှိသည်ဟု ဂုဏ်ယူသော သြစတြေးလျားနှင့် နယူးဇီလန် ဘဏ်အုပ်စု ဖြစ်သည့် ANZ ဘဏ်တစ်ခုတည်းသာ လိုင်စင်လျှောက်ထားသော အနောက်တိုင်းဘဏ်တစ်ခု ဖြစ်သည်။ ကျန်ဘဏ်များသည် ဘေးမှသာ စောင့်ကြည့်နေကြသည်။

“ကံမကောင်းတာက နာမည်ပျက်စာရင်းထဲမှာ လူပုဂ္ဂိုလ်နဲ့ကုမ္ပဏီ ၁၀၀ ကျော် ကျန်ရှိနေသေးတာပဲ” ဟု Standard Chartered Bank ၏ မြန်မာနိုင်ငံ ကိုယ်စားလှယ်ရုံးမှ ကိုယ်စားလှယ်အကြီးအကဲ မစ္စ တီနာ ဆင်းဆာချာ Ms Tina Singhsacha က ပြောသည်။

အရေးယူ ပိတ်ဆို့မှုများသည် မြန်မာနိုင်ငံမှ ကုမ္ပဏီများနှင့် အလုပ်လုပ်ကိုင်လိုသော ဘဏ်များအတွက် အဆင်မပြေ ဖြစ်စေသည်။ အဘယ်ကြောင့်ဆိုသော် SDN နာမည်ပျက်စာရင်းတွင် ပါဝင်သော လူပုဂ္ဂိုလ်၊ သို့မဟုတ် ကုမ္ပဏီက ၅၀ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်ထားသော ကုမ္ပဏီတိုင်းသည် အလိုအလျောက် နာမည်ပျက်စာရင်းထဲတွင် ပါဝင်ပြီးသား ဖြစ်၍ပင်။ ဥပမာ တစ်ခုကို ပြရမည်ဆိုလျှင် ရန်ကုန်စတော့ အိတ်ချိန်းYangon Stock Exchange ဖြစ်သည်။

နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ် Myanma Economic Bank ကို မေလတွင် နာမည်ပျက်စာရင်းမှ ဖယ်ရှားပေးလိုက်မှသာ ယင်းစတော့အိတ်ချိန်းကို လုပ်ကိုင်ရန် အဆင်ပြေသွားခဲ့သည်။ အကြောင်းမှာ မြန်မာ့စီးပွားရေးဘဏ်က ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသောကြောင့် ရန်ကုန်စတော့အိတ်ချိန်းသည် အရေးယူပိတ်ဆိုမှုနှင့် ငြိစွန်းနေခြင်း ဖြစ်သည်။

“ဒါ့ကြောင့် နာမည်ပျက်စာရင်းမှာ မပါဝင်ဘဲ အရေးယူ ပိတ်ဆို့မှုနဲ့ ငြိစွန်းနေတဲ့ ကုမ္ပဏီတွေက ၁,၀၀၀ ကျော် ရှိနိုင်လိမ့်မယ်”ဟု မစ္စ ဆင်းဆာချာက ပြောသည်။

ရန်ကုန်မြို့လယ်ရှိ အိုဗာဆီး-ချိုင်းနား ဘဏ်လုပ်ငန်းကော်ပိုရေးရှင်းကို တွေ့ရစဉ်။ ဓာတ်ပုံ - အန်းဝမ်

ရန်ကုန်မြို့လယ်ရှိ အိုဗာဆီး-ချိုင်းနား ဘဏ်လုပ်ငန်းကော်ပိုရေးရှင်းကို တွေ့ရစဉ်။ ဓာတ်ပုံ – အန်းဝမ်

စတန်းဒတ် ချာတာဘဏ်သည် ကိုလိုနီခေတ်ကတည်းက မြန်မာနိုင်ငံတွင် ရှိခဲ့သော နိုင်ငံခြားဘဏ်များထဲမှ တစ်ခုဖြစ်သည်။ အမေရိကန် ပြည်ထောင်စု၏ အရေးယူ ပိတ်ဆို့မှုများကြောင့် ယင်းဘဏ်အတွက် ဘဏ်ခွဲလိုင်စင် လျှောက်ထားရန် အားမသာခဲ့သော်လည်း ယင်းသည် ရန်ကုန်တွင် ကိုယ်စားလှယ်ရုံးတစ်ရုံး ဖွင့်လှစ်ခဲ့သည်။သို့ဖြင့် စတန်းဒတ် ချာတာဘဏ်သည် ပြီးခဲ့သောနှစ်တွင် ဆက်သွယ်ရေးကဏ္ဍ၌ ဘဏ္ဍာရေး အထောက်အပံ့ ပေးသော ကုမ္ပဏီအုပ်စုကြီးတွင် ပါဝင်နိုင်ခဲ့သည်။

“မြန်မာနိုင်ငံမှာ အနှစ် ၁၅၀ တိုင်အောင် လုပ်ကိုင်လာခဲ့ပြီးတော့ နောက်ထပ် အနှစ် ၁၅၀ ကြာအောင် ဆက်လက်လုပ်ကိုင်သွားဖို့ ဆန္ဒရှိပါတယ်”ဟု မစ္စ ဆင်းဆာချာက ပြောကြားသည်။

ဘဏ်ခွဲ ဖွင့်လှစ်ခွင့်လိုင်စင် ရရှိထားသည့်တိုင် အမေရိကန် ပြည်ထောင်စု၏ အရေးယူ ပိတ်ဆို့မှုများအောက်တွင် အလုပ်လုပ်ကိုင်ရသည်မှာ မလွယ်ကူလှပေ။ သီအိုရီအရ ပြောမည်ဆိုလျှင် ANZ ဘဏ်သည် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံလိုသော အနောက်တိုင်းမှ ကုမ္ပဏီများ အားလုံးကို ဘဏ်စနစ် ဝန်ဆောင်မှုများပေးပြီး အငြိမ့်သား ထိုင်နေရုံရှိသည်ဟု ထင်ရမည်။ သို့သော် အောက်တိုဘာလတွင် ဘဏ်ခွဲ စတင်ဖွင့်လှစ်ခဲ့သော ANZ ဘဏ်သည် မြန်မာနိုင်ငံတွင် သတိကြီးမားစွာ ထားရှိလုပ်ကိုင်သော ဘဏ်အဖြစ် ကျော်ကြားကာ နာမည်သိပ်မကောင်းလှခဲ့ပေ။ အဆိုပါဘဏ်သည် နိုင်ငံခြားတွင် ယင်းတို့နှင့် ဆက်သွယ်ဆောင်ရွက်ဖူးသည့် ဖောက်သည်များကိုသာ ဝန်ဆောင်မှုပေးနေ၍ ဖြစ်သည်။

“ကျွန်တော်တို့က တခြားဘဏ်တွေနဲ့စာရင် မြန်မာနိုင်ငံမှာ ရှေးရိုးစွဲဆန်တဲ့ ဘဏ်တစ်ခု ဖြစ်နေပါလိမ့်မယ်။ အခု လက်ရှိအချိန်မှာတော့ ကျွန်တော်တို့ဟာ ရှိပြီးသား ANZ ကွန်ရက်ရဲ့ ဖောက်သည်တွေကိုပဲ ဝန်ဆောင်မှု ပေးနိုင်ဦးမှာပါ။ ဒီလိုလုပ်ဆောင်တဲ့အတွက် အရေးယူ ပိတ်ဆို့မှုတွေကို ပိုပြီး ထိထိရောက်ရောက် ကိုင်တွယ်နိုင်မှာပါ။

“ဒါ့ပြင် ငွေကြေးခဝါချမှုစတဲ့ အန္တရာယ်တွေကိုလည်း ရှောင်လွှဲနိုင်မှာပါ။ ဒီလိုလုပ်ဆောင်တာဟာ ကျွန်တော်တို့အတွက် အခွင့်အလမ်းကောင်းတွေကို ပိတ်ပင်တားဆီးလိုက်သလို ဖြစ်သွားနိုင်တာကိုလည်း ကျွန်တော်တို့ နားလည်ပါတယ်”ဟု ANZ ဘဏ်၏ မြန်မာနိုင်ငံဘဏ်ခွဲမှ အမှုဆောင် အရာရှိချုပ် ရာဂျက်ရှ် အဟူဂျာ Rajesh Ahuja က ပြောကြားသည်။

လိုင်စင်ရရှိထားသော နိုင်ငံခြားဘဏ်အားလုံးကို မြန်မာနိုင်ငံမှ ကုမ္ပဏီများကို တိုက်ရိုက် ငွေချေးခွင့်ကို ၂၄ လအတွင်း ခွင့်ပြုပေးရန် ဗဟိုဘဏ်က စဉ်းစားမည်ဟု ပြောကြားထားကြောင်း ဘဏ်လုပ်ငန်း ရင်းမြစ်များအရ သိရသည်။

မြန်မာနိုင်ငံမှ ကုမ္ပဏီများကို ချေးငွေထုတ်ပေးမည့် နိုင်ငံခြားဘဏ်များသည် မြန်မာကုမ္ပဏီများကို နိုင်ငံတကာ ငွေချေးခြင်းဆိုင်ရာ စံနှုန်းများကို လိုက်နာရန် ပြောကြားနိုင်မည် ဖြစ်သည်။ သို့ဖြင့် မြန်မာကုမ္ပဏီများသည် ယင်းတို့၏ ဘဏ္ဍာရေး စာရင်းဇယားများ ထားရှိမှုနှင့် အခွန်စည်းမျဉ်း လိုက်နာမှုများကို ပိုမိုကောင်းမွန်အောင် ပြုပြင်ကြရတော့မည် ဖြစ်သည်။

အလားအလာရှိသော ဈေးကွက်ကို ပြောပါဆိုလျှင် လာမည့် ငါးနှစ်အတွင်း ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်နိုင်သည့် ကုမ္ပဏီ ၁၅၀ ခန့် ရှိသည်။ သို့သော် ယင်းတို့သည် အမေရိကန်၏ အရေးယူ ပိတ်ဆို့မှုများနှင့် ငြိစွန်းမည်ဟူသော စိုးရိမ်စိတ်များကြောင့် အနောက်တိုင်းဘဏ်များက ယင်းတို့နှင့်တွဲ၍ အလုပ်လုပ်ကိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ထိုကုမ္ပဏီများသည် အာရှဘဏ်များအတွက် အလားအလာရှိသော ဖောက်သည်များ ဖြစ်လာလိမ့်မည်။ အထူးသဖြင့် ဒေသတွင်းတွင် ဘဏ်လုပ်ငန်းဆိုင်ရာ ချိတ်ဆက်မှုများကို ချဲ့ထွင်ရန် ကြိုးစားနေသည့် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ဘဏ်များအတွက် ဖောက်သည်များ ဖြစ်လာနိုင်သည်။

မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများထဲမှ ဘဏ် ငါးဘဏ်ကို လိုင်စင်ချထားပေးပြီး ဖြစ်သည်။ နောက်ထပ် ဘဏ်များလည်း ဝင်ရောက်လာနိုင်မည်ဟု မျှော်လင့်ရသည်။ အာဆီယံမှ ဘဏ်များသည် ယင်းတို့၏ ဖောက်သည် ကုမ္ပဏီများကို ဝန်ဆောင်မှုပေးရန် မြန်မာနိုင်ငံသို့ လိုက်လာခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည် အာဆီယံ ဒေသတွင်း၌ လာမည့်နှစ်များအတွင်း စီးပွားရေး ဖွံ့ဖြိုးနှုန်း အမြန်ဆုံးနိုင်ငံ ဖြစ်လာမည်ဟု မျှော်မှန်းရသည်။

“ကျွန်တော်တို့က အာဆီယံ ၁၀ နိုင်ငံစလုံးမှာ ဘဏ်ခွဲတွေ ရှိတဲ့ တစ်ခုတည်းသော ဘဏ်ဖြစ်တဲ့အတွက် အာဆီယံဒေသတွင်းနဲ့ မြန်မာနိုင်ငံက ကုမ္ပဏီတွေကို ချိတ်ဆက် ဝန်ဆောင်မှုပေးဖို့ ကျွန်တော်တို့မှာ အားသာချက် ရှိပါတယ်”ဟု ရန်ကုန်မြို့ရှိ မေဘဏ် Maybank ရုံးခွဲမှ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ မစ္စတာ အဗ္ဗဒူ မာလက် မို့ခိုင်ယာ Mr Abdul Malek Mohd Khair က ပြောသည်။

ယခင်ကမူ မြန်မာနိုင်ငံကဲ့သို့ စီးပွားရေး ထွန်းသစ်စနိုင်ငံများကို စီမံကိန်းဆိုင်ရာ ဘဏ္ဍာရေးအထောက်အပံ့များ ပေးခဲ့သည်မှာ အနောက်တိုင်းမှ ဘဏ်များ ဖြစ်ကြသည်။ ယခုအချိန်တွင်မူ ထိုတာဝန်ကို ဒေသတွင်းမှ ဘဏ်များက ယူနေကြသည်။

“မေဘဏ်အုပ်စုဟာ စွမ်းအင်ကဏ္ဍ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ ပို့ဆောင်ဆက်သွယ်ရေးနဲ့  ဆက်သွယ်ရေး ကဏ္ဍတွေမှာ အတွေ့အကြုံတွေရှိတဲ့အတွက် မေဘဏ်ရန်ကုန်က ဖောက်သည်ကုမ္ပဏီတွေကို စီမံကိန်းဆိုင်ရာ ဘဏ္ဍာရေးအထောက်အပံ့ ရယူရာမှာ အကြံပေးတာ၊ လိုအပ်နေတဲ့ အရင်းအနှီးတွေကို ဒေသတွင်း ရှယ်ယာဈေးကွက်နဲ့ ရယူပေးတာ၊ ချေးငွေတွေ ရယူတာတွေအတွက် အကြံဉာဏ်ပေးတဲ့ ဝန်ဆောင်မှုတွေကို ပေးနိုင်မှာပါ” ဟု အဗ္ဗဒူ မာလက်က ပြောသည်။

အမေရိကန်၏ အရေးယူ ပိတ်ဆို့မှုများ ရှိနေသေးသရွေ့ မေဘဏ်နှင့် အခြား အာရှဘဏ်များသည် ယင်းတို့၏ အနောက်တိုင်းမှ ပြိုင်ဘက်ဘဏ်များနှင့် ယှဉ်ပြိုင်မှုကို စိုးရိမ်စရာ မလိုတော့ပေ။

“အထူးနာမည်ပျက်စာရင်းက စာရင်းပါသူတွေ ဘဝအခက်တွေ့အောင် လုပ်ဆောင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာပဲ ဒီအရေးယူ ပိတ်ဆို့မှုတွေဟာ ဒေသတွင်းနဲ့ နိုင်ငံရပ်ခြား စီးပွားရေး အဖွဲ့အစည်းတွေရဲ့  ဘဝတွေကိုပါ ခက်ခဲအောင် မရည်ရွယ်ပါဘဲ လုပ်ဆောင်နိုင်တဲ့ အကျိုးဆက်တွေ ရှိနေပါတယ်”ဟု စတန်းဒတ် ချာတာဘဏ်မှ ဆင်းဆာချာက ပြောကြားသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.