စိန်ခေါ်မှုများကြားက ကြိုးစားနေကြသည့် နည်းပညာ တက်သစ်စလုပ်ငန်းများ

မြန်မာနိုင်ငံတွင်းမှ နည်းပညာကုမ္ပဏီများသည် ဖောက်သည်များ၏ လိုအပ်ချက်ကို ပြည့်မီနိုင်ရန် တက္ကစီ ငှားရမ်းပေးသော မိုဘိုင်းဖုန်း အက်ပလီကေးရှင်းက စတင်ကာ ဗဟုသုတပေးသော အက်ပလီကေးရှင်းများအထိ ကြိုးပမ်းလျှက်နေကြသည်။ မြန်မာနိုင်ငံ၏ နည်းပညာ ဈေးကွက်မှာ မြန်ဆန်စွာ ကြီးထွားလာနေသော်လည်း ပြိုင်ဆိုင်မှုမှာမူ နည်းပါးနေသေးသည်။

Tiffany Teng ရေးသားသည်။

အမေရိကန်နိုင်ငံ Silicon Valley ကဲ့သို့ပင် ရန်ကုန်မြို့မှ နည်းပညာလုပ်ငန်းရှင်များကလည်း နိုင်ငံအတွက် လိုအပ်သော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပေးစွမ်းနိုင်ရန် ကြိုးပမ်းလျှက်ရှိကြသည်။ မြန်မာနိုင်ငံသည် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများကို ဖွင့်လှစ်ပေးခဲ့သည်မှာ မကြာသေးသဖြင့် ထိုသို့ စတင်လုပ်ကိုင်သော နည်းပညာလုပ်ငန်းရှင်များသည် အလားအလာကောင်းသော ဈေးကွက်တစ်ခုကို ချဉ်းကပ်နေကြခြင်း ဖြစ်သည်။

ကံမကောင်းသည်က ဈေးကွက်တစ်ခုကို တည်ထောင်ရန် နည်းပညာကို တစ်ကစပြီး ကြိုးပမ်းရခြင်း ဖြစ်သည်။ အခြေခံ အဆောက်အအုံများ ကင်းမဲ့နေခြင်းသည် နည်းပညာ ဈေးကွက်ကို ဖွံ့ဖြိုးစေရန် အခက်အခဲများကို ဖြစ်ပေါ်စေသည်။

ကိုရဲမြတ်မင်းသည် ကွန်ပျူတာကို အသက် ၁၂ နှစ် အရွယ်ကပင် စတင် စိတ်ဝင်စားခဲ့သည်။ ထိုအချိန်မှစပြီး သူက programing အတွက် code များကို စတင်လေ့လာခဲ့သည်။ Teachers’ Training College ဟု ယခင်က သိကြသော ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်းတွင် တက်ရောက်နေစဉ်ကပင် သူက programing အတွက် စာအုပ်များကို ဖတ်ရှုပြီး coding language များကို ချရေးကာ ကျက်မှတ်ခဲ့သည်။ သို့သော် လေ့လာထားမှုများကို စမ်းသပ်လုပ်ဆောင်ရန်အတွက်မူ နေရာ မရှိခဲ့ပေ။ “ကျောင်းက ကွန်ပျူတာခန်းက ကျွန်တော်တို့ကို စမ်းသပ်ခွင့် မပေးဘူး။ ကွန်ပျူတာခန်းက ဖုန်တွေ အမြဲတက်နေတယ်။ ဒီအထွတ်အမြတ်ထားတဲ့ အခန်းကို ဘယ်သူမှ မထိမတို့ရဘူး” ဟု သူက ပြောကြားသည်။

စင်ကာပူတွင် စီးပွားရေးပညာကို လေ့လာနေစဉ်တွင် နိုင်ငံတကာကုမ္ပဏီများအတွက် ဝက်ဘ်ဆိုက်များကို သူက တည်ဆောက်ပေးခဲ့သည်။ ထိုသို့ဖြင့် သူသည် Nex Labs ကို တည်ထောင်လာနိုင်ခဲ့သည်။ ကိုရဲမြတ်မင်းသည် ကံကောင်းစွာဖြင့် သဘောကောင်းသော ရင်းနှီးမြုပ်နှံသူတစ်ဦးကို ရှာဖွေတွေ့ရှိခဲ့သည်။ Nex ကို တည်ထောင်ရန် ၂၀၁၃ ခုနှစ်တွင် ထိုရင်းနှီးမြုပ်နှံသူက သူ့ကို ငွေကြေး အရင်းအနှီး ထုတ်ပေးခဲ့သည်။ ထိုနေ့မှာပင် သူသည် Singapore Management University မှ ထွက်ခဲ့ရလေသည်။

ပြည်ပတွင် သွားရောက် ပညာသင်ကြားနေသော မြန်မာလူငယ် အများအပြားနည်းတူ အမိနိုင်ငံတွင် ဖြစ်ပွားနေသော ပြုပြင်ပြောင်းလဲမှုများ အကြောင်းကို သူလည်း ကြားသိခဲ့သည်။ ထို့နောက် ဝန်ဆောင်မှုများ ကောင်းမွန်စွာ မရှိသေးသော ပြည်တွင်းဈေးကွက်ကို ဖြည့်ဆည်းရန်အတွက် လုပ်ငန်းတစ်ခု တည်ထောင်ရန် ဆန္ဒဖြစ်လာခဲ့သည်။ Forbes Asia မဂ္ဂဇင်း၏ အသက် ၃၀ အရွယ်အောက် လုပ်ငန်းရှင်အယောက် ၃၀ စာရင်းတွင် ထည့်သွင်း သတ်မှတ်ခံရသော အသက် ၂၄ နှစ်အရွယ်ရှိ အမှုဆောင်အရာရှိချုပ်က Nex Labs ကို အေဂျင်စီတစ်ခုအနေဖြင့်ထက် ၎င်းတို့ လုပ်ဆောင်သော အရာအားလုံးကို တီထွင်ဖန်တီးမှုများ ထည့်သွင်းပေးနိုင်မည့် တက်သစ်စ လုပ်ငန်းတစ်ခုအဖြစ် ရှုမြင်ထားသည်။

မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် တော်လှန်ရေးသည် စီးပွားရေး လုပ်ငန်းများတွင် ကျယ်ပြန့်သော အပြောင်းအလဲများကို ဖြစ်ပေါ်စေသည်ဟု သူကပြောကြားသည်။

“မျိုးဆက်တွေ ပြောင်းလဲလာတာကို ကျွန်တော်တို့ တွေ့ကြုံနေရပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ နှင့် ၃၀ ခန့်ကတည်းက ရှိခဲ့တဲ့ စီးပွားရေးလုပ်ငန်းကြီးတွေကို ယခုအခါမှာ သားသမီးများက လွှဲပြောင်း ဦးဆောင်နေကြပြီ ဖြစ်ပါတယ်။ အံ့သြဖွယ်ကောင်းတာက သားသမီးတွေက သယ်ဆောင်လာတဲ့ အတွေးအခေါ်တွေနဲ့ မျှော်မှန်းချက်တွေက နိုင်ငံတကာနဲ့ ပိုပြီး ကိုက်ညီနေပါတယ်” ဟု ကိုရဲမြတ်မင်းကပြောသည်။

Technomation မှ အသက် ၂၈ နှစ်အရွယ် ကိုထူးမြင့်နောင်သည် mobile applications များနှင့် အလုပ် လုပ်လာသည်မှာ ခုနစ်နှစ်ကျော်ပြီ ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပထမဆုံး mobile app ဖြစ်သော MySM ကို ၂၀၀၉ ခုနှစ်တွင် သူက ဖန်တီးခဲ့သည်။ MySM သည် ခလုတ် ၁၂ ခုပါဝင်သော 12 key ဖုန်းများအတွက် စာတိုပေးပို့သော app တစ်ခု ဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် စမတ်ဖုန်းများ ပေါ်လာသဖြင့် ခလုပ်ပါသော ဖုန်းများကို အသုံးပြုမှု လျော့နည်းသွားခဲ့သည်။ မြန်မာနိုင်ငံတွင် ပြုလုပ်သော app များအတွက် app store တစ်ခုကို ဖန်တီးအပြီးတွင် သူဝါသနာပါသော အရာနှစ်ခုကို ပေါင်းစပ်လုပ်ကိုင်ခဲ့သည်။ မိုဘိုင်းနည်းပညာနှင့် မော်တော်ကားများပင် ဖြစ်သည်။ ထို့နောက်တွင် GPS စနစ်တစ်ခုကို ဖန်တီးခဲ့လေသည်။ “GPS စနစ်က ကျွန်တော်တို့အတွက် လိုအပ်လို့ လုပ်တာပါ။ ကျွန်တော့် သူငယ်ချင်းတွေနဲ့ ကျွန်တော်က ဘွဲ့ရပြီးကာစပါ။ ကားစ မောင်းကြပါတယ်။ လမ်းမကြာခဏ ပျောက်လေ့ရှိပါတယ်” ဟု သူက ပြောသည်။

ထိုထုတ်ကုန်ကို ဖန်တီးပြုလုပ်ရန် သူ၏အဖွဲ့သည် မြန်မာနိုင်ငံတစ်ခုလုံး၏ မြေပုံကို ရေးဆွဲခဲ့ရသည်။ ထိုသို့ လုပ်ဆောင်ရန်ကပင် တစ်နှစ်ခန့် ကြာခဲ့သည်။ လေးနှစ်ခန့်ကြာပြီးသောအခါ သူ၏ GPS စနစ်ပေါင်း အခုတစ်သောင်းခန့် ရောင်းချခဲ့ရသည်။ ဒသမမြောက်မိုဒယ်အဖြစ် သူနောက်ဆုံးထုတ်လုပ်သည့် PolarStar X တွင် ကင်မရာတစ်ခုပင် ပါဝင်သည်။

နည်းပညာလုပ်ငန်းတွင် သူ အောင်မြင်လာမှုမှာ အစိုးရက မြို့တော်သစ် နေပြည်တော် တည်ဆောက်ခဲ့ခြင်းကို ကျေးဇူးတင်ရမည် ဖြစ်သည်။ “အစိုးရက နေပြည်တော်ကို တည်ဆောက်လိုက်တဲ့အတွက် GPS စနစ်ကို တည်ဆောက်ဖို့ ကျွန်တော့်ရဲ့ ကြောက်စိတ်တွေ ပျောက်ကွယ်သွားခဲ့ပါတယ်။ နေပြည်တော်မှာ ကားငှားတဲ့ နိုင်ငံခြားသားတွေအတွက် GPS စနစ်က လိုအပ်နေပါတယ်” ဟု သူက ပြောကြားသည်။

GPS ယူနစ် ၁၀,၀၀၀ ကျော်ကို Technomotion က ရောင်းချထားပြီးဖြစ်ကာ ယခုအခါ ဗားရှင်းအမှတ် ၁၀ အထိ ထုတ်လုပ်ထားပြီးဖြစ်သည်။ ဓာတ်ပုံ-Tiffany Teng

GPS ယူနစ် ၁၀,၀၀၀ ကျော်ကို Technomotion က ရောင်းချထားပြီးဖြစ်ကာ ယခုအခါ ဗားရှင်းအမှတ် ၁၀ အထိ ထုတ်လုပ်ထားပြီးဖြစ်သည်။ ဓာတ်ပုံ-Tiffany Teng

အခြေခံက စတင်ခြင်း

ရန်ကုန်တွင် Uber နှင့် Lyft တို့ ဘာကြောင့် မရှိသနည်းဟု သင်သိချင်နေမည်။ Buzzfeed Myanmar ဟု တိုက်ရိုက်မရှိဘဲ Momolay ကို မြန်မာနိုင်ငံ၏ buzzfeed အဖြစ် အဘယ်ကြောင့် အသုံးပြုနေကြသနည်းဆိုသည်ကိုလည်း သင်သိချင်ပေလိမ့်မည်။

အကြောင်းကတော့ မြန်မာနိုင်ငံတွင် အင်တာနက်က တဟုန်ထိုး၊ လျှင်မြန်စွာ တိုးတက်လာခဲ့ခြင်းကြောင့် ဖြစ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်ကမူ အင်တာနက် အသုံးပြုမှု နည်းပါးလွန်းသဖြင့် နိုင်ငံခြားကုမ္ပဏီများ မြန်မာနိုင်ငံသို့ မလာရောက်ခဲ့ကြပေ။ အင်တာနက် တဟုန်ထိုး တိုးတက်လာသော အခါတွင်လည်း ၎င်းတို့က လျင်မြန်စွာ တုန့်ပြန်နိုင်ခြင်း မရှိခဲ့ကြပေ။ မြန်မာနိုင်ငံသည် ယခုအချိန်မှ စတင်ကာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများကို အမှန်တကယ် စတင် ဖွင့်လှစ်ပေးခြင်းကလည်း အကြောင်းရင်းတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံ၏ ဈေးကွက်ထဲသို့ ဝင်ရောက်လာသော နိုင်ငံခြား ကုမ္ပဏီများသည်လည်း လုပ်ထုံးလုပ်နည်းဆိုင်ရာ ပတ်ဝန်းကျင်မှစပြီး လူသားအရင်းအမြစ်များ ရှားပါးခြင်းစသော စိန်ခေါ်မှုများကို ကြုံတွေ့ကြရသည်။

ရန်ကုန်မှ စွန့်ဦးတီထွင် နည်းပညာလုပ်ငန်းရှင်များသည် ဈေးကွက်အတွင်းတွင် လိုအပ်နေသည့် ဟာကွက်ကို ဖြည့်ဆည်းနိုင်ရန် ကြိုးပမ်းလျှက်ရှိကြသည်။ Google ၏ မန်နေဂျာဟောင်းဖြစ်သော ဦးနေအောင်သည် မြန်မာနိုင်ငံသို့ ပြန်လာကာ ခရီးသွားရန် ကားလက်မှတ် ဝယ်ယူနိုင်သော Oway ဝက်ဘ်ဆိုက်ကို ၂၀၁၁ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ မြန်မာနိုင်ငံအကြောင်း သူက ကောင်းစွာသိထားသဖြင့် အကျိုးရလဒ်များ ရရှိခဲ့သည်ဟု သူက ဆိုသည်။

ကမ္ဘာတစ်ဝန်းတွင် လုပ်ကိုင်နေသော လုပ်ငန်းများက ဆွဲဆောင်မှုရှိသော ဈေးကွက်များဖြစ်သည့် တရုတ်နှင့် အိန္ဒိယနိုင်ငံများကို စိတ်ဝင်စားနေသော်လည်း ပြည်တွင်းမှ လုပ်ငန်းရှင်များကမူ ပြည်တွင်းဈေးကွက်နှင့် ကိုက်ညီအောင် အဖြေရှာလျှက်ရှိကြသည်။ “Alibaba နဲ့ eBay တို့ရဲ့  နမူနာကို ကြည့်ပါ။ eBay က ငွေရှာဖို့ တရုတ်နိုင်ငံမှာ သွားဖွင့်ခဲ့တယ်။ တရုတ်ပြည်တွင်းက ဖောက်သည်တွေကို ဝန်ဆောင်မှုပေးဖို့ Alibaba ရှိပြီးသားပါ” ဟု ဦးနေအောင်က ပြောကြားသည်။

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် Momolay ကို စတင်တည်ထောင်ခဲ့သော ကိုစိုးလင်းမြတ်ကမူ Facebook ပေါ်တွင် ရေးသားတင်ပြထားသည့် အရာများမှာ စိစစ်မှု မရှိသောကြောင့် ဗဟုသုတ ဖတ်ဖွယ်ရာများ ပေးသောအရာတစ်ခုကို လုပ်ဆောင်ရန် ယုံကြည်မှု ရှိခဲ့သည်။ Momolay ကို ဖတ်ရှုသူ အရေအတွက်ကို ကြည့်ခြင်းအားဖြင့် သူ၏ ဆုံးဖြတ်ချက် မှန်ကန်သည်ဟု ဆိုနိုင်ပေသည်။ တစ်လလျှင် Momolay ကို Android ဖုန်းဖြင့် ကြည့်ရှုသူ တစ်သိန်းခန့် ရှိနေသည်။ Momolay ၏ Facebook စာမျက်နှာကို Like လုပ်ထားသူ ၂ ဒသမ ၆ သန်းခန့် ရှိသည်။

“ကျွန်တော်က ဒစ်ဂျစ်တယ်ကို စိတ်ဝင်စားသူတွေအတွက် အွန်လိုင်းနေရာတစ်ခုကို ဖန်တီးပေးချင်တယ်။ သဘောထား ကောက်ခံချက်တွေ၊ ပဟေဠိတွေ၊ ဗီဒီယိုတွေနဲ့ GIFs တွေ အားလုံးကို တစ်နေရာထဲမှာ ရရှိအောင် လုပ်ထားချင်တယ်” ဟု ကိုစိုးလင်းမြတ်က ပြောသည်။ “ကျွန်တော်တို့က သတင်းတွေကို မတူညီ ကွဲပြားတဲ့ နည်းလမ်းနဲ့ ပေးပါတယ်။ စမတ်ဖုန်းပေါ်မှာ ဖတ်လို့ရအောင် စီစဉ်ပေးပါတယ်။ လူတွေ Momolay ကို အသုံးပြုပြီးရင် ပျော်ရွှင်သွားစေချင်တယ်” ဟု သူက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံမှ အင်တာနက် အသုံးပြုသူများ၏ လိုအပ်ချက်များကို အခြေခံကာ အမှားများပြင်ဆင်ပြီး ပြုပြင်ပြောင်းလဲမှုများနှင့်အတူ Momolay ကို ဖြည်းဖြည်းချင်း ဖန်တီးခဲ့သည်ဟု သူက ဆိုသည်။ “ကျွန်တော်တို့က ထုတ်ကုန်နဲ့ ဖောက်သည်တွေကို အမြဲအာရုံစိုက်ပါတယ်။ ကျွန်တော်တို့က ဝင်ငွေရရှိနိုင်တဲ့ လုပ်ငန်းတစ်ခုဖြစ်အောင် အမြဲစဉ်းစားနေရပါတယ်” ဟု သူက ပြောသည်။

MyPlay ဂိမ်းများကို တည်ထောင်ခဲ့သည့် game developer ကိုမြင့်ကျော်သူအတွက်မူ တစ်ကနေ စတင်ခဲ့ရပြီး စတင်ချိန်တွင် ဝင်ငွေရရှိရန်အတွက် ခဲခြစ်ရသော ငွေဖြည့်ကဒ်များကို အသုံးပြုခဲ့ရသည်ဟု ဆိုသည်။ သူက ဂိမ်းလုပ်ငန်းတွင် ဆယ်စုနှစ် တစ်ခုကျော်ကြာ အတွေ့အကြုံ ရှိထားသူဖြစ်သည်။ Total Game Play Studio ကို သူ၏ ညီဖြစ်သူနှင့်အတူ ၂၀၀၅ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ MyPlay ဂိမ်းများဖြစ်သော သမိန်ပေါသွပ် (Pawthoot)နှင့် ရှမ်းကိုးမီး (Shan Koe Mee) ဂိမ်းများကို ကစားသူများသည် ဂိမ်းအတွင်း သုံးစွဲရသောငွေကြေးဖြစ်သည့် gems များကို ရရှိနိုင်ရန် ခဲခြစ်ကဒ်များကို ဝယ်ယူကြရသည်။ ထိုခဲခြစ်ကဒ်များကို ဖုန်းဆိုင် အများအပြားတွင် ဝယ်ယူရရှိနိုင်သည်။ ထို့ပြင် MyPlay အတွက် အေးဂျင့်များအဖြစ် လုပ်ဆောင်ပေးနေသော ကစားသူတစ်ချို့ထံမှလည်း ယ်ယူရရှိနိုင်သည်။

MyPlay ၏ ဂိမ်းများသည် အောင်မြင်မှုများ ရရှိလာခဲ့သည်။ ကိုမြင့်ကျော်သူ၏ အဆိုအရ အချိန်တိုင်းတွင် MyPlay ဂိမ်းများကို ကစားနေသူ ၂၅၀၀ ခန့် ပုံမှန်ရှိသည်ဟု ဆိုသည်။ ထို့ပြင် နေ့စဉ် ကစားနေသူ ၂၅,၀၀၀ ခန့်ရှိသည်ဟု သူက ဝင့်ကြွားလျှက် ရှိသည်။ ဂိမ်းကို စတင်တည်ထောင်ချိန်မှ စတင်ပြီး ဝင်ငွေ ၂၀ မှ ၂၅ ရာခိုင်နှုန်းခန့်အထိ တိုးတက်လာလျှက် ရှိသည်ဟု ကိုမြင့်ကျော်သူက ဆိုသည်။

Momolay နှင့် MyPlay တို့ကဲ့သို့သော app များသည် ဝင်ငွေရရှိရေးနှင့် ငွေပေးချေမှု ပုံစံများအတွက် ရုန်းကန်နေရသော်လည်း ၎င်းတို့ကို လူကြိုက်များနေခြင်းက ဖျော်ဖြေရေးကဏ္ဍတွင် လုပ်ငန်းရှင်များအတွက် ဈေးကွက် အလားအလာရှိနေသည်ကို ပြသလျှက်ရှိသည်။

သွားလာဖို့အတွက် ရွေးချယ်စရာတွေ

နည်းပညာလုပ်ငန်း စတင်လုပ်ကိုင်သူများက ပိုမို အရေးကြီးသော ကိစ္စများကိုလည်း ဖြေရှင်းပေးလျှက်ရှိသည်။ ၎င်းတို့မှာ သွားလာရေး၊ ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုတို့ ဖြစ်ကြသည်။ လုပ်ငန်း စတင်လုပ်ကိုင်သူများသည် လူ့အဖွဲ့အစည်းအတွင်း လိုအပ်ချက်ကို ဝန်ဆောင်မှုပေးကာ ဖြည့်ဆည်းပေးရန် စိတ်ကူးဖြင့် စတင်ကြခြင်း ဖြစ်သည်။

ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများသည် စိတ်ပျက်စရာတစ်ခု ဖြစ်နေသည်။ မိုဘိုင်းဖုန်း App တစ်ခုဖြင့် ယာဉ်ကြောပိတ်ဆို့မှုကို ကွယ်ပျောက်သွားအောင် လုပ်ဆောင်ပေးမည် မဟုတ်သော်လည်း ခရီးသွားလာသူများကို ပိုမို အဆင်ပြေ လွယ်ကူစေနိုင်မည်ဖြစ်သည်။ အပြင်ပန်း ကြည့်မည်ဆိုလျှင် Uber ပုံစံ ဝန်ဆောင်မှု မလိုအပ်ဟု ထင်မှတ်ရသည်။ တက္ကစီများကို လွယ်ကူစွာ ရှာဖွေတွေ့ရှိနိုင်ပြီး ဈေှးနှုန်းလည်း ချိုသာသည်ဆိုသည့် ဝန်ဆောင်မှုမျိုး လိုအပ်သည်ဟု ဘာကြောင့် ထင်ကြပါသလဲ။

ပထမတစ်ချက်မှာ ရန်ကုန်ရှိ တက္ကစီများတွင် မီတာ မရှိကြခြင်း ဖြစ်သည်။ ဈေးနှုန်းအတွက် တက္ကစီဒရိုင်ဘာနှင့် ဈေးဆစ်ရခြင်းသည် စိတ်ပျက်ဖွယ်ကောင်းလှသည်။ အချိန်လည်း ကုန်သည်။ ကုမ္ပဏီများအနေဖြင့်လည်း ၎င်းတို့ ဝန်ထမ်းများ၏ သွားလာရေးစရိတ်များကို တွက်ချက်ရာတွင် စာရင်းအင်း ကိစ္စအတွက် ငွေလက်ခံရရှိကြောင်း ဖြတ်ပိုင်း လိုအပ်ကြသည်။ သာမန် တက္ကစီဒရိုင်ဘာများကမူ ထိုသို့ လုပ်ပေးနိုင်ခြင်း မရှိကြပေ။

ထို့ပြင် တက္ကစီများသည် အမြဲပေါများနေခြင်းလည်း မဟုတ်ပေ။ တိတ်ဆိတ်ငြိမ်သက်သော မြို့စွန်မြို့ဖျား နေရာများတွင် တက္ကစီ ရှာဖွေရန် ခက်ခဲတတ်သည်။ မြို့ပြင်တွင်ဆိုလျှင် ရှာဖွေရန်ပင် မရနိုင်ပေ။ ထို့ပြင် အချိန်ကောင်းများတွင် တက္ကစီ ဒရိုင်ဘာများက ရှည်လျားသော ခရီးများကို မလိုက်ချင်ကြပေ။

Hello Cabs ကဲ့သို့သော app အခြေပြု တက္ကစီဝန်ဆောင်မှု ကုမ္ပဏီများ၏ ယာဉ်များကမူ ဘေးကင်းလုံခြုံမှု ပေးစွမ်းနိုင်သလို အင်တာနက် Wi Fi နှင့် သောက်ရေသန့်များ စီစဉ်ပေးထားသလို လေအေးပေးစက်လည်း ဖွင့်လှစ်ပေးထားသည်။ Hello Cabs သည် ယခင်က ဖုန်းဆက်ခေါ်ရသော ဝန်ဆောင်မှုကိုသာ ပေးခဲ့သော်လည်း သြဂုတ် ၁ ရက်နေ့တွင် မိုဘိုင်း app ဖြင့် တိုးချဲ့ လုပ်ကိုင်လာသည်။

“ကျွန်တော်တို့က call center နဲ့ စတင်ဝန်ဆောင်မှု ပေးခဲ့တာပါ။ အရင်က မြန်မာနိုင်ငံမှာ app တွေ အသုံးပြုရတာ မရင်းနှီးကြသေးဘူးလေ” ဟု Hello Cabs ကို ပူးတွဲတည်ထောင်သူ Martin Nanda က ပြောသည်။

ဒရိုင်ဘာများကို လေ့ကျင့်ပျိုးထောင်ပေးခြင်း၊ သင့်တင့်မျှတသော ဈေးနှုန်း သတ်မှတ်ထားခြင်းနှင့် ကုမ္ပဏီ၏ အမှတ်တံဆိပ်ကို လူအများသိအောင် လုပ်ဆောင်ခြင်း စသည်တို့ဖြင့် လုပ်ငန်းအောင်မြင်လာသောကြောင့် app မှ လိုအပ်ချက်များကိုလည်း ကောင်းစွာ ပြင်ဆင်လာနိုင်ခဲ့သည်။

Oway က တက္ကစီငှားရမ်းနိုင်သည့် Oway Ride ဝန်ဆောင်မှုကို ပြီးခဲ့သည့် ဖေဖော်ဝါရီလက စတင်ခဲ့သည်။ ဓာတ်ပုံ- Tiffany Teng

Oway က တက္ကစီငှားရမ်းနိုင်သည့် Oway Ride ဝန်ဆောင်မှုကို ပြီးခဲ့သည့် ဖေဖော်ဝါရီလက စတင်ခဲ့သည်။ ဓာတ်ပုံ- Tiffany Teng

Oway သည် Uber ပုံစံ ဝန်ဆောင်မှုပေးသော ကုမ္ပဏီနောက်တစ်ခု၏ app ဖြစ်သည်။ ထိုကုမ္ပဏီသည် မြန်မာနိုင်ငံ၏ ထိပ်တန်း ခရီးသွားလုပ်ငန်း ဝက်ဘ်ဆိုက်တစ်ခုကို တည်ထောင်နိုင်ခဲ့သဖြင့် ဇွန်လတွင် Rice Bowl Award ကို ရရှိခဲ့သည်။ ဖေဖော်ဝါရီလတွင် ၎င်းတို့က Oway Ride ကို တည်ထောင်ခဲ့ကြည်။

“ကျွန်တော်တို့က တီထွင်ဆန်းသစ်သူတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့က နေ့စဉ်တွေ့ကြုံနေရတဲ့ ပြဿနာတွေကို ဖြေရှင်းပေးနေတာပါ” ဟု ဦးနေအောင်က ပြောကြားသည်။

ဦးသိန်းအေးသည် ၁၉၉၇ ခုနှစ်ကတည်းက တက္ကစီဒရိုင်ဘာအဖြစ် လုပ်ကိုင်လာသူ ဖြစ်သည်။ ယခုနှစ် အစောပိုင်းတွင် သူက Oway ကွန်ယက်သို့ ဝင်ရောက်လိုက်သည်။ Oway ကို တည်ထောင်ပြီး သိပ်မကြာခင်တွင်ပင် ဖြစ်သည်။ သို့သော် သူက Oway ကုမ္ပဏီတစ်ခုတည်းနှင့် ချိတ်ဆက်ထားခြင်း မဟုတ်ပေ။ တစ်နေ့လျှင် သူ့အတွက် အော်ဒါ နှစ်ခုခန့် ပုံမှန်ရရှိနေသည်။

“ကျွန်တော့်အတွက် အဓိက ပြဿနာကတော့ ဖောက်သည်က ကျွန်တော် ရောက်လာတဲ့အထိ မစောင့်တော့ဘဲ တခြားတက္ကစီတစ်စီးကို စီးသွားတာပဲ” ဟု သူက ပြောကြားသည်။ “တခြား ပြဿနာတစ်ခုက နေရာအတိအကျကို GPS က အမြဲ မဖေါ်ပြတာပဲ။ ယာဉ်ကြောပိတ်ဆို့နေလို့ ကွေ့ပတ်မောင်းရရင်လည်း ကုန်ကျမှုတွေက များသွားတယ်” ဟု ၎င်းကပြောသည်။

ကားရောင်းဝယ်ရေး ကြော်ငြာကုမ္ပဏီဖြစ်သည့် CarsDB ၏ COO ဖြစ်သူ ကိုဝေဖြိုးကျော်ကမူ ၂၀၁၁ ခုနှစ် နှောင်းပိုင်းတွင် အစိုးရက ကားတင်သွင်းမှု ပေါ်လစီကို ဖြေလျော့ပေးလိုက်သဖြင့် ထိုလုပ်ငန်းကို လုပ်ကိုင်ရန် စိတ်ကူးရရှိခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ပေါ်လစီများကို ဖြေလျော့ပေးမှုကြောင့် လူများ ကားဝယ်နိုင်လာခဲ့ကြသည်။ Singapore Polytechnic မှ Software Engineering ဖြင့် ဘွဲ့ရရှိထားသော ကိုဝေဖြိုးကျော်နှင့် ပူးတွဲတည်ထောင်သူများက ကားရောင်းဝယ်ရေး ကြော်ငြာလုပ်ငန်းကို လုပ်ကိုင်ရန် စိတ်ဝင်စားခဲ့ကြသည်။

အားလပ်ချိန်တွင် ဘေးပေါက် အလုပ်တစ်ခုအနေဖြင့် လုပ်ကိုင်ခဲ့သော အလုပ်တစ်ခုမှသည် ၂၀၁၅ ခုနှစ်တွင် ကားသစ် ကားဟောင်း စုစုပေါင်း အစီး ၆၀,၀၀၀ ခန့်ကို လွှင့်တင်ပေးထားနိုင်သည့် ဝက်ဘ်ဆိုက်တစ်ခု ဖြစ်သွားခဲ့သည်။ ဝက်ဘ်ဆိုက်ပေါ်တွင် ရန်ကုန်မှ ကားများသာ များပြားသော်လည်း ကိုဝေဖြိုးကျော်သည် အောင်မြင်မှု အတော်အတင့် ရရှိခဲ့သည်။ သို့သော် ၎င်းတို့သည် ဈေးကွက်၏ သေးငယ်သော အစိတ်အပိုင်းလေးမျှသာဖြစ်ကာ တိုးတက် ကျယ်ပြန့်နိုင်သည့် အလားအလာ များစွာရှိနေသည်ဟု ကိုဝေဖြိုးကျော်က ပြောသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံ လူဦးရေ သန်း ၅၀ ခန့်တွင် တစ်ရာခိုင်နှုန်းခန့်ကသာ မော်တော်ယာဉ်များ ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။

အဝေးပြေးကားများနှင့် ခရီးသွားရသည်မှာ အကုန်အကျ သက်သာသော်လည်း ထင်သလောက်တော့ မလွယ်ကူလှပေ။ ဒေါ်သက်မွန်အေး၏အိမ်သို့ မိတ်ဆွေတစ်ယောက် လာလည်သောအခါ ပုဂံသို့သွားသော ကားလက်မှတ်အတွက် Google တွင် အချိန်ကြာမြင့်စွာ ရှာဖွေခဲ့ရသည်။ ထိုအချိန်တွင်ပင် သူမ၏ ကျွမ်းကျင်မှုများကို အသုံးချပြီး လက်မှတ် ဝယ်ယူပေးသော စနစ်တစ်ခုကို တည်ထောင်ရန် ဒေါ်သက်မွန်အေးက ဆုံးဖြတ်ခဲ့သည်။

သူမ၏ ကုမ္ပဏီဖြစ်သော Starticket.com.mm သည် cloud စနစ်အခြေပြုစနစ်ဖြစ်ပြီး ဖောက်သည်များကို အဝေးပြေး ကားလိုင်းများနှင့် ချိတ်ဆက်ပေးခြင်း ဖြစ်သည်။ စတိုးဆိုင်လေးများကို လက်မှတ်ရောင်းချပေးသည့် ကိုယ်စားလှယ်အဖြစ် ထားရှိ လုပ်ကိုင်နေသည်။ သို့သော် အဝေးပြေးကားလိုင်းများကို ထို ဝန်ဆောင်မှု အသုံးပြုရန် တိုက်တွန်းရခြင်းက  ခက်ခဲလှသည်။ သို့သော် သူမသည် မြို့ပေါင်း ၁၂ မြို့ရှိ အဝေးပြေး ယာဉ်လိုင်း ၂၀ ခုနှင့် လက်မှတ် အရောင်းကိုယ်စားလှယ် ၄၀၀ ခန့််ကို စုစည်းနိုင်ခဲ့သည်။ “လွန်ခဲ့တဲ့ နှစ်နှစ်က အဝေးပြေး ယာဉ်လိုင်းတွေကို ချဉ်းကပ်ရင် သူတို့က ငြင်းပယ် လိုက်ကြတာပဲ။ မန္တလာမင်းယာဉ်လိုင်းကို ခွင့်ပြုချက် ရရှိဖို့ အခါ ၂၀ လောက် ချဉ်းကပ်ခဲ့ရတယ်။ အတော် ခက်ခဲပါတယ်” ဟု ဒေါ်သက်မွန်အေးက ပြောသည်။

iMyanmarHouse ကို တည်ထောင်သူ ဦးနေမင်းသူ။ ဓာတ်ပုံ- Tiffany Teng

iMyanmarHouse ကို တည်ထောင်သူ ဦးနေမင်းသူ။ ဓာတ်ပုံ- Tiffany Teng

တက်သစ်စ လုပ်ငန်းရှင်များ၏ ရုန်းကန်ရမှုများ

စွန့်ဦးတီထွင် လုပ်ငန်းရှင်များအားလုံးသည် စီးပွားရေး လုပ်ငန်းများ စတင်ရာတွင် တူညီသော ရုန်းကန်မှုများကို ရင်ဆိုင်ရလေ့ရှိသော်လည်း မြန်မာနိုင်ငံမှ နည်းပညာ လုပ်ငန်းရှင်များသည် တမူထူးခြားပြီး ခက်ခဲသော ဂေဟစနစ်ကို ရင်ဆိုင်ကြရသည်။

ပထမဆုံး ရုန်းကန်ရမှုမှာ အခြေခံ အဆောက်အအုံ မလုံလောက်မှု ဖြစ်သည်။ အထူးသဖြင့် ဘဏ်စနစ်များနှင့် ဆက်သွယ်ရေးစနစ်တို့ ဖြစ်ကြသည်။ ဂိမ်းများ၊ apps များနှင့် မိုဘိုင်း platform များအတွက် မိုဘိုင်း ငွေပေးချေမှုစနစ်များကို လိုအပ်သည်။ e-wallets များကို အသုံးပြုမှု အနည်းငယ် ရှိလာသော်လည်း လူအများစုကမူ ငွေသားကိုသာ အသုံးပြုလျှက်ရှိကြသေးသည်။ CarsDB ၏ ငွေပေးချေမှု ၈၅ ရာနှုန်းကို ငွေသားဖြင့်ပင်သာ လုပ်ဆောင်နေဆဲ ဖြစ်သည်။

ကုမ္ပဏီများ အများစုသည် အွန်လိုင်းတွင် ကြော်ငြာရန် တွန့်ဆုတ်နေကြဆဲ ဖြစ်သည်။ ထို့သို့ဖြင့် ဂိမ်းဆော့သော apps များနှင့် Momolay ကဲ့သို့သော လုပ်ငန်းများသည် ၎င်းတို့၏ ထုတ်ကုန်မှ ငွေပြန်လည်ရရှိရန် ခက်ခဲလျှက်ရှိသည်။ Nex Labs က ကုန်အမှတ်တံဆိပ် တီထွင်ဆန်းသစ်ရေး မဟာဗျူဟာများတွင် ရင်းနှီးမြုပ်နှံရန် ကုမ္ပဏီများကို တိုက်တွန်းရာတွင် အခက်အခဲတွေ့နေရသည်။ အဘယ်ကြောင့်ဆိုသော ထိုသို့လုပ်ဆောင်ခြင်းက စွန့်စားရမှုများလွန်းသည်ဟု ကုမ္ပဏီများက ထင်မြင်ကြသောကြောင့် ဖြစ်သည်။ သို့ရာတွင် မိုဘိုင်းဖုန်းများ သုံးစွဲမှု များပြားလာခြင်းက ထုံးတမ်းစဉ်လာ ကုမ္ပဏီများကို ဒစ်ဂျစ်တယ်စနစ်သို့ တီထွင်ဆန်းသစ် ပြောင်းလဲရန် တွန်းအားပေးနိုင်လိမ့်မည်ဟု ယုံကြည်နေကြသည်။

ဖောက်သည်များကို ဆွဲဆောင်ခြင်းနှင့် အရည်အသွေးကို ထိန်းသိမ်းခြင်းကလည်း စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်။ “တကယ်တော်တဲ့ developer တွေကို ရှာဖွေရတာ ခက်ခဲပါတယ်။ အထူးသဖြင့် လခကောင်းကောင်းပေးတဲ့ နိုင်ငံခြား ကုမ္ပဏီတွေနဲ့ဆို ရှာဖွေရတာ ခက်ပါတယ်” ဟု ဒေါ်သက်မွန်အေးက ပြောသည်။

မြန်မာနိုင်ငံမှ ကုမ္ပဏီအများအပြားကဲ့သို့ပင် သူတို့တွင်လည်း ဘဏ္ဍာရေး အခက်အခဲ ရှိနေကြသည်။ သို့သော် ယခုအခါ ပြောင်းလဲလာနေပြီဟု iMyanmarHouse ကို တည်ထောင်သူ ဦးနေမင်းသူက ပြောကြားသည်။ အစုစပ် ကုမ္ပဏီများတွင် ရင်းနှီးမြုပ်နှံသူတစ်ယောက်အဖြစ် ဦးနေမင်းသူက ပြည်တွင်းရှိ တက်သစ်စ နည်းပညာ လုပ်ငန်းအများအပြားတွင် ရင်းနှီးမြုပ်နှံထားသည်။ ထိုအထဲတွင် Hello Cabs၊ MyPlay၊ Bagan Trade (Alibaba နှင့် ဆင်တူသည်)၊ Groupbuyy (Groupon နှင့် ဆင်တူသည်)၊ 365 Myanmar (Amazon နှင့် ဆင်တူသည်)နှင့် Food2U (Seamless နှင့် ဆင်တူသည်) တို့ ပါဝင်သည်။

လွန်ခဲ့သော နှစ်နှစ်ခန့်ကမူ ဘဏ္ဍာရေး အထောက်အပံ့များ အများစုကို မိတ်ဆွေများ၊ မိသားစုဝင်များနှင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်ဖြစ်ရန် ရူးသွပ်သူများထံမှသာ ရရှိခဲ့သည်ဟု ဦးနေမင်းသူက ဆိုသည်။ ကိုထူးမြင့်နောင်ကမူ အတိုးကြီးစားသူများထံမှလည်း ဘဏ္ဍာရေး အထောက်အပံ ရယူခဲ့ရသည်ဟုလည်း ဖြည့်စွက် ပြောကြားခဲ့သည်။ သို့သော် ယခုအခါတွင်မူ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ ဂျပန်နှင့် Silicon Valley တို့မှ ရင်းနှီးမြုပ်နှံသူများပင် မြန်မာနိုင်ငံမှ နည်းပညာ ကုမ္ပဏီများတွင် ရင်းနှီးမြုပ်နှံလိုလာကြသည်။

သို့သော် မြန်မာနိုင်ငံမှ မည်သည့် တက်သစ်စလုပ်ငန်းကမှ နိုင်ငံတကာသို့ ပေါက်ရောက်အောင်မြင်မှု မရရှိပေးဟု ကိုထူးမြင့်နောင်က ပြောကြားသည်။ လုပ်ငန်းတစ်ချို့က အခြေခံ အရင်းအနှီး သုံးလေးကြိမ် ဆက်တိုက် ရထားကြသည်သာ ရှိသေးသည်ဟု ဆိုသည်။ မြန်မာနိုင်ငံမှ လုပ်ငန်းတစ်ခု အောင်မြင်ပြီး နိုင်ငံတကာသို့ ထိုးဖောက်နိုင်မည့် နေ့တစ်နေ့ကို ကိုထူးမြင့်နောင်က မျှော်လင့်နေသည်။

“ဒါတွေက စတင်လုပ်ကိုင်တဲ့ နည်းပညာ လုပ်ငန်းတွေအတွက် ဇာတ်လမ်းအစပဲ ရှိပါသေးတယ်။ ရှေ့မှာ ရှည်လျားပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ စိန်ခေါ်မှုတွေကို သူတို့တွေ ရင်ဆိုင်ရဦးမှာပါ” ဟု သူကဆိုသည်။ “စတင်လုပ်ကိုင်တဲ့ လုပ်ငန်းတစ်ခု ဘီလျံချီတန်တဲ့ လုပ်ငန်းကြီးအဖြစ် အောင်မြင်တာကို စောင့်ကြည့်ရဖို့ လိုပါသေးတယ်။ တည်ထောင်သူတစ်ယောက် အောင်မြင်တာကို ကြည့်ရဖို့လည်း လိုပါသေးတယ်။ အဲဒီနေ့အတွက် ကျွန်တော် စိတ်လှုပ်ရှားနေပါတယ်” ဟု သူကဆိုသည်။

ရုန်းကန်ရမှုများ ရှနေသော်လည်း အကောင်းမြင်မှုများလည်း အများအပြား ရှိနေသည်။ စွန့်ဦးတီထွင် နည်းပညာ လုပ်ငန်းရှင်များ၏ ကြိုးပမ်းအားထုတ်မှုဖြင့် နိုင်ငံ၏ စိန်ခေါ်မှုများကို ဖြေရှင်းနေသည့်အဆင့်မှာ အစတွင်သာ ရှိပါသေးသည်။

ခေါင်းစီးဓါတ်ပုံ- Nex Labs ကို တည်ထောင်ရန် စင်ကာပူ တက္ကသိုလ်မှ ထွက်လာခဲ့သည့် ကိုရဲမြတ်မင်း။ ဓာတ်ပုံ-Tiffany Teng

(ဤဆောင်းပါးသည် Frontier Myanmar ၏ Digital Myanmar အထူးထုတ်တွင် ပါဝင်ခဲ့သော ဆောင်းပါးဖြစ်သည်။)

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.