စပါးဈေးကျဆင်းမှုကြောင့် အခက်ကြုံနေကြရတဲ့ လယ်သမားတွေ

တရုတ်က မြန်မာပြည်ကနေ ဆန်တင်သွင်းမှုကို ပိတ်ပင်လိုက်တာကြောင့် စပါးရိတ်သိမ်းချိန်ရောက်တဲ့အချိန်မှာ စပါးဈေးတွေ အရင်ကထက် ၂၀ ကနေ ၄၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားတဲ့အတွက် လယ်သမားတွေ အခက်ကြုံခဲ့ကြရပါတယ်။

ထွန်းခိုင် ရေးသားသည်။

မြန်မာနိုင်ငံလူဦးရေရဲ့ သုံးပုံနှစ်ပုံလောက်ရှိတဲ့ လယ်သမားတွေဟာ ဒီနှစ်စပါးပေါ်တဲ့ရာသီမှာတော့ အကျပ်အတည်း ကြုံနေရပါပြီ။

ရိတ်သိမ်းချိန်ရောက်တဲ့အချိန်မှာ  လယ်သမားတွေလက်ထဲမှာ ရောင်းဖို့ အသင့်ဖြစ်နေတဲ့ဆန်ဈေး တဟုန်ထိုး ကျဆင်းသွားတဲ့အတွက် လယ်သမားတွေ အကျပ်အတည်း တွေ့နေခဲ့ရတာပါ။

မြန်မာနိုင်ငံအဝှမ်းက လယ်သမားတွေရဲ့အဆိုအရ ဒီနှစ်စပါးဈေးဟာ အရင်နှစ်ကထက် ၂၀ ရာခိုင်နှုန်းကနေ ၄၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်လို့ ဆိုကြပါတယ်။

မနှစ်က စပါးတင်း ၁၀၀ ကို ကျပ် ၅၅၀,၀၀၀ လောက် ဈေးပေါက်နေရာကနေ ဒီနှစ်မှာတော့ ကျပ် သုံးသိန်းကနေ ကျပ် ၄၃၀,၀၀၀ လောက်ပဲရတော့တယ်လို့ လယ်သမားတွေက ဆိုပါတယ်။

စပါးဈေးကျလို့ စိတ်ပျက်နေကြတဲ့အထဲမှာ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဝါးတောကျေးရွာအုပ်စု၊ ရေနံချောင်းကျေးရွာက အသက် ၅၈ နှစ်အရွယ် လယ်သမားဦးလှဌေးလည်း တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။

“တစ်ဧကစိုက်စားရိတ်က သုံးသိန်းလောက်ကုန်တယ်။ စပါးထွက်တော့ တင်း ၈၀ လောက်ပဲရတယ်။ ဒီကြားထဲ စပါးဈေးက တင်း ၁၀၀ ကို သုံးသိန်းလောက်ပဲရတယ်ဆိုတော့ အရှုံးချည်းဘဲ”လို့ လယ်ဧက ၂၀ စိုက်ပျိုးထားတဲ့ ဦးလှဌေးက ပြောပါတယ်။

၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့စပါးဈေးဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်း၊ လေးနှစ်အတွင်းမှာ အနည်းဆုံးဖြစ်ခဲ့ပြီး လယ်သမားတွေ တော်တော်လေးကို ထိခိုက်ခံစားနေရပါတယ်။

၂၀၁၂ တုန်းက ကမ္ဘာ့ဆန်ဈေးကျဆင်းမှုကြောင့် စပါးဈေးတွေ ထိုးကျပြီးတဲ့နောက်ပိုင်းမှာ ထပ်မံကြုံတွေ့ရတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။

ဒီနှစ်စပါးဈေးကျဆင်းတာဟာ ကမ္ဘာ့ဆန်ဈေးကျဆင်းမှု တစ်ခုတည်းကြောင့်မဟုတ်ပဲ ရိတ်သိမ်းချိန်မှာ မိုးများတာကြောင့် တောင်သူတွေလက်ထဲကစပါးတွေ ရေစိုနေပြီး ဈေးနှိမ်ခံရတာလို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

ရေစိုနေတဲ့ စပါးပြဿနာကိုဖြေရှင်းဖို့အတွက် ဆင်းရဲလှတဲ့လယ်သမားတွေမှာ လုံလောက်တဲ့ နည်းပညာမရှိဘူးလို့ ဒေါက်တာစိုးထွန်းက ထောက်ပြပါတယ်။

“ကျွန်တော်တို့ဆီမှာ စပါးအခြောက်ခံတဲ့ Dryer (အခြောက်ခံစက်) လိုဟာမျိုးမရှိဘူး။ တောင်သူဆီမှာလဲ မရှိဘူး။ စက်ပိုင်တွေဆီမှာလဲ မရှိဘူး” လို့ သူကပြောပါတယ်။

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

သဘာဝကပေးတဲ့ပြဿနာတွေအပြင် လယ်သမားတွေ ခါးစီးခံနေရတဲ့ ပြဿနာနောက်တစ်ခုလည်း ရှိနေပါသေးတယ်။ အဲဒါကတော့ မြန်မာနိုင်ငံက တင်ပို့တဲ့ဆန်တွေကို အိမ်နီးချင်း တရုတ်နိုင်ငံက လက်မခံဖို့ ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့အဆိုအရ မြန်မာနိုင်ငံက ဆန်တင်ပို့မှု အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းလောက်က တရုတ်နိုင်ငံဈေးကွက်ကို တင်ပို့နေတာဖြစ်ပါတယ်။

တရုတ်-မြန်မာနယ်စပ်ဂိတ်ဖြစ်တဲ့ မူဆယ်ကနေ အဓိကဆန်တင်ပို့တဲ့လမ်းကြောင်းကို ဇွန်လဆန်းကစပြီး တရားမဝင်ကုန်သွယ်မှု တားဆီးရေးစီမံချက်နဲ့တရုတ်ဘက်က ပိတ်ပင်လိုက်ပြီးတဲ့နောက် တရုတ်ပြည်ဘက်ပို့တဲ့ ဆန်ဈေးကွက် ရုတ်တရတ်ရပ်တန့်သွားပြီး အကျိုးဆက်အဖြစ် စပါးဈေးတွေလဲ ကျဆင်းသွားပါတော့တယ်။

မြန်မာ့ဆန်တွေအတွက် တရုတ်ဟာ အဓိကဈေးကွက်ဖြစ်တယ်ဆိုပေမယ့် ပမာဏအနည်းငယ်သာ တရားဝင်လမ်းကြောင်းကနေ တင်ပို့နိုင်ပြီး အများစုကတော့ မှောင်ခိုလမ်းကြောင်းကနေ တင်ပို့ရတာပါ။

အထူးသဖြင့်တရုတ်ဟာ မြန်မာနယ်စပ်ကနေ ပို့တဲ့ဆန်တွေကို တရားမဝင်အဖြစ်သတ်မှတ်ထားပြီး သူတို့ လိုအပ်တဲ့အချိန်မှာ ကြည်ကြည်သာသာ ခွင့်ပြုခဲ့ပေမဲ့ မလိုအပ်တဲ့အချိန်မှာ ပိတ်ပင်ဖမ်းဆီးတာတွေ လုပ်လေ့ရှိတယ်လို့ မြန်မာကုန်သည်တွေက ဆိုပါတယ်။

“မြန်မာပြည်ကပို့တဲ့ဆန်တွေကို တရုတ်က တရားမဝင်အဖြစ် သတ်မှတ်တယ်။ ဒါပေမယ့်လဲ မျက်စိတစ်ဖက်မှိတ်ပြီး သွင်းခိုင်းနေတာပေါ့။ ဖမ်းချင်ရင် လမ်းမှာဖမ်းတယ်”လို့ မူဆယ်ကုန်သည်ဒိုင်အဖွဲ့ဝင် ဦးထွန်းလင်းစိုးက ပြောပါတယ်။

ဆန်အရည်မသွေးမရွေး ဝယ်ယူတာ၊ အခြားနိုင်ငံတွေထက် ဈေးပိုပေးတာတွေကြောင့် တရုတ်ဈေးကွက်ကို မြန်မာကုန်သည်တွေ မျက်စိကျပေမယ့် တရုတ်ပြည်ကို ဆန်သွင်းရတာဟာကို မဟာစွန့်စားခန်းတစ်ခုအဖြစ် ကုန်သည်တွေက သတ်မှတ်ကြပါတယ်။

မြန်မာ-တရုတ်နယ်စပ် မူဆယ်ကနေ နားလည်မှုတွေယူပြီး တရုတ်ကိုဆန်တင်ပို့တဲ့ ကုန်သည်တွေဟာ ရက်သတ္တပတ်နှစ်ပတ်နေမှ ဆန်အတွက် ငွေပြန်ရတယ်လို့ ဆိုပါတယ်။ အဲဒီကြားထဲမှာ တရားမဝင်ကုန်အဖြစ် သတ်မှတ်ပြီး ဖမ်းဆီးခံရတာမျိုးနဲ့ ကြုံတွေ့ခဲ့ရင် မြန်မာကုန်သည်တွေဘက်ကို ပေးချေမဲ့ငွေက ရောက်မလာတော့ဘူးလို့ နယ်စပ်က မြန်မာကုန်သည်တွေက ဆိုပါတယ်။

“နှစ်ပတ်အတွင်းမှာ ကုန်ကို သူတို့အစိုးရက ဖမ်းမိသွားတယ်ဆိုရင် မြန်မာပြည်ကို ပိုက်ဆံမပေးတော့ဘူး။ မြန်မာချည်းပဲခံရတာပေါ့”လို့ မူဆယ်ကုန်သည်ဒိုင်အဖွဲ့ဝင် ဦးထွန်းလင်းစိုးက ပြောပါတယ်။

အခက်အခဲတွေရှိပေမယ့် တရုတ်ဈေးကွက်ကို မြန်မာကုန်သည်တွေက မျက်စိကျကြပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာဟာ ဆန်အဓိကစိုက်တဲ့နိုင်ငံဖြစ်ပေမယ့် နိုင်ငံတကာဈေးကွက်ကို ဆန်တင်ပို့တဲ့ကိစ္စကို အစိုးရက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ခဲ့တဲ့အတွက် ကုန်သည်တွေအတွက် ဆန်တင်ပို့တယ်ဆိုတာ အသစ်အဆန်း ကိစ္စတစ်ခုလို ဖြစ်နေဆဲဖြစ်တဲ့အတွက် ဖြစ်ပါတယ်။

မြန်မာပြည်မှာ ဆန်တင်ပို့မှုကို ၂၀ဝ၃ ခုနှစ်အထိ အစိုးရပိုင် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး တစ်ခုတည်းက ထိန်းချုပ်ထားတာပါ။

၂၀၀၃ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ ဆန်စပါးမူဝါဒချမှတ်ခဲ့ပြီးနောက် ပြည်ပကို ဆန်တင်ပို့ဖို့အတွက် ဆန်စပါးအထူးပြုကုမ္ပဏီတွေကို ခွင့်ပြုပေးခဲ့ပါတယ်။ ၂၀ဝ၈ ခုနှစ်ကနေ၂၀၁၀ ပြည့်နှစ်အတွင်းမှာတော့ မူဝါဒအသစ်တစ်ခုပြောင်းပြီး အခြားပုဂ္ဂလိကကုမ္ပဏီများကိုပါ ခွဲတမ်းစနစ်နဲ့ ဆန်တင်ပို့ ရောင်းချခွင့် ပြုခဲ့ပါတယ်။

၂၀၁၁ ခုနှစ် နောက်ပိုင်းကျမှ ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေ မည်သည့်ကုမ္ပဏီကိုမဆို တင်ပို့ခွင့်ပြုခဲ့ပါတယ်။

ပြည်ပကို လွတ်လွတ်လပ်လပ် တရားဝင် ဆန်တင်ပို့ခွင့်ပြုခဲ့ပြီး ငါးနှစ်လောက်အကြာမှာတော့ တရုတ်ဟာ မြန်မာဆန်တွေအတွက် အဓိကဖောက်သည် ဖြစ်လာခဲ့ပါတော့တယ်။

ဓာတ်ပုံ-အေအက်ဖ်ပီ

ဓာတ်ပုံ-အေအက်ဖ်ပီ

ဒါပေမယ့် ဒီနှစ်မှာတော့ တရုတ်က မြန်မာဘက်အခြမ်းနယ်စပ်ကနေ ဆန်တင်ပို့တာတွေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်မြင်တာတော့ အစိုးရသစ်နဲ့ ပတ်သက်မယ်လို့ ထင်တာပေါ့။ အရင်အစိုးရတွေနဲ့တုန်းက တရုတ်နဲ့ ဆက်ဆံရေးက နီးကပ်တယ်။ အခုကတော့ အစိုးရသစ်အနေနဲ့ အနောက်နိုင်ငံ၊ အမေရိကန်တွေနဲ့ နီးကပ်တယ်လို့ မြင်တာပေ့ါ။ ဒီနှစ်ကတော့ အရင်နှစ်တွေထက် အဖမ်းအဆီးပိုများတာ တွေ့ရတယ်”လို့ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့နိုင်ငံရေးအပြောင်းအလဲကို အောင်မြင်ချင်ရင် လူများစုဖြစ်တဲ့ လယ်သမားတွေရဲ့ဘဝကို အဆင်ပြေအောင် ဆောင်ရွက်သင့်တယ်လို့ ပြည်သူ့လွတ်တော် တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးစိန်ဝင်းက ထောက်ပြပါတယ်။

“လူများစုလယ်သမားတွေအဆင်ပြေရင် နိုင်ငံရေးတည်ငြိမ်တာပဲ။ အစိုးရက လုပ်သင့်တာက ကျန်တဲ့ပရောဂျက် တွေခဏရပ်ပြီး စပါးဈေးကျတာကို ကိုင်တွယ်ဖို့ပဲ”လို့ မအူပင်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဦးစိန်ဝင်းက ပြောပါတယ်။

စပါးဈေးကျတဲ့ပြဿနာကို ဖြေရှင်းဖို့အတွက် အစိုးရကဘက်က ကြိုးစားနေတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဒုတိယအတွင်းဝန် ဦးမျိုးတင့်ထွန်းက ပြောပါတယ်။

ဒီပြဿနာကို ဝန်ကြီးအဆင့်က အရေးတကြီးပြဿနာအဖြစ် ကိုင်တွယ်နေတယ်လို့ သူက ပြောကြားခဲ့ပေမယ့် အသေးစိတ်ကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။

“ကုန်သည်ကြီးများအသင်းကလဲ ဝယ်လက်ကို တော်တော်လေးရှာနေကြတယ်”လို့ ဒုတိယအတွင်းဝန် ဦးမျိုးတင့်ထွန်းက ပြောပါတယ်။

ဒါ့အပြင် အရင်က တင်ပို့ခွင့် ပိတ်ပင်ထားတဲ့စပါးကို နိုင်ငံခြားပို့တာကို ခွင့်ပြုပေးဖို့လဲ အစိုးရက ညှိနှိုင်းမှုတွေ လုပ်ခဲ့ပါတယ်။ မြန်မာအစိုးရက အရေးပေါ်အဖြစ် ကျပ် ၁၅ ဘီလျံ သတ်မှတ်ပြီး စပါးတွေကို ဈေးကွက်ကနေ လိုက်ဝယ်ဖို့ ကြိုးစားနေခြင်းအားဖြင့် ဈေးကို မြှင့်တင်ပေးဖို့ လုပ်ဆောင်ခဲ့ပါတယ်။

အစိုးရဘက်က တုန့်ပြန်မှုတွေဟာ နှေးကွေးလွန်းတယ်လို့ ဝေဖန်တာတွေလဲ ရှိနေပါတယ်။ ဥပမာအားဖြင့် ဒီနှစ် ကမ္ဘာ့ဆန်ဈေးကျမယ်ဆိုတာ တွက်ဆမိတဲ့ ထိုင်းနိုင်ငံကဆိုရင် လယ်သမားတွေကို ဆန်မစိုက်စေပဲ အခြားသီး နှံပြောင်းစိုက်စေဖို့ လုပ်ဆောင်ခဲ့တာတွေရှိတယ်လို့ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

“လွန်ခဲ့တဲ့ နှစ်လ၊ သုံးလလောက်ကတည်းက ထိုင်းနိုင်ငံက ကမ္ဘာ့ဆန်ဈေးကျမယ်ဆိုတာ ခန့်မှန်းတဲ့အတွက် စပါးစိုက်ဧက နှစ်သိန်းခွဲကို လျှော်ကြေးပေးပြီး တခြားသီးနှံ ပြောင်းစိုက်စေခဲ့တယ်” လို့ သူက ပြောပါတယ်။။

မြန်မာ့စပါးဈေး ဘယ်တော့ပြန်တက်လာမယ်ဆိုတာ မသိရပေမဲ့ လက်ရှိအချိန်မှာတော့ လယ်သမားအများစု ဟာ သူတို့ရဲ့နေ့စဉ်ဘဝမှာ စပါးဈေးကျဆင်းမှု ပြဿနာကို ရင်ဆိုင်နေရပါတယ်။

“ကိုယ့်ရဲ့ကံကြမ္မာကို ဘယ်တော့မှ တယောက်ထဲလက်ထဲမထားနဲ့။ စပါးဈေးကျတာက နမူနာတစ်ခုပဲ” လို့ ဦးစိန်ဝင်းက ဆိုပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.