လုပ်ငန်းအခြေအနေကောင်းများ ဖန်တီးနိုင်မယ့် ကုမ္ပဏီဥပဒေသစ်

ရာစုနှစ်နှင့်ချီ၍ အိုဟောင်းနေပြီဖြစ်သည့် မြန်မာကုမ္ပဏီများဆိုင်ရာ အက်ဥပဒေကို အစားထိုးရန် ရေးဆွဲထားသော ဥပဒေမူကြမ်းသစ်သည် ကုမ္ပဏီများကို ပွင့်လင်းမြင်သာမှု ရှိစေလာမည့်အပြင် ကော်ပိုရိတ် အုပ်ချုပ်ရေးစနစ်ကို တိုးတက်လာစေနိုင်မည်။ ထို့ပြင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှ အဟန့်အတားများကိုလည်း ဖယ်ရှားပေးနိုင်မည် ဖြစ်သည်။

အောင်နိုင်ဦးနှင့် ဝင်းဖရိဒ် ဝစ်ခလိုင်း ရေးသားသည်။

မြန်မာနိုင်ငံသည် ဈေးကွက်အခြေခံ စီးပွားရေးစနစ်နှင့် ဒီမိုကရေစီစနစ်ဆီသို့ အသွင်ကူးပြောင်းလျက်ရှိသည်။ ယနေ့ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် စီးပွားရေး အဖွံ့ဖြိုးဆုံး နိုင်ငံများထဲ၌ ပါဝင်သည်။ လျင်မြန်သောနှုန်းဖြင့် တိုးတက်ပြောင်းလဲနေမှုသည် ကော်ပိုရိတ်ကဏ္ဍကို ဖွံ့ဖြိုးစေလျက်ရှိသည်။

ပြီးခဲ့သည့်နှစ်က ရန်ကုန်စတော့အိတ်ချိန်း Yangon Stock Exchange ကို စတင်ဖွင့်လှစ်ခဲ့ပြီး အာမခံစာချုပ်များ ရောင်းဝယ်နိုင်မည့် Securities Exchange Commission of Myanmar ကိုလည်း တည်ထောင်ပေးခဲ့သည်။ ပြည်ထောင်စုလွှတ်တော်က ယခုနှစ်အစောပိုင်းက ပြဋ္ဌာန်းလိုက်သော ဘဏ္ဍာရေးအဖွဲ့အစည်းများ ဥပဒေ Financial Institutions Law သည် ဘဏ်လုပ်ငန်းကဏ္ဍကို ခေတ်မီတိုးတက်လာစေခဲ့သည်။

ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်များနှင့် လိုက်လျောညီထွေ ဖြစ်စေရန်နှင့် စီးပွားရေး ကဏ္ဍအများအပြား၌ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာစေရန် ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို ပြဋ္ဌာန်းပေးခဲ့သည်။ ယခုနှစ်အစောပိုင်းတွင် စီးပွားရေးဆိုင်ရာ ရောင်းဝယ်မှုများ၌ အငြင်းပွားမှုများကို ဖြေရှင်းရန် ခုံသမာဓိ ဥပဒေကိုလည်း ပြဋ္ဌာန်းပေးခဲ့သည်။

ထိုတိုးတက်မှုများနှင့် မြန်မာနိုင်ငံ၏ စီးပွားရေး အလားအလာကောင်းများကြောင့် ရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ကိုင်ရန် စိတ်ဝင်စားလာကြသည်။ ၂၀၁၁ ခုနှစ်မှစပြီး မြန်မာနိုင်ငံရှိ ကုမ္ပဏီ အရေအတွက်သည် ၂၀,၀၀၀ မှ ၅၅,၀၀၀ အထိ သုံးဆခန့် တိုးလာခဲ့သည်။ ထိုကိန်းဂဏန်းသည် ဆက်လက် တိုးတက်ဖို့သာရှိသည်။ ထိုကုမ္ပဏီသစ်များသည် နိုင်ငံက လိုအပ်နေသော ရင်းနှီးငွေများ၊ နည်းပညာများ၊ တီထွင်ဖန်တီးမှုများနှင့် အတတ်ပညာများကို သယ်ဆောင်လာကြမည်။ ပြည်သူများအတွက် အလုပ်အကိုင်များကို ဖန်တီးပေးမည်ဖြစ်သည်။

အရှိန်အဟုန်များကို မြှင့်တင်ရန်နှင့် စီးပွားရေး လုပ်ကိုင်ရန် တည်ငြိမ်သော အခြေအနေကို ဖန်တီးရန် ကုမ္ပဏီ အရေးကိစ္စများအတွက် ရှင်းလင်းပြီး အားကောင်းသော တရားဥပဒေဘောင်များ လိုအပ်သည်။ ကောင်းမွန်သော ကုမ္ပဏီများဆိုင်ရာ ဥပဒေသည် ကောင်းမွန်သော ကော်ပိုရိတ် ဓလေ့ကျင့်ထုံးများကို ဖြစ်ပေါ်စေပြီး ရင်းနှီးမြုပ်နှံသူများ၊ ငွေထုတ်ချေးသူများနှင့် ကုမ္ပဏီပိုင်ရှင်များအတွက် လုပ်ငန်းအသေးစားမှအစ ကုမ္ပဏီစုကြီးများအထိ လုံခြုံမှုကို ပေးနိုင်သည်။

ထိုသို့ စီးပွားရေး ဖွံ့ဖြိုးနေသော အခြေအနေတွင် မြန်မာနိုင်ငံသည် ယင်း၏ ကော်ပိုရိတ်ကဏ္ဍအတွက် ရှင်းလင်းပြီး ပွင့်လင်းမြင်သာမှုရှိသော လုပ်ထုံးလုပ်နည်းများ လိုအပ်သည်။ သို့မှသာ ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ရရှိနိုင်ပြီး ယှဉ်ပြိုင်နိုင်သော ပုဂ္ဂလိက ကဏ္ဍကို ဖန်တီးနိုင်မည်ဖြစ်သည်။

၁၉၁၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော မြန်မာကုမ္ပဏီများဆိုင်ရာ အက်ဥပဒေသည် မြန်မာနိုင်ငံ၌ ကုမ္ပဏီများ၏ အရေးကိစ္စများကို လုပ်ဆောင်ပေးနေပြီး ပြုပြင်ပြောင်းလဲမှု မရှိသည်မှာ နှစ်ရာချီနေပြီဖြစ်သည်။ ယင်းအက်ဥပဒေသည် စင်ကာပူ၊ မလေးရှား၊ အိန္ဒိယနှင့် ဟောင်ကောင်စသော အနီးအနား နိုင်ငံများ၏ ကုမ္ပဏီ ဥပဒေများနှင့် များစွာဆင်တူသည်။ ထိုနိုင်ငံများက ယင်းတို့၏ ဥပဒေကို ခေတ်မီ စီးပွားရေးလုပ်ငန်းများ၏ လိုအပ်ချက်နှင့် ကိုက်ညီစေရန် ပြုပြင်ပြောင်းလဲခဲ့ကြသော်လည်း မြန်မာနိုင်ငံ ကုမ္ပဏီ အက်ဥပဒေသည် အချိန်ကာလများစွာ မပြောင်းလဲဘဲ နောက်ကျကျန်နေသည်။

ပြောင်းလဲမှုများ ယခုရှိလာပါပြီ။ မြန်မာနိုင်ငံ ကုမ္ပဏီများဆိုင်ရာ ဥပဒေသစ်ကို ရင်းနှီမြှုပ်နှံမှုနှင့် ကုမ္ပဏီများ အုပ်ချုပ်ရေးဆိုင်ရာ ဦးစီးဌာန Directorate of Investment and Company Administration က အာရှဖွံ့ဖြိုးရေးဘဏ် ADB ၏ အကူအညီဖြင့် ပြင်ဆင်ရေးဆွဲပြီး ဖြစ်သည်။ လက်ရှိ ဥပဒေကဲ့သို့ပင် ယင်းသည် မြန်မာနိုင်ငံရှိ ကုမ္ပဏီအားလုံး၏ ကုမ္ပဏီ မှတ်ပုံတင်ခြင်း၊ ပိုင်ဆိုင်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့် ကုမ္ပဏီများ၏ အတွင်းရေးများ အားလုံးကို ထိန်းချုပ်မည်ဖြစ်သည်။ ယင်းဥပဒေကို ဗြိတိန်၊ စင်ကာပူ၊ မလေးရှား၊ ဩစတြေးလျ၊ နယူးဇီလန်နှင့် ဟောင်ကောင်နိုင်ငံတို့၌ ပြုပြင်ပြောင်းလဲထားသည့်အချက်တို့ကို အခြေပြုရေးဆွဲထားသည်။ ယင်းဥပဒေကို လာမည့်လများအတွင်း အတည်ပြုနိုင်ရန် လွှတ်တော်သို့ တင်သွင်းမည်ဖြစ်သည်။

အဓိက အပြောင်းအလဲများက မည်သည်တို့နည်း

ဦးစွာအားဖြင့် အသုံးမပြုတော့သော ကုမ္ပဏီ အက်ဥပဒေမှ ပြဋ္ဌာန်းချက် အချို့ကို ဥပဒေသစ်တွင် ဖယ်ရှားလိုက်သည်။ ယင်းတို့မှာ ကုမ္ပဏီ နာမည်ပြောင်းရာတွင် သမ္မတ၏ ခွင့်ပြုချက်ကို ရယူရခြင်း၊ ကုမ္ပဏီ၏ လုပ်ငန်းများ ပြောင်းလဲရာတွင်လည်းကောင်း၊ ရှယ်ယာရင်းနှီးငွေများကို ပြင်ဆင်ရာတွင်လည်းကောင်း တရားရုံး၏ ခွင့်ပြုချက်ကို ရယူရခြင်း စသည်တို့ကို ဖယ်ရှားလိုက်သည်။

ထို့ပြင် နိုင်ငံခြား ကုမ္ပဏီများက ကုန်သွယ်ခွင့် ပါမစ်ယူရခြင်း စသည့် မသုံးတော့သည့် ပြဋ္ဌာန်းချက်များကိုလည်း  ဖယ်ရှားပစ်လိုက်သည်။ ဗြိတိန်စနစ်ဖြင့် မှတ်ပုံတင်ရန် လိုအပ်ခြင်းနှင့် ကုမ္ပဏီများအတွက် စီမံခန့်ခွဲရေး ကိုယ်စားလှယ် ထားရှိရခြင်းစသော မသုံးတော့သည့် ကိုလိုနီခေတ် ဥပဒေများကိုလည်း ဖျက်သိမ်းလိုက်သည်။

စွန့်ဦးတီထွင် လုပ်ငန်းရှင်များကို အားပေးရန်နှင့် ပုဂ္ဂလိက ကဏ္ဍ တိုးတက်လာစေရန် ဥပဒေသစ်သည် ကုမ္ပဏီများ တည်ထောင်ရာတွင် ပိုမိုလွယ်ကူစေပြီး ပြည်သူများ စီးပွားရေး လုပ်ကိုင်ရန် ပိုမိုလွယ်ကူလာစေမည်ဖြစ်သည်။ အဆိုပြုလိုက်သော ဥပဒေသစ်တွင် ကုမ္ပဏီများကို ရှယ်ယာပိုင်ရှင် တစ်ဦးတည်း၊ ဒါရိုက်တာ တစ်ဦးတည်းဖြင့်လည်း တည်ထောင်နိုင်မည် ဖြစ်သည်။ ကုမ္ပဏီမှတ်ပုံတင်ရန် လိုအပ်ချက်များကိုလည်း ရှင်းလင်းစွာ ဖော်ပြထားပြီး ကုမ္ပဏီနှင့် အလုပ်လုပ်ကိုင်သော လူများနှင့် ၎င်းတို့၏ လုပ်နိုင်စွမ်းအတွက်လည်း ရှင်းလင်းသော စည်းမျဉ်းများ ထည့်သွင်းဖော်ပြထားသည်။

ကုမ္ပဏီများ လုပ်ငန်းဆောင်ရွက်ရာတွင် အသင်းအဖွဲ့ အထောက်အထားပါ အချက်များအရ ကန့်သတ်ထားတော့မည် မဟုတ်ပေ။ ကုမ္ပဏီအတွင် အုပ်ချုပ်ရေးစနစ်ကို လိုက်လျောညီထွေ ဖြစ်နေစေရန် ကုမ္ပဏီ ဖွဲ့စည်းပုံ ဥပဒေများက လိုအပ်သော အချက်အလက်များနှင့် အသင်းအဖွဲ့၏ ပြဋ္ဌာန်းချက်များကို အစားထိုးပေးမည် ဖြစ်သည်။ သက်ဆိုင်ရာ ဥပဒေများနှင့်အညီ ကုမ္ပဏီများသည် ယင်းတို့၏ ရင်းနှီးမြှုပ်နှံသူများ လုပ်ဆောင်စေလိုသော လုပ်ငန်းတိုင်းကို လွတ်လပ်စွာ လုပ်ကိုင်နိုင်မည် ဖြစ်သည်။

ဥပဒေသစ်တွင် ကုမ္ပဏီ ဒါရိုက်တာများ၊ အရာရှိများအား ရှင်းလင်းသော တာဝန်များနှင့် မိတ်ဆက်ပေးထားပြီး ကော်ပိုရိတ် အုပ်ချုပ်ရေးစနစ် စံနှုန်းများကို မြှင့်တင်ပေးထားသည်။ ထိုတာဝန်များသည် ဒါရိုက်တာများ၏ တာဝန်ပုင်းဆိုင်ရာ ဥပဒေများဖြစ်ပြီး ယင်းတို့တွင် ဝန်ထမ်းများအပေါ် ဂရုစိုက်ရမည့် တာဝန်များ၊ သစ္စာရှိစွာ လုပ်ဆောင်ရမည့် တာဝန်များ၊ မိမိ၏ ရာထူးနှင့် သတင်းအချက်အလက်များကို အလွဲမသုံးစေရန် တာဝန်များ ပါရှိသည်။

ဥပဒေသစ်တွင် ကုမ္ပဏီများနှင့် ပတ်သက်နေသော အဖွဲ့အစည်းများ၏ ရောင်းဝယ်မှုများနှင့် ဒါရိုက်တာများ၏ အကျိုးအမြတ်အတွက် ရှင်းလင်းသော စည်းမျဉ်းများ ပါရှိသည်။ ရင်းနှီးမြှုပ်နှံမှုများအတွက် ကာကွယ်မှုပေးရန် အသေးစားရှယ်ယာ ပိုင်ဆိုင်သူများ၏ အခွင့်အရေးနှင့် ကုစားရန် နည်းလမ်းများကိုလည်း ရှင်းလင်းစွာ ဖော်ပြပေးထားသည်။

ဒါရိုက်တာများက အလွဲသုံးစားမှုများ ပြုလုပ်လျှင် ရှယ်ယာပိုင်ရှင်များက တိုက်ရိုက်အရေးယူခွင့်ရှိသည်။ ဥပဒေတွင် ရှယ်ယာပိုင်ရှင်များနှင့် အခြားပါဝင်သူများကို သတင်းအချက်အလက်များ ပိုမိုဖွင့်ချနိုင်ရန် အားပေးထားသည်။ သို့ဖြင့် ကော်ပိုရိတ်၏ ပွင့်လင်းမြင်သာမှုကို ဖြစ်ပေါ်စေပြီး ယုံကြည်မှုကို ပိုမိုရရှိစေသည်။

အဆိုပြုထားသော ဥပဒေသစ်သည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို ရှယ်ယာများ ပိုင်ဆိုင်စေခြင်းဖြင့် မြန်မာပိုင် ကုမ္ပဏီများအတွက် ရင်းနှီးမြှုပ်နှံမှုသစ်များ၊ နည်းပညာသစ်များ လုပ်ကိုင်နည်းများကို ရရှိစေမည်ဖြစ်သည်။ အစိုးရသည် နိုင်ငံခြားသားများ ပိုင်ဆိုင်မှုအတွက် လက်ရှိကန့်သတ်ချက်များကို ဖယ်ရှားပေးပြီး မြန်မာပိုင် ကုမ္ပဏီများ၌ နိုင်ငံခြားသားများ ပိုင်ဆိုင်မှုကို တိုးမြင့်လာအောင် လုပ်ဆောင်ပေးနိုင်သည်။

ကုမ္ပဏီငယ်များသည် စာရင်းစစ်ခံထားသည့် နှစ်စဉ် ဘဏ္ဍာရေးအစီရင်ခံစာ ပြင်ဆင်ရန်နှင့် နှစ်ပတ်လည် အစည်းအဝေးကြီး ကျင်းပရန် လုပ်ထုံးလုပ်နည်း လိုအပ်သည့်အချက်ကိုလည်း ဖျက်သိမ်းပေးလိုက်သည်။ ယင်းက ကုမ္ပဏီများ လုပ်ငန်းဆောင်ရွက်ရ လွယ်ကူသွားစေကာ မလိုလားအပ်သည့် ကုန်ကျစရိတ်များမှလည်း သက်သာခွင့် ရသွားစေသည်။

စီးပွားရေးလုပ်ငန်း၏ လိုအပ်ချက်များကို ပြည့်မီစေရန် ကုမ္ပဏီများသည် ယင်းတို့၏ ရှယ်ယာ အရင်းအနှီးများကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်မည် ဖြစ်သည်။

အဆိုပြုထားသော ဥပဒေသစ် အရင်းအနှီး ရယူခြင်းနှင့် ပတ်သက်သော စည်းမျဉ်းများကို တခြားနိုင်ငံများနည်းတူ ဖြေလျှော့ပေးသည်။ ဥပဒေသစ်သည် ကုမ္ပဏီများကို သီးခြားသတ်မှတ်ထားသော လုပ်ငန်းစဉ်နှင့်အညီ ရှယ်ယာများ ရောင်းချခွင့် ပေးထားသည်။

ကုမ္ပဏီများက ယင်းတို့၏ ရှယ်ယာများကို စီမံခန့်ခွဲရာတွင် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် သတ်မှတ်ထားသော ရင်းနှီးငွေ၊ ရှယ်ယာတစ်ခုချင်းစီ၏ တန်ဖိုးစသော အယူအဆများကိုလည်း ဖျက်သိမ်းလိုက်သည်။ အမြတ်ငွေ ခွဲဝေခြင်းနှင့် ရှယ်ယာရင်းနှီးငွေ လျှော့ချခြင်းများကို ကုမ္ပဏီက ဝင်ငွေများ ရရှိနေပြီး အကြွေးများကို ဆပ်နိုင်လျှင်ဖြစ်စေ၊ ထိုသို့လုပ်ဆောင်ခြင်းက တရားမျှတပြီး ရှယ်ယာပိုင်ရှင်များအတွက် ကျိုးကြောင်းဆီလျော်လျှင်ဖြစ်စေ လုပ်ဆောင်နိုင်သည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ အုပ်ချုပ်ရေးဆိုင်ရာ ဦးစီးဌာနက ကိုင်တွယ်သည့် ကုမ္ပဏီများ မှတ်ပုံတင်ပေးခြင်း အခွင့်အာဏာနှင့် ဥပဒေသစ်အရ အမှုအခင်းများ အရေးယူဖြေရှင်းခြင်း စွမ်းဆောင်ရည်တို့ကိုလည်း ပြုပြင်ပြောင်းလဲပေးနိုင်ခဲ့ပြီးဖြစ်သည်။ ငွေဒဏ်နှင့် ပြစ်ဒဏ်များ ချမှတ်ပေးခြင်း၊ ဒါရိုက်တာများ အရည်အသွေး မပြည့်မီမှုကို အမိန့်ထုတ်ပြန်ခြင်းနှင့် စုံစမ်းစစ်ဆေးနိုင်စွမ်းများကဲ့သို့ အရေးယူမှုနည်းလမ်းများနှင့် ကုမ္ပဏီများကို ထိန်းချုပ်ရာ၌ စာရင်းအင်း အခြေပြု ချဉ်းကပ်နည်းများကိုလည်း ယင်းပြုပြင်ပြောင်းလဲမှုတို့က မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။ ကုမ္ပဏီသစ် မှတ်ပုံတင်ခြင်းကို ယင်းကုမ္ပဏီ၌ လုံလောက်သည့် ရင်းမြစ်ထောက်ကူမှု ရှိ မရှိ သိနိုင်စေရန် လျှောက်လွှာများ တင်ရာတွင် သင့်တင့်သော ငွေများပေးဆောင်စေပြီး နောက်ကျပါက ပြစ်ဒဏ်ပေးခြင်းတို့ကို လုပ်ဆောင်ထားသည်။

အတည်ပြုပြီးပါက ဥပဒေသစ်သည် ကုမ္ပဏီ မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းကို ပြုပြင်ပြောင်းလဲပေးမည်ဖြစ်သည်။ အီလက်ထရွန်းနစ်စနစ်ဖြင့် မှတ်ပုံတင်နိုင်ရန်လည်း ပြင်ဆင်နေသည်။ ယင်းပြင်ဆင်ပြီးပါက အွန်လိုင်းပေါ်တွင် ရှိနေမည်ဖြစ်ပြီး အများပြည်သူက ရှာဖွေကြည့်ရှုနိုင်မည့်အပြင် အချက်အလက်များမှာ အချိန်နှင့်တပြေးညီ ဖြစ်နေပြီး အားကိုးအားထား ပြုနိုင်မည်ဖြစ်သည်။

ထိုသို့ဖြင့် ကုမ္ပဏီများသည် DICA သို့ တင်သွင်းရမည့် အချက်အလက်များကို ကုန်ကျစရိတ် သက်သာစွာနှင့် လွယ်ကူစွာ တင်သွင်းနိုင်မည်ဖြစ်ပြီး DICA ကလည်း ကုမ္ပဏီများ၏ အချက်အလက်များကို အီလက်ထရွန်းနစ်နည်းအားဖြင့် ပိုမိုလွယ်ကူစွာ ထိန်းသိမ်းစစ်ဆေးနိုင်မည်။ ထို့ပြင် အများပြည်သူ၊ ကုမ္ပဏီနှင့် ဆက်ဆံနေသော ကုန်သွယ်ရေး ပါတနာများ၊ ငွေထုတ်ချေးသူများက မိမိတို့နှင့် ဆက်ဆံနေသော  ကုမ္ပဏီ၏ အကြောင်းကို သိရှိနိုင်မည် ဖြစ်သည်။

မည်သည်တို့ မပြောင်းမလဲ ဖြစ်နေသနည်း

အဆိုပြုထားသော ဥပဒေသစ်သည် လက်ရှိအသုံးပြုနေသော ကုမ္ပဏီ အက်ဥပဒေကို လုံးဝဥဿုံ ပြောင်းလဲပစ်ခြင်း မရှိပေ။ ယခုခေတ်နှင့် ကိုက်ညီနေသေးသော ဥပဒေ အစိတ်အပိုင်းများကို ဆက်လက်ထားရှိသည်။ ယင်းတို့ထဲတွင် အများပိုင် ကုမ္ပဏီများအတွက် အသေးစိတ်အချက်အလက် လိုအပ်ချက်များ၊ အာမခံရရှိရေးဆိုင်ရာ မှတ်ပုံတင်ခြင်းဆိုင်ရာ လိုအပ်ချက်များ ပါဝင်သည်။

ကုမ္ပဏီများ၏ ဘဏ္ဍာရေးဆိုင်ရာများကို အစီရင်ခံရန် လိုအပ်ချက်များအပိုင်းကို မပြောင်းဘဲ မြန်မာ စာရင်းစစ်ကောင်စီ ဥပဒေ Myanmar Accountancy Council Law ကဲ့သို့ အခြားဥပဒေများနှင့် ချိန်ညှိပေးလိုက်သည်။ ကုမ္ပဏီကို ပိတ်ပင်ဖျက်သိမ်းသည့် လုပ်ထုံးလုပ်နည်းများကိုမူ ယခင်အတိုင်း ထားရှိသည်။ ယင်းတို့သည် အနာဂတ်၌ ဖော်ဆောင်မည့် သီးခြားဖြစ်သော လူမွဲစာရင်းခံခြင်း ဥပဒေ ပြင်ဆင်ရာတွင် ပါဝင်လာမည်ဖြစ်သည်။

အရေးကြီးဆုံးအချက်မှာ ကုမ္ပဏီ ဥပဒေ၏ အခြေခံမူများကို ဥပဒေသစ်တွင် လုံးဝမပြောင်းလဲဘဲ မူလအတိုင်း ထားခြင်းဖြစ်သည်။

ဥပဒေအရ မှတ်ပုံတင်နိုင်သော ကုမ္ပဏီ အမျိုးအစားများနှင့် ရှယ်ယာများ ထုတ်ရောင်းခြင်း၊ ဖွဲ့စည်းပုံဆိုင်ရာ စာရွက်စာတမ်းများတွင် ကုမ္ပဏီအတွင်းပိုင်း စီမံခန့်ခွဲမှုနှင့် ဆုံးဖြတ်ချက် ချမှတ်မှုဆိုင်ရာ ဥပဒေ ရေးဆွဲခြင်းများကဲ့သို့သော ကုမ္ပဏီများ၏ အခြေခံ အခွင့်အရေးများကို မူလအတိုင်း ထားရှိသည်။ ဥပဒေသစ်တွင် ကုမ္ပဏီများသည် နာမည်တစ်ခု ရှိရမည်၊ မှတ်ပုံတင်ထားသော ရုံးခန်းတစ်ခန်း ရှိရမည်၊ ရှယ်ယာများကို မှတ်ပုံတင်ရမည်၊ ကုမ္ပဏီ မှတ်တမ်းများ ထားရှိရမည်၊ ကုမ္ပဏီဆိုင်ရာ အသေးစိတ် အချက်အလက်များ ပြောင်းလဲမှုကို DICA အား အသိပေးရမည်စသည့် ကုမ္ပဏီများ လုပ်ဆောင်ရမည့် အခြေခံတာဝန်ရှိမှု အချက်အလက်များလည်း ပြောင်းလဲခြင်း မရှိပေ။

ကုမ္ပဏီတွင်း စီမံခန့်ခွဲခြင်းနှင့် ဆုံးဖြတ်ချက် ချမှတ်ခြင်းဆိုင်ရာ စည်းမျဉ်းများတွင် သိသိသာသာ ပြောင်းလဲမှု မရှိပေ။ ရှယ်ယာပိုင်ရှင်များ၏ အစည်းအဝေးများ၊ ဒါရိုက်တာ အစည်းအဝေးများ ခေါ်ဆိုလုပ်ဆောင်ရာတွင်လည်း အပြောင်းအလဲ မရှိပေ။ သို့ရာတွင် ကုမ္ပဏီအုပ်ချုပ်ရေး လွယ်ကူစေရေးအတွက် အီလက်ထရွန်းနစ် စနစ်အားဖြင့် သတိပေးစာနှင့် မှတ်တမ်းတင် ဆုံးဖြတ်ချက်များကို အစည်းအဝေးများတွင် ဖြန့်ဝေခွင့်ပြုထားခြင်းကိုသာ ဥပဒေသစ်၌ ပြဋ္ဌာန်းထားသည်။

DICA သည် ထိန်းချုပ်သူအဖြစ် ဆက်လက်ရှိနေဦးမည်ဖြစ်ပြီး ဥပဒေလိုက်နာမှုများ ရှိစေရန် အရေးယူ ဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်မည်ဖြစ်သည်။

ပိုကောင်းသည့် စီးပွားရေးလုပ်ငန်း အခြေအနေ ဖန်တီးပေးခြင်း

ပြုပြင်ပြောင်းလဲထားသော ဥပဒေသည် မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ကဏ္ဍ တိုးတက်လာအောင် ရည်ရွယ်ထားသည်။ ကုမ္ပဏီများအတွင်း စီမံခန့်ခွဲမှုများကို လွတ်လပ်စွာ လုပ်ကိုင်နိုင်စေခြင်း၊ လုပ်ထုံးလုပ်နည်းများနှင့် ကုမ္ပဏီ အုပ်ချုပ်ရေးစနစ်ကို တိုးတက်စေခြင်း၊ အသေးစားနှင့် မိသားစုပိုင် ကုမ္ပဏီများအတွက် ဥပဒေလိုက်နာရသော ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးခြင်းတို့ ဖြစ်သည်။ ယင်းသည် အစိုးရသစ်၏ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို အားပေးမှု၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးမှု၊ ပွင့်လင်းမြင်သာမှုနှင့် တရားဥပဒေစိုးမိုးမှုကို ဦးစားပေး လုပ်ဆောင်ပုံကို ပြသနေသည်။

ဥပဒေသစ်တွင် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများကို ပြုပြင်ပြောင်းလဲထားခြင်းလည်း ပါဝင်သည်။ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများအတွက် ဥပဒေဆိုင်ရာ မူဘောင်များ ထားရှိပေးသည်။ ထိုသို့ဖြင့် အများပြည်သူဆိုင်ရာ ဘဏ္ဍာရေးနှင့် အုပ်ချုပ်ရေးစနစ်များတွင် ပွင့်လင်းမြင်သာမှုများ ရှိလာစေမည်ဖြစ်သည်။ ထို့ပြင် အများပိုင် ကုမ္ပဏီများတွင် အုပ်ချုပ်ရေးစနစ်များ ကောင်းမွန်လာပြီး ရန်ကုန်စတော့အိပ်ချိန်းကိုလည်း လူအများ ယုံကြည်မှု ရှိလာစေမည်ဖြစ်သည်။

အသစ်ပြဋ္ဌာန်းလိုက်သော ကုမ္ပဏီများကို အီလက်ထရွန်းနစ် စနစ်ဖြင့် မှတ်ပုံတင်ပေးခြင်းသည် စီးပွားရေး လုပ်ငန်းများကြား၌ တိုက်ရိုက်အကျိုးသက်ရောက်မှု ရှိစေနိုင်သည်။ စီးပွားရေးလုပ်ငန်းအချင်းချင်း ရောင်းဝယ် ကုန်သွယ်ရာတွင် ယုံကြည်မှုများ ရှိလာစေနိုင်သည်။ အခြားနိုင်ငံများ၏ အတွေ့အကြုံအရ အီလက်ထရွန်းနစ် မှတ်ပုံတင်စနစ်သည် ကုမ္ပဏီ အသေးအကြီးများ၏ စွန့်စားရမှုများနှင့် ခိုင်မာမှုများကို တိုင်းတာသော လက်နက်တစ်ခု ဖြစ်လာနိုင်သည်။ ထို့ပြင် ဘဏ်များနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံရာတွင် ကောင်းမွန်စွာ ဆုံးဖြတ်နိုင်စေသည်။

ပြုပြင်ပြောင်းလဲမှုများဖြင့် DICA သည် လိုက်လျောညီထွေရှိသော လုပ်ငန်းစဉ်များ ထိရောက်သော စည်းမျဉ်းများ အသုံးပြုကာ ပိုမိုကောင်းမွန်စွာ ထိန်းချုပ်မှု ပေးနိုင်မည်ဖြစ်သည်။

ထိုပြုပြင်ပြောင်းလဲမှုများဖြင့် မြန်မာနိုင်ငံသည် စီးပွားရေး လုပ်ဆောင်ရန် ပိုမိုကောင်းမွန်သော အခြေအနေကို ဖန်တီးပေးနိုင်မည်။ ထို့ပြင် စီးပွားရေး လုပ်ငန်းများသည်လည်း ရေရှည်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရန် ပိုမိုကောင်းမွန်သော မူဘောင်များကို ရရှိနိုင်မည်။ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အတူ ကုမ္ပဏီဥပဒေသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲနေသော စီးပွားရေးလုပ်ငန်း ကဏ္ဍတွင် ရှေ့တန်းမှ ပါဝင်မည်ဖြစ်သည်။ ထိုသို့ဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာပြီး ပြည်သူများ၏ ကြွယ်ဝချမ်းသာမှုကို အထောက်အကူ ပေးနိုင်မည် ဖြစ်ပေသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.