မန္တလေးတိုင်းဒေသကြီးမှ မိသားစု ၁,၀၀၀ ကျော် ဖယ်ရှားခံရသည့် စီမံကိန်းကြီး ကန့်ကွက်ခံရ

ရှောင် ဂလေဆင် ရေးသားသည်။

မန္တလေးတိုင်းဒေသကြီးရှိ စက်မှုဇုံတစ်ခုကြောင့် ၎င်းတို့၏နေအိမ်များမှ အဓမ္မဖယ်ရှားခံရသည့် ပြည်သူထောင်ပေါင်းများစွာ၏ ကိုယ်စားလှယ်များက ယင်းနေရာမှ ရွှေ့ပြောင်းပေးရသည့် လယ်သမားများနှင့် ပိုမိုမျှတသည့် သဘောတူညီချက် မရမချင်း နောက်ထပ်ရင်းနှီးမြုပ်နှံမှုများ မပြုလုပ်ရန် နိုင်ငံခြားကုမ္ပဏီများကို တောင်းဆိုလိုက်သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရက မြို့သာစက်မှုဇုံစီမံကိန်းကို ၂၀၁၃ ခုနှစ်က အတည်ပြုပြီးနောက် ကျေးရွာ ၁၄ ရွာမှ အိမ်ထောင်စု ၁,၀၀၀ ကျော်၏ မြေယာများ သိမ်းယူခံခဲ့ရသည်ဟု ပါရီအခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ချုပ်(FIDH)၏ အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။

မန္တလေးမြို့၏ အနောက်ဘက် ကီလိုမီတာ ၆၀ ခန့်အကွာ ငန်းဇွန်မြို့နယ်ရှိ ဟက်တာ ၄,၀၀၀ အကျယ်ရှိ ဖွံ့ဖြိုးရေးစီမံကိန်းတွင် တရားရေးခြိမ်းခြောက်မှု၊ မြေတိုင်းရာတွင် ခြစားမှုနှင့် စီမံကိန်းအကောင်အထည်ဖော်သူ Myotha Mandalay Industrial Development (MMID) ဖက်မှလည်း သင့်လျော်သည့် ဆောင်ရွက်ပေးမှုများ မရှိဟု FIDH နှင့် ဒေသခံများက စွပ်စွဲလျက်ရှိသည်။

“နိုင်ငံတကာဥပဒေတို့ ပြည်တွင်းကဥပဒေတို့ဆိုတာကို ရွာသားတွေကို သူတို့ဆက်ဆံသလိုမျိုး၊ အမှိုက်လိုမျိုးပဲ သဘောထားတယ်” ဟု FIDH ၏ အတွင်းရေးမှူးချုပ် မစ္စဒက်ဘီစတော့ဟာ့ဒ်က စက်တင်ဘာ ၂၇ ရက်နေ့က ရန်ကုန်တွင် အစီရင်ခံစာ စတင်တင်သွင်းသည့်ပွဲတွင် ပြောကြားခဲ့သည်။ အစိုးရအာဏာပိုင်များနှင့် MMID တို့သည် စီမံကိန်းမစတင်မီ ရွာသားများနှင့် လုံလုံလောက်လောက် တိုင်ပင်ညိနှိုင်းခြင်းများ မရှိသည့်အပြင် မြေယာရယူမှုအက်ဥပဒေ၏ ပြဋ္ဌာန်းချက်များကိုလည်း လိုက်နာမှုမရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ငန်းဇွန်မြို့နယ်က ဒီမြေယာတွေပေါ်မှာ ကျွန်မတို့ သားစဉ်မြေးဆက် လုပ်ကိုင်စားသောက်နေကြတာပါ။ ဒါပေမဲ့ MMID ကတော့ မြေယာတွေကို နိုင်ငံတော်ကသာ ပိုင်ဆိုင်တယ်လို့ဆိုပါတယ်” ဟုဖယ်ရှားခံရသည့် လယ်သမားတစ်ဦးဖြစ်သူ မအေးထိုက်ကပြောသည်။

စီမံကိန်းအတွက် အသိမ်းခံရသည့် မြေများ၏ ၉၀ ရာခိုင်နှုန်းကျော်မှာ မြေယာပိုင်ဆိုင်ခွင့်အတွက် ပုံစံတကျ အထောက်အထားများ မရှိသောသူများနှင့် ပိုင်ဆိုင်ခွင့်ရရှိရေး ကြိုးပမ်းမှုများကိုလည်း ဒေသခံအာဏာပိုင်များက ပိတ်ဆို့ခံခဲ့ရသူများထံမှ ဖြစ်ကြသည်။ ၎င်းတို့အား မြေတစ်ဧကအတွက် ကျပ် ၅၀၀,၀၀၀ လျော်ကြေးပေးကာ ကမ်းလှမ်းခဲ့သည်။ ကမ်းလှမ်းသည့် လျော်ကြေးပမာဏမှာ ခန့်မှန်းခြေဈေးကွက်ပေါက်ဈေး၏ ခြောက်ရာခိုင်နှုန်းသာရှိသည်ဟု FIDH က ပြောသည်။ တရားဝင်ပိုင်ဆိုင်မှု အထောက်အထားရှိသည့် အိမ်ထောင်စုများမှာမူ တစ်ဧကကျပ် သိန်း ၂၀ ဖြင့် ကမ်းလှမ်းခံရသည်။

မန္တလေးတိုင်းဒေသကြီး ငါးဇွန်မြို့နယ်ရှိ မြို့သာစက်မှုစီမံကိန်းအား တွေ့ရစဉ်။ ဓာတ်ပုံ-FIDH

မန္တလေးတိုင်းဒေသကြီး ငါးဇွန်မြို့နယ်ရှိ မြို့သာစက်မှုစီမံကိန်းအား တွေ့ရစဉ်။ ဓာတ်ပုံ-FIDH

အစိုးရ၏ မြေယာတိုင်းတာရေးကော်မတီမှ မြေတိုင်းသူများကလည်း မြေကွက်များ၏ အရွယ်အစားကို လျှော့၍ တိုင်းတာကြသည်ဟု ရွာသားများက စွပ်စွဲကြသည်။ ကိစ္စရပ်တော်တော်များများတွင် လယ်သမားများပြောသည့် မြေဧရိယာ၏ ၁၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိသာ စာရင်းပေါက်သည်ဟု အစီရင်ခံစာက ဆိုသည်။ ထို့အပြင် အတိုင်းအတာ အမှန်ဖြစ်ရေးအတွက် လယ်သမားများက အာဏာပိုင်များကို လာဘ်ထိုးရပြီး လျော်ကြေးငြင်းပယ်သူများမှာ တရားဝင်ပိုင်ဆိုင်ခွင့်အတွက် ငြင်းပယ်ခံရသည်။

“ဒါကို စီးပွားရေးလုပ်တာလို့ မဆိုနိုင်ပါဘူး။ ဒါဟာ လုယက်တာသာဖြစ်ပါတယ်” ဟုမြေယာသိမ်းလုပ်ငန်းစဉ်နှင့် ပတ်သက်၍ စတော့ဟာ့ဒ်က ပြောသည်။ မိသားစု ၁၅၆ စုသည် ၎င်းတို့၏မြေယာအတွက် လျော်ကြေးရယူရန် စက်တင်ဘာလကအထိ ငြင်းပယ်နေဆဲ ဖြစ်သည်။ စက်မှုဇုန်နှင့် ပတ်သက်သည့် လုပ်ငန်းဆောင်ရွက်မှုကို ၂၀၁၄ ခုနှစ်၊ သြဂုတ်လတွင် စတင်ခဲ့ပြီး ထိုစဉ်က မိသားစု ၂၀၀ ခန့်မှာ လျော်ကြေးကမ်းလှမ်းမှုကို ငြင်းဆိုခဲ့ရာ တင်းခံနေသူများကို အာဏာပိုင်များနှင့် MMID က ဖမ်းဆီးထောင်ချမည်ဆိုသည့် ခြိမ်းခြောက်မှုများရှိနေခဲ့သည်ဟု FIDH က စွပ်စွဲခဲ့သည်။

စီမံကိန်းဧရိယာတွင် ရွာသားများနှင့် ပူးပေါင်းဆောင်ရွက်ရန် အကောင်အထည်ဖော်မည့် ကုမ္ပဏီက အကောင်းဆုံး လုပ်ဆောင်နေကြောင်း MMID မှ ပြောခွင့်ရသူတစ်ဦးက Frontier ကို ပြောကြားခဲ့သည်။ ထို့အပြင် ရွာသားများမှာ ၎င်းတို့၏မြေယာအတွက် လုံလောက်သည့် လျော်ကြေးရရှိခြင်းမရှိဟုဆိုသည်ကို ယုံကြည်သူမရှိဟုလည်း ၎င်းက ပြောကြားခဲ့သည်။

“နှစ်ရာပေါင်းများစွာကတည်းက ဒီဧရိယာဟာ ဆင်းရဲတဲ့နေရာတစ်ခုအဖြစ် မြန်မာတွေ သိပါတယ်။ စီမံကိန်းဧရိယာအတွင်း ဘာရွာမှမရှိပါဘူး။ ပြီးတော့ စိုက်ပျိုးဖို့လည်း မသင့်တော်ပါဘူး” ဟု MMID ၏ ကိုယ်စားလှယ်ကဆိုသည်။ “ဒီစီမံကိန်းမစခင်ကဆိုရင် ဒီဧရိယာမှာမြေယာအတွက် ဈေးကွက်ပေါက်ဈေးတောင် မရှိခဲ့ပါဘူး။ လျော်ကြေးအတွက် အစိုးရက ဆုံးဖြတ်ခဲ့တဲ့ ဈေးနှုန်းက မျှတပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းဒေသ၏ စိုက်ပျိုးရေးပု့ိကုန် အခြေပြုမှုကို ချဲ့ထွင်ရန်နှင့် မန္တလေးတိုင်းဒေသကြီး ဒေသခံတို့အား အလုပ်အကိုင် အခွင့်အလမ်းပေးနိုင်ရန်အတွက် မြို့သာစက်မှုဇုန်စီမံကိန်းကို မန္တလေး စက်မှုဖွံ့ဖြိုးရေး အာဏာပိုင်အဖွဲ့က ပုံဖော်ခဲ့ခြင်း ဖြစ်သည်။

ယင်းစီမံကိန်းက အလုပ်အကိုင် ၁၅၀,၀၀၀ ကို ဖန်တီးပေးနိုင်လိမ့်မည်ဖြစ်ကြောင်း စီမံကိန်းကိုအတည်ပြုခဲ့သည့် ၂၀၁၃ ခုနှစ်တွင် MMID နှင့် ၎င်းကုမ္ပဏီအုပ်စုဖြစ်သည့် Royal Hi-Tech Group ၏ ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်က ပြောကြားခဲ့သည်။ ယခင်စစ်အစိုးရ၏ ကျောထောက်နောက်ခံဖြင့် Royal Hi-Tech Group သည် မန္တလေးမြို့၏ တောင်ဘက် ဆင်ခြေဖုံးတွင် မော်တော်ကား၊ သစ်နှင့် သတ္တုလုပ်ငန်းများ၏ အချက်အခြာတစ်ခုဖြစ်သည့် မန္တလေးစက်မှုဇုန်ကို ၁၉၉၀ ပြည့်နှစ်တွင် တည်ဆောက်ခဲ့သည်။

မြို့သာစက်မှုစီမံကိန်း၏ ဂြိုလ်တုဓာတ်ပုံ။ ဓာတ်ပုံ-FIDH

မြို့သာစက်မှုစီမံကိန်း၏ ဂြိုလ်တုဓာတ်ပုံ။ ဓာတ်ပုံ-FIDH

ဦးအောင်ဝင်းခိုင်၏ စီးပွားရေးလုပ်ငန်း ဆောင်ရွက်ချက်များသည် စစ်အစိုးရလက်ထက်က တောင်သာမြို့ အနီးတစ်ဝိုက်တွင် သြဇာအာဏာ အရှိန်အဝါကြီးမားသည့် စက်မှုဝန်ကြီးဟောင်း ဦးအောင်သောင်း၏ ကျောထောက်နောက်ခံပြုမှု ရရှိခဲ့သည်ဟုလည်း ကောလာဟလများ ပေါ်ထွက်ခဲ့သည်။ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်နေ့တွင် ထိုစဉ်က မြန်မာနိုင်ငံတွင် လုပ်ဆောင်နေသော အပြုသဘောဆောင်သည့် နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အကူးအပြောင်းကာလကို အားနည်းစေမှုအတွက် ဦးအောင်သောင်းကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက အမည်ပျက်စာရင်း သွင်းခဲ့သည်။ ထို့အပြင် ဦးအောင်သောင်းသည် ထိုစဉ်က သဘောထားတင်းမာသည့် ဗုဒ္ဓဘာသာ အမျိုးရေးဝါဒီအုပ်စုများကို ထောက်ခံပံ့ပိုးနေသည်ဟုလည်း ကောလာဟလများ ပေါ်ထွက်ခဲ့သည်။ ၎င်းသည် ၂၀၁၅ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။

မြို့သာစီမံကိန်း၏ ပထမအဆင့်အဖြစ် မြေအကျယ်အဝန်း ၈၀၉ ဟက်ပေါ်တွင် လုပ်ငန်းများ ဆောင်ရွက်နေမှုမှာ လာမည့်နှစ်တွင် ပြီးစီးရန် မျှော်လင့်ထားသည်။ ပြည်ပကုမ္ပဏီအချို့က အစားအစာပြုပြုင်ထုတ်လုပ်ခြင်းနှင့် ဆောက်လုပ်ရေးပစ္စည်းများ ထုတ်လုပ်ခြင်းအပါအဝင် အပေါ့စားစက်မှုလုပ်ငန်းများကို စက်မှုဇုန်တွင် တည်ထောင်နေပြီဖြစ်သည်။ စီမံကိန်း၏ ဒုတိယအဆင့်တွင် အလုပ်သမားများအတွက် နေရာထိုင်ခင်းများ ဆောက်လုပ်ခြင်း၊ စက်ရုံ၏ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး တိုးတက်အောင်ဆောင်ရွက်ခြင်းနှင့် ပြည်တွင်းနှင့် ပြည်ပပို့ကုန်ဈေးကွက်သို့ ဝင်ရောက်မှု တိုးတက်စေရန် အနောက်ဖက် ၂၅ ကီလိုမီတာအကွာ ဧရာဝတီမြစ်ကမ်းတွင် ဆိပ်ကမ်းတစ်ခု တည်ဆောက်ခြင်းတို့ ပါဝင်သည်။

ကမ္ဘာ့ဘဏ်၏ ဖွံ့ဖြိုးရေးဆိုင်ရာ အဖွဲ့ခွဲတစ်ခုဖြစ်သည့် နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) က အဆိုပြုထားသည့် ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၅ သန်းဖြင့် ဆီးမီးခုံဆိပ်ကမ်း တည်ဆောက်ရေးတွင် MMID နှင့် ဖက်စပ်ဆောင်ရွက်ရန် သြဂုတ်လက လက်မှတ်ရေးထိုးခဲ့သည်။ ဆိပ်ကမ်းစီမံကိန်းတွင် IFC ပါဝင်ခြင်းက ၎င်းတို့၏ ကုမ္ပဏီသည် စက်မှုဇုန်အကောင်အထည်ဖော်မှုတွင် လူ့အခွင့်အရေးတာဝန်များကို လိုက်နာရှိနေကြောင်း သက်သေပြခြင်းဖြစ်သည်ဟု ဦးအောင်ဝင်းခိုင်က FIDH ၏ အစီအရင်ခံစာကို တုံ့ပြန်သည့်အနေဖြင့် ပြောကြားခဲ့ကြောင်း စက်တင်ဘာ ၂၈ ရက်နေ့က မြန်မာတိုင်းမ်သတင်းစာတွင် ဖော်ပြထားသည်။

“ကမ္ဘာ့ဘဏ်နဲ့ IFC တို့ဟာ အလွန်ကြီးကျယ်တဲ့ အဖွဲ့အစည်းတွေပါ။ သူတို့ထက် ကြီးကျယ်တာမရှိပါဘူး”ဟု ၎င်းကပြောသည်။ “သူတို့ရဲ့ အဓိကထားတဲ့အချက်က လူ့အခွင့်အရေးပဲ။ သူတို့က မြို့သာစီမံကိန်းရဲ့ ပါတနာတွေပါ။ သူတို့က မြို့သာစီမံကိန်းကို နှစ်နှစ်ကြာအောင် စုံစမ်းစစ်ဆေးပြီးပါပြီ။ လူ့အခွင့်အရေးကို ချိုးဖောက်တဲ့ အချက်တွေမရှိပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

၎င်းတို့၏ မြေကွက်များအား မြေတူးစက်များဖြင့် လာရောက်တူးဖော်မှုမရှိစေရန်အတွက် တဲထိုးကာ ကင်းစောင့်နေကြသည့် ရွာသားများအား ၂၀၁၄ ခုနှစ်၊ သြဂုတ်လအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ- FIDH

၎င်းတို့၏ မြေကွက်များအား မြေတူးစက်များဖြင့် လာရောက်တူးဖော်မှုမရှိစေရန်အတွက် တဲထိုးကာ ကင်းစောင့်နေကြသည့် ရွာသားများအား ၂၀၁၄ ခုနှစ်၊ သြဂုတ်လအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ- FIDH

IFC ၏ မြန်မာကိုယ်စားလှယ် မစ္စတာဗစ်ကရမ်ကူးရ်မားကမူ ဆိပ်ကမ်းစီမံကိန်းမှာ MMID စက်မှုဇုန်နှင့် ဆက်စပ်သည့် စီမံကိန်း မဟုတ်ဟု စက်တင်ဘာ ၂၉ ရက်နေ့က Frontier ကို ပြောသည်။ “IFC က MMID က အကောင်အထည်ဖော်နေတဲ့ စက်မှုဇုန်မှာ ရင်းနှီးမြုပ်နှံတာ မဟုတ်ပါဘူး” ဟုကူးရ်မားကဆိုသည်။ IFC က ဆီးမီးခုံဆိပ်ကမ်းတွင် ရင်းနှီးမြုပ်နှံရန် ဆုံးဖြတ်ရခြင်းမှာ ပထမဆုံးအဖြစ် ခေတ်မီသော၊ အချိန်တိုအတွင်း ထိရောက်သော၊ သဘာဝပတ်ဝန်းကျင်အရဖြစ်စေ လူမှုရေးအရဖြစ်စေ စဉ်ဆက်မပြတ်အသုံးပြုနိုင်သော ကုန်တွင်းပိုင်းမြစ်ဆိပ်တစ်ခုအဖြစ် ပြောင်းလဲနိုင်သည့် သဘောသဘာဝရှိသောကြောင့်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအတွက် ကုန်စည်စီးဆင်း ဝင်ထွက်မှု ချောမောစေမည်ဖြစ်သောကြောင့်ဟု ဆိုသည်။

၎င်းတို့အနေဖြင့် နိုင်ငံတကာအကြံပေးများ၏ ကူညီပံ့ပိုးမှုနှင့်အတူ ဆိပ်ကမ်းအတွက် မြေယာရယူမှုနှင့် ပြန်လည်နေရာချထားရေး စီမံချက်တစ်ခုကို စတင်နေပြီး စီမံကိန်းဧရိယာရှိ လူ့အသိုင်းအဝိုင်း သာယာဝပြောရေးကို ပုံမှန်စောင့်ကြည့် အကဲဖြတ်မည်ဟု MMID ကပြောကြားစဉ် ကူးရ်မား၏ ပြောကြားချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ တစ်ပြေးညီဖြစ်ရန် လျော်ကြေးကမ်းလှမ်းမှုကို ငြင်းပယ်နေသောသူများကို အစိုးရက တစ်ဧကလျှင် ကျပ်နှစ်သန်းအထိ တိုးမြင့်ပေးကြောင်း သေချာအောင် ကြိုးစားမည်ဟု မန္တလေးတိုင်းဒေသကြီးငန်းဇွန်မြို့နယ် မဲဆန္ဒနယ်-၁မှ အယ်လ်အယ်န်ဒီအမတ်တစ်ဦးဖြစ်သူ ဒေါ်သဲစုဝေက ပြောသည်။

“စက်မှုဇုန်ပြီးတဲ့အခါ လယ်သမားတွေ မြေကွက်တစ်ကွက်ရရင် နေထိုင်ဖို့ နေရာတစ်ခုရသွားပါလိမ့်မယ်။ တကယ်လို့ စိုက်ပျိုးရေးကို ဆက်လုပ်ချင်တယ်ဆိုရင် သူတို့မှာရောင်းချဖို့ မြေရှိရမှာဖြစ်ပြီး ရောင်းလို့ရတဲ့ငွေနဲ့ လယ်မြေကို ဝယ်နိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက မြန်မာတိုင်းမ်ကို ပြောသည်။ ထိခိုက်ခဲ့သည့် လယ်သမားများကိုယ်စား အစိုးရက ဝင်ရှင်းပေးမည်ဆိုသည်ကို သံသယရှိကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဇာနည်က စက်တင်ဘာ ၂၇ ရက်နေ့က FIDH အစီရင်ခံစာထုတ်ပြန်ပွဲတွင် ပြောကြားသည်။

“ကျွန်တော့အတွေ့အကြုံအရတော့ အမတ်တွေဟာ MMID ဘက်က ရပ်တည်တာပါ” ဟု ၎င်းကပြောသည်။ ရန်ကုန်ရှိ စိတ္တသုခဖွံ့ဖြိုးရေးအင်စတီကျုအကြီးအကဲဖြစ်သူ ကိုဇာနည်သည် မြို့သာစီမံကိန်းနေရာသို့ သုတေသနခရီးစဉ်အချို့တွင် လိုက်ပါခဲ့ဖူးသည်။

လယ်သမားများနှင့် ပတ်သက်ခဲ့သည့် အလုပ်ကြောင့် နောက်ပိုင်းတွင် အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ကြုံခဲ့ရပြီး ၎င်း၏ ဆိုင်ကယ် လမ်းဘေးထိုးကျစေရန် အမည်မသိသူများက လုပ်ဆောင်ခဲ့သည်ဟုလည်း ကိုဇာနည်ကဆိုသည်။ မန္တလေးရှိရဲတပ်ဖွဲ့ကမူ ယင်းအဖြစ်အပျက်နှင့် ပတ်သက်ပြီး သတင်းပေးပို့မှုကို လက်ခံရန် ငြင်းဆန်ခဲ့သည်။

ဟိန်းကိုစိုး ဖြည့်စွက်ရေးသားသည်။

အောင်ကျော်ဦး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ- မြို့သာစက်မှုစီမံကိန်းတွင် မြေယာရှင်းလင်းရေးဆောင်ရွက်နေကြသည့် စက်ယန္တရားကြီးများအား တွေ့ရစဉ်။ ဓာတ်ပုံ- FIDH

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.