အောင်ဘာလေထီ စီးပွားရေးလုပ်ငန်း

အောင်ဘာလေထီသည် နိုင်ငံတော်အတွက် တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ရှာပေးနေသော်လည်း ထီထိုးသူများအပေါ် အဆမတန်ဈေးတင်နေခြင်း၊ ဖြန့်ချိရေးသမားကြီး အနည်းငယ်က ထီလက်မှတ်များကို လက်ဝါးကြီးအုပ်ထားခြင်းနှင့် ငွေဖြူဖော်မည့် အလားအလာများပြားခြင်းတို့အတွက် စိုးရိမ်နေရသည်။

ဟိန်းကိုစိုး ရေးသားသည်။

“မနက်ဖန် ထီဖွင့်ပါပြီခင်ဗျ။ ထီထိုးပြီး သိန်းတစ်သောင်းဆုရှင်အဖြစ် ခံယူလိုက်ပါ”

လကုန်ခါနီးတိုင်း ယင်းသို့သော အရောင်းမြှင့်တိုက်တွန်းသံက ရန်ကုန်နှင့် နိုင်ငံတလွှားရှိ အခြားနေရာများ၌ ပုံမှန်ကြားနေကျဖြစ်သည်။ ထီပေါက်ရန်အလားအလာက အလွန်နည်းသော်လည်း  မြန်မာနိုင်ငံတွင် နက်ရှိုင်းသထက် နက်ရှိုင်းလာနေသော ဆင်းရဲတွင်းမှလွတ်ကင်းနိုင်မည့် အခွင့်အလမ်းတစ်ခုကို ဝင်ငွေနိမ့်ကျသော အိမ်ထောင်စုများအတွက် အောင်ဘာလေထီက ဖော်ထုတ်ပေးထားသည်။

မြန်မာအောင်ဘာလေထီမှာ တစ်နှစ်ပတ်လုံးဖွင့်ပြီး လက်ကားရောင်းချသူများ၊ ဖြန့်ချိသူများနှင့် လက်လီရောင်းချသူများစသည့် ကျယ်ပြန့်သောကွန်ရက်ကြီးကို အကျိုးဖြစ်ထွန်းစေလျက်ရှိသည်။ အောင်ဘာလေထီလုပ်ငန်းကြီးက နိုင်ငံတော်ဘဏ္ဍာအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်များစွာ ရှာပေးနေကာ ထီရောင်းချမှုလုပ်ငန်းစဉ်၌ ထိုသို့ကွန်ရက်ဖြန့်ကျက်မှုက နောက်ဆုံးထီထိုးသူများအတွက် ထီလက်မှတ်ဈေးကို မြင့်တက်သွားစေသည်။

အစိုးရက ဖြန့်ချိသူများအား ထီတစ်စောင်ကို ကျပ် ၄၅၀ နှင့်ရောင်းချပြီး လက်လီဈေးနှုန်းတစ်စောင်ကို ကျပ် ၅၀၀ နှင့်ရောင်းချရန် သတ်မှတ်ထားသော်လည်း ယခုလောလောဆယ်တွင်မူ ထီတစ်စောင်ကို ကျပ် ၅၀၀ ဖြင့် ဝယ်ယူရန်မှာ အခြေခံအားဖြင့် မဖြစ်နိုင်ပါ။ အောင်ဘာလေသိန်းဆုဌာနခွဲမှ ဝယ်ထားသည့်ထီကို ဖြန့်ချိသူများက ရန်ကုန်တွင် တစ်စောင်ကို ကျပ် ၆၅၀၊ ၇၀၀ နှင့်ရောင်းချပြီး နယ်တွင်လည်း ထိုနည်းကောင်း ရောင်းချသည်။ ထီထိုးသူများကလည်း ထီအပေါက်များသည်၊ သို့မဟုတ် နာမည်ကြီးသည်ဟု ယုံကြည်ထားသော ဆိုင်ကြီးများထံမှ ထီလက်မှတ်များကို ပိုမိုသဘောကျရာ ထီထိုးသူများ သဘောကျသည့် ထိုဖြန့်ချိသူများ၏ ဆိုင်အမှတ်တံဆိပ်ဖြင့် ထီလက်မှတ်များကို အတွဲလိုက်ရောင်းကြသည်။

ရန်ကုန်တွင် ထီတစ်စောင်ကို ပုံမှန်အားဖြင့် ထီထိုးသူများက ကျပ် ၆၅၀၊ ၇၀၀ ပေးရပြီး နယ်တွင်လည်း ကျပ် ၇၀၀ မှ ကျပ် ၈၀၀ အထိပင်ပေးရသည်။ သူ့လက်ကားဒိုင် “ဘော့စ်” ဖြစ်သူ၏ စတားမိုးယံကုမ္ပဏီမှ ထီတစ်စောင်ကို ကျပ် ၆၅၀ နှင့်ဝယ်ပြီး တစ်စောင်ကို ကျပ် ၇၀၀ ဖြင့်ပြန်ရောင်းနေရကြောင်း ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်မှ ထီလက်လီရောင်းချသူ ဦးမြင့်ထွန်းကပြောသည်။

“ဈေးနှုန်းကို လျှော့ချနိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့လို လက်လီသမားတွေအတွက် ပိုကောင်းမယ်လို့ ထင်တာပဲ။ လူတိုင်းလက်မှတ်များများ ဝယ်နိုင်တာပေါ့” ဟု ၎င်းကပြောသည်။

ထီလက်မှတ်တွေ ထုတ်ပေးတဲ့စနစ်က တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲ State Lottery Directorate ညွှန်ကြားရေးမှူး ဦးကျော်သန့်လွင်က ပြောသည်။ ဌာနခွဲသည် နှစ်စဉ် ဖေဖော်ဝါရီရောက်တိုင်း နောင်လာမည့်ဘဏ္ဍာနှစ်တွင် လစဉ်ထီအတွဲများကို ဝယ်ယူရောင်းချလိုသည့် ဖြန့်ချိသူများ၏ လျှောက်လွှာများကို လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။ ဌာနခွဲသည် နိုင်ငံပိုင်သတင်းစာများ၌ နှိုးဆော်ခြင်းနှင့် ပြည်တွင်းအခွန်များဦးစီးဌာနရုံးများတွင် နှိုးဆော်စာကပ်ခြင်းဖြင့် အသိပေးလေ့ရှိသည်။

ရန်ကုန်မြို့ကျောက်တံတားမြို့နယ်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲရုံးအဆောက်အအုံကို တွေ့ရစဉ်။ ဓာတ်ပုံ - စတိဗ်တစ်ခ်နာ

ရန်ကုန်မြို့ကျောက်တံတားမြို့နယ်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲရုံးအဆောက်အအုံကို တွေ့ရစဉ်။ ဓာတ်ပုံ – စတိဗ်တစ်ခ်နာ

ဖြန့်ချိလိုသူများသည် ဖြန့်ချိရေးလုပ်ငန်း၊ သို့မဟုတ် ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်ရုံးများတွင် လျှောက်ထားနိုင်သည်။ အောင်ဘာလေ သိန်းဆုဌာနခွဲသည် နှစ်စဉ်လျှောက်လွှာရှင်  ၃,၀၀၀ ကျော် လက်ခံရရှိကြောင်း ၎င်းကပြောသည်။ လျှောက်လွှာရှင်တစ်ဦးသည် တစ်လကို အနည်းဆုံးစောင်ရေ  ၅၅၀ ဝယ်ယူရရှိနိုင်သည်။ သို့သော် အများစုက အများဆုံးခွင့်ပြုစောင်ရေ ၄၅၀,၀၀၀ ဝယ်ယူတတ်ကြသည်။

“ကျွန်တော်တို့က အဲဒီဝယ်သူတွေကို ရောင်းတယ်။ ကျွန်တော်တို့ဆီက တစ်ဦးကို အများဆုံးလက်မှတ် ၄၅၀,၀၀၀ ရနိုင်ပါတယ်။ တခြားလူတွေကို သူတို့ပြန်ရောင်းတာက တရားဝင်ပါတယ်။ အဲဒီလူတွေကလည်း တခြားလူတွေကို တဆင့်ပြန်ရောင်းနိုင်ပါတယ်” ဟု ဦးကျော်သန့်လွင်က ပြောသည်။

ဖြန့်ဖြူးသူများအား ရောင်းချသည့်ထီလက်မှတ် အရေအတွက်ကန့်သတ်ချက်ကို အောင်ဘာလေ သိန်းဆုဌာနခွဲက တင်းတင်းကျပ်ကျပ် ဆောင်ရွက်ကြောင်း ၎င်းကဆိုသည်။ စတားမိုးယံပိုင်ရှင် ဦးမျိုးညွန့်က ထီရောင်းချရေးလုပ်ငန်းမှ စောင်ရေ ၄၅၀,၀၀၀ ကိုသာ တိုက်ရိုက်ဝယ်သည်ဟုပြောသည်။ သို့ရာတွင် ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်၌မူ လက်လီလက်ခွဲ ပြန်ရောင်းသည့်ဆိုင်ငယ်ပေါင်း ၁၀,၀၀၀ ကို ဖြန့်ဖြူးပေးနေသော ဆိုင်ကြီးပေါင်း ၂၀၀ ရှိသည်ဟု ဖော်ပြထားသည်။

ဖြန့်ဖြူးရေးကုမ္ပဏီကြီးများသည် အောင်ဘာလေဌာနခွဲထံမှ သူတို့ဝယ်ခွင့်ရသည်ထက်ပို၍ လက်မှတ်များ ပိုမိုရောင်းချနေသည်ကို ကောင်းစွာတွေ့မြင်နေရကြောင်း ဦးကျော်သန့်လွင်က ဝန်ခံပြောကြားသည်။

“စတားမိုးယံလို ကုမ္ပဏီကြီးတွေကိုယ်စား ထီလက်မှတ်ဝယ်ယူပေးတဲ့သူ ဘယ်လောက်ရှိတယ်ဆိုတာ ကျွန်တော်တို့ မသိပါဘူး။ ဒီကိစ္စကို ကျွန်တော်တို့ မစစ်ဆေးနိုင်ပါဘူး” ဟု သူကပြောသည်။

လက်တဆုပ်စာ ဖြန့်ဖြူးရေး ကုမ္ပဏီကြီးတွေက အောင်ဘာလေသိန်းဆုဌာနခွဲထံမှ မျှတမှုမရှိသော အခွင့်ထူးများကို ရယူထားကြသည်ဟု အချို့ကယုံကြည်နေကြသည်။ အစိုးရထံမှ ထီလက်မှတ်များကို တိုက်ရိုက်ဝယ်ယူနိုင်သည်ဟု မူအရ ပြောနိုင်သော်လည်း လက်တွေ့တွင် ကုမ္ပဏီအချို့သာလျှင် အများအပြားရရှိနေပြီး သူတို့က အသေးစားဖြန့်ချိသူနှင့် လက်လီရောင်းချသူများကို ပြန်လည်ရောင်းချကာ အမြတ်ထုတ်နေကြသည်။

“လက်လီရောင်းချဖို့ လျှောက်ထားတဲ့ အရောင်းသမားတိုင်းကို ဌာနခွဲက ရောင်းချပေးသင့်ပါတယ်။ အခုအချိန်မှာတော့ လူတိုင်းသိနေကြတဲ့ ကုမ္ပဏီကြီးတွေကသာ လက်မှတ်တွေ အများအပြား ဝယ်ယူနေကြပါတယ်။ တရားမျှတတဲ့ ယှဉ်ပြိုင်မှုမဟုတ်ပါဘူး” ဟု မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်မှ အောင်ဘာလေ ထီလက်မှတ်လက်လီရောင်းချသူ ဒေါက်တာသောင်းကျော်စိုးက ပြောသည်။

ဒေါက်တာသောင်းကျော်စိုးသည် စတားမိုးယံနှင့် ရွှေမြန်မာတို့ထံမှဝယ်ယူ၍ စဉ့်ကိုင်တွင် လစဉ်ထီလက်မှတ် စောင်ရေ ၅၀,၀၀၀ မှ ၆၀,၀၀၀ အထိ ရောင်းချလျက်ရှိသည်။

“အောင်ဘာလေ ထီလုပ်ငန်းကနေ ထီလက်မှတ်ဝယ်ယူခွင့် တခါမှမရခဲ့ပါဘူး။ ကျွန်တော့်အဖေက ၂၀၀၀ ပြည့်နှစ်ကတည်းက ထီရောင်းတဲ့လုပ်ငန်းကို လုပ်လာခဲ့တာပါ။ အောင်ဘာလေ သိန်းဆုဌာနခွဲကို အကြိမ်ပေါင်းများစွာ သူလျှောက်ထားခဲ့ပေမဲ့ တခါမှ ဝယ်ယူခွင့်မရခဲ့ပါဘူး။ ပြီးခဲ့တဲ့နှစ်က အောင်ဘာလေ သိန်းဆုဌာနခွဲကို ကျွန်တော်လည်း လျှောက်ထားခဲ့ပါတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး” ဟု သူကပြောသည်။

ပြဿနာတစ်ခုမှာ ထီလုပ်ငန်းကို ကြီးကြပ်ထိန်းသိမ်းသည့် ဥပဒေမရှိခြင်းဖြစ်သည်။ ရှိသမျှမှာ အမိန့်ညွှန်ကြားချက်များနှင့် အမိန့်ကြော်ငြာစာများသာဖြစ်သည်။

ယင်းအခြေအနေကြောင့် သတ်မှတ်ဈေးနှုန်း ထီတစ်စောင် ကျပ် ၅၀၀ ထက်ပို၍ ရောင်းချဖြန့်ချိသူများအား အရေးယူပေးရန် တိုင်တန်းချက်များကို ပြည်တွင်းအခွန်များဦးစီးဌာန၏ အစိတ်အပိုင်းတစ်ခုဖြစ်သော အောင်ဘာလေ သိန်းဆုဌာနခွဲက ဆောင်ရွက်မပေးနိုင်သည့် သဘောမျိုးဖြစ်နေကြောင်း ဦးကျော်သန့်လွင်က ပြောသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာနနှင့် ဌာနခွဲက ဥပဒေမူကြမ်းတစ်ရပ် ရေးဆွဲ၍ ၂၀၁၁ ခုနှစ်တွင် လွှတ်တော်သို့ တင်သွင်းခဲ့သော်လည်း အတည်မပြုနိုင်သေးပေ။ ဥပဒေတွင် ဖြန့်ဖြူးသူများအား ကြီးကြပ်မည့် ပြဋ္ဌာန်းချက်များ ပါရှိသည့်အပြင် လက်မှတ်လက်လီရောင်းချသူများနှင့် ထီထိုးသူများအတွက် စည်းကမ်းချက်များကို ပြတ်သားစွာ ချမှတ်ထားကြောင်း ဦးကျော်သန့်လွင်ကပြောသည်။ 

“ဒီဥပဒေနဲ့ဆိုရင်တော့ ထီလက်မှတ်တွေရဲ့ ဈေးနှုန်းတွေကို ကျွန်တော်တို့ ထိန်းချုပ်နိုင်မှာပါ။ ဒါပေမဲ့ ဥပဒေက တခုမှမရှိသေးတော့ ဥပဒေအရ ကျွန်တော်တို့ အရေးယူလို့ မရသေးပါဘူူး။ ကျွန်တော်တို့ လုပ်နိုင်တာကတော့ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ဈေးနှုန်းထက် အများကြီးပိုရောင်းလို့  တိုင်ကြားလာရင် လက်လီရောင်းတဲ့သူကို သတိပေးပြီး နောက်နောင်ထီလက်မှတ်ချပေးတဲ့အခါမှာ စောင်ရေလျှော့ပေးပါတယ်” ဟု သူကပြောသည်။

ထီတစ်စောင်ရောင်းဈေးကို ကျပ် ၅၀၀ သတ်မှတ်ထားသော်လည်း ရန်ကုန်တွင် ကျပ် ၆၅၀၊ ၇၀၀ နှင့် ကျေးလက်ဒေသနှင့်မြို့နယ်များ၌ ကျပ် ၇၀၀၊ ၈၀၀ ရောင်းချနေကြသည်။ ဓာတ်ပုံ - စတိဗ်တစ်ခ်နာ

ထီတစ်စောင်ရောင်းဈေးကို ကျပ် ၅၀၀ သတ်မှတ်ထားသော်လည်း ရန်ကုန်တွင် ကျပ် ၆၅၀၊ ၇၀၀ နှင့် ကျေးလက်ဒေသနှင့်မြို့နယ်များ၌ ကျပ် ၇၀၀၊ ၈၀၀ ရောင်းချနေကြသည်။ ဓာတ်ပုံ – စတိဗ်တစ်ခ်နာ

ယခင်နှစ်က ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသည် ဥပဒေကြမ်းတစ်စောင်ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ခဲ့ပြီး ထီလုပ်ငန်းနှင့် လုပ်ငန်းအကောင်အထည်ဖော်ရာ၌ ပိုမိုရှုပ်ထွေးနိုင်သည့် အီလက်ထရွန်းနစ်ထီစနစ်၊ သို့မဟုတ် e-lottery အတွက် လိုအပ်သော သီးခြားဥပဒေတစ်ရပ် ရေးဆွဲရန် ထောက်ခံတင်ပြခဲ့သည်။

ထီလုပ်ငန်းမှ ငွေကြေးခဝါချမှုအန္တရာယ် ဖြစ်ပေါ်လာမည်ကို ပြည်သူ့လွှတ်တော် ဥပဒေမူကြမ်းကော်မတီက စိုးရိမ်နေကြောင်း ကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်း( အင်န်အယ်လ်ဒီ၊ ပြည်ကြီးတံခွန်)က ပြောသည်။

ထီဆုငွေများကို အခွန်လွတ်ဝင်ငွေများအဖြစ် သတ်မှတ်ပြီး ယင်းအချက်ကိုလည်း တရားဝင် စာရွက်စာတမ်း အထောက်အထားနှင့် ပေးသည့်အတွက် ထီလက်မှတ်ရောင်းသည့်ကုမ္ပဏီများက ထီပေါက်သော လက်မှတ်များကို ဖောက်သည်များထံမှ ပြန်လည်ဝယ်ယူရန် ဆန္ဒပြင်းပြစွာရှိကြသည်။ ထို့နောက် အခွန်ကင်းလွတ်ခွင့်ရ ဝင်ငွေများကို အောင်ဘာလေထီဌာနခွဲထံမှ ပြန်လည်ထုတ်ယူကြသည်။

“ဥပမာ ကျွန်တော့်သားက ၂၀၀၀ ပြည့်နှစ်မှာ ကျပ် ၂ သန်းထီ ပေါက်တယ်ဆိုပါစို့။ ကျွန်တော်တို့က ထီလက်မှတ်ကို လက်လီရောင်းတဲ့သူကိုပေးလိုက်ရင် သူကကျွန်တော်တို့ကို ငွေထုတ်ပေးပါတယ်။ ဒီလိုဘာလို့လုပ်သလဲဆိုတော့ ထီဆုငွေကို အောင်ဘာလေသိန်းဆုဌာနခွဲကနေ ဘယ်လိုတောင်းရမယ်ဆိုတာ ကျွန်တော်တို့ မသိကြလို့ပါ” ဟု ဦးကျော်စိုးလင်းကပြောသည်။

အောင်ဘာလေ ဌာနခွဲက ထီဆုငွေကိုမထုတ်မီ ထီပေါက်သူများထံမှ ထီပေါက်သောလက်မှတ်များကို ပြန်ဝယ်သည်မှာ လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်ကြောင်း နယ်ကျေးလက်ပိုင်းတွင် လစဉ်ထီလက်မှတ်စောင်ရေ ၃,၀၀၀ ဝန်းကျင်ရောင်းချနေသော ရန်ကုန်အခြေစိုက် ထီလက်လီရောင်းချသူ ဦးသန်းစိုးဟိန်းက ပြောသည်။

သို့သော် အရာရှိများက ယင်းပြဿနာထိန်းချုပ်ရေးကို ဆန့်ကျင်နေသည့်လက္ခဏာ ရှိသည်။ ထီပေါက်သော လက်မှတ်များကို ဖြေရှင်းရန်မှာ ဌာနခွဲ၏ကိစ္စမဟုတ်ကြောင်း ဦးကျော်သန့်လွင်ကပြောသည်။

ပြည်သူ့လွှတ်တော် ဥပဒေမူကြမ်းကော်မတီက အောင်ဘာလေ ထီဥပဒေကို လိုအပ်သည်များ ပြန်လည်ဖြည့်စွက်ခြင်း၊ အီလက်ထရွန်းနစ်ထီနှင့် အောင်ဘာလေ ထီလုပ်ငန်းကို ခွဲခြားကာ ဥပဒေကြမ်း ပြန်လည်ရေးသားရန် သက်ဆိုင်ရာ စီမံဘဏ္ဍာဝန်ကြီးဌာနကို ယခုနှစ်လယ်ပိုင်းကပင် ပြန်လည်မှတ်ချက်ပြုထားသည်။

လက်ရှိအခြေအနေတွင်လည်း ထီလုပ်ငန်းမှာ ကောင်းမွန်စွာ လည်ပတ်နိုင်သည့် အခြေအနေရှိနေခြင်းကြောင့် ယင်းပန်ကြားချက်အတိုင်း ဥပဒေမူကြမ်း ပြန်လည်ရေးဆွဲရန် သူ၏ဌာနတွင် အစီအစဉ်မရှိသေးကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထွဋ်ကပြောသည်။

“ဥပဒေမရှိဘဲ ပုံမှန်အတိုင်း ကျွန်တော်တို့ ထီဖွင့်လို့ရပါတယ်။ ကျွန်တော်တို့က ဥပဒေပြန်ဆွဲဖို့ မလိုပါဘူး၊ ထီလုပ်ငန်းကို ဆောင်ရွက်ဖို့ အစိုးရမှာ အာဏာရှိပါတယ်” ဟု ၎င်းကပြောသည်။

ထီလုပ်ငန်းဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များ

ထီလက်မှတ်တစ်စောင် တရားဝင်လက်လီဈေး – ကျပ် ၅၀၀

ထုတ်ဝေသော ထီလက်မှတ်စောင်ရေ – ၃၉ ဒသမ ၆ သန်း

ထီလက်မှတ်မှ အမြင့်ဆုံးဝင်ငွေ – ကျပ် ၁၇ ဒသမ ၈ ဘီလီယံ

ထီဆုငွေအဖြစ် ထီထိုးသူများအား ပြန်ပေးငွေ – ၆၀ ရာခိုင်နှုန်း

ချီးမြှင့်သောဆုပေါင်း – ၁၂၀,၀၀၀

အမြင့်ဆုံးထီဆု – ကျပ် ၁ ဘီလီယံ(သိန်း ၁၀,၀၀၀)

အနိမ့်ဆုံးထီဆု – ကျပ် ၅၀,၀၀၀

ဇမ္ဗူစိုး ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.