ရံပုံငွေများရှိသော်လည်း ထိရောက်စွာ အသုံးမပြုနိုင်သေးသည့် လူမှုဖူလုံရေးအဖွဲ့

လူမှုဖူလုံရေးဘုတ်အဖွဲ့တွင် ရံပုံငွေ ကျပ် ၂၄၀ ဘီလျံ စုဆောင်းရရှိထားပြီးဖြစ်ရာ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းကို အဆင့်မြှင့်တင်ပြီး လူမှုရေး စောင့်ရှောက်မှုလုပ်ငန်းများ ထိရောက်အောင်မြင်အောင် လုပ်ဆောင်နိုင်ရန် လိုလားနေသည်။

ကျော်ရဲလင်း ရေးသားသည်။

လူမှုဖူလုံရေးဘုတ်အဖွဲ့ (SSB) တွင် ရံပုံငွေကျပ် ၂၄၀ ဘီလျံကျော်ရှိနေပြီး လာမည့်နှစ်များအတွင်း များစွာ တိုးပွားလာဦးမည်ဖြစ်ရာ ထိုငွေများကို အသုံးပြု၍ လူမှုဖူလုံရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်ရန်အတွက် လုပ်ပိုင်ခွင့်များ ပိုမို ရရှိရန် လိုလားနေသည်။

ထိုသို့ ရံပုံငွေများ စုပုံ တိုးပွားလာနေပြီး SSB ၏ ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာစေရေးအတွက် လုပ်ဆောင်နေသော်လည်း ညံ့ဖျင်းနေဆဲပင်ဖြစ်သည်။ အလုပ်သမား ငါးဦးနှင့် အထက်ရှိသော စီးပွားရေးလုပ်ငန်းများမှ အလုပ်သမားအားလုံး လူမှုဖူလုံရေးရံပုံငွေ မဖြစ်မနေ ထည့်ဝင်ကြရသည်။ သို့သော် အလုပ်သမားအများစုမှာ ၎င်းတို့ ခံစားပိုင်ခွင့်များကို နားလည် သိရှိမှု မရှိကြသေးပေ။

လူမှုဖူလုံရေးခံစားခွင့် လျှောက်ထားရာတွင် အချိန်ကုန်ခြင်း၊ အလုပ်ရှုပ်ခြင်း၊ နှေးကွေး ကြာညောင်းလှခြင်းတို့ကြောင့် အများစုမှာ အလုပ်ရှုပ် မခံလိုကြချေ။ လူမှုဖူလုံရေးဆေးရုံနှင့် ဆေးခန်းအရေအတွက်မှာလည်း အနည်းငယ်သာ ရှိနေသေးသည်။ တတ်နိုင်သူများကမူ ပုဂ္ဂလိကဆေးခန်းနှင့် အစိုးရဆေးရုံများသို့သာ သွားကြလေ့ရှိသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လက်အောက်ရှိ လူမှုဖူလုံရေးအဖွဲ့ (SSB) သည် အလုပ်သမားမှတ်ပုံတင်သည့် လုပ်ငန်းတွင်မူ အတော်ပင် တိုးတက်ကောင်းမွန်လာသည်။ ပြီးခဲ့သည့် ဇူလိုင်လအထိ မှတ်ပုံတင်ပြီး အလုပ်သမားစုစုပေါင်း ၁,၂၃၀,၆၈၆ ဦးရှိရာ ၎င်းတို့ထဲမှ ၈၀၀,၀၀၀ ကျော်မှာ ၂၀၁၄ ခုနှစ်တွင် လူမှုဖူလုံရေး ဥပဒေအား စတင် အကောင်အထည်ဖော်ခဲ့ချိန်ကတည်းက မှတ်ပုံတင်ခဲ့ကြသူများ ဖြစ်သည်။

သြဂုတ် ၈ ရက်နေ့တွင် နေပြည်တော်ရှိ၊ လူမှုဖူလုံရေးအဖွဲ့ရုံးချုပ်တွင် ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးကို Frontier က တွေ့ဆုံမေးမြန်းခဲ့ရာ ၎င်းက စနစ်သစ်အောက်တွင် တိုးတက်မှုများ ရှိခဲ့ကြောင်း၊ သို့ရာတွင် နောက်ထပ် တိုးတက်ပြောင်းလဲမှုများ လုပ်နိုင်ရန် ကိုယ်ပိုင်လုပ်ပိုင်ခွင့်များ ပိုမိုရှိရန် လိုအပ်နေကြောင်း ပြောကြားသည်။

“ကျွန်တော်တို့ရဲ့ လုပ်ကိုင်နိုင်စွမ်းတွေ ပိုကောင်းလာဖို့ လွတ်လပ်စွာလုပ်ကိုင်နိုင်ဖို့ လိုပါတယ်” ဟု ၎င်းက ပြောသည်။

၁၉၅၄ ခုနှစ်က ပြဋ္ဌာန်းခဲ့သော လူမှုဖူလုံရေးဥပဒေကို အစားထိုးပြဋ္ဌာန်းလိုက်သော ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေတွင် SSB အနေဖြင့် ဘဏ္ဍာရေးအရ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိသည်ဟု ဖော်ပြပါရှိသည်။ သို့သော် SSB သည် အစိုးရဌာနတစ်ခုကဲ့သို့ လုပ်ဆောင်နေရသည်။

“SSB ဟာ သင့်တော်တဲ့အချိန်မှာ ဘဏ္ဍာရေးအရ လွတ်လပ်ခွင့်ရှိတယ်လို့ ဥပဒေက ဆိုထားပါတယ်။ လောလောဆယ်မှာတော့ ကျွန်တော်တို့ဟာ ဝန်ကြီးဌာနလက်အောက်က ဌာနတစ်ခုမျှသာ ဖြစ်ပါတယ်။ အဆိုပြုလွှာတွေ တင်ပြီး ဘတ်ဂျက်တောင်းတာတွေကို တဆင့်ချင်း လုပ်နေရတုံးပါဘဲ။ ဒီတော့ ရှေ့ဆက်သွားဖို့ အခက်အခဲတွေရှိတာပေါ့” ဟု ၎င်းကပြောသည်။

“လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ဖို့အတွက် အချုပ်အချယ် ကင်းလွတ်ဖို့ လိုပါတယ်။ လွတ်လွတ်လပ်လပ်ဆိုလို့ စည်းမရှိ၊ ကမ်းမရှိ လုပ်ချင်သလိုလုပ်ဖို့ ပြောတာမဟုတ်ပါဘူး။ လိုအပ်နေတာတွေကို ဆောင်ရွက်နိုင်ဖို့အတွက် လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်တဲ့ လုပ်ပိုင်ခွင့်ရဖို့ လိုပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဝန်ဆောင်မှုများ 

လူမှုဖူလုံရေးဌာန လက်အောက်ရှိ ဆေးရုံ သုံးရုံနှင့် ဆေးပေးခန်း ၉၆ ခုတို့တွင် ဝန်ဆောင်မှုညံ့ဖျင်းကြောင်းနှင့် ခံစားခွင့်များ ထုတ်ပေးရာတွင်လည်း ကြန့်ကြာမှုများရှိကြောင်း တိုင်ကြားစာများကို မကြာခဏ လက်ခံရရှိသည်ဟု ဦးမောင်မောင်အေးက ပြောသည်။ အကယ်၍သာ ဘုတ်အဖွဲ့အနေနှင့် ၎င်းတို့၏ ရံပုံငွေများကို လွတ်လပ်စွာ စီမံခန့်ခွဲခွင့် ရရှိမည်ဆိုပါက ဆရာဝန်များကို အလွယ်တကူ ငှားရမ်းပြီး ဆေးခန်းများတွင် ဝန်ဆောင်မှု တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နိုင်မည်ဖြစ်သည်။ လူမှုဖူလုံရေးဘုတ်အဖွဲ့ လက်အောက်ရှိ ဆေးရုံ၊ ဆေးခန်းများတွင် လုပ်ကိုင်နေကြသော ဆရာဝန်များနှင့် သူနာပြုများကို အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနက စေလွှတ် တာဝန်ချထားခြင်းဖြစ်ကြောင်းနှင့် ဆရာဝန်တစ်ဦးလျှင် လစာအဖြစ် တစ်လလျှင် အများဆုံး ကျပ် နှစ်သိန်းထက် ပိုပေးခွင့်မရှိကြောင်း ဦးမောင်မောင်အေးက ပြောသည်။

“ဝန်ထမ်းအင်အား မလုံလောက်တော့ ထိရောက်တဲ့ ကျန်းမာရေး ဝန်ဆောင်မှုပေးနိုင်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။ အပြင်မှာ ဆရာဝန်တစ်ယောက်က အနည်းဆုံး တစ်လ လေးသိန်းလောက်ရနေတော့ ဆရာဝန်တွေ ကျွန်တော်တို့ဆီမှာ အလုပ်မလုပ်ချင်တာ အံ့သြစရာမရှိပါဘူး” ဟု ဦးမောင်မောင်အေးကပြောသည်။

ဝန်ထမ်းအင်အား မလုံလောက်မှု အခက်အခဲကို ကျော်လွှားနိုင်ရေးအတွက် လူမှုဖူလုံရေးအဖွဲ့က ရန်ကုန်အခြေစိုက် Care Well Medical နှင့် သဘောတူညီမှုတစ်ခုကို ၂၀၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုသဘောတူညီချက်ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း SSB- Care Well ဆေးခန်းများကို လှိုင်သာယာမြို့နယ်တွင် နှစ်ခု၊ မင်္ဂလာဒုံနှင့် ရွှေပြည်သာမြို့နယ်များတွင် တစ်ခုစီ ဖွင့်လှစ်နိုင်ခဲ့သည်။ လူမှုဖူလုံရေး အာမခံထားသော အလုပ်သမားများက လူမှုဖူလုံရေး ဆေးခန်းများထက် ထိုဆေးခန်းများကို ပို၍ ယုံကြည်အားထားကြကြောင်းလည်း တွေ့ရှိရသည်။

SSB-Carewell ဆေးခန်းများကို အလုပ်သမားများက ပိုမိုအားကိုးကြကြောင်း တွေ့ရှိရသည်။ ဓာတ်ပုံ-တေဇလှိုင်

SSB-Carewell ဆေးခန်းများကို အလုပ်သမားများက ပိုမိုအားကိုးကြကြောင်း တွေ့ရှိရသည်။ ဓာတ်ပုံ-တေဇလှိုင်

၎င်းပြင် ဝယ်သူ- ပေးသူ ဝေမျှခံသောစနစ် purchaser- provider-spit (PPS) ကို ပုဂ္ဂလိကဆေးရုံများနှင့် တွဲဖက်၍ တစ်နှစ် စမ်းသပ်စီမံကိန်းအဖြစ် မြိတ်၊ မြစ်ကြီးနားနှင့် တောင်ကြီးမြို့များတွင် ဧပြီ ၃၀ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ကြောင်း ဦးမောင်မောင်အေးက ပြောသည်။

ထိုစနစ်တွင် SSB နှင့် ကန်ထရိုက်စာချုပ် လက်မှတ်ရေးထိုးထားသော ပုဂ္ဂလိကဆေးရုံများတွင် အာမခံထားသော အလုပ်သမားများ တက်ရောက်ဆေးကုသနိုင်သည်။ သတ်မှတ်ထားသော ဈေးနှုန်းဖြင့် ဆေးရုံက SSB ထံ ဝန်ဆောင်ခ တင်ပြတောင်းဆိုရသည်။ ထိုအထဲတွင် ဆေးကုသစရိတ်၊ အခြားစရိတ်နှင့် ဆေးဝါးဖိုးများ ပါဝင်သည်။ အလုပ်သမားက တစ်ပြားတစ်ချပ်မျှ ပေးရန် မလိုအပ်ပေ။

သို့သော် လူနာက စာချုပ်တွင် ပါဝင်ခြင်းမရှိသော ဝန်ဆောင်မှုလိုအပ်ပါက အဆိုပါလူနာကို လူမှုဖူလုံရေးဆေးရုံသို့ လွှဲပြောင်းပေးရမည်ဟု ဦးမောင်မောင်အေးက ပြောသည်။ စမ်းသပ်စီမံကိန်းတွင် အာမခံထားရှိသော အလုပ်သမားများကို ပုဂ္ဂလိကဆေးရုံများက ကျန်းမာရေးစောင့်ရှောက်မှု ပေးနေကြောင်း၊ အနာဂတ်တွင် ပြည်သူ့ဆေးရုံများကလည်း ကျန်းမာရေး ဝန်ဆောင်မှုပေးနိုင်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးမောင်မောင်အေးက ပြောသည်။ SSB နှင့် သဘောတူစာချုပ် ချုပ်ဆိုထားသော ဆေးရုံ၊ ဆေးခန်းများတွင် သတ်မှတ်ထားသော ကျန်းမာရေးဝန်ဆောင်မှုအတွက် သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း SSB က ပေးဆောင်ပြီး လူနာအလုပ်သမားက တစ်ပြားတစ်ချပ်မျှ ပေးရန် မလိုအပ်ပေ။

“စမ်းသပ်စီမံကိန်းပြီးသွားရင် ပြန်လည်သုံးသပ်ပြီး နောက်ထပ် ပုဂ္ဂလိကဆေးရုံတွေကိုလည်း ပါဝင်လာအောင် ဖိတ်ခေါ်မှာပါ။ SSB ရဲ့ ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းကို PPS စနစ်အောက်မှာ ထပ်မံ တိုးချဲ့ဆောင်ရွက်ဖို့ ဝန်ကြီးကလည်း သဘောတူထားပါတယ်။ ရန်ကုန်နဲ့ အခြားမြို့နယ်တွေမှာလည်း လုပ်ငန်းတိုးချဲ့ဖို့ ပုဂ္ဂလိကဆေးရုံတွေနဲ့ ညှိနှိုင်းနေပါတယ်။ ပြည်သူ့ဆေးရုံတွေလည်း ပါဝင်လာမှာပါ” ဟု ဦးမောင်မောင်အေးကပြောသည်။

ဝန်ကြီးဌာနမူဝါဒက ပုဂ္ဂလိကဆရာဝန်များ ငှားရမ်းခြင်းကို မထောက်ခံသော်လည်း SSB အနေဖြင့် ဆေးရုံ၊ ဆေးခန်းများကို ၎င်းရဲ့စီမံခန့်ခွဲမှုအောက်တွင် ဆက်လက်စီမံလုပ်ကိုင်သွားမည်ဟု ၎င်းကပြေသည်။

“အာမခံထားတဲ့ အလုပ်သမားတွေရဲ့ ယုံကြည်ကိုးစားမှုရဖို့ လုပ်စရာတွေ အများကြီး ရှိနေသေးတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်” ဟုလည်း ၎င်းက ပြောသည်။

စုပုံနေသည့် ရံပုံငွေများ

ပြီးခဲ့သည့် အတိတ်ကာလများအတွင်း အလုပ်သမားများအကြား နစ်နာကြေးများ ခံစားခွင့်ရှိသည်ကို သိရှိမှုနည်းပါးကြခြင်းနှင့် အလုပ်သမားများထံ ရပိုင်ခွင့်များ ထုတ်ပေးရာတွင် ကြန့်ကြာမှုများ ရှိခဲ့ခြင်းတို့ကြောင့်  လူမှုဖူလုံရေးဘုတ်အဖွဲ့ထံတွင် ရံပုံငွေ ကျပ် ၂၄၀ ဘီလျံအထိ စုဆောင်းမိနေသည်ကို ဦးမောင်မောင်အေးက အသိအမှတ်ပြု ပြောကြားခဲ့သည်။

အလုပ်သမားများ၏ လူမှုဖူလုံရေး ထည့်ဝင်ငွေများ၊ အသုံးစရိတ်များနှင့် ပြန်လည်ထုတ်ပေးငွေများနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များ ထုတ်ပေးရန်ကိုမူ ဦးမောင်မောင်အေးက ငြင်းဆိုခဲ့သည်။ ဌာနတွင်းနှင့် စာရင်းစစ်ချုပ်ရုံးမှ စာရင်းစစ်များက ပုံမှန်စစ်ဆေးမှုများ ပြုလုပ်နေသည်ဟုသာ ၎င်းက ပြောကြားသည်။ ရံပုံငွေများကို မြန်မာ့စီးပွားရေးဘဏ်တွင် အပ်နှံထားရှိပြီး ပုံမှန်အတိုးများလည်း ရရှိနေသည်ဟု ၎င်းက ပြောကြားသည်။

သို့သော်လည်း ဝင်ငွေနှင့် အသုံးစားရိတ်ဆိုင်ရာ အချက်အလက်အချို့ကိုမူ ၎င်းက ထုတ်ဖော်ပြောကြားခဲ့သည်။ ယခုနှစ် တစ်နှစ်တည်းမှာပင် အလုပ်သမားများထံမှ ထည့်ဝင်ငွေ ကျပ် ၉၅ ဘီလီယံ ရရှိမည်ဟု မျှော်လင့်ရကြောင်း ဦးမောင်မောင်အေးက ပြောသည်။ လွန်ခဲ့သော လေးနှစ်တာကာလအတွင်း အလုပ်သမားများထံမှ နစ်နာကြေးတောင်းခံမှု ၆၀၇,၃၀၂ မှုရှိခဲ့ရာ စုစုပေါင်း ကျပ် ၂၄ ဒသမ ၆၈၁ ဘီလျံ ပြန်လည်ထုတ်ပေးခဲ့ကြောင်းလည်း ၎င်းကပြောသည်။ စီမံခန့်ခွဲမှုအတွက် အသုံးစရိတ်အဖြစ် အများဆုံး ၂၅ ရာခိုင်နှုန်းကိုသာ အသုံးပြုနိုင်ကြောင်းလည်း သိရသည်။

“အာမခံထားတဲ့ အလုပ်သမားတွေက သူတို့ရဲ့ ခံစားခွင့်တွေကို ပိုမိုသိရှိလာကြတော့ SSB ထဲ ပိုပြီး ဝင်လာကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်” ဟု ဦးမောင်မောင်အေးက ပြောသည်။ ဘဏ္ဍာရေးအရ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ပေးရန်သာမက အစိုးရဝန်ထမ်းများအားလုံး SSB တွင် ရံပုံငွေ ထည့်ဝင်လာရေးအတွက် တိုက်တွန်းနိုင်ရန် ၂၀၁၂ လူမှုဖူလုံရေးဥပဒေကို လာမည့်နှစ်အတွင်း ပြင်ဆင်ကြလိမ့်မည်ဟု ၎င်းတို့က မျှော်လင့်ထားသည်။ လက်ရှိ ဥပဒေပုဒ်မ ၁၂ (က) အရ အစိုးရဌာန ဝန်ထမ်းများ၊ အစိုးရ အဖွဲ့အစည်းများမှ ဝန်ထမ်းများ (သို့မဟုတ်) စီးပွားရေး လုပ်ကိုင်ခြင်း မပြုသော ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ ဝန်ထမ်းများသည် ဤဥပဒေနှင့် အကြုံးမဝင်ဟု ဖော်ပြထားသည်။

ဥပဒေကိုပြင်ဆင်လိုက်ပါက အစိုးရဝန်ထမ်း ရှစ်သိန်းကျော်သည် SSB အစီအစဉ်သို့ ဝင်ရောက်လာနိုင်ကြလိမ့်မည်ဟု SSB ၏ အာမခံဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းနုက ပြောသည်။ “ဒီနေ့ထိ အစိုးရဝန်ထမ်း ၁၆,၀၀၀ လောက်ပဲ SSB ထဲ ဝင်ရပါသေးတယ်” ဟု ၎င်းက Frontier ကို ပြောသည်။

ကိုယ်ပိုင်စီမံခွင့်နှင့် တာဝန်ခံမှု

SSB ၏ အုပ်ချုပ်ရေးစနစ်၊ အိုင်တီစနစ်၊ ကျန်းမာရေးဝန်ဆောင်မှုနှင့် တရားဥပဒေမူဘောင်များ တိုးတက်အောင် အဆင့်မြှင့်တင်ရန် ကုလသမဂ္ဂ အေဂျင်စီတစ်ခုဖြစ်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) က နည်းပညာအကူအညီများ ပေးလျက်ရှိသည်။

SSB ကို နိုင်ငံတော်ဘတ်ဂျက်အပေါ် မှီခိုမှုမပြုဘဲ ဝန်ထမ်းသစ်များ ခေါ်ယူနိုင်ရေး၊ ပြင်ပအဖွဲ့အစည်းများနှင့် လုပ်ငန်း ကန်ထရိုက်စာချုပ်များ ချုပ်ဆိုနိုင်ရေး၊ ပစ္စည်းနှင့် အခြေခံ အဆောက်အအုံများ အဆင့်မြှင့်တင်နိုင်ရေးတို့အတွက် ပိုမို လွတ်လပ်စွာ လုပ်ပိုင်ခွင့်များပေးရန် ILO က ထောက်ခံတင်ပြထားကြောင်း ဆက်သွယ်ရေးအရာရှိဖြစ်သူ Mr. Rory Mungoven ကပြောသည်။

တချိန်တည်းမှာပင် စာရင်းစစ်နှင့် အာမခံကိန်းဂဏန်းဆိုင်ရာ စံညွှန်းများ ပိုမိုကောင်းမွန်ရေး၊ ဆုံးဖြတ်ချက်များချရာတွင် အလုပ်ရှင်နှင့် အလုပ်သမားများ၏ ကဏ္ဍကိုပါ ထည့်သွင်းရေးတို့ အပါအဝင် SSB ၏ အုပ်ချုပ်ရေးလုပ်ငန်း ပိုမို အားကောင်းလာစေရန် လုပ်ဆောင်စရာများစွာ ကျန်ရှိနေသေးသည်။

“နောက်ဆုံးမှာ အရေးကြီးဆုံးအချက်က အလုပ်သမားများ၏ ထည့်ဝင်ငွေကို အတတ်နိုင်ဆုံး ပြန်လည်ပေးအပ်နိုင်ရန်ပဲ ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်ထားရှိရင် အထူးသဖြင့် အလုပ်ရှင်နဲ့ အလုပ်သမားတွေပါ ပါဝင်လာနိုင်ရင် အဖွဲ့ဝင် အလုပ်သမားတွေရဲ့ အကျိုးအတွက် အကောင်းဆုံး အဆုံးအဖြတ်တွေ ချမှတ်လုပ်ကိုင်လာနိုင်မှာပါ” ဟု ၎င်းက ပြောသည်။

ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာစေရန် SSB အနေနှင့် ယခုအချိန်မှာပင် လုပ်ဆောင်နိုင်သည်များ အများအပြား ရှိကြောင်း၊ အထူးသဖြင့် အဖွဲ့ဝင်အလုပ်သမားများ ရပိုင်ခွင့်တောင်းခံရာတွင် လည်းကောင်း၊ ၎င်းတို့ရပိုင်ခွင့်များကို ထုတ်ပေးရာတွင်လည်းကောင်း မလိုအပ်ဘဲ ကြန့်ကြာစေသည့် ကြိုးနီစနစ်များကို ပယ်ဖျက်ပေးခြင်းအားဖြင့် လျင်မြန် လွယ်ကူစွာရရှိအောင် ဆောင်ရွက်နိုင်သည်ဟု ၎င်းက ပြောသည်။

“လူတွေ ထိခိုက်ဒဏ်ရာရတဲ့အခါမှာဖြစ်စေ၊ မီးဖွားခွင့် တောင်းခံတဲ့အခါမှာဖြစ်စေ၊ ချက်ချင်းပေးဖို့ လိုပါတယ်။ လနဲချီအောင် အချိန်မဆွဲသင့်ပါဘူး” ဟု ၎င်းကပြောသည်။

SSB က ကျန်းမာရေးဝန်ဆောင်မှုပေးရာတွင် အာမခံထားသော အလုပ်သမားကို သာမက မှီခိုသူမိသားစုများကိုပါ ပေးခြင်းအားဖြင့် လူမှုဖူလုံရေးအာမခံစနစ်တွင် လူသန်းပေါင်းများစွာ ပါဝင်လာနိုင်စေမည်ဖြစ်သည်။ ထို့ပြင် အသုံးပြုနေသော အိုင်တီစနစ် အဆင့်မြှင့်တင်ရေးကိုလည်း လုပ်ဆောင်နေသည်။

၂၀၁၄ ခုနှစ်တွင် အစပျိုးခဲ့သော အချက်အလက်များကို ဒစ်ဂျစ်တယ်စနစ် ပြောင်းရေးနှင့် စမတ်ကတ်များ ထုတ်ပေးရေး အစီအစဉ်ကို စွန့်လွှတ်လိုက်ပြီး ပိုမိုခြုံငုံ၍ အလုံးစုံပါဝင်သော SSB Information system ပြုလုပ်ရန် နိုင်ငံတကာ တင်ဒါတစ်ခု ခေါ်ယူထားသည်။ ကုမ္ပဏီပေါင်း ၁၅ ခုက တင်ဒါတင်သွင်းထားရာ မကြာမီရွေးချယ်ပြီး တင်ဒါအောင်မြင်သော ကုမ္ပဏီကို ကြေညာမည်ဟု မျှော်လင့်ရသည်။

“လူမှုဖူလုံရေး အာမခံထားတဲ့ အလုပ်သမား ၁ ဒသမ ၂ သန်းလောက်အတွက် ဝန်ဆောင်မှုပေးနေတဲ့ SSB ဝန်ထမ်းက တနိုင်ငံလုံးမှာ စုစုပေါင်း ၂,၃၀၀ ပဲ ရှိပါတယ်။ ဒီထဲမှာ စာရွက်နဲ့ စက္ကူတွေ အခြေခံတဲ့စနစ်နဲ့ပဲ လုပ်နေကြတာဆိုတော့ ဝန်နဲ့အား မမျှအောင် ဖြစ်နေကြပါတယ်” ဟု Mungoven ကပြောပါသည်။ “ဒီစာရင်းအင်းတွေကို အဆင့်မြင့်အိုင်တီစနစ်နဲ့ လုပ်ကိုင်နိုင်ပြီဆိုရင် ကြီးမားတဲ့ခြေလှမ်းကြီးတစ်ခု ဖြစ်လာမှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ခေါင်းစီးဓာတ်ပုံ- ရန်ကုန်မြို့ရှိ လူမှုဖူလုံရေး ဆေးခန်းတစ်ခု။ ဓာတ်ပုံ- တေဇလှိုင်

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.