အကျိုးအမြတ်မရတဲ့ ခရီးသွားလုပ်ငန်းလား

ဈေးအဆမတန်လျှော့ချထားတဲ့ ခရီးစဉ်တွေကို တရုတ်ခရီးသွားကုမ္ပဏီတွေ ရောင်းချနေတာကြောင့် မြန်မာ့ခရီးသွားဈေးကွက် ပျက်သွားမှာကို စိုးရိမ်နေကြပါတယ်

ရဲမွန် ရေးသားသည်။

တရုတ်နိုင်ငံသားတွေကို မြန်မာနိုင်ငံကို ပိုမိုလာရောက်လည်ပတ်ဖို့ ဆွဲဆောင်တဲ့အနေနဲ့ မြန်မာအစိုးရက တရုတ်ဧည့်သည်တွေကို ဆိုက်ရောက်ဗီဇာ ခွင့်ပြုပေးလိုက်ပြီးနောက် “zero budget” သို့မဟုတ် “zero dollar”  လို့ သိထားကြတဲ့ ခရီးစဉ်တွေနဲ့ တရုတ်ခရီးသည်တွေ ရောက်ရှိလာကြတာကို ခရီးသွားလုပ်ငန်း အသိုင်းအဝိုင်းက စိုးရိမ်နေကြပါတယ်။

ရခိုင်ပြည်နယ်ပြဿနာကြောင့် မြန်မာနိုင်ငံကို အနောက်နိုင်ငံတွေက ခရီးသွားဧည့်သည်တွေ လာရောက်မှု ကျဆင်းနေတဲ့အတွက် အာရှနိုင်ငံတွေက ခရီးသွားတွေကို ဆွဲဆောင်ဖို့ မြန်မာအစိုးရက ကြိုးစားနေပါတယ်။ ဒီလို အာရှနိုင်ငံတွေကို မျှော်ကိုးပြီး ခရီးသွားကဏ္ဍ တဖန်ဦးမော့လာဖို့ အစိုးရက လုပ်ဆောင်နေပေမယ့် တရုတ်ခရီးသွား လုပ်ငန်းတွေကြောင့် တိုင်းပြည်ပုံရိပ်ကျဆင်းပြီး အကျိုးမရှိဖြစ်မှာကိုလည်း စိုးရိမ်လာကြပြန်ရပါတယ်။

တရုတ်ခရီးသည်တွေအတွက် ဆိုက်ရောက်ဗီဇာကို ပြီးခဲ့တဲ့အောက်တိုဘာလကနေ စတင်ပြီး ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ စာရင်းအရ ယခုနှစ် ဇန်နဝါရီကနေ စက်တင်ဘာအထိ ဗီဇာနဲ့လာတဲ့ တရုတ်ခရီးသည် ၁၉၈,၂၅၆ဦးရှိပြီး ပြီးခဲ့တဲ့နှစ် အနေအထားနဲ့ နှိုင်းယှဉ်ရင် ၃၃ ရာခိုင်နှုန်း တိုးတက်လာတာကို တွေ့ရပါတယ်။

ဒါပေမယ့် တရုတ်နိုင်ငံအခြေစိုက် တရုတ်ခရီးသွားကုမ္ပဏီ တွေနဲ့ မြန်မာနိုင်ငံအခြေစိုက် အချို့သော တရုတ် ခရီးသွားကုမ္ပဏီတွေက မြန်မာနိုင်ငံခရီးစဉ်ကို သာမန်ထက်ဈေးထက် အဆမတန် လျှော့ချကာ zero budget tour သဖွယ် ရောင်းချနေတာတွေ ရှိနေတာကြောင့် ဟိုတယ်/ခရီး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်ကိုယ်တိုင် သတိပေးထားရတယ်လို့ ဝန်ကြီးရဲ့ အကြံပေးဖြစ်တဲ့ ဦးခင်ဇော်က ပြောပါတယ်။

Zero Budget Tour ဆိုတာဟာ အမှန်တကယ် ကုန်ကျမယ့်စရိတ်ထက် အဆပေါင်းများစွာ ဈေးလျှော့ချပြီး ရောင်းတဲ့ ခရီးစဉ်မျိုးကို ဆိုလိုတာဖြစ်ပြီး တချို့ခရီးစဉ်တွေဆိုရင် လေယာဉ်လက်မှတ်ခသာသာပဲရှိတဲ့ ခရီးစဉ်တွေလည်း ရှိပါတယ်။

တရုတ်ဧည့်လမ်းညွှန်တွေရဲ့ ပြောကြားချက်အရ မြန်မာနိုင်ငံမှာ အဲဒီလို ဈေးလျှော့ရောင်းတဲ့ကုမ္ပဏီ လေးခုလောက် ရှိပြီး တရုတ်နိုင်ငံကနေ ရန်ကုန်-ပုဂံ-ငွေဆောင် ၆ ရက်ခရီးစဉ်ကို လေယာဉ်လက်မှတ်ခ အပါအဝင် တရုတ်ယွမ်ငွေ ၁,၈၉၉  (မြန်မာကျပ် ၄၄၂,၄၆၇)၊ မန္တလေး-နေပြည်တော်-ပုဂံ ၆ ရက်ခရီးစဉ်ကို တရုတ်ယွမ်ငွေ ၁,၁၉၉  (မြန်မာကျပ် ၂၇၉,၃၆၇) နဲ့ ရောင်းချနေကြပါတယ်။

ဒါပေမယ့် သာမန်ထက် ဈေးလျှော့ရောင်းတဲ့ခရီးစဉ်ကို ဝယ်ယူတဲ့ တရုတ်ခရီးသွားဧည့်သည်တွေထံက တခြားနည်းနဲ့ ငွေရဖို့အတွက် ခရီးစဉ်ကို ရောင်းချထားတဲ့ကုမ္ပဏီ တွေက ကြိုးစားကြပါတယ်။

အဲဒါကတော့ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ တရုတ်စီးပွားရေးသမားတွေ ဖွင့်လှစ်ထားတဲ့ ကျောက်မျက် အရောင်းစင်တာတွေမှာ မဖြစ်မနေ ဝယ်ယူကြဖို့ ခရီးသည်တွေကို ဖိအားပေးကြတာဖြစ်ပါတယ်။ အဲဒီ အရောင်းစင်တာတွေမှာတော့ သာမန်ထက် ဈေးတင်ရောင်းချလေ့ရှိကြပါတယ်။

ခရီးသည်တွေကို ခေါ်ဆောင်သွားတဲ့ ခရီးသွားလုပ်ငန်းတွေအနေနဲ့ ဆိုင်တွေထံကနေ ကော်မရှင် ရကြလေ့ရှိတယ်လို့ မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်းရဲ့ အသင်းခွဲတစ်ခုဖြစ်တဲ့ တရုတ်ဧည့်လမ်းများအသင်းက အသင်းဝင်တစ်ဦးက ပြောပါတယ်။ အဲဒီအသင်းခွဲမှာ အသင်းဝင် ၁၅ဝ လောက်ရှိပါတယ်။

တရုတ်ဧည့်လမ်းညွှန်တစ်ဦးဖြစ်တဲ့ ကိုစိုးမင်းက တရုတ်ခရီးသွားကုမ္ဗဏီတွေအနေနဲ့ ခရီးစဉ် ကုန်ကျစရိတ်အတွက် အဲဒီဆိုင်တွေက ပစ္စည်းတွေကို ခရီးသွားတွေက ဝယ်ယူမှုကနေ ရရှိလာမယ့် ကော်မရှင်ခကနေ ပြန်လည်ရရှိဖို့ ရည်မှန်းထားကြတာ ဖြစ်တယ်လို့ ပြောပါတယ်။ အဲဒါကြောင့် ရောက်ရှိသွားတဲ့ တရုတ်ခရီးသွား ဧည့်သည်တွေအနေနဲ့ ပစ္စည်းမဝယ်ဘူးလို့ ငြင်းဆန်လို့ မရနိုင်ဘူးလို့ ပြောပါတယ်။

“ဘယ်လောက်ထိဆိုးသလဲဆိုရင် ပစ္စည်းမဝယ်တဲ့ ခရီးသွားရှိရင် နေ့လည်စာအချိန်မှာ နေ့လည်စာ မကျွေးတော့ဘူး။ စားသောက်ဆိုင်ကလဲ အဲဒီအရောင်းဆိုင်ဝင်းကြီးထဲမှာ ရှိတာဆိုတော့လေ” လို့ သူက ဆိုပါတယ်။

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်မှာ Yangon Gems and Jewelry Sales Center အမည်နဲ့ အရောင်းဆိုင်တစ်ခုကို  တရုတ်စီးပွားရေးသမားတွေက ဖွင့်လှစ်ထားပါတယ်။ အဲဒီဆိုင်ကို တရုတ်စားသောက်ဆိုင်တစ်ခုနဲ့ တွဲဖက်ပြီး ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ အဲဒီဆိုင်က တရုတ်ခရီးသွားဧည့်သည်တွေအတွက်ပဲဖြစ်ပြီး တခြားနိုင်ငံက ခရီးသည်တွေ၊ ဒါမှမဟုတ် မြန်မာနိုင်ငံသားတွေကို လက်မခံဘူးလို့ သိရပါတယ်။ Frontier က အဲဒီဆိုင်ကို သွားရောက်ချိန်မှာတော့ အမှန်ဝယ်ယူမည့်သူများကိုသာ တံခါးဖွင့်ပေးတယ်လို့ အစောင့်လုံခြုံရေးက ပြောပြီး ဝင်ရောက်ခွင့်ပြုဖို့ ငြင်းဆန်ခဲ့ပါတယ်။

ခရီးစဉ်တွေကို ဈေးလျှော့ရောင်းနေတယ်လို့ တရုတ်ဧည့်လမ်းညွှန်တွေအကြားမှာ နာမည်ထွက်နေတဲ့ တရုတ်ခရီးသွား ကုမ္ပဏီတချို့ဖြစ်တဲ့ Myanmar Land Sun International Travel Company၊ Foremost Star Travels and Tours နဲ့ Myanmar Lion King Travel Company တို့ကို Frontier က ဖုန်းတွေ၊ အီးမေးလ်တွေနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် အကြောင်းပြန်ကြားခြင်းမရှိပါဘူး။

Myanmar Land Sun International Travel Company ရဲ့ ရုံးခန်းကလည်း zero budget tour ခရီးသွားတွေ အလာများပြီး အလွန်ကျယ်ဝန်းတဲ့ Yangon Gems and Jewelry Sales Center ထဲမှာ တည်ရှိနေတာ ဖြစ်တယ်လို့ တရုတ်ဧည့်လမ်းညွန်တွေထံက သိရပါတယ်။

ဒီလို ဈေးအဆမတန်လျှော့ချထားတဲ့ ခရီးစဉ်တွေကို တရုတ်ခရီးသွားကုမ္ပဏီတွေ ရောင်းချနေတာကြောင့် ထိုင်းနဲ့ ဗီယက်နမ်နို်င်ငံလို ခရီးသွားဈေးကွက် ပျက်သွားမှာကို အစိုးရကလည်း စိုးရိမ်နေတယ်လို့ ဟိုတယ်/ခရီးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးဝင်းညွန့်က ပြောပါတယ်။

“အချိန်ယူပြီး ကိုင်တွယ်ရမယ့် ကိစ္စလည်း ဖြစ်ပါတယ်။ ဒါပေမယ့်ဈေးကွက်က အခုမှစတာ။ အရေးယူဖို့ဆိုရင်လည်း အထောက်အထား ရှိဖို့လိုတယ်”လို့ သူက ဆိုပါတယ်။

ဝန်ကြီးရဲ့ အကြံပေးဖြစ်သူ ဦးခင်ဇော်ကတော့ ဒီလိုဖြစ်နေတာတွေကို ဝန်ကြီးဦးအုန်းမောင်က အကုန်သိရှိထားတယ်လို့ ပြောပါတယ်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အောက်တိုဘာ ၃ဝ ရက်နေ့က တရုတ်ခရီးသွားကုမ္ဗဏီတွေ၊ တရုတ်လေကြောင်းလိုင်းတွေနဲ့ ဝန်ကြီးက တွေ့ဆုံခဲ့ချိန်က သာမန်ဈေးထက် လျှော့မရောင်းဖို့နဲ့ ခရီးသွားတွေကို မလိမ်ကြဖို့ ဝန်ကြီးက မှာကြားခဲ့တယ်လို့ သိရပါတယ်။

“ဝန်ကြီးက အကုန်သိပါတယ်။ အဲဒါကြောင့် သတိပေးခဲ့တာ ဖြစ်ပါတယ်။ သတိပေးပြီးနောက်ပိုင်း ဆက်လုပ်နေမယ်ဆိုရင် ကုမ္ပဏီလိုင်စင် သိမ်းရမယ့်အဆင့်ထိ အရေးယူခံရပါလိမ့်မယ်”လို့ ဦးခင်ဇော်က ပြောပါတယ်။

ဒါ့အပြင် တရုတ်ခရီးသွားကုမ္ဗဏီတွေရဲ့ အပြုအမူတွေကို မနှစ်သက်တဲ့ တရုတ်ခရီးသွားတွေအနေနဲ့ သက်ဆိုင်ရာ ဌာနတွေကို တိုင်ကြားသင့်သလို အာဏာပိုင်တွေကလည်း အရောင်းစင်တာတွေကို စစ်ဆေးသင့်တယ်လို့ ပြောပါတယ်။

ကျောက်မျက်ရတနာ အရောင်းစင်တာတွေရဲ့ လုပ်ငန်းလိုင်စင်နဲ့ အခွန်ဆောင်တဲ့ပမာဏတွေကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနတွေအနေနဲ့ သေချာစိစစ်သင့်တယ်လို့ သူက ဆက်ပြောပါတယ်။ ဒါ့အပြင် သူက မြန်မာ-တရုတ် ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့နဲ့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်တို့ကိုလည်း ပြစ်တင်ပြေကြားခဲ့ပါတယ်။

“အခုလိုဖြစ်နေတာတွေကို စစ်ဆေးရမှာ”လို့ ဦးခင်ဇော်က ဆိုပါတယ်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ကတော့ သူတို့အနေနဲ့ zero budget tour ကိစ္စကို စောင့်ကြည့်နေပေမယ့် တရုတ်ခရီးသွားဈေးကွက် အစပြုတာ မကြာသေးတဲ့အတွက် အခြေအနေက ဆိုးဆိုးရွားရွား မဟုတ်သေးဘူးလို့ သတ်မှတ်ထားပါတယ်။

“ဆိုးဆိုးရွားရွား မဖြစ်သေးဘူးလေ။ တစ်ယောက်နဲ့တစ်ယောက်တော့ ပြိုင်ကြမှာပေါ့။ အဲဒီလို ဈေးလျှော့ ရောင်းနိုင်တဲ့သူကို မရောင်းနိုင်တဲ့သူက အပြစ်ပြောတာ ထုံးစံပဲလေ” လို့ MTF ရဲ့ ဥက္ကဋ္ဌ ဦးရန်ဝင်းက ပြောပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာ တရုတ်တွေရဲ့ zero budget tour တွေ များပြားလာမယ်ဆိုရင်တော့  ဘယ်လို ကိုယ်တွယ်ရမယ်ဆိုတာကို မသိဘူးလို့ ဦးရန်ဝင်းက ဝန်ခံပါတယ်။

တရုတ်ခရီးသွားလုပ်ငန်းတွေရဲ့ Zero budget tour ကြောင့် မြန်မာနိုင်ငံအတွက် အကျိုးအမြတ် မရှိနိုင်သလို အဲဒီခရီးစဉ်တွေမှာ ပါဝင်လာတဲ့ Tour leader တွေကြောင့် ပြည်တွင်းက လိုင်စင်ရဧည့်လမ်းညွှန်တွေအတွက်လည်း အခက်အခဲတွေ ဖြစ်ပေါ်စေပါတယ်။

တရုတ်ခရီးသွားကုမ္ဗဏီတွေက တရုတ်နိုင်ငံသား tour leader တွေကို တရုတ်နိုင်ငံကနေ တပါတည်း ထည့်ပေးနေပြီး အဲဒီလိုလုပ်တာဟာ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေနဲ့ ငြိစွန်းနေတယ်လို့ တရုတ်ဧည့်လမ်းညွှန်တစ်ဦးဖြစ်တဲ့ ကိုစိုင်းစိုးဟန်က ပြောပါတယ်။

“လိုင်စင်ရှိတဲ့ ဧည့်လမ်းညွှန်ကလွဲပြီး ဘယ်သူမှ ခရီးစဉ်မှာ ရှင်းပြခွင့်မရှိဘူး။ ပြီးတော့ ရှင်းပြတာတွေကလည်း အလွဲတွေများတယ်။ ဒါတိုင်းပြည်ပုံရိပ်ကို ထိခိုက်တယ်” လို့ သူက ဆိုပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ခရီးသွားဧည့်လမ်းညွှန် ၁ဝဝ ကျော်က လက်မှတ်ထိုးထားတဲ့ တိုင်ကြားစာတစ်စောင်ကို မြန်မာနိုင်ငံခရီးသွား ဧည့်လမ်းညွှန်အသင်းထံ စက်တင်ဘာလက ပေးပို့ထားပါတယ်။

အသင်းရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဦးအောင်ထွန်းလင်းကတော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အချက်အလက်တွေ တိကျမှုရှိစေဖို့ စုဆောင်းနေတာကြောင့် တိုင်ကြားစာဟာ အသင်းလက်ထဲမှာပဲ ရှိနေသေးတယ်လို့ ဆိုပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.