ပုသိမ်၌ အထည်ချုပ်လုပ်ငန်း တိုးတက်လာဖွယ်ရှိ

တရုတ်ရင်းနှီးမြုပ်နှံသူများသည် ဧရာဝတီတိုင်း အနောက်ဘက် ဆိပ်ကမ်းမြို့ဖြစ်သော ပုသိမ်တွင် စက်မှုဇုန်များဆောက်ကာ အထည်ချုပ်လုပ်ငန်း လုပ်ကိုင်ရန် စီစဉ်လျက်ရှိသည်။

ကျော်ရဲလင်းနှင့် ဆုမြတ်မွန် ရေးသားသည်။

ဧရာဝတီတိုင်းတွင် အထည်ချုပ်လုပ်ငန်း တိုးတက်လာနိုင်ဖွယ်ရှိနေသည်။ ကုမ္ပဏီ တစ်ခုသည် တရုတ်ကုမ္ပဏီ တစ်ခုနှင့် သဘောတူလက်မှတ်ထိုးပြီး ပုသိမ်မြို့အနီးတွင် စက်မှုဇုန် တစ်ခုတည်ဆောက်ရန် စီစဉ်နေသည်။ ယင်းတရုတ်ကုမ္ပဏီသည် လာမည့် ၂ နှစ်အတွင်း အထည်ချုပ်စက်ရုံ ၅၀ ခန့် တည်ဆောက်နိုင်ရန် ရည်ရွယ်ထားသည်။

ထိုစက်ရုံများကြောင့် ထုတ်လုပ်ရေးကဏ္ဍ အလားအလာကောင်းများရှိသော ပုသိမ်မြို့ကို တိုးတက်လာစေနိုင်သည်။ ပြည်တွင်းမှ ရင်းနှီးမြုပ်နှံသူများသည် ပုသိမ်မြို့တွင် စက်မှုဇုန်တည်ဆောက်ရန် စိတ်ဝင်စားနေသည်မှာ နှစ်အတန်ကြာပြီဖြစ်သည်။

Ayeyarwady Development Public Co. Ltd သည် ဟောင်ကောင်အခြေစိုက် China Textile City Network Co. Ltd နှင့် ကန်ထရိုက်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ ယင်းမှာ ADPC က လွန်ခဲ့သော ၆ နှစ်ခန့်က ပုသိမ်စက်မှုမြို့တော်စီမံကိန်းအတွက် အစဦးလုပ်ငန်းများ စတင်အပြီး ပထမဆုံးချုပ်ဆိုသော စီးပွားဖြစ်စာချုပ် ဖြစ်သည်။ ပုသိမ်စက်မှုမြို့တော်သည် ပုသိမ်မြစ်နှင့် ကပ်လျက် ပုသိမ်မြို့အနီး မြေဧက ၃,၀၀၀ နီးပါးပေါ်တွင် တည်ဆောက်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

ADPC ကို ၂၀၁၂ ခုနှစ်တွင် ထိုစက်မှုဇုန်ကို တည်ဆောက်ရန် ရန်ကုန်အခြေစိုက် Ayeyar Hinthar ကုမ္ပဏီက တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ယင်းသည် ၂၀၁၆ ခုနှစ်နှောင်းပိုင်းတွင် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် Myanmar Investment Commission ၏ သဘောတူညီမှုကို ရရှိခဲ့သည်။

ADPC ၏ ဒုဥက္ကဋ္ဌ ကိုနေနေလွှမ်းမိုးက ကုမ္ပဏီသည် အလားအလာဆန်းစစ်မှုကို လုပ်ဆောင်ပြီးပြီဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ်တွင် စက်မှုဇုန်အတွက် မြေများကို စတင်ဝယ်ယူခဲ့ကြောင်း ပြောကြားသည်။ ထိုအချိန်က သမ္မတ ဦးသိန်းစိန်ကလည်း နေပြည်တော်တွင် ကုမ္ပဏီနှင့်တွေ့ဆုံရာ၌ ထိုစိတ်ကူးကို အားပေးခဲ့သည်ဟုဆိုသည်။

“သမ္မတကြီးက ဧရာဝတီတိုင်းက ပြည်သူတွေအတွက် အကျိုးရှိမယ့် လုပ်ငန်းတွေကို လုပ်ပေးစေချင်တယ်” ဟု ကိုနေနေလွှမ်းမိုးက ပြောသည်။ ထို့ပြင် သူနှင့် ယခင်သမ္မတဟောင်း ဦးသိန်းစိန်တို့သည် ဧရာဝတီတိုင်းဇာတိ ဖြစ်ကြသည်ဟုဆိုသည်။

ပုသိမ်စက်မှုမြို့တော်ကို တည်ထောင်သည့် ADPC ၏ ဒုဥက္ကဋ္ဌ ကိုနေနေလွှမ်းမိုး။ ဓာတ်ပုံ - သူရဇော်

ပုသိမ်စက်မှုမြို့တော်ကို တည်ထောင်သည့် ADPC ၏ ဒုဥက္ကဋ္ဌ ကိုနေနေလွှမ်းမိုး။ ဓာတ်ပုံ – သူရဇော်

ဒေါ်လာသန်းတစ်ရာ ရင်းနှီးမြှုပ်နှံမှု

နိုဝင်ဘာ ၁၅ ရက်တွင် လက်မှတ်ရေးထိုးသော သဘောတူညီချက်၌ တရုတ်ကုမ္ပဏီက ပုသိမ်စက်မှုမြို့တော်၏ ဧက ၂၀၀ တွင် အထည်ချုပ်စက်ရုံများ တည်ဆောက်မည်ဖြစ်ကြောင်း ပြီးခဲ့သောလက Frontier ကို ၎င်းက ပြောကြားသည်။

တရုတ်ကုမ္ပဏီက ၂ နှစ်အတွင်း အထည်ချုပ်စက်ရုံ ၅၀ အနည်းဆုံး တည်ဆောက်မည်ဖြစ်ပြီး လက်မှတ်ရေးထိုးသည့်နေ့မှာပင် ပထမဆုံးစက်ရုံအတွက် ဖောင်ဒေးရှင်းများ ချသွားပြီးဖြစ်ကြောင်း ကိုနေနေလွှမ်းမိုးက ပြောသည်။ ယင်းပထမဆုံးစက်ရုံသည် လာမည့် ၆ လအတွင်းမှာပင် လည်ပတ်နိုင်မည်ဟု ၎င်းကဆိုသည်။

ADPC သည် အခြားနိုင်ငံခြားကုမ္ပဏီ ၂ ခုနှင့်လည်း စေ့စပ်ဆွေးနွေးနေကြောင်း၊ ၎င်းတို့သည် စက်မှုဇုန်၏ ဧက ၁၀၀ တွင် လျှပ်စစ်ဆိုင်ကယ်စက်ရုံနှင့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ထုတ်စက်ရုံကို တည်ဆောက်မည် ဖြစ်သည်။ လျှပ်စစ်စက်ရုံသည် စက်မှုဇုန်အတွက် လိုအပ်သောလျှပ်စစ်ကို ပေးမည်ဖြစ်သောကြောင့် ထပ်မံ ရင်းနှီးမြုပ်နှံမှုများ ရောက်ရှိလာအောင် ဆွဲဆောင်နိုင်မည်ဖြစ်သည်။

ကိုနေနေလွှမ်းမိုးက ADPC သည် စက်မှုဇုန်၏ ပို့ဆောင်ဆက်သွယ်ရေး လိုအပ်ချက်အတွက် ဆိပ်ကမ်းတစ်ခုကို တည်ဆောက်ရန် နိုင်ငံခြားကုမ္ပဏီ တစ်ခုနှင့် လက်မှတ်ရေးထိုးရန် စီစဉ်ထားကြောင်း ပြောကြားသော်လည်း ကုမ္ပဏီနာမည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။

ထိုဆိပ်ကမ်းကို တစ်နှစ်အတွင်း ပြီးစီးအောင် တည်ဆောက်နိုင်ရန် ADPC က မျှော်လင့်ထားပြီး ထိုအတောအတွင်း အထည်များကို ပုသိမ်မှရန်ကုန်သို့ ကားလမ်းဖြင့်သာ ပို့ဆောင်မည်ဟုဆိုသည်။

ကုမ္ပဏီသည် စီမံကိန်းမြေနေရာ ၈၀ ရာခိုင်နှုန်းဖြစ်သည့်ဧက ၂,၇၀၀ ကို ကာလပေါက်ဈေးဖြင့် ဝယ်ယူပြီး ဖြစ်သည်။ ထို့ပြင် စက်မှုဇုန်တည်ဆောက်ခြင်း၏ ပထမပိုင်းဖြစ်သည့်ဧက ၁,၂၀၀ ကို စတင်အကောင်အထည် ဖော်နေပြီဖြစ်ကြောင်း ကိုနေနေလွှမ်းမိုးကဆိုသည်။ ကုမ္ပဏီသည် ကျန်ရှိနေသေးသည့် စက်မှုဇုန်မြေနေရာ ၂၀ ရာခိုင်နှုန်းကို ဝယ်ယူရန် ကြိုးစားလျက်ရှိကြောင်း ၎င်းကဆိုသည်။

စက်မှုဇုန်တည်ဆောက်ခြင်း ပထမပိုင်း၏ အခြေခံအဆောက်အအုံ ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် ပထမပိုင်းအားလုံးပြီးစီးနိုင်မည်ဟု ကိုနေနေလွှမ်းမိုးကဆိုသည်။

ပုသိမ်မြို့တည်နေရာသည် စက်မှုဇုန်တည်ဆောက်ရန် ဆုံးဖြတ်ရာတွင် များစွာသြဇာသက်ရောက်မှုရှိသည်။

ယခင်က ပုသိမ်မြို့သည် နိုင်ငံခြားသို့ တိုက်ရိုက်ဆန်တင်ပို့မှုများသော ဆိပ်ကမ်းမြို့ဖြစ်ခဲ့ကြောင်း၊ ယခုအခါ ဤစီမံကိန်း အဆင်ပြေချောမွေ့ပါက ထိုသို့ ပြန်ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံရှိ Chinese Textile and Garment Association ၏ လက်ထောက်အတွင်းရေးမှူးချုပ် ဦးစံခွန်း Mr U San Khun က ထိုသဘောတူညီချက်ဖြင့် တရုတ်ကုမ္ပဏီများသည် စက်မှုဇုန်တွင် အထည်ချုပ်စက်ရုံများ တည်ဆောက်ရန် ကန်ဒေါ်လာသန်း ၁၀၀ ခန့် ရင်းနှီးမြှုပ်နှံလာဖွယ်ရှိသည်ဟု ပြောကြားသည်။

စက်ရုံများသည် တောင်ကိုရီးယား ၊ ဂျပန်နှင့် ဥရောပသို့ အထည်များတင်ပို့ရန် ရည်ရွယ်သည်။ ရန်ကုန်မြို့သည် အထည်ချုပ်လုပ်ငန်း၏ ဗဟိုချက် ဖြစ်နိုင်သော်လည်း ပုသိမ်မြို့တွင် အားသာချက် အများအပြားရှိသည်။ မြေယာဈေးနှုန်းများသည် ရန်ကုန်အောက် ထက်ဝက်ခန့် လျော့နည်းခြင်း၊ အထည်များကို စင်ကာပူသို့ မြို့ဆိပ်ကမ်းမှ တိုက်ရိုက်ပို့ဆောင်နိုင်ခြင်း စသည်တို့ဖြစ်သည်။

ဦးစံခွန်းက သြဂုတ်လအတွင်းက တိုင်းအစိုးရသည် တရုတ်နိုင်ငံသို့ လေ့လာရန် ခရီးထွက်ခဲ့ရသောကြောင့် အထည်ချုပ်ကဏ္ဍကို ဖွံ့ဖြိုးအောင်ဆောင်ရွက်ရန် စိတ်ကူးများရရှိလာသည်ဟု ပြောကြားသည်။

 “ပုသိမ်မြို့က ဖွံ့ဖြိုးလာဖို့ အလားအလာကောင်းတွေ အများကြီးရှိနေပါတယ်” ဟု ၎င်းကဆိုသည်။

ပုသိမ် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး ဦးဌေးလွင်။ ဓာတ်ပုံ - ကျော်ရဲလင်း

ပုသိမ် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး ဦးဌေးလွင်။ ဓာတ်ပုံ – ကျော်ရဲလင်း

စက်မှုဇုန်ဟောင်း

မြန်မာနိုင်ငံတွင် စက်မှုဇုန်တည်ဆောက်ရသည်မှာ ရှုပ်ထွေးပြီး ပြင်ဆင်မှုများဖြင့် နှစ်အတန်ကြာနိုင်သည်။ သို့သော် စစ်အစိုးရလက်ထက်တွင် စက်မှုဇုန်များကို လအနည်းငယ်အတွင်း တည်ဆောက်နိုင်ခဲ့သည်။

၁၉၉၅ ခုနှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ State Peace and Development Council သည် နိုင်ငံ၏ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးစေရန် တနိုင်ငံလုံးတွင် စက်မှုဇုန် ၁၈ ခု တည်ဆောက်ရန် ကော်မတီတစ်ခုကို ဖွဲ့စည်းခဲ့သည်။

ယင်းဇုန်များထဲမှ သုံးခုသည် ဧရာဝတီတိုင်း ပုသိမ်၊ ဟင်္သာတနှင့် မြောင်းမြမြို့များတွင် တည်ရှိသည်။ ယင်းတို့သည် မြစ်ဝကျွန်းပေါ်ဒေသထွက် စိုက်ပျိုးရေးကုန်ကြမ်းများကို ပြုပြင်ထုတ်လုပ်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ မြစ်ဝကျွန်းပေါ်ဒေသမှာ ရှေးကတည်းကပင် တိုင်းပြည်၏ဆန်အိုးကြီးအဖြစ် တင်စားခံခဲ့ရသည်။

နိုင်ငံတော်အေးချမ်းဖြိုးကောင်စီသည် စက်မှုဇုန်များတည်ဆောက်ရန် ဒေသဆိုင်ရာ စစ်ဌာနချုပ်တိုင်းမှူးများကို နိုင်ငံရေးနှင့် စီးပွားရေး အခွင့်အာဏာများ ပေးအပ်ခဲ့သည်။ ထို့ပြင် ၁၉၉၆ ခုနှစ်တွင် စက်မှုဇုန်များအတွက် ဘဏ္ဍာရေးအထောက်အပံ့ ရရှိနိုင်စေရန် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဘဏ် Myanmar Industrial Development Bank ကို တည်ထောင်ခဲ့သည်။

အနောက်တောင်တိုင်း စစ်ဌာနချုပ်၏အမိန့်ဖြင့် ပုသိမ်မြို့စွန်ရှိ လယ်မြေ ၁၀၆ ဧကခန့်တွင် စက်မှုဇုန်ကို တည်ဆောက်ခဲ့သည်။ ယင်းကို ၂,၄၀၀ စတုရန်းပေ ကျယ်ဝန်းသည့် အပိုင်းငယ် ၄၀၀ အဖြစ်ပိုင်းပြီး ဇုန်အတွင်း ချိတ်ဆက်သောလမ်းများ၊ စက်မှုဇုန်၏အဓိကအပိုင်းခွဲ ၂ ခုနှင့် ချိတ်ဆက်သောလမ်းမကြီးများကို ငါးလအတွင်း ပြီးစီးအောင် ဆောက်လုပ်ခဲ့သည်ဟု ပုသိမ်စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး ဦးဌေးလွင်က ပြောကြားသည်။

ပြီးတော့ အနောက်တောင်တိုင်း စစ်ဌာနချုပ်ရုံးက စက်မှုဇုန်သည် လုပ်ငန်းများပြောင်းရွှေ့လာရန် အဆင်သင့် ဖြစ်နေပြီဟု ကြေညာခဲ့ကြောင်း ဦးဌေးလွင်ကပြောပြသည်။

“ဒါပေမဲ့ ပြဿနာ ရှိနေတယ်။ အိမ်တွင်းမှုစီးပွားရေးလုပ်ငန်းတွေနဲ့ အလုပ်ရုံတွေက နှစ်နှစ်စောပြီး တည်ဆောက်ခဲ့တဲ့ မြို့တွင်းစက်မှုဇုန်မှာ အခြေကျနေပြီး မပြောင်းရွှေ့ချင်ကြဘူး” ဟု ၎င်းကဆိုသည်။

မြို့တွင်းစက်မှုဇုန်သည် ပြည်သူများကျန်းမာရေးနှင့် မညီညွတ်ခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းခြင်းနှင့် မြို့တွင်း မီးအားကျခြင်းတို့ကို ဖြစ်ပေါ်စေသည်ဟု တပ်မတော်ကယူဆသည်။ စက်မှုဇုန်သစ်သို့ ပြောင်းရွှေ့လိုက်ပါက မြို့အတွက်ကောင်းမည်ဟုယူဆကာ အတင်းအကျပ် ပြောင်းရွှေ့ခိုင်းသည်။

“သတ်မှတ်ကာလအတွင်း စက်မှုဇုန်သစ်ကို မပြောင်းရင် လုပ်ငန်းတွေကသုံးနေတဲ့ လျှပ်စစ်မီးတွေကို ဖြတ်တောက်ပြီး လိုင်စင်တွေပါအသိမ်းခံရမယ်လို့ သတိပေးခဲ့ပါသေးတယ်” ဟု ပုသိမ်မြို့တွင် နို့ထွက်ပစ္စည်း လုပ်ငန်းလုပ်ကိုင်နေသော ဦးဌေးလွင်က ပြောပြသည်။

စစ်တပ်က ပြောသည့်အတိုင်း သတ်မှတ်ရက်မတိုင်မီ တစ်ရက်အလိုတွင် လျှပ်စစ်မီးများ ဖြတ်တောက်ခဲ့သည်ဟုဆိုသည်။

“ဒီတော့ ကျွန်တော်လည်း ပြောင်းရွှေ့ခဲ့ရတယ်။ တခြား အိမ်တွင်းလုပ်ငန်း အခု ၁၀၀ လောက်လည်း ပြောင်းရွှေ့ကုန်ကြတယ်” ဟု ဦးဌေးလွင်က ဆိုသည်။

သို့သော် သူတို့၏အလုပ်ရုံများသည် “အပြသက်သက်သာ” ဖြစ်ကြောင်းဆိုသည်။ “ကျွန်တော်တို့တွေ မြို့တွင်းမှာပဲ ခိုးကြောင်ခိုးဝှက် ဆက်လုပ်နေကြတာပေါ့ဗျာ” ဟု၎င်းကပြောသည်။

၂၀၁၂ ခုနှစ်အထိ ပုသိမ်စက်မှုဇုန်တွင် ပျမ်းမျှအလုပ်သမား ၅ ဦးခန့်သာရှိသော အသေးစားစက်မှုလုပ်ငန်း ၂၀ ခန့်သာ ရှိခဲ့သည်။ မြေကွက်အများစု၌ လုပ်ကိုင်သူမရှိဘဲ အလုပ်ရုံအချို့ကမူ စက်မှုဇုန်အပိုင်း ၂ ခုကို ဆက်ထားသော လမ်းမပေါ်တွင်သာ လုပ်ကိုင်ကြသည်။

အလုပ်လုပ်ကိုင်သူ မရှိသော်လည်း စက်မှုဇုန်တည်ဆောက်စဉ်က မြေကွက်များကို ပိုက်ဆံပေးဝယ်ယူထားကြကြောင်း ဦးဌေးလွင်ကဆိုသည်။

“တချို့လူတွေက မြေကွက် ၂၀ လောက်ဝယ်ထားကြပြီး ဘာမှမလုပ်ကြဘူး” ဟု ၎င်းကဆိုသည်။

စက်မှုဇုန်အသုံးပြုသူ များလာစေရန် ရည်ရွယ်ပြီး မြန်မာကုမ္ပဏီ တစ်ခုဖြစ်သည့် မြစ်ဝကျွန်းပေါ် ကုမ္ပဏီလီမိတက် Delta Industrial Group သည် ဇုန်၏ ၃၀ ဒသမ ၅ ဧကခန့်မြေနေရာကိုဝယ်ယူပြီး ကပ်လျက်တည်ရှိသော လယ်မြေများနှင့် ပေါင်းစည်းကာ ၂၀၁၂ ခုနှစ်တွင် စက်မှုဇုန်သစ် တစ်ခုဖန်တီးခဲ့သည်။

ယနေ့အချိန်အထိ မြစ်ဝကျွန်းပေါ် ကုမ္ပဏီလီမိတက်က တည်ဆောက်ထားသော စက်မှုဇုန်တွင် တရုတ် အထည်ချုပ်စက်ရုံ ခုနစ်ခုခန့်သာ လုပ်ကိုင်လျက်ရှိသည်။

ယင်းစက်မှုဇုန်ကို ပုသိမ်စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီက ကြီးကြပ်နေပြီး ယင်းအထည်ချုပ်စက်ရုံသည် ဒေသခံပြည်သူ ၉,၉၇၄ ဦးကို အလုပ်ခန့်ထားသည်ဟု ဦးဌေးလွင်ကဆိုသည်။ မြစ်ဝကျွန်းပေါ် ကုမ္ပဏီလီမိတက်ကို မေးမြန်းရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း အခွင့်အလမ်း မရရှိခဲ့ပေ။

ပုသိမ် စက်မှုဇုန်ဥယျာဉ်ကို စစ်အစိုးရလက်ထက်ကထူထောင်ခဲ့သည့် စက်မှုဇုန်နှင့်ဆက်စပ်ပေါင်းစည်းကာ မြေဧက ၁၀၀ ကျော်ပေါ်၌ ဖော်ထုတ်ယူခဲ့သည်။ ဓာတ်ပုံ - ကျော်ရဲလင်း

ပုသိမ် စက်မှုဇုန်ဥယျာဉ်ကို စစ်အစိုးရလက်ထက်ကထူထောင်ခဲ့သည့် စက်မှုဇုန်နှင့်ဆက်စပ်ပေါင်းစည်းကာ မြေဧက ၁၀၀ ကျော်ပေါ်၌ ဖော်ထုတ်ယူခဲ့သည်။ ဓာတ်ပုံ – ကျော်ရဲလင်း

လုပ်အားခ သက်သာခြင်းနှင့် အလုပ်ရှင် အလုပ်သမား ဆက်ဆံရေးကောင်းခြင်း

ကိုနေနေလွှမ်းမိုးက China Textile City Network နှင့် လာမည့် နှစ်နှစ်ခန့်အကြာတွင် သဘောတူစာချုပ် ချုပ်ဆိုပြီးပါက အလုပ်အကိုင် ၂၀၀,၀၀၀ ခန့် ရရှိလာနိုင်မည်ဟု ပြောကြားသည်။

“ပုသိမ်က အလုပ်သမားပေါပြီး လုပ်အားခ ဈေးသက်သာတာကြောင့် လုပ်အားအသုံးများတဲ့လုပ်ငန်းတွေကို ဆွဲဆောင်နေပါတယ်” ဟု ၎င်းကဆိုသည်။

ရန်ကုန်နှင့်မတူဘဲ ပုသိမ်မှ အထည်ချုပ်အလုပ်သမားများသည် အလုပ်ရှင် တရုတ်သူဌေးများနှင့် ဆက်ဆံရေး ကောင်းကြသည်ဟု ဆိုသည်။

အထည်ချုပ်စက်ရုံ တစ်ခုမှ လူသားရင်းမြစ်ဌာန မန်နေဂျာ မရွှေရီက မြစ်ဝကျွန်းပေါ် ကုမ္ပဏီလီမိတက် စက်ရုံများမှ အလုပ်သမားများသည် သဘောကောင်းပြီး ကြင်နာတတ်သော တရုတ်အလုပ်ရှင်များ ရထားသောကြောင့် ကံကောင်းကြသည်ဟု ပြောသည်။

“မတ်လကပဲ လစာတွေ တိုးပေးထားပေမဲ့ အခုတခါ အနိမ့်ဆုံးလုပ်ခတွေ ထပ်တိုးပေးထားတယ်” ဟု မရွှေရီက ဆိုသည်။

တရုတ်စက်ရုံပိုင်ရှင်များသည် ပုသိမ်တွင် အထည်ချုပ်စက်ရုံထောင်ရန် စိတ်ဝင်စားကြသည်မှာ လုပ်သားအင်အား များပြားသောကြောင့်ဟု ၎င်းကဆိုသည်။

“တရုတ်အလုပ်ရှင်တွေက ပြဿနာကို အဟုတ်ကိုရှောင်ရှားကြတာပါ” ဟု မရွှေရီက ပြောပြီး ကုမ္ပဏီတွင် အပြောင်းအလဲ တစ်ခုလုပ်တော့မည်ဆိုပါက အလုပ်သမားများနှင့် တိုင်ပင်ဆွေးနွေးပြီး အကြံဉာဏ် ရယူတတ်ကြကြောင်းဆိုသည်။

“နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်တဲ့နေရာမှာ ဒီလိုအသေးစား အချက်အလက်တွေကလည်း အရေးပါနိုင်ပါတယ်” ဟု၎င်းကပြောသည်။

ထို့ပြင် ပုသိမ်တွင် ကုန်ထုတ်လုပ်ငန်းအလုပ်အကိုင်များ ရှားပါးသောကြောင့် အလုပ်သမားများကလည်း အလုပ်ရှင်နှင့်အဆင်ပြေအောင် ကြိုးစားတတ်ကြသည်ဟုဆိုသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် Confederation of Trade Union of Myanmar မှ မခိုင်သင်ဇာအေးက ပုသိမ်တွင် အလုပ်သမားနှင့် အလုပ်ရှင်များ ပြေလည်ကြကြောင်း၊ အလုပ်သမားသမဂ္ဂကို လာရောက်တိုင်တန်းမှု တစ်ခုမှမရှိသေးကြောင်း ပြောသည်။

မခိုင်သင်ဇာအေးက ဆက်လက်၍ CTUM သည် ရန်ကုန်နှင့် အခြားမြို့များမှစက်ရုံများကို အနီးကပ် လေ့လာနေကြောင်း ပုသိမ်သည် အခြားမြို့များနှင့်မတူဘဲ ထူးခြားသည်ဟုဆိုသည်။

“အလုပ်ရှင်တွေက ဆုံးဖြတ်ချက် တစ်ခုချတော့မယ်ဆိုရင် အလုပ်သမားတွေနဲ့ တိုင်ပင်ကြတယ်လို့ သိရပါတယ်” ဟု ၎င်းကဆိုသည်။ “ပုသိမ်က အလုပ်သမားတွေ ဒီလိုကောင်းကောင်းမွန်မွန် လုပ်ကိုင်နေကြရတာ တွေ့ရလို့ ဝမ်းသာပါတယ်”

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ပုသိမ် စက်မှုမြို့တော်မှ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို တွေ့ရစဉ်။ ဧရာဝတီတိုင်းမြို့တော် ပုသိမ်မြို့စွန်မှ ဧက ၃,၀၀၀ ကျယ်ဝန်းသည့်စက်မှုဇုန်မြေနေရာ။ ဓာတ်ပုံ – ကျော်ရဲလင်း

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.