ကေအိုင်အို၏ရေအားလျှပ်စစ်ဝင်ငွေ လက်နက်ကိုင်ပဋိပက္ခကို အားဖြည့်နေ

ကေအိုင်အိုနှင့်တပ်မတော်တို့အကြား လက်နက်ကိုင်ပဋိပက္ခမှာ ကာလကြာရှည်စွာ မပြီးဆုံးနိုင်သေးဘဲ ရှိနေချိန်တွင် ကေအိုင်အေပိုင် ရေအားလျှပ်စစ်စက်ရုံသည် မြန်မာအစိုးရလက်အောက်ရှိ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့များသို့ လျှပ်စစ်ဓာတ်အားရောင်းချခြင်းဖြင့် ဝင်ငွေအမြောက်အမြား ရရှိနေသည်။

စာသား – ရဲမွန်၊ ဓာတ်ပုံ – ခွန်လတ်

ဤသတင်းဆောင်းပါး ရေးသားရာတွင် Pulitzer Center on Crisis Reporting မှ ထောက်ပံ့ကူညီခဲ့သည်။

၁၉၉၄ တွင် တပ်မတော်နဲ့ အပစ်အခတ်ရပ်စဲခဲ့ပြီးနောက်ပိုင်း နှစ်ပေါင်း ၂၀ နီးပါး ကာလအတွင်း ကချင်လွတ်မြောက်ရေးအဖွဲ့ Kachin Independence Organization (KIO) သည် ကချင်ပြည်နယ်နှင့် အကျိုးစီးပွား ယှက်နွှယ်နေသော စီးပွားရေးအင်ပါယာကို ထူထောင်ခဲ့သည်။

ထိုစီးပွားရေးလုပ်ငန်းများကို ဘူးဂါးကုမ္ပဏီလီမိတက်အမည်ဖြင့် လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ ကေအိုင်အို၏ စီးပွားရေးဌာနသည် ဘူးဂါးကုမ္ပဏီလီမိတက် Buga Co.Ltd ကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန DICA တွင် ၁၉၉၅ ခုအစောပိုင်းက မှတ်ပုံတင်ခဲ့သည်။

သို့သော် ၂၀၁၁ ခု ဇွန်လတွင် အပစ်အခတ်ရပ်စဲရေး ပျက်သုဉ်းသွားပြီး ပြန်လည်တိုက်ခိုက်လာကြသောအခါ ဘူးဂါးကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းများမှာ ပြိုကွဲလိုပြိုကွဲ၊ မှောင်ခိုလုပ်ငန်းဖြစ်လိုဖြစ်နှင့် ကစဉ့်ကလျား ဖြစ်ကုန်သည်။ မိုးကောင်းမြို့နယ်ထဲမှ နမ္မတီးသကြားစက်မှာ ၂၀၁၁ ခုနှောင်းပိုင်းတွင် အတင်းအကျပ် ပိတ်ခံလိုက်ရသည်။ ကေအိုင်အိုတို့ အခြေစိုက်ရာ လိုင်ဇာရှိ ခရီးသွားလုပ်ငန်းရုံး ပိတ်ပင်ထားခဲ့ရသည်မှာ ကြာခဲ့ပြီ။ ယခင်က တရုတ်နှင့် မြန်မာခရီးသွားများ ဝင်ထွက်နေခဲ့ကြသော ရုံးဖြစ်သည်။ ကျောက်စိမ်းပေါကြွယ်လှသော ဖားကန့်အပါအဝင် ကုမ္ပဏီ၏ သတ္ထုတူးဖော်ခွင့်များလည်း ရုပ်သိမ်းခံခဲ့ရသည်။ သို့သော် ဘူးဂါးကုမ္ပဏီ၏ တစ်ခုသောလုပ်ငန်းကတော့ ရှင်သန်ဖွံ့ဖြိုးလျက် ရှိနေဆဲဖြစ်သည်။

ထိုလုပ်ငန်းကတော့ လျှပ်စစ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေးပင်ဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင် ယခင်စစ်အစိုးရနှင့် ချုပ်ဆိုခဲ့သော အနှစ် ၂၀ သဘောတူစာချုပ်အရ ကချင်ပြည်နယ်အတွင်းရှိ အစိုးရထိန်းချုပ်မှုအောက်မှ ဒေသများကို လျှပ်စစ်ဓာတ်ဖြန့်ဝေပေးနေခဲ့သည်။ တရုတ်အကူအညီဖြင့် ကချင်ပြည်နယ်၌ ရေကာတာအဆင့်ဆင့် တည်ဆောက်၍ လျှပ်စစ်ထုတ်ရန် စီမံကိန်းများ ချမှတ်ခဲ့သော်လည်း ဒေသခံလူထု၏ ကန့်ကွက်ဆန့်ကျင်မှုအရလည်းကောင်း၊ တပ်မတော်နှင့် ကေအိုင်အေအကြား လက်နက်ကိုင်ပဋိပက္ခများကြောင့် လည်းကောင်း ထိုစီမံကိန်းများ ရပ်တန့်နေခဲ့သည်။

ထိုအကြောင်းများကြောင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား မဆိုစလောက်သာ ထုတ်လုပ်နိုင်ပြီး အခြားနေရာဒေသမှ လျှပ်စစ်ဓာတ်ကို ကချင်ပြည်နယ်အတွင်းသို့ သွယ်တန်းယူရန်လည်း အခြေခံအဆောက်အအုံများ မရှိချေ။ အမှန်တော့ အခြားဒေသများမှာလည်း သူ့ဟာနှင့်သူပင် လျှပ်စစ်က လုံလောက်အောင် ထုတ်နိုင်သည်မဟုတ်။ အထူးသဖြင့် ပူပြင်းသောနွေရာသီတွင် လျှပ်စစ်မလုံလောက်မှုက ပို၍ဆိုးသည်။ မြန်မာအစိုးရအဖို့တော့ ပြည်နယ်မြို့တော် မြစ်ကြီးနားနှင့် ပတ်ဝန်းကျင်ဒေသများကို မီးမှန်မှန်ပေးနိုင်ဖို့က သည်မီတာခကရတဲ့ငွေတွေ ဘယ်ရောက်သွားသည်ဆိုတာထက် ပိုအရေးကြီးနေသည်မှာ သိသာပါသည်။

ရလဒ်ကတော့ မြစ်ကြီးနားနဲ့ ဝိုင်းမော်ဒေသခံများ (အစိုးရဝန်ထမ်းများအပါအဝင်) မီးခလုတ်တစ်ချက် ဖွင့်လိုက်တိုင်း ဒေသတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများကို ငွေကြေးထောက်ပံ့နေ​သော အဓိပ္ပာယ် သက်ရောက်နေပါတော့သည်။

လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနကတော့ ထင်မြင်ချက်ပေးရန် ငြင်းဆန်ပါသည်။

ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့ဖူးသော ဒေါ်ဒွဲဘူကပင် တပ်မတော်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကတောင် ဘူးဂါးက လျှပ်စစ်တွေ ဝယ်သုံးနေရတာပါဟု ပြောသည်။

လျှပ်စစ်မလုံလောက်မှု အခြေအနေက အလွန်ဆိုးဝါးသည်ဖြစ်ရာ အစိုးရမှာ ကေအိုင်အိုနှင့်တပ်မတော်တို့အကြား ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများကို ဂရုမထားနိုင်ဘဲ ကေအိုင်အိုနှင့် ယခင်က သဘောတူထားခဲ့သည့် အတိုင်းသာ လိုက်နာလုပ်ဆောင်ရန်မှတပါး အခြားရွေးစရာလမ်း မရှိတော့ချေ။

“အစိုးရသာ ဘူးဂါးဆီက လျှပ်စစ်မဝယ်တော့ရင် ကျွန်မတို့အိမ်တွေ ဘယ်ကလျှပ်စစ်ရမလဲ၊ ဒါကစစ်ပွဲနဲ့ မဆိုင်ဘူး၊ ဒါကအရောင်းအဝယ် ကိစ္စပဲ၊ ဒါပေမဲ့ ကန်ထရိုက်စာချုပ် သက်တမ်းကုန်သွားရင်တော့ ဘာဆက်ဖြစ်မလဲ မသိဘူးလေ” ဟု ဒေါ်ဒွဲဘူကပြောသည်။

၂၀၀၇ ခုနှစ်ကတည်းက ကေအိုင်အိုနှင့်ဆက်စပ်မှုရှိသော ဘူးဂါးကုမ္ပဏီက အစိုးရရုံးများအပါအဝင် အစိုးရထိန်းချုပ်သည့် မြစ်ကြီးနားနှင့်ဝိုင်းမော်မြို့နယ်တို့ကို ဓာတ်အားပေးလာခဲ့သည်။ ဓာတ်ပုံ - ခွန်လတ်

၂၀၀၇ ခုနှစ်ကတည်းက ကေအိုင်အိုနှင့်ဆက်စပ်မှုရှိသော ဘူးဂါးကုမ္ပဏီက အစိုးရရုံးများအပါအဝင် အစိုးရထိန်းချုပ်သည့် မြစ်ကြီးနားနှင့်ဝိုင်းမော်မြို့နယ်တို့ကို ဓာတ်အားပေးလာခဲ့သည်။ ဓာတ်ပုံ – ခွန်လတ်

လိုင်ဇာသို့အသွားဝယ်

ဘူးဂါးအခြေအနေပိုသိရအောင် Frontier သည် မတ်လအတွင်းက  ကေအိုင်အိုအရာရှိများနှင့်တွေ့ဆုံရန် လိုင်ဇာသို့သွားခဲ့သည်။

တိုက်ပွဲများဖြစ်နေသည်ဆိုသော်လည်း မြန်မာနိုင်ငံသားများအဖို့ ရှေ့တန်းကိုကျော်ဖြတ်၍ လိုင်ဇာသို့ သွားလည်ရန်မှာ မြန်မာအစိုးရထံမှ တရားဝင်ခွင့်ပြုချက် တောင်းစရာမလိုပါ။

မြစ်ကြီးနား- ဗန်းမော်ကားလမ်းပေါ်ရှိ နန်ဆန်ယန်ရွာအနီး ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေစစ်ဆေးရေးဂိတ်တွင် ကချင်စစ်သားများအား ကျွန်တော်တို့၏ ကိုယ်ရေးအချက်အလက်များကို ပေးရပါသည်။ ထို့နောက် ကျွန်တော်တို့ စုပေါင်းငှားလာသော တက္ကစီကား သွားခွင့်ရပါသည်။

လိုင်ဇာမရောက်ခင် စစ်ဆေးရေးဂိတ်တစ်ခုတွင် ရပ်ရပြန်ပါသည်။ ထိုဂိတ်တွင် ကေအိုင်အေစစ်သားများနှင့် ကေအိုင်အိုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ဝင်များရှိပါသည်။ ထိုအဖွဲ့သည် မူးယစ်ဆေးတိုက်ဖျက်ရေး ခရစ်ယာန်အခြေခံ လူတန်းစားများ၏ လှုပ်ရှားမှုအဖွဲ့ဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ထူထောင်ဖွဲ့စည်းခဲ့ပါသည်။

သူတို့က ကားကို ရှာဖွေကြသည်။ ကားထဲက လူအားလုံးကိုလည်း မူးယစ်ဆေးပါ မပါရှာကြသည်။ ကားထဲက တစ်စုံတစ်ယောက်ကို မူးယစ်ဆေးသုံးသူဟု သံသယရှိပါက ထိုသူ၏ဆီးကိုစစ်ဆေးလျှင် ထိုသူ မူးယစ်ဆေးသုံး မသုံး ချက်ချင်းသိရှိနိုင်ပါသည်။

ကျွန်တော်တို့ကားထဲတွင် ပါလာသော ယောက်ျားတစ်ယောက်နှင့် သူ၏ဇနီးတို့ စစ်ဆေးခံကြရသည်။ ယောက်ျားဖြစ်သူမှာ ဆေးသုံးထားကြောင်း တွေ့ရသဖြင့် သူ့ကို ကေအိုင်အိုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ဝင်တွေက ထိန်းသိမ်းထားလိုက်သည်။ သူသည် လိုင်ဇာရှိ ပြန်လည်ထူထောင်ရေးစခန်းတွင် ခြောက်လကြာအောင် နေရတော့မည်။ ခြောက်လပြည့်၍ သူ့ကိုစစ်ဆေးပြီး ပုံမှန်အခြေအနေပြန်ရောက်လျှင် သူ့ကို သွားခွင့်ပြုမည်ဟု ကျွန်တော်တို့ယာဉ်မောင်းကပြောသည်။ လိုင်ဇာအဝင် စစ်ဆေးရေးဂိတ်တွင် ကျွန်တော်တို့ကား စစ်ဆေးခံရပြန်ပါသည်။

လိုင်ဇာတွင် တရုတ်ပြည်က မြို့တစ်မြို့နှယ် ခံစားရသည်။ လူအများစုက ကျပ်မသုံးဘဲ ယွမ်ငွေသာသုံးသည်။ မန်ဒရင်းတရုတ်စကားကိုသာ ပြောကြသည်။ နယ်ခြားဂိတ်တဘက်မှာတော့ တရုတ်နိုင်ငံ၏ ယူနန်ပြည်နယ်ရှိလေသည်။

လိုင်ဇာတွင် ဟိုတယ်ကြီး နှစ်ခုရှိသည်။ Laiza Hotel နှင့် Shin Li Hotel တို့ဖြစ်သည်။ Shin Li ဟိုတယ်မှာ  ကေအိုင်အိုရုံးများအနီး၌ရှိရာ အစည်းအဝေးရှိချိန်များတွင် ကေအိုင်အိုအရာရှိများနှင့် ပြည့်နေတတ်သည်။

လိုင်ဇာဈေးနှင့်မြို့လယ်နေရာများတွင် ကေအိုင်အေစစ်သားများကိုသာမက ရက္ခိုင်တပ်မတော် AA စစ်သားများနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ပေါင်းစု All Burma Students’ Democratic Front (ABSDF) မှ စစ်သားများကိုလည်း မြင်တွေ့ရသည်။ AA နှင့် ABSDF တို့ နှစ်ဦးစလုံးသည် ၎င်းတို့၏ဌာနချုပ်များကို လိုင်ဇာအနီးရှိ ကေအိုင်အေပိုင်နက်အတွင်း ထားရှိကြသည်။

ခရီးရောက်မဆိုက်ပင် ကချင်လွတ်မြောက်ရေးကောင်စီ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဂွန်မော်နှင့်တွေ့ဖို့စီစဉ်ရန်ကြိုးစားသည်။ ကချင်ပြည်နယ်အတွင်း ရေအားလျှပ်စစ်စီမံကိန်းများနှင့်ပတ်သက်၍  ကေအိုင်အို၏သဘောထားကို မေးမြန်းလို၍ဖြစ်သည်။ သို့သော် ဗိုလ်ချုပ်ဂွန်မော်က ကျွန်တော်တို့ကို မတွေ့လိုဘဲ အခြားကေအိုင်အိုအရာရှိများနှင့် တွေ့ဆုံဆွေးနွေးမေးမြန်းရန်သာ ညွှန်ကြားသည်။

ကေအိုင်အိုက တရုတ်အထောက်အပံ့ဖြင့် တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းများနှင့်ပတ်သက်၍ ကြားနေသဘောထားရှိသည်။ မြန်မာနှင့် တရုတ်အစိုးရအကြား ဆွေးနွေးမှုတွင် ပါဝင်ပတ်သက်မည်မဟုတ်ဟု  ကေအိုင်အိုအထွေထွေအတွင်းရေးမှူး Sara KabaHting Nan ကပြောသည်။ ဘူးဂါးနှင့်ပတ်သက်သော မေးခွန်းများကို သူကမဖြေကြားဘဲ၊ ဘူးဂါးကုမ္ပဏီ၏ အမှုဆောင်ညွှန်မှူးဖြစ်သူ La Taung ကို မေးရန်ကိုသာပြောသည်။ဘူးဂါးမှမန်းနေးဂျင်းဒါရိုက်တာ La Taung (အပေါ်/ယာ) က လိုင်ဇာ(အပေါ်/ဝဲ နှင့် အဓိကပုံ)မှစက်ရုံငယ်များ အပါအဝင် ကုမ္ပဏီလုပ်ငန်းများကိုရှင်းပြစဉ်။ ဓာတ်ပုံ - ခွန်လတ်

ဘူးဂါးမှမန်းနေးဂျင်းဒါရိုက်တာ La Taung (အပေါ်/ယာ) က လိုင်ဇာ(အပေါ်/ဝဲ နှင့် အဓိကပုံ)မှစက်ရုံငယ်များ အပါအဝင် ကုမ္ပဏီလုပ်ငန်းများကိုရှင်းပြစဉ်။ ဓာတ်ပုံ – ခွန်လတ်

ဘူးဂါးစက်ရုံလည်ပတ်မှု

နောက်ပိုင်းတွင် Shin Li ဟိုတယ်ဧည့်ခန်း၌ La Taung နှင့်တွေ့ဆုံရာ သူက ဘူးဂါး လျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းအကြောင်းကို ဝမ်းသာအားရ အသေးစိတ်ပြောပြသည်။ ဘူးဂါးကုမ္ပဏီတွင် ကချင်ပြည်နယ်အတွင်း အသေးစားရေအားလျှပ်စစ်စက်ရုံ သုံးရုံနှင့် ဝန်ထမ်း ၄၀၀ ခန့်ရှိသည်။ မန်ဂလာ Mungla ချောင်းပေါ်တွင် ၄ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သောစက်ရုံကို ပထမဆုံးတည်ဆောက်နိုင်ခဲ့ပြီး လက်ရှိလိုင်ဇာကို မီးပေးလျက်ရှိသည်။

၂၀၀၆ တွင် တည်ဆောက်ပြီးစီးခဲ့သော Mali Hka စက်ရုံသည် စက်စွမ်းအား  ၁၀ ဒသမ ၅ မဂ္ဂါဝပ်ရှိပြီး တစ်နှစ်လျှင် ၅၃ ဒသမ ၅ ဂစ်ဂါဝပ်နာရီအထိ ထုတ်လုပ်သည်ဟုဆိုသည်။ တတိယစက်ရုံ Dabang Hka (Pajau ဟုလည်းခေါ်သည်) ၁၄ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သည်။ ထိုစက်ရုံ နှစ်ရုံစလုံးမှ ထုတ်လုပ်သောလျှပ်စစ်ကို မြစ်ကြီးနားနှင့် ဝိုင်းမော်သို့ ပေးပို့သည်။ မိုးရာသီတွင် ရေစီးသန်လွန်းသဖြင့် ဘူးဂါးစက်ရုံကို ပိတ်ထားရသည်။ ယင်းအစား လျှပ်စစ်ကို တရုတ်နိုင်ငံပိုင် State Power Investment Corporation (ယခင် China Power Investment) ကုမ္ပဏီပိုင် 99 MW Chipwi Nge ရေအားလျှပ်စစ်စက်ရုံမှ တစ်ယူနစ်လျှင် ၆၀ ကျပ်နှုန်းဈေးဖြင့် ဝယ်ယူသည်။

ယခုအခါ ရပ်ဆိုင်းထားလိုက်ရပြီဖြစ်သော မြစ်ဆုံနှင့် Chipwi megadams ကြီးများ တည်ဆောက်ရာတွင် လျှပ်စစ်အသုံးပြုရန် ဆောက်လုပ်ခဲ့သော Chipwi Nge ချီဖွေငယ်လျှပ်စစ်စက်ရုံကို ၂၀၁၁ စတင်ထုတ်လုပ် နိုင်ချိန်မှစ၍ အပြည့်အဝအသုံးမချနိုင်ခဲ့ပေ။ ထိုစက်ရုံဆောက်လုပ်ပြီး သိပ်မကြာခင်မှာပင် မြစ်ဆုံစီမံကိန်းကြီးကို ရပ်လိုက်ရပြီး တိုက်ခိုက်မှုများလည်း ပြန်လည်ဖြစ်လာသဖြင့် ချီဖွေစီမံကိန်းသည်လည်း ရပ်တန့်သွားခဲ့သည်။

ထိုစက်ရုံမှဓာတ်အားအများစုကို အမျိုးသားဓာတ်အားလိုင်း National Grid ထဲသို့လည်း လွှဲပြောင်းပို့လွှတ်ခြင်း မပြုခဲ့၊ ဘာကြောင့် မပို့လွှတ်ရလဲဆိုသည်ကို ရင်းမြစ်အမျိုးမျိုးမှ အကြောင်းအမျိုးမျိုးပြခဲ့ကြသည်။ သူတို့ပြောသည့်အထဲတွင် ဝယ်လိုအားနည်းခြင်းနှင့် အခြေခံအဆောက်အအုံများ ပျက်စီးခဲ့ရသဖြင့် ပို့လွှတ်နိုင်စွမ်းမရှိတော့ခြင်းတို့လည်း ပါသည်။ သို့သော် အစိုးရ၏ အစီအစဉ်များတွင် ချီဖွေငယ်သည် တိုး၍တိုး၍ ပါဝင်နေပုံရသည်။

၂၀၁၈ ဇူလိုင်လအတွင်းက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် SPIC ၏ လက်အောက်ခံကုမ္ပဏီတစ်ခုနှင့် လျှပ်စစ်ဝယ်ယူရေးစာချုပ်တစ်ခု လက်မှတ်ထိုးခဲ့သည်။ ချီဖွေငယ်စီမံကိန်းမှ လျှပ်စစ်ကိုဝယ်ရန်ဖြစ်သည်။ “ကျွန်တော်တို့ သူတို့ (SPIC) ဆီက လျှပ်စစ်မဝယ်ရင် သူတို့စက်ရုံ ချီဖွေငယ် ပြဿနာတက်မှာပဲ။ ဓာတ်အားထုတ်စက် Generator တွေဟာ စက်မလည်ရင် အမြန်ပျက်စီးတတ်တာမျိုးပဲ” ဟု La Taung ကပြောသည်။

ဘူးဂါးကုမ္ပဏီက သတ်မှတ်တောင်းခံသော မီတာခများမှာ သုံးစွဲသူများအကြား အငြင်းပွားစရာဖြစ်သည်။ ၂၀၁၆ တွင် လူနေအိမ်များသုံးစွဲသော မီတာခကို တစ်ယူနစ် (megawatt hour) ကျပ် ၁၆၀ မှ ကျပ် ၁၁၀ သို့ လျှော့ချခိုင်းခဲ့သည်။ လုပ်ငန်းသုံးလျှပ်စစ်ကိုတော့ တစ်ယူနစ် ကျပ် ၁၆၀ ပဲ ဆက်ကောက်ခံသည်။ အစိုးရဌာနတွေ၊ ဘာသာရေးအဆောက်အအုံတွေနှင့် လမ်းမီးတိုင်တွေကိုတော့ တစ်ယူနစ်ကျပ် ၁၀၀ ကောက်ခံသည်။

ထိုဈေးနှုန်းသည် ပြည်နယ်အတွင်း လျှပ်စစ်ဖြန့်ဝေနေသည့် ဇူလိုင် ၁ ရက်မတိုင်မီ ဈေးနှုန်းထက် အတော်မြင့်နေသည်။ မြန်မာနိုင်ငံအတွင်း အခြားဒေသများတွင် ပေးနေကြရသော လျှပ်စစ်မီတာခနှုန်း အိမ်သုံးကျပ် ၃၅ မှ ကျပ် ၅၀၊ လုပ်ငန်းသုံးအများဆုံး တစ်ယူနစ် ကျပ် ၁၅၀ နှင့် နှိုင်းစာလျှင်တော့ မယှဉ်သာအောင် များလှပေသည်။

လာသည့်မီးကလည်း မကြာခဏပျက်တတ်သဖြင့် ဒေသခံတို့ ညည်းညူကြသည်။ မြစ်ကြီးနားသို့ Frontier ရောက်ရှိစဉ် မတ်လအတွင်းက တစ်နေ့တာအတွင်း အနည်းဆုံး မီး နှစ်ကြိမ်ထက်မနည်း ပျက်သည်ကို ကြုံရသည်။ မြစ်ကြီးနား မြို့သူမြို့သားများသည် မြန်မာနိုင်ငံ အခြားနေရာများမှ လူအများထက် မီတာခတွေပိုပေးပြီး သုံးစွဲနေကြရသည်ကို မကျေနပ်ကြသဖြင့် တစ်ယူနစ်မီတာခတွေကို ဘူးဂါးကုမ္ပဏီက လျှော့၍ယူစေချင်နေကြသည်။

“ကျွန်တော်တို့ဆီမှာတော့ မီတာခက တစ်လ ကျပ် ၈,၀၀၀ လောက်ကျတယ်။ ဒါပေမဲ့ ဘူးဂါးကုမ္ပဏီမှာလည်း သူတို့ရေအားလျှပ်စစ်စက်ရုံတွေမှာ အခက်အခဲတွေရှိတယ်ဆိုတာ နားလည်ပါတယ်။ သူတို့ တစ်ယူနစ်ဈေးနှုံး မလျှော့လည်း ကျွန်တော်တို့ပေးနိုင်ပါတယ်” ဟုသူကပြောသည်။

လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနသည် ဇူလိုင် ၁ ရက်မှစ၍ မီတာခများ တိုးကောက်လိုက်ရာ ပြည်နယ်အစိုးရက ကောက်ခံသည့်နှုန်းမှာ ဘူးဂါး၏နှုန်းနှင့်မကွာတော့ချေ။

ဘူးဂါးမှကောက်ခံနေသော မီတာခနှုန်းထားသည် မြန်မာနိုင်ငံအတွင်း အခြားဒေသများ၌ အစိုးရမဟုတ်သော ပုဂ္ဂလိကကုမ္ပဏီများ ကောက်ခံနေသော ဈေးနှုန်းများထက် လျော့နည်းကြောင်း La Taung က ထောက်ပြပြောဆိုသည်။ နိုင်ငံတော် ဓာတ်အားလိုင်းမရှိသော အခြားတိုင်းနှင့်ပြည်နယ်အချို့တွင် တစ်ယူနစ် ၂၀၀ ကျပ်အထက် တောင်းခံနေကြကြောင်း သူကပြောသည်။

မြစ်ကြီးနားနှင့်ဝိုင်းမော်ဒေသတွင် ပုံမှန်လျှပ်စစ် ဖြတ်တောက်လေ့ရှိသည်ကိုမူ သူကဝန်ခံသည်။ ယင်းမှာ သွယ်တန်းထားသည့် လျှပ်စစ်ကြိုးများ အခြေအနေမကောင်းတော့၍ဖြစ်ကြောင်း၊ ကုမ္ပဏီက ကြိုးအသစ်များ  တပ်ဆင်နေသဖြင့် မကြာမီ အခြေအနေများ တိုးတက်လာလိမ့်မည်ဖြစ်ကြောင်းပြောသည်။ လွှတ်တော်အမတ်ဟောင်း ဒေါ်ဒွဲဘူတော့ မီတာခတွေ သိပ်ကြီးမြင့်လွန်းကြောင်း ပြောသည်။

“တခြားပြည်နယ်တွေ ဘယ်လောက်ပေးနေနေ ကျွန်မတို့ အရေးမစိုက်ပါဘူး၊ ကျွန်မတို့ကတော့ နိုင်ငံတော်ဓာတ်အားလိုင်းက လျှပ်စစ်လိုချင်တာပဲ” ဟုဆိုသည်။

လိုင်ဇာသို့ ဓာတ်အားပို့လွှတ်သည့် ဘူးဂါးရေအားလျှပ်စစ်စက်ရုံငယ်။ ဓာတ်ပုံ - ခွန်လတ်

လိုင်ဇာသို့ ဓာတ်အားပို့လွှတ်သည့် ဘူးဂါးရေအားလျှပ်စစ်စက်ရုံငယ်။ ဓာတ်ပုံ – ခွန်လတ်

အင်အားနိုင်ငံရေး

ဘူးဂါးကုမ္ပဏီ အမှုဆောင်အရာရှိများသည် အဖမ်းခံရမည်စိုးသောကြောင့် မြစ်ကြီးနားရှိ ၎င်းတို့၏ ကုမ္ပဏီရုံးချုပ်သို့ လစဉ်မှန်မှန် မသွားရဲကြသည်မှာလည်း ကုမ္ပဏီအတွက် အခက်အခဲကြီးတစ်ခုပင်ဖြစ်သည်။

La Taung ကတော့ သူအခု ဘူးဂါးစက်ရုံကို လိုင်ဇာကသာ လှမ်းပြီးစီမံခန့်ခွဲနေရသည်ဟု ပြောသည်။  ကေအိုင်အိုနှင့် အဆက်အသွယ်ရှိသဖြင့် တရားမဝင် အဖွဲ့အစည်းဥပဒေဖြင့် အဖမ်းခံရမည်စိုး၍ဖြစ်သည်။ ကိုလိုနီခေတ်က ပြဋ္ဌာန်းခဲ့သော ဤဥပဒေအရ တရားမဝင်အဖွဲ့အစည်း (မတရားသင်း) တစ်ခု၏ အဖွဲ့ဝင်မည်သူမဆို မတရားသင်းတစ်ခု၏ လှုပ်ရှားမှုကို တနည်းနည်းဖြင့်ကူညီသူ၊ တွေ့ဆုံစည်းဝေးရာတွင် ပါဝင်သူသည် အနည်းဆုံးထောင်ဒဏ် ၂ နှစ်၊ အများဆုံး ၃ နှစ် ကျခံနိုင်သည်။ မတရားသင်း၏ စီမံခန့်ခွဲမှုတွင် ကူညီသူ၊ သို့မဟုတ် လုပ်ကိုင်ဆောင်ရွက်သူသည် ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံနိုင်သည်။

“ဟိုတုန်းကတော့ ကျွန်တော်တို့ မြစ်ကြီးနားသွားနိုင်ဖို့ ပြည်နယ်အစိုးရနဲ့ ညှိနှိုင်းခဲ့ကြတယ်။ သူတို့ ခွင့်ပြုချက်မရဘဲ ကျွန်တော်တို့ မသွားရဲဘူး” ဟု La Taung  ကပြောသည်။ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့သဖြင့် ကုမ္ပဏီ၏မျှော်လင့်ချက်များ ပျက်သုဉ်းသွားခဲ့ရသည်။ ၂၀၁၁ ဇွန်လမတိုင်ခင်က ဘူးဂါးကုမ္ပဏီသည် တရုတ်နိုင်ငံပိုင် Electric Power Generation Enterprise နှင့် ကချင်ပြည်နယ်တစ်ခုလုံးကို လျှပ်စစ်ပေးနိုင်ရေး ဆွေးနွေးလာခဲ့သည်ဟု La Taung ကဆိုသည်။ အပစ်ရပ်စာချုပ် ပျက်ပြားသွားသည်နှင့် ယင်းဆွေးနွေးမှုများ ရပ်ဆိုင်းသွားတော့သည်ဟု သူကပြောသည်။

“တလောကတော့ ဖားကန့်နဲ့ တနိုင်းမြို့နယ်တွေကို မီးပေးဖို့ အစိုးရက ကျွန်တော်တို့ကိုပြောတယ်။ လောလောဆယ်တော့ ကျွန်တော်တို့ မလုပ်နိုင်သေးပါဘူး၊ လျှပ်စစ်တွေ မလုံလောက်ဖြစ်သွားမှာစိုးတယ်၊ မြစ်ကြီးနားနဲ့ဝိုင်းမော်ကိုပဲ လုံလုံလောက်လောက်ပေးနိုင်အောင် ကြိုးစားနေရတယ်” ဟု သူကပြောသည်။

ဘူးဂါးလျှပ်စစ်ဓာတ်အားပေးလုပ်ငန်းမှ နှစ်စဉ်ကျပ် လေးဘီလျံ (ဒေါ်လာ – ၂ ဒသမ ၆၅ သန်းခန့်) ရရှိနေကြောင်း၊ သို့သော် အခြားရေအားလျှပ်စစ်စီမံကိန်း သုံးခုတွင် ရင်းနှီးမြုပ်နှံထားရသော ကုန်ကျစရိတ်များ ပြန်ရအောင် လုပ်ဆောင်နေရသေးကြောင်း La Taung ကဆိုသည်။

“လျှပ်စစ်စွမ်းအင်လုပ်ငန်းဆိုတာ ရေရှည်ရင်းနှီးမြှုပ်နှံမှု တစ်ခုဆိုတာကို ကျွန်တော်တို့ နားလည်ထားပါတယ်” ဟု သူကပြောသည်။

သို့သော် လျှပ်စစ်ဖြန့်ဝေရေးလုပ်ငန်းသည် ငွေရှာသည့် စီးပွားရေးလုပ်ငန်းတစ်ခု သက်သက်မျှမဟုတ်ချေ။ ကချင်လူထုကို လူမှုရေးရလဒ်များလည်း ဖော်ဆောင်ပေးသည်။ ဥပမာ ကလေးများအား ညအချိန်တွင် စာကျက်နိုင်စေသည်။ မီးဖိုချောင်သုံး ထင်းမခုတ်တော့သဖြင့် သစ်တောပြုန်းတီးမှုကို လျော့နည်းသက်သာစေသည်ဟု သူကဆိုသည်။

တပ်မတော်က ကေအိုင်အေနှင့် တိုက်ပွဲဆင်နွှဲနေရတာသိလျက်နှင့် အစိုးရက ဘူးဂါးလျှပ်စစ်ရောင်းစားနေတာကို ဘာကြောင့် ဆက်ခွင့်ပြုနေရတာလဲဟု မေးမြန်းရာ သူက မြစ်ကြီးနားကို လျှပ်စစ်ပေးဖို့အတွက် အစိုးရမှာ အခြားရွေးစရာနည်းလမ်း သိပ်မရှိ၍ဖြစ်ကြောင်း၊ မြစ်ကြီးနားနှင့်ဝိုင်းမော်ကို လျှပ်စစ်ရောင်းဖို့ ဘူးဂါးကို မဖိတ်ခေါ်ခင်ကဆိုရင် စစ်အစိုးရဟာ မြစ်ကြီးနားမြို့ကို မီးပေးဖို့ မီးစက်ကြီးတွေသုံးရတာမို့ ငွေအမြောက်အမြား ကုန်ကျခဲ့ရကြောင်း သူကပြောသည်။

“ဒါတွေအပြင် ကျွန်တော်တို့နဲ့ သဘောတူစာချုပ်ချုပ်ထားတာလေ” ဟု La Taung ကဆိုသည်။

ဤအခန်းဆက်ဆောင်းပါးများအကြောင်း

ကချင်ပြည်နယ်မှ ရေအားလျှပ်စစ်စီမံကိန်းများ၊ လက်နက်ကိုင်ပဋိပက္ခများ၊ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများအကြောင်း လေ့လာဆန်းစစ်မှု အခန်းဆက်ဆောင်းပါး သုံးပုဒ် တင်ပြခဲ့ရာ ယခုဆောင်းပါးမှာ နောက်ဆုံးဆောင်းပါးဖြစ်ပါသည်။ ဤဆောင်းပါးများရေးသားရာတွင် Pulitzer Center on Crisis Reporting မှ အကူအညီပေးခဲ့ပါသည်။ စောစောပိုင်းဆောင်းပါးများတွင် ကချင်ပြည်နယ် ရှေ့တန်းစခန်းများရှိ ရေအားလျှပ်စစ်စီမံကိန်းများအကြောင်း၊ ဧရာဝတီမြစ်ဆုံ မြောက်ဘက်ပိုင်းတွင် SPIC ကုမ္ပဏီက စီစဉ်ထားသော ဆည်ကြီးများအဆင့်ဆင့် တည်ဆောက်ရေးစီမံကိန်းများအကြောင်း ပါဝင်သည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ဘူးဂါးကုမ္ပဏီ၏ ပထမဆုံး ရေအားလျှပ်စစ်စက်ရုံမှာ လိုင်ဇာအနီး မန်ဂလာချောင်းပေါ်ရှိ ၄ မဂ္ဂါဝပ်စက်ရုံဖြစ်သည်။ ဓာတ်ပုံ – ခွန်လတ်

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.