စွန့်ပစ်ပလတ်စတစ် ပြုပြင်သုံးလုပ်ငန်း

ပလတ်စတစ်ထုတ်ကုန်များမှာ သုံးစွဲရလွယ်ကူအဆင်ပြေသကဲ့သို့ ကျိန်စာတစ်ခုလည်းဖြစ်သည်။ သို့ရာတွင် ယခုအခါ တီထွင်ဆန်းသစ်မှုရှိသော စီးပွားရေးလုပ်ငန်းများသည် ပလတ်စတစ်များက သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုကို လျှော့ချရန် ကြိုးပမ်းလျက်ရှိသည်။

အိမ့်သက်ဆု ရေးသားသည်။

ပလတ်စတစ်က အစားအစာထုပ်ပိုးမှုမှသည် ယာဉ်အမျိုးမျိုး၏အဆင်တန်ဆာများအထိ ခေတ်သစ်လူနေမှုဘဝအတွက် မရှိမဖြစ်ပစ္စည်းဖြစ်နေသည်။ ပထမဆုံးလူလုပ်ပလတ်စတစ်ပစ္စည်း Parkesine ကို ၁၈၅၀ ပြည့်လွန်နှစ်များက ဗြိတိန်တွင် မူပိုင်ခွင့်မှတ်ပုံတင်ခဲ့သော်လည်း ပထမကမ္ဘာစစ်ပြီးနောက်မှသာ ပလတ်စတစ်သုံးစွဲမှုမှာ လျင်မြန်စွာတိုးတက်လာခဲ့သည်။

အလွယ်တကူမပျက်စီးသော တစ်ခါသုံး ပလတ်စတစ်ပစ္စည်းများသုံးစွဲမှု တွင်ကျယ်လာခြင်းက ပလတ်စတစ်ပစ္စည်းသည် ရေမြေသမုဒ္ဒရာညစ်ညမ်းမှုတွင် အဓိကလက်သည်ဖြစ်လာခဲ့သည်။ မြို့ကြီးများ ဖွံ့ဖြိုးကြီးမားလာမှုနှင့်အတူ ပလတ်စတစ်က သဘာဝပတ်ဝန်းကျင်အတွက် ကြီးမားသည့်ခြိမ်းခြောက်မှု တစ်ခုဖြစ်လာနိုင်ပြီး အထူးသဖြင့် ထိရောက်သည့်ပြန်လည်အသုံးပြုမှု၊ သို့မဟုတ် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုအစီအစဉ်များမရှိသည့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပို၍ဆိုးရွားသည်။ ယင်းနိုင်ငံများထဲတွင် မြန်မာနိုင်ငံလည်းပါဝင်သည်။

ခြိမ်းခြောက်မှုအတိုင်းအတာကို ဗြိတိသျှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအုပ်စု Fauna & Flora International နှင့် ရန်ကုန်အခြေစိုက် သန့်မြန်မာ Thant Myanmar တို့က လွန်ခဲ့သည့်နှစ် ဇူလိုင်လက ထုတ်ပြန်ခဲ့သည့် စစ်တမ်းတစ်ခုတွင် မီးမောင်းထိုးပြခဲ့ပြီး ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချရန် ဆော်သြခဲ့သည်။

ပလတ်စတစ်စွန့်ပစ်ပစ္စည်း ၁၁၉ တန်သည် ဧရာဝတီမြစ်အတွင်းသို့ နေ့စဉ်ရောက်ရှိနေပြီး ဧရာဝတီကို ကမ္ဘာ့အညစ်ညမ်းဆုံး ထိပ်တန်း မြစ် ၂၀ စာရင်းဝင်စေခဲ့သည်။

အကြီးမားဆုံး စွန့်ပစ်ပစ္စည်းပမာဏရှိသည့် ဧရာဝတီမြစ်၏ ရေနက်ပိုင်းမြစ်ဝှမ်းထဲသို့ တစ်နေ့လျှင် စွန့်ပစ်ပစ္စည်း ၃၂ တန်မှာ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ စွန့်ပစ်ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးက ၂၉ တန်ရှိသည်။

ဧရာဝတီမြစ်ရိုးတလျှောက်ရှိ မြို့ရွာများတွင် စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုမလုံလောက်ခြင်း၊ သို့မဟုတ် လုံးဝမရှိခြင်းတို့က ပလတ်စတစ်ညစ်ညမ်းမှုကို ဖြစ်စေသည့် အဓိကအကြောင်းရင်းဖြစ်ပြီး စည်းကမ်းမဲ့ အမှိုက်ပစ်ခြင်းလည်းရှိသေးသည်။

စွန့်ပစ်ပလတ်စတစ်အိတ်များနှင့် ရေသန့်ဘူးခွံများကြောင့် မြောင်းများပိတ်ဆို့ရာမှဖြစ်ပေါ်လာသည့် ရန်ကုန်၏ ရေကြီးရေလျှံမှုကလည်း ပို၍အတွေ့ရများလာသည်။

ရန်ကုန်မြို့တွင်းဧရိယာမှဆို မြစ်တဘက်ကမ်းမှာရှိသည့် ဒလမြို့နယ်ကဲ့သို့ ရန်ကုန်မြစ်ဘေးနေထိုင်သူများမှာ ဒီရေအတက်အကျနှင့်အတူ မြင်မကောင်းသည့် အမှိုက်သရိုက်များက ၎င်းတို့အိမ်ရှေ့အထိရောက်လာသည်ကို နေ့တိုင်းတွေ့ကြုံပူပန်နေရသည်။

ပလတ်စတစ်အိတ်များနှင့် အခြားစွန့်ပစ်အမှိုက်များကလည်း ရေလမ်းကြောင်းကို အမှီပြု၍ ငါးဖမ်းဝမ်းကျောင်းနေရသူများကို ဆိုးဆိုးဝါးဝါးဒုက္ခပေးလျက်ရှိသည်။ စွန့်ပစ်အမှိုက်၊ အထူးသဖြင့် “ပလတ်စတစ်အိတ်များသည် ပိုက်များနှင့်အမြဲတမ်းငြိနေပြီး ပိုက်မပျက်စီးစေဘဲ ယင်းတို့ကိုဖယ်ရှားရန် အချိန်များစွာယူ၍ ဂရုတစိုက်လုပ်ရသည်”ဟု ရန်ကုန်မြစ်တွင်း ဆယ်စုနှစ်များစွာ ငါးဖမ်းအသက်မွေးနေသည့် ဒလမြို့နယ်မှ ဦးမျိုးသန်းကပြောသည်။

မိုးတွင်းဆိုလျှင် ထိုပြဿနာက ပိုမိုဆိုးဝါးသည်ဟု ၎င်းက ဖရန်တီယာကိုပြောသည်။ “ရေစီးကပိုမြန်လာသလို ပလတ်စတစ်ကလည်း ပိုပါလာတော့ ပိုက်တွေကို နှစ်ရက်တစ်ခါ သုံးရက်တစ်ခါလောက် သန့်ရှင်းပေးရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီထက်ပိုပြီး ဒါတွေလုပ်ဖို့ကလည်း အရမ်းကို ပင်ပန်းလွန်းတယ်” ဟု၎င်းကပြောသည်။

ပလတ်စတစ်အမှုန်အမွှားများအပါအဝင် ပလတ်စတစ်စွန့်ပစ်အမှိုက်များက တောရိုင်းတိရစ္ဆာန်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရှောက်မှုကိုလည်း ခြိမ်းခြောက်လျက်ရှိသည်။ “ပလတ်စတစ်စတွေကို အစာမှတ်ပြီးစားလို့ အသက်ရှူကျပ်သေတဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေက ဘဲတွေကို ကျွန်တော်မြင်ဖူးတယ်” ဟု Biodiversity and Nature Conservation Association (BANCA) Birdlife Myanmar မှ ဦးသော်ဖြိုးရွှေက ပြောသည်။

ငှက်များနှင့် အခြားတောရိုင်းတိရစ္ဆာန်များအပေါ်ခြိမ်းခြောက်မှုကို အနည်းဆုံးဖြစ်စေရန် အဆိုပါအင်န်ဂျီအို၏ ထိန်းသိမ်းစောင့်ရှောက်ရေးအစီအစဉ်တစ်ခုဖြစ်သည့် စွန့်ပစ္စည်းစီမံခန့်ခွဲမှုသင်တန်းက မြစ်ဝကျွန်းပေါ်ဒေသမှ ရွာသားများကို ပို့ချပေးလျက်ရှိသည်။

ပလတ်စတစ်စွန့်ပစ္စည်း အများစုပါဝင်သော အမှိုက်ပုံကြီး။ ဓာတ်ပုံ - ခွန်လတ်

ပလတ်စတစ်စွန့်ပစ္စည်း အများစုပါဝင်သော အမှိုက်ပုံကြီး။ ဓာတ်ပုံ – ခွန်လတ်

စွန့်ပစ်အမှိုက်တွေ ဘယ်ရောက်သွားလဲ

ယခုနှစ် ရန်ကုန်စည်ပင်က ကောက်ယူသည့်အချက်အလက်များအရ ရန်ကုန်မှအမှိုက်ထုထည်၏ ၁၂ ရာခိုင်နှုန်းမှာ ပလတ်စတစ်ဖြစ်သည်ဟု ရန်ကုန်စည်ပင်၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ဒု-ညွှန်ကြားရေးမှူး ဒေါက်တာအောင်မြင့်မော်က ဖရန်တီယာကိုပြောသည်။

ပလတ်စတစ်အမှိုက်မှာ ၂၀၁၅ ခုနှစ်က ၁၀ ရာခိုင်နှုန်းအောက်ရှိခဲ့ရာမှ မြင့်မားလာခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

အမှိုက်စိုနှင့် အမှိုက်ခြောက် ခွဲခြားစွန့်ပစ်ရန် အရောင်ဖြင့်ခွဲထားသတ်မှတ်သည့် အိတ်များသုံးရန် ရန်ကုန်မြို့နေသူများကို စည်းရုံးလှုံ့ဆော်မှုပြုလုပ်ထားသော်လည်း အများအားဖြင့် ဂရုမစိုက်ကြပေ။ မြို့နေသူအများစုမှာ ပလတ်စတစ်အိတ်ကြီးကြီးတစ်လုံးတွင် အမှိုက်များစုထည့်ကာ ညစဉ်လာသိမ်းသည့် လမ်းဘေးအမှိုက်ပုံးများသို့ လာရောက်ပစ်ကြသည်။

အမှိုက်အစိုအခြောက်မခွဲခြားသည့်အပြင် ဆွေးမြေ့လွယ်သောအမှိုက်နှင့် မဆွေးမြေ့သောအမှိုက်ဟူ၍လည်း မခွဲခြားကြဟု ရွှေဘုံသာလမ်းနှင့် ရွှေတိဂုံဘုရားလမ်းကြား အနော်ရထားလမ်းအတွက်တာဝန်ရှိသော အမည်မဖော်လိုသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကပြောသည်။

စည်ပင်ဝန်ထမ်းများက ည ၈ နာရီခန့်တွင် အမှိုက်များသိမ်းခြင်းနှင့် လမ်းများသန့်ရှင်းခြင်းတို့ဆောင်ရွက်ပြီး နံနက် ၃ နာရီနှင့် ၄ နာရီကြား၌ဆောင်ရွက်ပြီးစီးကာ အမှိုက်သိမ်းယာဉ်များက လှိုင်သာယာမြို့နယ် အနောက်မြောက်ပိုင်း ၂၄၄ ဧက (၉၈ ဟက်တာ) ကျယ်ဝန်းသည့် ထိန်ပင်အမှိုက်ပုံသို့ သွားရောက်စွန့်ပစ်သည်။

အမှိုက်များပြည့်လျှံနေသော ရန်ကုန်မြို့တနေရာမှ စည်ပင်အမှိုက်ပုံးများ။ ဓာတ်ပုံ - သူရဇော်

အမှိုက်များပြည့်လျှံနေသော ရန်ကုန်မြို့တနေရာမှ စည်ပင်အမှိုက်ပုံးများ။ ဓာတ်ပုံ – သူရဇော်

၎င်းတာဝန်ရှိသော လမ်း ၁၀ လမ်းမှ တစ်နေ့လျှင်အမှိုက် ၈ တန်ထွက်ရှိသည်ဟု အဆိုပါအုပ်ချုပ်ရေးမှူးက ပြောသည်။ ရန်ကုန်တွင် တစ်နေ့အမှိုက်တန်ချိန် ၂,၃၀၀ နှင့် ၂,၅၀၀ ကြားထွက်ရှိပြီး လူတစ်ဦးလျှင် အမှိုက် သုည ဒသမ ၅ ကီလိုဂရမ်နှုန်းထွက်သည်ဟု ရန်ကုန်စည်ပင်ကပြောသည်။

ထိန်ပင်တွင် ခွဲခြားမှုအချို့ပြုလုပ်ပြီး မပျက်စီးလွယ်သည့်အမှိုက်များကို စက်များဖြင့်ဖိကာ နောက်ထပ်အမှိုက်များအတွက် နေရာဖန်တီးရသည်။ သို့သော်လည်း ဆွေးမြေ့လွယ်သောအရာများမှာ ပျက်စီးရန်ကျန်ခဲ့သည်။ ထိန်ပင်အမှိုက်ပုံသည် လာမည့်သုံးနှစ်အတွင်း အမှိုက်လက်ခံနိုင်ဖွယ်မရှိတော့ဘဲ ရန်ကုန်သည် အမှိုက်ပစ်ရမည့်နေရာသစ်တစ်ခု လိုလာမည်ဟု Bokashi Myanmar မှ ကိုအင်ဒါအောင်စိုး Ko “Inda” Aung Soe က စက်တင်ဘာလက ရန်ကုန်တွင်ပြုလုပ်သော We the City ဆွေးနွေးပွဲတွင် ပြောကြားသည်။

ကိုအောင်စိုးသည် Bokashi Myanmar ကုမ္ပဏီကို ပူးတွဲတည်ထောင်သူသုံးဦးထဲမှ တစ်ဦးဖြစ်ပြီး ကုမ္ပဏီကို ၂၀၁၉ မတ်က ရန်ကုန်တွင်တည်ထောင်ခဲ့သည်။ အစားအစာနှင့် အခြားအော်ဂဲနစ်စွန့်ပစ်အမှိုက်များကို ရွက်ဆွေးမြေသြဇာအဖြစ်သို့ ပြောင်းလဲပေးသည့် နိုင်ငံ၏ပထမဆုံးလယ်ယာတစ်ခုကို မြောက်ဒဂုံမြို့နယ်အရှေ့မြောက်ပိုင်းတွင် စီစဉ်လုပ်ဆောင်နေသည်ဟု ၎င်းကပြောသည်။

ပလတ်စတစ်ကောက်သူတစ်ဦးက ပြုပြင်သုံးလုပ်ငန်း၌ရောင်းချရန် ပလတ်စတစ်ဘူးများကို စုဆောင်းနေစဉ်။ ဓာတ်ပုံ - ခွန်လတ်

ပလတ်စတစ်ကောက်သူတစ်ဦးက ပြုပြင်သုံးလုပ်ငန်း၌ရောင်းချရန် ပလတ်စတစ်ဘူးများကို စုဆောင်းနေစဉ်။ ဓာတ်ပုံ – ခွန်လတ်

ဘာတွေလုပ်နေသလဲ

သိပ်မများလှသေးသည့် တီထွင်မှုရှိပြီးလက်တွေ့အကျိုးရှိသော စီးပွားရေးလုပ်ငန်းများက ရန်ကုန်တွင် ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ်ကို ကိုင်တွယ်ရာတွင် ကူညီလျက်ရှိသည်။ ယင်းလုပ်ငန်းများထဲ၌ ပြည်ပတွင် နေထိုင်သူများဖြစ်သော မစ္စမီမီဝူ Ms Mimi Wu နှင့် သူ့ပါတနာ မစ္စတာဟင်နရီကော့စ် Mr Henry Cox တို့က ၂၀၁၇ တွင် တည်ထောင်သော Myanmar Recycles နှင့် မရွှေယမင်းဦးနှင့် သူ့တွဲဘက်များက ထိုနှစ်မှာပင် တည်ထောင်သော RecyGlo တို့ပါဝင်သည်။

Myanmar Recycles သည် မှော်ဘီမြို့နယ် မြောင်းတကာစက်မှုဇုန်ရှိ နိုင်ငံ၏ပထမဆုံးလုပ်ငန်းအဆင့် ပလတ်စတစ် ပြန်လည်အသုံးပြုရေးစက်ရုံကို လည်ပတ်လျက်ရှိသည်။

ယင်းကုမ္ပဏီက အသုံးပြုပြီး ပလတ်စတစ်အိတ်များကို စုစည်းခြင်း၊ အမျိုးအစားခွဲခြင်း၊ ဆေးကြောကာ ပလတ်စတစ်ထုတ်ကုန်များ ပြုလုပ်နိုင်သည့် အလုံးငယ်လေးများအဖြစ် အရည်ဖျော်ခြင်းများ ပြုလုပ်သည်။ အသုံးပြုပြီးပလတ်စတစ်အိတ်များမှာ အိမ်သုံးအညစ်အကြေးမျိုးစုံ စွန်းထင်းနေသည်။ ထို့ကြောင့် ၎င်းတို့ကို ပြန်သုံး၍မရဟု စက်ရုံတွင်ပြုလုပ်သည့် အင်တာဗျူးတစ်ခု၌ မစ္စဝူက ဖရန်တီယာကိုပြောသည်။

ယင်းကုမ္ပဏီသည် ပြန်လည်အသုံးပြုနိုင်အောင် ပြုလုပ်သည့်ကိရိယာများ ပိုမိုဝယ်ယူနိုင်ရန် မြန်မာအခြေစိုက် Andaman Capital Partners ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီထံမှ ငွေကြေးပံ့ပိုးမှုများ မကြာသေးခင်က ရရှိခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုပမာဏကိုမူ ထုတ်ဖော်ပြောကြားခြင်းမပြုပေ။

ပလတ်စတစ်ကော်စေ့ပြုလုပ်ရန် ပလတ်စတစ်အိတ်ဟောင်းများကို ဆေးကြောနေစဉ်။ ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ပလတ်စတစ်ကော်စေ့ပြုလုပ်ရန် ပလတ်စတစ်အိတ်ဟောင်းများကို ဆေးကြောနေစဉ်။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

ရန်ကုန်လမ်းညွှန်တွင်ပါဝင်သည့် ပစ္စည်းများ ပြန်လည်အသုံးပြုနိုင်ရေးလုပ်ဆောင်သည့် လုပ်ငန်းနှစ်ခုထဲမှ တစ်ခုဖြစ်သော RecyGlo သည် ဟိုတယ်များနှင့် ကုလအေဂျင်စီများပါဝင်သည့် ဖောက်သည် ၄၀ ကျော်ထံမှ စွန့်ပစ်ပစ္စည်းများကို မျိုးတူစုခွဲခြားကာ ပလတ်စတစ်အပါအဝင် စွန့်ပစ်ပစ္စည်းအမျိုးမျိုးကို ပြန်လည်အသုံးပြုနိုင်အောင် ပြုလုပ်ပေးသော စက်ရုံငယ်များကွန်ရက်သို့ ပို့ဆောင်သည်။ ယင်းကုမ္ပဏီသည် လွန်ခဲ့သည့်နှစ်က နော်ဝေးရင်းနှီးမြှုပ်နှံမှုရန်ပုံငွေကုမ္ပဏီတစ်ခုဖြစ်သည့် Katapult Ocean ထံမှ ငွေကြေးထောက်ပံ့မှု အမေရိကန်ဒေါ်လာ တစ်သိန်းခွဲရရှိခဲ့သည်။

၎င်းတို့ကုမ္ပဏီသည် စကတည်းက စွန့်ပစ်ပစ္စည်း တန်တစ်ထောင်ကျော်ကို ရီဆိုင်ကယ်လုပ်ပြီးပြီဟု Recyglo ပူးတွဲတည်ထောင်သူ ကိုဥက္ကာဖြိုးမောင်က ဖရန်တီယာကိုပြောသည်။ ယင်းပမာဏမှာ တစ်နေ့အတွင်း ရန်ကုန်ကထုတ်လုပ်သော အမှိုက်အားလုံး၏ ထက်ဝက်အောက်သာရှိသည်။

RecyGlo နှင့် Myanmar Recycles တို့ကဲ့သို့ ပုဂ္ဂလိကလုပ်ငန်းများ ကျယ်ပြန့်ကြီးထွားလာပြီး အမျိုးမျိုးထုတ်လုပ်ကာ ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချရေးတွင် ထိရောက်စွာ လုပ်ဆောင်နိုင်ပါက ပြန်လည်ထုတ်လုပ်နိုင်သောလုပ်ငန်းက စီးပွားရေးအရ တွက်ကိန်းကိုက်နိုင်ဖွယ်ရှိသည်။

ထိုကဲ့သို့သောကုမ္ပဏီများမှာ ကုန်ကျစရိတ်ကာမိအောင် ကြိုးစားနေရသဖြင့် အစိုးရ၏အကူအညီမပါက ရပ်တည်ရန်ခက်ခဲနိုင်သည်ဟု မစ္စဝူကပြောသည်။

“ကမ္ဘာပေါ်မှာ ဥရောပကအစိုးရတချို့ဆို အမှိုက်ကနေ ရီဆိုင်ကယ်လုပ်တဲ့သူတွေကို ငွေကြေးထောက်ပံ့ပါတယ်” ဟု မစ္စဝူကပြောသည်။ မြန်မာနိုင်ငံတွင်မူ ဆန့်ကျင်ဘက်ဖြစ်နေသည်။ “တခါတလေ ပြန်ပြင်သုံးထုတ်ကုန်ရဖို့ ငွေကြေးအများကြီး သုံးနေရပါတယ်။ ဒါတွေက နိုင်ငံအတွက် ကူညီဆောင်ရွက်ပေးနေရတာဆိုတော့ ခုလိုဖြစ်နေရတာ ကံဆိုးတာပေါ့” ဟု ၎င်းကပြောသည်။

Myanmar Recycles က ပလတ်စတစ်စွန့်ပစ္စည်းများကို အမှိုက်သိမ်းသူများထံမှ တိုက်ရိုက်ဝယ်ရသည်ဟု မစ္စဝူကပြောသည်။ “ရီဆိုင်ကယ်လုပ်ဖို့ ပိုပြီးအဆင်ပြေအောင် ကျွန်မတို့အနေနဲ့ ဘယ်လိုလုပ်သင့်တယ်ဆိုတာ စဉ်းစားပေးဖို့ အစိုးရကို ကျွန်မတိုက်တွန်းလိုပါတယ်” ဟုဆက်ပြောသည်။

ရီဆိုင်ကယ်လုပ်ငန်းများကို အစိုးရက ငွေကြေးပံ့ပိုးသည့်ပုံစံ၊ သို့မဟုတ် ပူးပေါင်းဆောင်ရွက်သည့်ပုံစံတို့ဖြင့် ပံ့ပိုးသင့်သည်ဆိုသည့်အချက်ကို ကိုဥက္ကာဖြိုးမောင်ကလည်း သဘောတူသည်။

“ရီဆိုင်ကယ်လုပ်တဲ့နေရာကို စွန့်ပစ္စည်းတွေသယ်ဖို့ ကျွန်တော်တို့က ထရပ်ကားတွေ ငှားနေရတယ်” ဟု ၎င်းကပြောသည်။

“ဘယ်လုပ်ငန်းမှာမဆို ဆက်လက်လည်ပတ်နေဖို့ရာ ငွေရှာဖို့ လိုပါတယ်။ တကယ်လို့ ရီဆိုင်ကယ်လုပ်ဖို့ အကုန်အကျက သိပ်များနေရင် ရီဆိုင်ကယ်လုပ်ငန်း ကြီးထွားမလာအောင် အတားအဆီးတစ်ခုဖြစ်နေမှာပဲ” ဟု မစ္စဝူကပြောသည်။

အောင်ကျော်ဦး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ခွန်လတ်

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.