ရန်ကုန်မှလွတ်ကင်းရာသို့ စက်ဘီးနှင့်ခရီးနှင်

၁၆ ရာစုက ထင်ရှားခဲ့သော မြန်မာဘုရင်တစ်ပါး ကြွချီရာလမ်းကြောင်းအတိုင်း စက်ဘီးစီးနင်းသည့် ခရီးစဉ်သစ်တစ်ခုသည် ခရီးသွားလုပ်ငန်းအတွက် အလုပ်အကိုင်များ ပိုမိုဖန်တီးရန်နှင့် နိုင်ငံ၏အကြီးမားဆုံး ပိုင်ဆိုင်မှုဖြစ်သည့် နိုင်ငံသားတို့ကို ထုတ်ဖော်ပြသရန် ရည်ရွယ်သော ခရီးစဉ်ဖြစ်သည်။

သောမတ်စ် ကင်း(န်) ရေးသားသည်။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

နိုင်ငံအတွင်းရှိ ကျန်ဒေသများနှင့် အဆက်ပြတ်ပြီး လူ့ပယောဂကြောင့် ဖြစ်ပေါ်လာသည့်  မြို့ပြအကန့်အသတ်များကြောင့် ရန်ကုန်မြို့သည် တခါတရံတွင် မွန်းကျပ်မှုကို ခံစားရစေတတ်သည်။

ရန်ကုန်တွင် ခဏတာ နေထိုင်ပြီးနောက် ပဲခူးနှင့် သန်လျင်သို့ ခရီးထွက်ချင်စိတ် ပေါက်လာတတ်သကဲ့သို့ တွံတေး၊ လှော်ကား၊ သို့မဟုတ် ပန်းတနော်ဘက်သို့ သွားလိုသည့်ဆန္ဒမျာလည်းး ပေါ်လာတတ်သည်။ တခါတရံ လက်ခုပ်ကုန်းမှ ပင်လယ်ကမ်းခြေသို့ သွားရောက်ရန် ကြိုးစားကြည့်မိသော်လည်း ရွှံနွံထူထပ်သော ဓနိတန်းကမ်းခြေများကိုသာ တွေ့ရတတ်သေးသည်။

ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

ထိုသို့သွားရောက်ပြီးသည်နှင့် မြန်မာနိုင်ငံမြေပုံကို စိတ်ဝင်တစား လေ့လာမည်ဆိုပါက မြန်မာနိုင်ငံ၏ ဆွဲဆောင်မှုရှိသည့် ခရီးသွားဒေသများနှင့် ခရီးစဉ်များသည် ကီလိုမီတာ ရာချီဝေးကွာနေ၍ တစ်နေ့ခရီးထက် ပိုဝေးသော၊ သို့မဟုတ် စနေ၊ တနင်္ဂနွေအားလပ်ရက်များတွင် သွားရတတ်သော ခရီးများဖြစ်နေတတ်သည်။

သို့သော် ယင်းသို့ အမြဲဖြစ်နေသည်တော့ မဟုတ်ပေ။ သွားလာသည့်ခရီးပေါ်တွင်လည်း မူတည်သည်။ သာမန်အရေးမပါလှသည့် ကျေးလက်ဒေသသွား ခရီးစဉ်သည်ပင် တန်ခိုးကြီးစေတီပုထိုးထက် ပိုမိုစိတ်ဝင်စားစရာ ကောင်းနေတတ်ပေသည်။

ယင်းအချက်မှာ ပဲခူးမြို့တောင်ဘက်မှ ကျေးလက်လူ့အဖွဲ့အစည်းများကို လိုက်လံပြသကာ ဝန်ဆောင်မှုပေးနေသော Khiri Travels ၏ “ဓမ္မစေတီလမ်းဟောင်းမှ ကျေးလက်ဘဝ” Village Life on the Old Dhammazedi Road  ဟု အမည်ပေးထားသည့် စက်ဘီးစီး ခရီးသွားအစီအစဉ်ကို ထောက်ခံနေသော ဒဿနတရားပင်ဖြစ်သည်။

ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

၂၀၁၅ ခုတွင် Business Innovation Facility အစီအစဉ်က  အလုံးစုံပါဝင်သော ခရီးသွားလုပ်ငန်းများကို အားပေးရန် စီစဉ်ပြုလုပ်သည့် Product & Package Innovation Competition ဟူသော ဆုချီးမြှင့်ခံရသည့် ပြိုင်ပွဲခရီးစဉ်များအနက် ယင်းခရီးစဉ်လည်း ပါဝင်သည်။

ခရီးစဉ်၏အမည်ကို ပဲခူးမြို့တော်မှနေ၍ နိုင်ငံအောက်ပိုင်းကို တစ်ချိန်က စိုးမိုးအုပ်ချုပ်ခဲ့သော ဟံသာဝတီ အင်ပါယာတွင် အထင်ရှားအကျော်ကြားဆုံးဖြစ်သည့် ဓမ္မစေတီဘုရင် King Dhammazedi ကို ရည်ညွှန်းကာ ပေးထားခြင်းဖြစ်သည်။

ရွှေတိဂုံစေတီအား ဖူးမြော်ရန် တစ်ချိန်က ‘ဒဂုံ’ ဟုအမည်တွင်သည့် ရန်ကုန်သို့ ဘုရင်ကြီး ကြွချီတော်မူရာ ယခုခေတ်၌ အသုံးပြုနေသော အဝေးပြေးလမ်းကို မသုံးဘဲ ပဲခူးမြို့တောင်ဘက်မှ တည့်တည့်ထွက်ချီပြီး ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းကိုဖြတ်ကာ စုန်ဆင်းခဲ့သောလမ်းကြောင်းပင် ဖြစ်သည်။

width=

ခရီးစဉ်ကို ရန်ကုန်-ပဲခူး အဝေးပြေးလမ်းမကြီးပေါ်ရှိ အင်းတကော်မှ ခွဲထွက်လျှင်ရောက်သည့် ကဝမြို့မှစတင် သည်။ လမ်းတလျှောက်တွင် နာမည်ကြီး ခရီးသွားဒေသများ မရှိ၊ ကီလိုမီတာ ၃၀ မျှသာရှိသော ဆိတ်ငြိမ်အေးချမ်းသည့် ကျေးလက်လမ်းများ၊ ရေစီးကြမ်းသော မြစ်ဝကျွန်းပေါ် ချောင်းငယ်မြောင်းငယ်များနှင့် နာမည်မကျော်ကြားသော စေတီများနှင့် ဘုန်းတော်ကြီးကျောင်းများသာရှိသည်။

စီးနင်းရာ လမ်းတလျှောက် နာမည်ကြီး ယိုစုံရောင်းသော ဆိုင်တစ်ဆိုင်အပါအဝင် ဒေသထွက် လက်မှုပစ္စည်းနှင့် ထွက်ကုန်များ ရောင်းချနေသောဆိုင်များတွင် နားနေနိုင်သည်။ ကျွန်တော်တို့သည် ကျောင်းစုကျေးရွာတွင် ခေတ္တနား၍ အိမ်မိုးဓနိ သက်ငယ်ပျစ်များ ရက်နေသည့်အမျိုးသမီးများနှင့် စကားလက်ဆုံကျခဲ့ကြသည်။ ဓနိသက်ငယ်ပျစ်များရက်ရာ၌ အတိုင်ဝါးခြမ်းတွင် ဓနိရွက်များကို ခေါက်ချိုးခေါက်ကာ ဓနိအကြောသီတံဖြင့် ထိုးသီထားရသည်။

ရွာသားအချို့က ၎င်းတို့၏အိမ်အပြင်ဘက်တွင် သက်ငယ်ပျစ်များ ရက်နေကြပြီး အများစုမှာ ကျွန်တော်တို့အား ရေနွေးကြမ်းဖြင့် ဧည့်ခံကြိုဆိုသော ကျေးရွာအုပ်ချုပ်ရေးမှူး၏ အလုပ်ရုံ၌ ရက်လုပ်နေကြခြင်းဖြစ်သည်။

ကျောင်းစုကျေးရွာတွင် ဒေါ်ခရေ(ဘယ်)က နေအိမ်၌ ဓနိပျစ်များ ရက်လုပ်နေစဉ်။ ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ကျောင်းစုကျေးရွာတွင် ဒေါ်ခရေ(ဘယ်)က နေအိမ်၌ ဓနိပျစ်များ ရက်လုပ်နေစဉ်။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

အမျိုးသမီးကြီး ၃၀ ခန့်က ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှထွက်ပြီး ကျောင်းစုသို့ လှေဖြင့်ပို့ဆောင်ထားသည့် ဓနိပုံကြီးများအလယ် မြေကြီးပေါ်တွင် ထိုင်နေကြသည်။ သက်ငယ်ပျစ် ရက်လုပ်မည့်ဓနိရွက်များကို ဒီဇင်ဘာမှ ဧပြီလအတွင်း ခြောက်သွေ့ရာသီတွင် ထုတ်ယူပြီး အများစုကို လယ်သမားများက ယာယီလယ်တဲများ အမိုးမိုးရန် သုံးစွဲကြသည်။

အလုပ်ရုံတွင် အလုပ်လုပ်နေသော အမျိုးသမီးများမှာ အလွန်ကျွမ်းကျင်ကြသည်။ သူတို့လက်များက သက်ငယ်ပျစ်များကို မကြည့်ဘဲ လှုပ်ရှားနေကြသည်။ အမြန်ဆုံး ရက်လုပ်နိုင်သူက တစ်ရက်ကို သက်ငယ်ပျစ် ၅၀၀ မှ ၆၀၀ အထိ ရက်လုပ်နိုင်ပြီး အပျစ် ၁၀၀ ကို ကျပ် ၁,၀၀၀ နှုန်း ရရှိသည်။

ကျောင်းစုရွာမှ ထွက်ခွာလာပြီး ခေတ္တအကြာတွင် ကျောက်တန်းရှိ ကြိုးတံတားကျဉ်းလေးမှတဆင့် ပဲခူးမြစ်ကို ကျွန်တော်တို့ ဖြတ်ကျော်ခဲ့ကြသည်။ တစ်ဘက်ကမ်း တံတားထိပ်အရောက်၌ ကျွန်တော်တို့ ခေတ္တနားပြီး အပန်းဖြေကြသည်။ လမ်းဘေးတွင် စွန့်ပစ်ထားသော အရာတစ်ခုက ကျွန်တော့မျက်စိအာရုံကို ဖမ်းစားလိုက်သည်။ ကြံကြိတ်စက် တစ်လုံးဖြစ်သည်။ စက်၏ဘေးတွင် အဆမတန် ကြီးမားသော ဘီးကြီးတစ်ခု ပါရှိသည်။ အလွန်မတန်ကို ကြီးမားသော အရွယ်အစားဖြစ်သည်။ ယင်းကို ကျွန်တော်တို့ ဧည့်လမ်းညွှန်အား ကျွန်တော်က လက်ညှိုးထိုးပြသောအခါ အနီးရှိတဲထဲ၌ ထိုင်နေသော အသက်ကြီးကြီး အဖွားကြီးတစ်ဦးက ကျပ်နှစ်သိန်းနှင့် ရောင်းမည်ဟု လှမ်းပြောသည်။ 

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစီးလုပ်ကိုင်သည့် ဓနိရက်လုပ်ငန်းခွင်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစီးလုပ်ကိုင်သည့် ဓနိရက်လုပ်ငန်းခွင်ကို တွေ့ရစဉ်။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

လမ်းမရှိသော ရွာထဲမှနေ၍ ဤမျှလေးလံသည့် စက်ပစ္စည်းကို မည်ကဲ့သို့ သယ်ရမလဲဟု ကျွန်တော်က မေးသောအခါ ၎င်းက ကျွန်တော်တို့ဘက်မှ အဝေးသို့ တအိအိ မောင်းထွက်သွားသော နွားလှည်းကို လက်ညှိုးထိုးပြသည်။ လှည်းပေါ်တွင် ပစ္စည်းပစ္စယများ၊ ကလေးများနှင့် ပြည့်ကျပ်နေပြီး အိမ်ပြောင်းလှည်း ဖြစ်ဖို့များသည်။ ကျွန်တော်တို့သည် ဆယ်စုနှစ်ပေါင်းများစွာ သက်တမ်းရှိမည့် မန်ကျည်းပင်များက လမ်းကို အုပ်မိုးလျက်ရှိသည့် ရွာဖျားလောက်တွင် လှည်းကိုမီလာသည်။

ဤနေရာမှစ၍ ရှည်လျားပြီး လှိုင်းအနည်းငယ်ထနေသော လမ်းသည် ပူပြင်းလှသော မတ်လနေရောင်အောက်၌ ကျိုက်မကော်စေတီသို့ ဦးခိုက်သွယ်တန်းနေသည်။ ယင်းနေရာမှာပင် မီတာ ၅၀ ခန့် ရှည်လျားသည့် ဝါးတံတားလေးကို ဖြတ်ကျော်ရန် ဖြတ်သန်းခ အနည်းငယ်ကို ကျွန်တော်တို့ ပေးကြရသည်။ ဝါးတံတားမှာ နှစ်စဉ်မိုးရာသီကုန်ဆုံးချိန်၌ တည်ဆောက်ပြီး မိုးအဝင်တွင် ဖျက်လိုက်ရသည်။

ကျွန်တော်တို့သည် ရှေးခေတ်မွန်နေပြည်တော် သထုံမှ ကုန်သည်တစ်ဦး လှူဒါန်းသည့်  ဗုဒ္ဓဆံတော်ကိန်းဝပ်လျက်ရှိသည်ဟု အဆိုရှိသော စေတီတော်၏ အပြင်ဘက်ရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်အတွင်းသို့ တပျော်တပါး ဝင်ရောက်ကာ ရေခဲခပ်များများ ထည့်ထားသော ကြံရည်ကို အရသာခံ၍ သောက်ကြသည်။

အပူသက်သာသွားသည်နှင့် ကျွန်တော်တို့သည် အရှေ့ဘက်ဦးတည်ကာ ပဲခူး-သုံးခွ-ရန်ကုန်လမ်းသို့ သွားပြီးနောက် တောင်ဘက်သို့ ခရီးဆက်ပြီး သက္ကလကျေးရွာတွင် ရပ်နားကြသည်။ ထိုရွာအရောက် ကားပေါ်မှ ဆင်းလိုက်ချိန်တွင် ယင်းနေရာသို့ ရောက်ဖူးကြောင်း သတိရမိလိုက်သည်။ အယ်နီညို ရာသီဥတုကာလအတွင်း ရေပြတ်လပ်သည့် သတင်းလိုက်ခဲ့သည့် ၂၀၁၀ ပြည့်နှစ် မေလက ဖြစ်သည်။

ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

ထိုအချိန်က ရေပြတ်လပ်မှုမှာ ကျွန်တော့်အတွက် ထိတ်လန့်စရာ ဖြစ်ခဲ့ရသည်။ သို့ရာတွင် ကျွန်တော့် ယခင်ခရီးစဉ်က မရှိခဲ့သေးသော တူးမြောင်းသစ်တစ်ခု၊ ဘုန်းတော်ကြီးကျောင်းကြီး တစ်ကျောင်းနှင့် ခြောက်သွေ့ရာသီသွား လမ်းတစ်လမ်း အပါအဝင် တိုးတက်မှုလက္ခဏာများကိုမူ တွေ့နေရသည်။

ကျွန်တော်တို့သည် ဖုန်ထူထူ ကွင်းပြင်ကို ဆိုင်ကယ်တစ်စီးဖြင့်ဖြတ်ကာ လမ်းမကြီးနှင့်မနီးဘဲ တိုးရစ်များသာ သွားလာနိုင်သော လမ်းကလေးရှိသည့် စိုက်ပျိုးရေးလုပ်သော ထီးတန်းရွာဘက် ထွက်ခဲ့ကြသည်။ အိမ်ထမင်း အိမ်ဟင်းနှင့် ပြင်ထားသော နေ့လယ်စာက ကျွန်တော်တို့ကို စောင့်ကြိုနေတော့သည်။ တစ်မနက်လုံး မောပန်းလာခဲ့ကြသော ကျွန်တော်တို့သည် မောမောနှင့်အားပါးတရ စားသောက်ခဲ့ကြသည်။

ထီးတန်းရွာသည် Khiri ၏ အုပ်ချုပ်မှုဒါရိုက်တာ မစ္စတာ အက်ဒ်ဝင် ဘရိုင်ယယ်နှင့်အတူ ခရီးစဉ်ကို စီစဉ်သူ ကိုဇော်မင်းဦး၏ ဇာတိဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် စင်ကာပူမှ ပြန်လာပြီးမကြာမီ အချိန်တိုအတွင်းမှာပင် ကိုဇော်မင်းဦးသည် ကုမ္ပဏီတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

ယခင်ကလည်း ၁၉၉၀ ပြည့်လွန်နှစ်များနှင့် ၂၀၀၀ ပြည့်လွန်နှစ်များအတွင်း ခရီးသွားလုပ်ငန်း၌ သူ ဝင်လုပ်ခဲ့ဖူးသည်။ သို့သော် Khiri သို့ ရောက်ချိန်မှသာ တိုင်းပြည်အတွင်းရှိ လူသိနည်းသော နယ်မြေများကို ပြသပြီး ဒေသခံပြည်သူတို့အတွက် ဝင်ငွေရင်းမြစ်သစ်တစ်ခု ဖန်တီးရန် စိတ်အားထက်သန်လာခြင်းဖြစ်သည်။

ထီးတန်းက လုပ်ငန်းနှင့်အပ်စပ်မှု အရှိဆုံးဖြစ်သည်။ ဝေးလံခေါင်းပါးလွန်းသော ဒေသမဟုတ်သည့်တိုင် ယင်းဒေသတွင် ယခုထိ အစိုးရက ပေးသောလျှပ်စစ်မီး မရှိသေးချေ။ အချို့အိမ်များက နေစွမ်းအင်သုံး လျှပ်စစ်မီးများကို အသုံးပြုနေပြီး ရေရရှိနိုင်သော အရင်းအမြစ်မှာ ကျေးရွာသုံးရေကန်ဖြစ်သည်။ (Khiri သည် နွေရာသီတွင် အရေးပေါ် ရေရရှိနိုင်စေရန် ရေတွင်းတစ်တွင်း တူးပေးခဲ့ပြီး မိုးရာသီတွင် ကျေးရွာနှစ်ပိုင်း ဆက်သွယ်နိုင်စေရန် ရွာလယ်မှ ဖြတ်သန်းစီးဆင်းနေသောချောင်းကို တံတားထိုးပေးခဲ့သည်။)

ကျေးရွာတွင် အလယ်တန်းနှင့် အထက်တန်းကျောင်းများ မရှိသေးပေ။ သက္ကလရွာဝန်းကျင်တွင် အထက်တန်း ကျောင်းပညာရေး အောင်မြင်ထားသူမှာ သူအပါအဝင် နှစ်ဦးသာရှိသေးကြောင်း ကိုဇော်မင်းဦးက ပြောသည်။ အများစုမှာမူလတန်းအဆင့်မှာပင် ကျောင်းထွက်ကြသည်။

“ကျွန်တော်က ဒီဒေသကလူတွေ အလုပ်အကိုင်တွေ ပိုမိုရရှိပြီး နိုင်ငံခြားသားတွေနဲ့လည်း အထိအတွေ့ ရှိစေချင်ပါတယ် ” ဟု ကိုဇော်မင်းဦးက Frontier ကို ပြောသည်။

ခရီးစဉ်ဆွဲနိုင်ရေးအတွက် ကိုဇော်မင်းဦးနှင့် ဘရိုင်ယယ်တို့သည် လွန်ခဲ့သော သုံးလအတွင်း ယင်းဒေသသို့ လေးကြိမ် လာရောက်ပြီး ဒေသ၏သမိုင်းကြောင်းကိုလည်း လေ့လာခဲ့ကြသည်။

“ကျွန်တော်တို့က ခရီးသည်တွေ စပို့ပေးနေပါပြီ။ ဒါပေမဲ့ ချိန်ညှိပြင်ဆင်မှုတွေတော့ ဆက်လုပ်နေပါတယ်။ မူလကတော့ (ကျောက်တန်းမှာရှိတဲ့) ယိုစုံထုတ် အလုပ်ရုံကို ရထားနဲ့ပို့ဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့ ရထားက နေ့တိုင်းမထွက်ပါဘူး”

ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

Village Life on the Old Dhammazedi Road ကဲ့သို့သော ခရီးစဉ်များ၏ အောင်မြင်မှုက မြို့ကြီးများနှင့် ဝေးရာဒေသများကို အလေးပေးပြီး နိုင်ငံ၏အကြီးမားဆုံး ရတနာဖြစ်သည့် ပြည်သူလူထု၏ အခြေအနေကို ပြသနိုင်ရန် အခြားခရီးသွားလုပ်ငန်းရှင်တို့ကိုလည်း အားပေးရာ ရောက်လိမ့်မည်ဟု မျှော်လင့်ကြောင်း မစ္စတာ ဘရိုင်ယယ်က ပြောသည်။

ယင်းသို့ဆောင်ရွက်နိုင်ခြင်းအားဖြင့် နိုင်ငံခြားခရီးသွားများက မြန်မာနိုင်ငံတွင် ပိုမိုကြာမြင့်စွာ နေထိုင်လည်ပတ်ရန်၊ သို့မဟုတ် အကြိမ်ကြိမ် ထပ်မံလာရောက်ရန် အကြောင်းတရားများ ဖြစ်လာနိုင်ကြောင်း ၎င်းက ပြောသည်။

“ဘုရားကျောင်းကန်တွေမှာ တစ်နေကုန် လည်ပတ်ချင်တဲ့ ခရီးသွားဧည့်သည် အရေအတွက်က နေ့စဉ် အကန့်အသတ် ရှိနေပါပြီ။ ခရီးသွား ဝင်ရောက်မှု အရေအတွက်ကို တိုးချဲ့ဖို့နဲ့ ခရီးသွားလုပ်ငန်းနဲ့ စားဝတ်နေရေးအတွက် ဝင်ငွေရနိုင်တဲ့ မြန်မာလူမျိုး အရေအတွက် ပိုမိုများပြားလာစေနိုင်ဖို့ဆိုရင် ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ဒေသတွေ ပိုမိုရရှိဖို့ ကျွန်တော်တို့ လိုအပ်ပါတယ်” ဟု မစ္စတာ ဘရိုင်ယယ်က ပြောသည်။

“တီထွင်ဆန်းသစ်မှုရှိပြီး စိတ်ချမ်းမြေ့စရာကောင်းတဲ့ အတွေ့အကြုံတွေ နိုင်ငံခြားသား ခရီးသွားတွေ ရရှိကြအောင် ဆောင်ရွက်ပေးတာကလည်း ခရီးသွားလုပ်ငန်းအတွက် အရေးပါတဲ့ အချက်ဖြစ်ပါတယ်”

ကိုဇော်မင်းဦး၏ သဘောထားကလည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။ Peace House ခရီးသွား အေဂျင်စီတွင် အထွေထွေမန်နေဂျာတာဝန် ထမ်းဆောင်ရန် Khiri မှ သူနုတ်ထွက်သွားခဲ့သော်လည်း သူက အစီအစဉ်သစ်များကို ဆက်လက်ဆောင်ရွက်ပေးနေဆဲဖြစ်သည်။ မကြာသေးမီကပင် မွန်ပြည်နယ်၌ သုံးညအိပ် ခြေလျင်ခရီးစဉ်တစ်ခုကို သူစီစဉ်ပေးခဲ့သေးသည်။

“တခြားကုမ္ပဏီတွေနဲ့ လုံးဝကွဲပြားတဲ့ ခရီးစဉ်သစ်တွေ၊ တီထွင်ဆန်းသစ်တဲ့ ခရီးစဉ်သစ်တွေကို ကျွန်တော်တို့ နှစ်စဉ်ဆောင်ရွက်သွားချင်ပါတယ်။ သယ်ယူပို့ဆောင်မှု ပုံစံမျိုးစုံသုံးပြီး သူတို့ကို သက်ဝင်လှုပ်ရှားမှုရှိအောင်၊ ဒေသခံပြည်သူတွေနဲ့ ထိတွေ့မှုရှိအောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်” ဟု သူက ပြောသည်။

“မြန်မာနိုင်ငံမှာ ခရီးသွားကုမ္ပဏီပေါင်း၂၀၀၀ ကျော် ရှိပါတယ်။ ဒါပေမဲ့ အောင်မြင်တဲ့ကုမ္ပဏီက လက်ချိုးရေလို့ ရပါတယ်။ ခရီးသည်တွေ ဘာလိုချင်တယ်ဆိုတာကို ကျွန်တော်တို့ စဉ်းစားဖို့လိုပါတယ်”

ဉာဏ်တင် ဘာသာပြန်သည်။

More stories

Related stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.