ဦးထင်ကျော်မဟုတ်တဲ့ ကိုထင်ကျော်

ဇွဲကောင်းလှတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုထင်ကျော်ဟာ နှစ်ပေါင်းများစွာ ထောင်ထဲဝင်လိုက် ထွက်လိုက် ဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရအပြောင်းအလဲဖြစ်ပြီးတဲ့နောက်မှာတော့ သူရဲ့ နိုင်ငံရေးမဟာဗျူဟာကို ပြန်လည်စဉ်းစားတော့မယ်လို့ဆိုပါတယ်။

ကျော်ဖုန်းကျော် ရေးသားသည်။

သမ္မတနေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးထင်ကျော်ကို အမည်စာရင်းတင်တော့ နိုင်ငံတကာရုပ်သံလိုင်းဖြစ်တဲ့ စီအင်န်အင်န်က လှုပ်ရှားတက်ကြွတဲ့ ကိုထင်ကျော်နဲ့ မှားပြီး သတင်းထုတ်လွှင့်ခဲ့ပါတယ်။ ဒါက နားလည်နိုင်တဲ့ အမှားပါ။ ကိုထင်ကျော်ရဲ့  ဓါတ်ပုံတစ်ပုံကိုပါ တွဲပြီး သတင်း တင်ဆက်ခဲ့ပါတယ်။ တကယ်တမ်းကျတော့လည်း ကိုထင်ကျော်က သမ္မတ ဦးထင်ကျော်ထက်ပိုပြီး လူသိများပါတယ်။ ဦးထင်ကျော်ကိုတော့ အမည်စာရင်းတင်မှပဲ တော်တော်များများက သိကြတာပါ။

အသက် ၅၃ နှစ်ရှိပြီတဲ့ ကိုထင်ကျော်ဟာ ကုန်ဈေးနှုန်းကျဆင်းရေးနှင့် ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုများအဖွဲ့ (Movement for Democracy Current Force) ရဲ့ ခေါင်းဆောင်ဖြစ်ပြီး စစ်အစိုးရနဲ့ ဦးသိန်းစိန်အစိုးရကို ပစ်မှတ်ထားတဲ့၊ မာန်ပါတဲ့ မဆုတ်မနစ် နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ထင်ရှားလာခဲ့ပါတယ်။

ကိုထင်ကျော်ဟာ သူ့ရဲ့ နိုင်ငံရေးလှုပ်ရှားမှုအတွက် အကြိမ်ကြိမ်ဖမ်းဆီးထောင်ချခံရလွန်းလို့ အာဏာပိုင်တွေအနေနဲ့ စဉ်ဆက်မပြတ် နှိပ်စက်မှုတွေကို ရပ်တန့်ဖို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)က တောင်းဆိုခဲ့ပါတယ်။ သူ့ရဲ့ များပြားလှတဲ့ တရားခွင်တွေထဲက တရားရုံးချိန်းတစ်ခုမှာတော့ သူ့ရဲ့ ခြေဖဝါးမှာ ဦးသိန်းစိန်အမည်ကို ရေးထားတာကို ပြသခဲ့ပါတယ်။ ဒါက ယဉ်ကျေးမှုအရ ကြီးမားတဲ့ စော်ကားမှုတစ်ခုပါ။ သူကတော့ ဒါကို ခြေဖဝါးကမ်ပိန်းလို့ ခေါ်ဆိုပါတယ်။

တရားရေးစနစ်ကို ဆန့်ကျင်ကန့်ကွက်မှုတွေကြောင့် သူဟာ ရဲတွေရဲ့ စစ်ဆေး ခေါ်ဆောင်မှုကို မကြာခဏ ခံရပါတယ်။ အဲဒီလို ကြားနာစဉ်မှာ သူက ကြမ်းပြင်ပေါ်မှာ ထိုင်နေခဲ့ပါတယ်။ ၂၀၀၇ ခုနှစ် နှောင်းပိုင်းမှာတော့ ရွှေဝါရောင်တော်လှန်ရေးအပြီး တရားစွဲဆိုမှုမရှိပဲ ထိန်းသိမ်းထားတဲ့ ဘုန်းတော်ကြီးနဲ့ အခြားသူတွေကို လွှတ်ပေးရေးအတွက် အင်းစိန်ထောင်မှာ အစာငတ်ခံ ဆန္ဒပြခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်ကလည်း အင်းစိန်ထောင်မှာပဲ နောက်ထပ် အစာငတ်ခံဆန္ဒပြခဲ့ပါသေးတယ်။

ကိုထင်ကျော်ဟာ သမ္မတထင်ကျော်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဧပြီ ၁၇ ရက်နေ့က လွှတ်ပေးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၈၃ ယောက်ထဲမှာ ပါဝင်ခဲ့ပါတယ်။ သူလွတ်လာပြီး ရက်အနည်းငယ်အကြာမှာ Frontier က ကိုထင်ကျော်ကို မြောက်ဥက္ကလာပက သူ့မိတ်ဆွေတစ်ဦးရဲ့အိမ်မှာ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ တရားရုံးမှာပဲဖြစ်ဖြစ် ဆန္ဒပြရာမှာဖြစ်ဖြစ် မာန်ပါပါတွေ့မြင်ခဲ့ရပေမယ့် အခုလို ပြောဆိုရာမှာတော့ သိမ်သိမ်မွေ့မွေ့ရှိပါတယ်။

၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီက ကိုထင်ကျော်နဲ့ အခြား ၁၀ ဦးခန့်တို့ဟာ ရန်ကုန်မြို့၊ သိမ်ကြီးဈေးအပြင်ဘက်မှာ လူနေမှုစရိတ်မြင့်မားမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတစ်ခုပြုလုပ်ခဲ့ပြီးနောက် အဲဒီနှစ်နောက်ပိုင်းမှာ ဘုန်းတော်ကြီးတွေ ဦးဆောင်တဲ့ ဆန့်ကျင်ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

အဲဒီဆန္ဒပြမှုတွေက နှစ်ပေါင်းများစွာအတွင်း ရန်ကုန်မှာ ပထမဆုံး လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ ဖြစ်ပါတယ်။ အဲဒီအုပ်စုကပဲ ၂၀၀၇ ခုနှစ်၊ ဧပြီက လှည်းတန်းလမ်းဆုံမှာ နောက်ထပ်ဆန္ဒပြမှုတစ်ခု  ပြုလုပ်ခဲ့ပါသေးတယ်။

“ရဲတွေက ကျွန်တော်တို့ကို ဖမ်းပြီး ရိုက်ချင်ကြတယ်။ ဒါပေမဲ့ သူတို့ စိတ်ထဲရှုပ်ထွေးသွားတယ်။ ကုန်ဈေးနှုန်းတွေ ကျဆင်းရေးကို ထောက်ခံကြောင်း အော်ဟစ်တယ်။ ပြီးတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဗိုလ်ချုပ်ကြီးမောင်အေး ကျန်းမာ၊ ချမ်းသာပါစေဆိုပြီးတော့လည်း အော်တယ်။ ဒါ့ကြောင့် ရဲတွေ စိတ်ရှုပ်ထွေးပြီး ကျွန်တော်တို့ကို ဖမ်းဖို့ကြောက်သွားတယ်” လို့ သူကပြောပါတယ်။

“ကျွန်တော်တို့ ဒီနည်းလမ်းကို သုံးပြီးတော့ ဆန့်ကျင်ဆန္ဒပြပွဲနှစ်ခု ပြုလုပ်နိုင်ခဲ့တယ်။ ကျွန်တော်တို့ ဒီလိုလုပ်ရတဲ့ အကြောင်းကတော့ အုပ်စုတစ်ခုက ရန်ကုန်မြို့လယ်မှာ စစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့တယ်ဆိုတာ ပြည်သူကို သိအောင်လို့ပါ” လို့သူကဆိုပါတယ်။

ဒါပေမယ့် ၂၀၀၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်က သိမ်ကြီးဈေးမှာလုပ်တဲ့ ဆန္ဒပြပွဲတစ်ခုမှာတော့ သူ ကံဆိုးသွားခဲ့ပါတယ်။ အဲဒီအချိန်က သူနဲ့ အခြားသူတွေဟာ အာဏာသိမ်း စစ်အစိုးရရဲ့ ထိပ်တန်း ဗိုလ်ချုပ်ကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းတို့ရဲ့ ပုံတွေကိုင်ပြီး ပြည်သူတွေဆင်းရဲရတာ အဲဒီဗိုလ်ချုပ်ကြီးတွေကြောင့်ဆိုပြီး အော်ဟစ်ခဲ့ကြပါတယ်။ သူတို့ဖမ်းဆီးခံရပြီး ရိုက်နှက်ခံရတာ ပြင်းထန်လွန်းလို့ ကိုထင်ကျော်ရဲ့ သွားတစ်ချို့ ကျွတ်ထွက်ကုန်ပါတယ်။ ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာမှာတော့ ကိုထင်ကျော်တစ်ယောက် ထောင်ဒဏ် ၁၂နှစ်ခွဲ ချမှတ်ခံခဲ့ရပါတယ်။

၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလမှာတော့ သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ကိုထင်ကျော် လွတ်မြောက်လာခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၃ ခုနှစ်၊ သြဂုတ်မှာတော့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈ ကို ချိုးဖောက်မှုနဲ့ အဖမ်းခံရပြီး အောက်တိုဘာမှာ ထောင်ခြောက်လ ချမှတ်ခံခဲ့ရပါတယ်။ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်မှာတော့ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာပြန်ပါတယ်။ ဒါပေမယ့်လည်း အဲဒီနေ့မှာပဲ ပုဒ်မ ၁၈ ကို ထပ်မံ ချိုးဖောက်မှုနဲ့ ပြန်အဖမ်းခံရပါတယ်။ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာခဲ့ပြန်ပါတယ်။

000_hkg9318557.jpg

၂၀၁၂ ခုနှစ်တွင် ထောင်မှ ပြန်လည်လွှတ်မြောက်လာသည့် ကိုထင်ကျော်။ ဓာတ်ပုံ-အေအက်ဖ်ပီ

ဧပြီ ၁၇ ရက်နေ့မှာ အင်းစိန်ထောင်က ကိုထင်ကျော်လွတ်လာချိန်ကတော့ ထောင်ဒဏ် ၁၃ နှစ်နဲ့ ၁၀ လ ကျခံနေရချိန်ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်၊ မေ ၅ ရက်က မိန့်ခွန်းတွေပြောပြီး အစိုးရနုတ်ထွက်ဖို့ တောင်းဆိုတဲ့ စာတွေဖြန့်ဝေနေစဉ် အဖမ်းခံရပြီး ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်း ဖြစ်ပါတယ်။ သူ့ကို ပုဒ်မ ၅၀၅(ခ)နဲ့ ပုဒ်မ ၁၈ တို့အရ နိုင်ငံတော်ဆန့်ကျင်မှု၊ ဒါမှမဟုတ် အများပြည်သူ တည်ငြိမ်အေးချမ်းမှုကို နှောက်ယှက်မှုတိုနဲ့ တရားစွဲဆိုခံခဲ့ရခြင်းဖြစ်ပါတယ်။

စက်မှုအင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ ကိုထင်ကျော်ဟာ ရေနံနဲ့ သဘာဝဓါတ်ငွေ့သူဋ္ဌေးကြီး ဦးမိုက်ကယ်မိုးမြင့်ကုမ္ပဏီမှာ အကြီးတန်းစက်ပြင်ဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပါသေးတယ်။ အဲဒီကမှ နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ခဲ့တာပါ။ “သူက အင်န်အယ်လ်ဒီ လူငယ်အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့ပါတယ်။ အလုပ်ရှင်ဟောင်းရဲ့ ဖိအားကြောင့် အဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်ခဲ့တာပါ” လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီရေးအဖွဲ့က စုစည်းထားတဲ့ ကိုယ်ရေးအကျဉ်းတစ်ခုမှာ ဖော်ပြထားပါတယ်။

နိုင်ငံရေးလှုပ်ရှားမှုအတွက် ကိုထင်ကျော်ပေးဆပ်ရတဲ့ တန်ဖိုးကလည်း ကြီးပါတယ်။ သူ့မှာ အလုပ်မရှိပါဘူး။ အိမ်မရှိပါဘူး။ အိမ်ထောင်သုံးကြိမ်တော့ ကျဖူးပါတယ်။ သူငယ်ချင်းတွေနဲ့ နေပါတယ်။

“မြေအောက်အဖွဲ့တစ်ခုကို စတင်တဲ့ ၁၉၈၈ မှာပဲ ကျွန်တော်ရဲ့ နိုင်ငံရေးသမားဘဝကို စတင်ခဲ့ပါတယ်”လို့ လွန်ခဲ့သည့်နှစ် ၃၀ နီးပါးက ဆန့်ကျင်ဆန္ဒပြမှုများကို ရည်ညွှန်းလျက် ကိုထင်ကျော်က Frontier ကိုပြောပါတယ်။ အဲဒီနောက် ကျွန်တော် အင်န်အယ်လ်ဒီထဲ ဝင်ခဲ့ပါတယ်။ “၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီနိုင်ရင် နိုင်ငံရေးလောကကနေ ထွက်မယ်လို့ ကျွန်တော်ဇနီးကို ကတိပေးခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်မထွက်နိုင်ခဲ့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အနိုင်ရပါတီကို စစ်တပ်က အာဏာလွှဲမပေးခဲ့လို့ပါ”လို့ သူကပြောပါတယ်။

“လေးနှစ်လောက်ကြာတော့ ကျွန်တော့်ဇနီးက ကျွန်တော့်ရုံးကို လိုက်လာပြီး သူ့ကိုရွေးမလား၊ နိုင်ငံရေးကို ရွေးမလားဆိုပြီး ပြောပါတယ်။ နိုင်ငံရေးကနေ မထွက်နိုင်တဲ့အတွက် ကွာရှင်းပေးလိုက်ရပါတယ်” လို့ သူကဆိုပါတယ်။ ကိုထင်ကျော်ဟာ နောက်တစ်ကြိမ် အိမ်ထောင်ပြုပါသေးတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့်ပဲ နှစ်အနည်းငယ်အကြာမှာ အိမ်ထောင်ကွဲသွားခဲ့ပါတယ်။

“ကျွန်တော့် ဒုတိယဇနီးရဲ့ အစ်ကိုက ရဲအရာရှိတစ်ဦးဗျ။ နိုင်ငံရေးမှာ ကျွန်တော် ပတ်သက်တယ်ဆိုတာလည်းသိရော ကျွန်တော်ဇနီးက ကျွန်တော်ကို မိသားစုကနေ ထုတ်ပယ်လိုက်ပြီး နောက်တစ်ကြိမ် ကွဲခဲ့ပြန်ပါတယ်”လို့ ကိုထင်ကျော်က ပြောပါတယ်။ အဲဒီနောက် သူငယ်ချင်းတစ်ဦးရဲ့ ညီမနဲ့ အိမ်ထောင်ကျခဲ့ပြီး ကလေးတစ်ဦးရခဲ့ပါတယ်။ အရင်ဇနီးတွေနဲ့လည်း ကလေးတစ်ဦးစီ ရခဲ့ပါတယ်။”

“အခုလက်ရှိဇနီးကို ရဲတွေဖမ်းလို့ ပုန်းနေရင်းကနေ တွေ့ခဲ့တာပါ”လို့ သူကပြောပါတယ်။

“ကျွန်တော့်မှာ အိပ်စရာနေရာမရှိခဲ့ဘူး။ သူ့ရဲ့ ကွမ်းယာဆိုင်လေးမှာပဲ နေဖို့ ရွေးခဲ့ရတာပါ။ သူက ကျွန်တော်ရဲ့ အမည်မှန်ကို မသိခဲ့ဘူး။ ကျွန်တော့်ကို သာမန်စက်ပြင်ဆရာ၊ အစ်ကိုရဲ့ သူငယ်ချင်းလို့သာ ယူဆခဲ့တာပါ။  ကျွန်တော့်ကို ဖမ်းမိသွားတဲ့နောက် နောက်ထပ် သတင်းအချက်အလက်တွေ လိုချင်လို့ သူ့ကို ရဲကလာဖမ်းမှသာ ကျွန်တော်ဘယ်သူဆိုတာ သိတာပါ” လို့ ကိုထင်ကျော်က ပြောပါတယ်။

အခြေခံလူတန်းစားများကိုယ်စား တိုက်ပွဲဝင်ရန် ၂၀၁၂ ခုနှစ်က ဖွဲ့စည်းခဲ့သော MDCF ကို ဦးဆောင်ခြင်းအပြင် မြေသိမ်းယာသိမ်းကိစ္စတွေကို ဆန့်ကျင်ဆန္ဒပြမှုများတွင်လည်း ပါဝင်ခဲ့ပါသေးတယ်။ ပြီးတော့ ၂၀၀၆ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ မြန်မာဖွံ့ဖြိုးတိုးတက်ရေးကော်မတီကိုလည်း ဦးဆောင်နေပါတယ်။

MDCF မှာ အဖွဲ့ဝင်ဘယ်နှစ်ယောက်ရှိတယ်ဆိုတာ ပြောဖို့ကိုတော့ သူကငြင်းပါတယ်။ ဒါပေမယ့် ဘာသာလူမျိုးမခွဲခြားပဲ အားလုံးအတွက် လမ်းဖွင့်ထားပါတယ်လို့တော့ သူကဆိုပါတယ်။

၂၀၀၇ ခုနှစ်က ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာ သူ့ဦးဆောင်ခဲ့တဲ့ အခန်းကဏ္ဍကြောင့် ကုန်ဈေးနှုန်းထင်ကျော်ဆိုတဲ့ အမည်တောင်ရခဲ့ပါသေးပါတယ်။ ဒီလှုပ်ရှားမှုက လူထုထောက်ခံမှုရရှိအောင် လုပ်ဆောင်တဲ့ မဟာဗျူဟာရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။

လူ့အခွင့်အရေးတို့၊ တန်းတူညီမျှရေးတို့လို စကားလုံးတွေသုံးရင် ပြည်သူတွေ နားရှုပ်သွားနိုင်ပါတယ်။ ကုန်ဈေးနှုန်း ကျဆင်းရမယ်ဆိုတဲ့ ရိုးရှင်းတဲ့ သတင်းစကားက ပိုပြီးထိရောက်ပါတယ်လို့ ကိုထင်ကျော်က ဆိုပါတယ်။ ကိုထင်ကျော်က Hunger Games ရုပ်ရှင်ထဲက ဖိနှိပ်မှုကို ဆန့်ကျင်တွန်းလှန်တဲ့ သင်္ကေတဖြစ်တဲ့ လက်သုံးချောင်းထောင်ပြတာကိုလည်း မကြာခဏ လုပ်တတ်ပါသေးတယ်။ အင်းစိန်ထောင်က သူ့ကို လွှတ်ပေးခဲ့ချိန်တုံးကတောင် သူက လက်သုံးချောင်းထောင် အလေးပြုဟန် လုပ်ခဲ့ပါသေးတယ်။


ကျွန်တော် လူသားအရင်းအမြစ်တွေ အများကြီးဖြုန်းတီးခဲ့တယ်။ ဘာဖြစ်လို့လည်းဆိုတော့ လူတွေ၊ ကျွန်တော့် သူငယ်ချင်းတွေအများကြီးကို တော်လှန်ရေးထဲမှာပါဖို့ စည်းရုံးခဲ့တယ်။ ရလဒ်က အခုချိန်အထိ သူတို့ဘဝတွေ မတည်ငြိမ်သေးတာပဲ။ အိပ်ဖို့တစ်နေရာအတွက် ကျွန်တော်သူတို့အပေါ် မှီခိုနေရတုံးပါ။ ကျွန်တော်က သူတို့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုပါ။ ကျွန်တော် သူတို့ကို တစ်ခုခုပြန်ပေးချင်တယ်


 

jtms_activisthk-2.jpg

ကိုထင်ကျော်ကို Frontier က သွားရောက်မေးမြန်းစဉ်။ ဓာတ်ပုံ-သိမ့်မွန်စိုး(J)

လှုပ်ရှားမှုတွေ လုပ်ရဦးမယ်ဆိုတာနဲ့ ပတ်သက်ပြီးမေးမြန်းတဲ့အခါမှာတော့ အုပ်ချုပ်ရေးနဲ့ တရားရေးစနစ်အပေါ် စစ်တပ်က ထိန်းချုပ်နေသမျှ တော်လှန်ရေးက မပြီးဆုံးသေးဘူးလို့ သူကပြောပါတယ်။ နောက်ပြီး စစ်တပ်က အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေးကိုလည်း ပိတ်ဆို့နိုင်တယ်လို့ ဆိုပါတယ်။

“ပြည်ထဲရေးဝန်ကြီးကို စစ်တပ်က ခန့်အပ်ပြီး အမတ် ၂၅ ရာခိုင်နှုန်းဟာလည်း ရွေးကောက်တင်မြောက်ခံရတာ မဟုတ်တဲ့ စစ်သားတွေသာဖြစ်ပါတယ်။ ပြီးတော့ တရားရေးမှာလည်း စစ်တပ်ကလူတွေ ခန့်ထားသေးတယ်။ ဒီပြဿနာတွေကို ကျွန်တော်တို့ ဖြေရှင်းဖို့ လိုပါတယ်”လို့ သူကပြောပါတယ်။

ဒါပေမဲ့ MDCF ရဲ့ မဟာဗျူဟာကိုတော့ ပြောင်းချင်ပြောင်းနိုင်တယ်လို့ ကိုထင်ကျော်က ပြောပါတယ်။ “လောလောဆယ်တော့ ဆန့်ကျင်ကန့်ကွက်မှုလုပ်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ထားပါတယ်။ ဒါပေမဲ့ အကန့်အသတ်နဲ့ပါ။ ဘာဖြစ်လို့လည်းဆိုတော့ အင်န်အယ်လ်ဒီအစိုးရကို အခက်အခဲတွေ မဖြစ်စေချင်ပါဘူး”လို့ ကိုထင်ကျော်က ဆိုပါတယ်။

စစ်ထောက်လှမ်းရေးဋ္ဌာနကို ဖျက်သိမ်းပစ်ဖို့ MCDF ကလိုလားနေပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အင်န်အယ်လ်ဒီအစိုးရအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်နိုင်တယ်လို့သူက ထင်ထားလို့ပါ။ ဒါ့အပြင် စစ်တပ်က ထိန်းချုပ်ထားတဲ့ ကာကွယ်ရေး၊ နယ်စပ်ရေးနဲ့ ပြည်ထဲရေးဝန်ကြီးဌာနသုံးခုအနက်  ပြည်ထဲရေးဝန်ကြီးဌာနဟာ အရပ်ဘက်ထိန်းချုပ်မှုအောက်မှာ လုံးဝရှိနေရမယ်လို့ ကိုထင်ကျော်က ဆိုပါတယ်။

လွှတ်တော်ပြင်ပနိုင်ငံရေးကို ပိုမိုနှစ်သက်တဲ့အတွက် ပါတီတစ်ခုဖွဲ့စည်းဖို့ လောလောဆယ် စိတ်ဝင်စားမှုမရှိဘူးလို့လည်း သူကဆိုပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးလောကက အနားယူသွားရင် ကျွန်တော်တို့ ပါတီတစ်ခုထောင်ပြီး ရွေးကောက်ပွဲတွေမှာ ပြိုင်ချင်ပြိုင်မယ်။ ဒါပေမဲ့ သူလုပ်နိုင်နေသရွေ့တော့ ကျွန်တော်တို့ သူ့ကို ထောက်ခံမှာပါ” လို့ သူက ဆိုပါတယ်။

အစိုးရအပြောင်းအလဲကြောင့် သူ့အတွေးတွေကို စီးပွားရေးလုပ်ငန်းတစ်ခု စတင်ဖို့ဘက်ကို ဦးလှည့်စေခဲ့တယ်လို့ ဆိုပါသေးတယ်။

“ကျွန်တော်က ဝိုင်လုပ်နည်းအကြောင်း သိတယ်။ ကျွန်တော်က ကျွမ်းကျင်တဲ့ စက်ပြင်ဆရာတစ်ဦးပါ။ ဒါကြောင့် စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်မှာပါ”လို့ ကိုထင်ကျော်က ပြောပါတယ်။ ပြီးတော့ ဘဝတူ နိုင်ငံရေးသမားတွေအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ပေးချင်တယ်လို့ ထပ်ပြောပါတယ်။

“ကျွန်တော် လူသားအရင်းအမြစ်တွေ အများကြီးဖြုန်းတီးခဲ့တယ်။ ဘာဖြစ်လို့လည်းဆိုတော့ လူတွေ၊ ကျွန်တော့် သူငယ်ချင်းတွေအများကြီးကို တော်လှန်ရေးထဲမှာပါဖို့ စည်းရုံးခဲ့တယ်။ ရလဒ်က အခုချိန်အထိ သူတို့ဘဝတွေ မတည်ငြိမ်သေးတာပဲ။ အိပ်ဖို့တစ်နေရာအတွက် ကျွန်တော်သူတို့အပေါ် မှီခိုနေရတုံးပါ။ ကျွန်တော်က သူတို့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုပါ။ ကျွန်တော် သူတို့ကို တစ်ခုခုပြန်ပေးချင်တယ်” ကိုထင်ကျော်က ပြောပါတယ်။

ဒါပေမယ့် သူ့ရဲ့ အမှုရုံးချိန်းတွေကတော့ မပြီးသေးပါဘူး။ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရှိနေပေမယ့် ကိုထင်ကျော်ဟာ မြောက်ဥက္ကလာပမြို့နယ်က မြေယာအငြင်းပွားမှုတစ်ခုနဲ့ ပတ်သက်ပြီး ကြီးမားတဲ့ စွဲချက်တွေနဲ့ ရင်ဆိုင်နေရဆဲပါ။

အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.