“ကျွန်တော်တို့ဟာ မိတ်ဖက်အဖြစ် တည်ရှိနေပါတယ်”- အမေရိကန် သံအမတ်ကြီး

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် တာဝန်မယူမီက မစ္စတာစကော့ မာစီရယ်လ် သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ Bureau of East Asian and Pacific Affairs ၏ Principal Deputy Assistant Secretary အဖြစ် လုပ်ကိုင်ခဲ့သည်။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ရခိုင်ပြည်နယ်အရေးနှင့် အမေရိကန်-မြန်မာ ဆက်ဆံရေးများနှင့် ပတ်သက်ပြီး Frontier မှ ရှောင် ဂလေစင်အား ၎င်းက ပြောကြားခဲ့သည်။

ယခင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးက နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စဟီလာရီကလင်တန်နဲ့ အရမ်းနီးကပ်ခဲ့ပါတယ်။ ခင်ဗျားက အရှေ့တောင်အာရှဒေသတွေမှာသာ သံအမတ်အဖြစ် လုပ်ကိုင်ခဲ့ဖူးတယ်။ ဒီလိုဆိုတော့ ခင်ဗျားကို အမေရိကန် သံအမတ်ကြီးအဖြစ် ခန့်အပ်ခံရတာဟာ အမေရိကန်နဲ့ မြန်မာတို့ရဲ့ ဆက်ဆံရေးကို အမေရိကန်က အထူးတလည်အဖြစ် မသတ်မှတ်တော့ဘူးဆိုတဲ့ သဘောလား။

မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ အမေရိကန်သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက သံအမတ်တွေရဲ့ မူဝါဒကို ချမှတ်ပေးတာပါ။ ကျွန်တော်တို့က သံအမတ်တွေအနေနဲ့ ဒီမူဝါဒတွေကို လိုက်လုပ်ရတာပါ။ ကျွန်တော်တို့ရဲ့ ထင်မြင်ယူဆချက်တွေကိုလည်း ထည့်သွင်းကောင်း ထည့်သွင်းနိုင်ပါတယ်။ ဒါပေမဲ့ ဒီမူဝါဒကိုတော့ လိုက်လုပ်ရတာပါ။ ကျွန်တော်တို့က အရင်ကအတိုင်း ဆက်လုပ်သွားကြမှာပါ။ ကျွန်တော်က မြန်မာအရေးကိစ္စမှာ လုပ်ဆောင်လာတာ ဆယ်စုနှစ်တစ်ခု ကျော်လာပါပြီ။ မူဝါဒကတော့ ဒီအတိုင်းပါပဲ။ ကျွန်တော်တို့ရဲ့ မူဝါဒက မြန်မာပြည်သူတွေ ဒီမိုကရေစီကို အကောင်အထည် ဖေါ်နိုင်အောင်၊ ငြိမ်းချမ်းရေးရရှိအောင်၊ ဖွံ့ဖြိုးတိုးတက်အောင် ထောက်ပံ့ပေးသွားမယ့် မူဝါဒပါပဲ။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ စတင်ဖြစ်ပေါ်လာတော့ ကျွန်တော်တို့မှာ မြန်မာနိုင်ငံနဲ့ ပိုမိုပတ်သက်ဖို့ အခွင့်အလမ်းတွေ ပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့ မူဝါဒကတော့ တသမတ်တည်းပါပဲ။ သံအမတ်ရာထူးရရှိတဲ့ လူတစ်ဦးချင်းစီရဲ့ လုပ်ဆောင်မှုကြောင့် ဘာမှ ကွဲပြားသွားမှာ မဟုတ်ပါဘူး။

ဧပြီလမှာ ခင်ဗျားရဲ့ သံအမတ် သက်တမ်းအစပြုကတည်းက နှစ်နိုင်ငံ ဆက်ဆံရေးမှာ ထူးခြားတာတွေ အများအပြား ဖြစ်ခဲ့ပါတယ်။ Peace Corps အဖွဲ့ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နိုင်ငံကို သွားရောက်လည်ပတ်ခဲ့တယ်။ အိုဘားမားအစိုးရက အရေးယူ ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးခဲ့တယ်။ ဒါပေမဲ့ တစ်ချို့ စောင့်ကြည့်သူတွေက ပြောတာက ဆက်ဆံရေးက လိုအပ်သလောက် မရောက်ရှိခဲ့ဘူးလို့ ပြောတယ်။ ဥပမာ ပရောဖက်ဆာ David Steinberg က နှစ်နိုင်ငံ စစ်ဘက်ဆက်ဆံရေး တိုးတက်လာဖို့ ပြောဆိုခဲ့တယ်။ ဒီကိစ္စက အမေရိကန်အစိုးရ စိတ်ဝင်စားတဲ့ ကိစ္စရပ်လား။

ကျွန်တော် ဒီနိုင်ငံမှာ လုပ်ဆောင်နေတာက ဒီမိုကရေစီ အသွင်ပြောင်းရေးကိစ္စကို အောင်မြင်စေဖို့၊ ငြိမ်းချမ်းရေးရရှိဖို့နဲ့ ပြုပြင်ပြောင်းဖို့ပါပဲ။ ဒါပေမဲ့ စစ်တပ်နဲ့ ဆက်ဆံရေးက ကန့်သတ်မှုတွေ ရှိနေတုန်းပါပဲ။

စစ်တပ်နဲ့ ကျွန်တော်တို့ ဆက်ဆံရေးကလည်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့၊ ငြိမ်းချမ်းရေး ရယူဖို့နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့ပါပဲ။ စစ်တပ်နှစ်ခုချင်း ဆက်ဆံရေးကို တိုးမြှင့်ဖို့က ဒီနယ်ပယ်တွေမှာ ဘယ်လောက်အောင်မြင်မှု ရရှိနေပြီလဲဆိုတာအပေါ် မူတည်နေပါတယ်။

ကျွန်တော်တို့က စစ်တပ်နဲ့ ဆက်ဆံရေးတစ်ချို့ ရှိခဲ့ပါတယ်။ ကျွန်တော်တို့က ပြုပြင်ပြောင်းလဲဖို့ တွန်းအားပေးတယ်။ အရပ်ဘက်နဲ့ စစ်ဘက်ဆက်ဆံရေး ကောင်းမွန်အောင် လုပ်ဆောင်ဖို့ ပြောပါတယ်။ အရပ်ဘက် အာဏာပိုင်တွေကတဆင့် အလုပ်လုပ်ကိုင်တတ်အောင် တွန်းအားပေးပါတယ်။ ဒါက တစ်ကမ္ဘာလုံးမှာ ကျွန်တော်တို့ လုပ်ဆောင်နေတာပါ။ စစ်တပ်အချင်းချင်း ဘယ်လိုဆက်ဆံရေးမျိုး လိုချင်သလဲဆိုတာ အရပ်ဘက်အာဏာပိုင်တွေက ဆုံးဖြတ်ရမှာပါ။ ပြီးတော့မှ စစ်တပ်အရာရှိတွေက အသေးစိတ် လိုက်လုပ်ရမှာပါ။ ကျွန်တော်တို့ လုပ်ကိုင်တဲ့ ပုံစံကတော့ ဒီလိုပါပဲ။

ကျွန်တော်တို့မှာ ဆက်ဆံရေးတစ်ချို့ ရှိပါတယ်။ မြန်မာစစ်တပ် အရာရှိတစ်ချို့ကို ဟာဝိုင်အီမှာရှိတဲ့ Asia Pacific Center for Security Studies ကို သွားရောက်ပြီး သင်တန်းတက်စေတာတွေ ရှိပါတယ်။ ဒါက အထောက်အပံ့ ဖြစ်ပါတယ်။ ဒါမျိုးတွေကို ဆက်လက် လုပ်ဆောင်သွားမှာပါ။

ခင်ဗျား ကချင်ပြည်နယ်ကို စက်တင်ဘာလမှာ သွားရောက်လည်ပတ်တုန်းက စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ လူတွေကို တွေ့ခဲ့ရမှာပေါ့။ ဒါက ၂၀၁၁ ခုနှစ်မှာ အပစ်ရပ်ရေး ပြိုကွဲသွားပြီးကတည်းက တိုက်ပွဲတွေ ဖြစ်နေခဲ့တာပါ။ ဒါတွေကို မြင်တွေ့ရပြီး အမေရိကန်အစိုးရက ဘယ်လို သုံးသပ်ပါလဲ။ ကချင်ပြည်နယ်နဲ့ တခြားနေရာတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ယုံကြည်မှု ပျက်ယွင်းသွားပါသလား။

ကျွန်တော်တို့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အားပေးထောက်ခံပါတယ်။ နောက်တစ်ချက်က ကျွန်တော်တို့ရော၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ပတ်သက်နေသူတွေအားလုံး သိထားတာက ဒါက ရှည်လျားပြီး စိန်ခေါ်မှုများတဲ့ ကြိုးပမ်းချက်တစ်ခုပါ။ ဒီနောက်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဆောင်ရပါဦးမယ်။

ကချင်ပြည်နယ်မှာ IDP စခန်းတွေနဲ့ အပြင်ဘက်က လူတွေပြောကြတာ တိုက်ပွဲတွေက ပိုမို တိုးမြင့်လာတယ်လို့ ဆိုပါတယ်။ ဒါတွေက အလွန်စိုးရိမ်စရာကောင်းနေပြီး လူသားချင်း စာနာမှုဆိုင်ရာ ပြဿနာတွေလည်း ရှိလာပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်က IDPs စခန်းတွေမှာ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီရရှိဖို့ အကန့်အသတ်တွေလည်း ရှိလာပါတယ်။

ကျွန်တော်တို့က အများပြည်သူကိုရော၊ သက်ဆိုင်သူတွေကို သီးခြားလည်း ပြောထားပါတယ်။ တိုက်ပွဲမှာ ပါဝင် ပတ်သက်နေသူတွေက တိုက်ပွဲကို ရပ်တန့်ပေးကြဖို့ပါ။ ဒါ့အပြင် IDPs စခန်းတွေကို လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ ရရှိဖို့ အတားအဆီးတွေကို ဖယ်ရှားပေးဖို့ပါ။ ဒါက အရပ်သားတွေကို ကာကွယ်ပေးရုံသာမက အများပြည်သူကြားမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အယုံအကြည် ရှိလာစေမှာပါ။

ဒါက စိန်ခေါ်မှုတစ်ရပ်ပါ။ တိုက်ပွဲတွေ မြင့်တက်နေတာက ဘာအတွက်မှ မကောင်းပါဘူး။ ကျွန်တော်တို့မှာ စိုးရိမ်မှုတွေ ရှိနေပါတယ်။ တိုက်ပွဲတွေ ရပ်တန့်လိမ့်မယ်လို့ မျှော်လင့်ကြောင်းကိုလည်း ပြောထားပြီးသားပါ။

အရေးယူ ပိတ်ဆို့မှုတွေကို ဖယ်ရှားလိုက်ကြောင်း ကြေညာအပြီးမှာ ခင်ဗျားပြောခဲ့တာက အမေရိကန်အစိုးရဟာ လူ့အခွင့်အရေးကိစ္စရပ်အတွက် ဆက်လက်တွန်းအားပေး ပြောဆိုသွားမယ်လို့ ပြောခဲ့ပါတယ်။ ခင်ဗျား တွေ့ဆုံပြောကြားခဲ့တဲ့ မြန်မာအစိုးရအရာရှိတွေက တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ခင်ဗျားရဲ့ စိုးရိမ်မှုတွေကို လက်ခံရဲ့လား။

ကျွန်တော်တို့က ဒီကိုလာတာက ခင်ဗျား ဒါကိုလုပ်ရမယ်။ ဒါကို မလုပ်ရဘူးလို့ ပြောဖို့လာတာ မဟုတ်ပါဘူ။ မိတ်ဆွေ၊ မိတ်ဖက်တစ်ဦးအနေနဲ့ ဒီနိုင်ငံမှာ ဒီမိုကရေစီ အားကောင်းလာဖို့၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ဖို့ မြင်တွေ့ချင်တဲ့ မိတ်ဆွေအနေနဲ့ပါ။ ကျွန်တော်တို့က တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့လည်း စကားပြောပါတယ်။ အစိုးရနဲ့လည်း စကားပြောပါတယ်။ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့လည်း စကားပြောပါတယ်။ သူတို့ပြောတာတွေကို ဂရုတစိုက် နားထောင်ပါတယ်။ ကျွန်တော်တို့ရဲ့ အခန်းကဏ္ဍက အချက်အလက် မျှဝေပေးဖို့၊ စိုးရိမ်ဖွယ်ရာတွေကို အသိပေးဖို့ပါ။ အစိုးရလည်း အပါအဝင်ပေါ့။ ကျွန်တော်တို့ လေ့လာတွေ့ရှိတာ၊ တခြားသူတွေ တွေ့ရှိတာတွေကို ပြောပြဖို့ပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကောင်းမွန်စွာ ပြောဆိုနိုင်ခဲ့တယ်လို့ ထင်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတယ်ဆိုတဲ့ ယုံကြည်နိုင်ဖွယ်ရာ အစီရင်ခံစာတွေ ထွက်ပေါ်လာပါတယ်။ ဒါတွေက အောက်တိုဘာ ၉ ရက်နေ့မှာ နယ်ခြားစောင့်တပ်စခန်းကို တိုက်ခိုက်မှုအပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းတွေမှာ မတရားသဖြင့် သတ်ဖြတ်မှုတွေ၊ မုဒိမ်းကျင့်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ အစီရင်ခံစာတွေပါ။ ဒါတွေနဲ့ ပတ်သက်ပြီး အစိုးရကို ခင်ဗျားတို့က ဘာပြောခဲ့သေးလဲ။

နယ်ခြားစောင့်တပ်စခန်းမှာ တိုက်ခိုက်ခံရတာက လက်မခံနိုင်ဖွယ်ရာပါပဲ။ နယ်ခြားစောင့် အရာရှိတွေနဲ့ ရဲတွေ အသက်ဆုံးရှုံးခဲ့ရတဲ့အတွက် ကျွန်တော်တို့ စိတ်မကောင်းပါဘူး။ တိုက်ခိုက်သူတွေကို ရှာဖွေဖမ်းဆီးရမှာက အစိုးရအတွက် သင့်တော်တဲ့ လုပ်ရပ်ပါ။ ဒါနဲ့အတူ ဒေသတွင်းက အရပ်သားတွေရဲ့ လုံခြုံရေးကိုလည်း တာဝန်ယူဖို့ ကြိုးစားရမှာပါ။

စိန်ခေါ်မှုက ဒါကို လုပ်ဆောင်တဲ့ လုပ်ငန်းစဉ်ပါ။ ဒါကို လုပ်ဆောင်ရာမှာ တရားဥပဒေ စိုးမိုးမှုနဲ့အညီ လုပ်ဆောင်သင့်ပါတယ်။ အစိုးရနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဒါကို တရားဥပဒေနဲ့အညီ လုပ်ဆောင်ရမယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။

ကျွန်တော်တို့လည်း ရွာတွေကို မီးရှို့တာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေစတဲ့ စွပ်စွဲချက်တွေကို ကြားရပါတယ်။ ဒါကြောင့် ဒီလုပ်ငန်းစဉ်တွေမှာ ပွင့်လင်းမြင်သာမှု ရှိနိုင်ဖို့ အလွန်အရေးကြီးပါတယ်။ နိုင်ငံတကာက လေ့လာသူတွေက ထိုနေရာကို သွားရောက်လေ့လာ ကြည့်ရှုဖို့ အခွင့်အလမ်းတွေ ရရှိသင့်ပါတယ်။ အမှန်တကယ် အချက်အလက်တွေက ဘာတွေလဲဆိုတာ ဒီကနေ ထိုင်ကြည့်နေလို့ မရပါဘူး။

နိုင်ငံတကာအဖွဲ့အစည်းနဲ့ တခြားသူတွေက ဒီနေရာတွေကို သွားရောက်နိုင်ပြီး ဘာတွေ ဖြစ်ပျက်လဲဆိုတာ ကြည့်ရှုနိုင်လေ ကောင်းလေပါပဲ။

(ဤအင်တာဗျူးကို ပြုလုပ်အပြီး တစ်ပတ်အကြာတွင် အမေရိကန် သံအမတ်ကြီး မာစီရယ်လ်သည် အစိုးရက ကြီးကြပ်ပြီး စေလွှတ်သော ခရီးစဉ်အဖြစ် မောင်းတောမြို့သို့ ကုလသမဂ္ဂအရာရှိများနှင့်အတူ သွားရောက်ခွင့် ရရှိခဲ့သည်။ ထိုကိုယ်စားလှယ်အဖွဲ့ ပြန်ရောက်ရှိလာသောအခါ မောင်းတောမြို့နယ်သို့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ ပြန်လည် ထောက်ပံ့နိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ သို့သော် နိုင်ငံခြား သတင်းသမားများ သွားလာခွင့်ကိုမူ ကန့်သတ်ထားဆဲ ဖြစ်သည်။)

အမေရိကန်သံအမတ်ကြီးသည် အခြားသံတမန်များ၊ ကုလသမဂ္ဂတာဝန်ရှိသူများနှင့်အတူ ရခိုင်ပြည်နယ်သို့ သွားရောက်လေ့လာခဲ့ကြသည်။ ဓာတ်ပုံ-အေအက်ဖ်ပီ

အမေရိကန်သံအမတ်ကြီးသည် အခြားသံတမန်များ၊ ကုလသမဂ္ဂတာဝန်ရှိသူများနှင့်အတူ ရခိုင်ပြည်နယ်သို့ သွားရောက်လေ့လာခဲ့ကြသည်။ ဓာတ်ပုံ-အေအက်ဖ်ပီ

ရခိုင်ပြည်နယ်က မွတ်စလင် အသိုင်းအဝိုင်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ အထိမခံတဲ့ ကိစ္စရပ်နဲ့ ပတ်သက်ပြီး ခင်ဗျား အံ့သြမိပါသလား။ ဧပြီလမှာ ခင်ဗျားကို သမ္မတဦးထင်ကျော်က သံအမတ်ကြီးအဖြစ် အတည်ပြုခဲ့ပြီး နောက်တစ်နေ့မှာပဲ ရန်ကုန်က အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြမှုတစ်ခု ဖြစ်ပေါ်ခဲ့တယ်။ ဒါက ရခိုင်ကမ်းလွန်မှာ လှေစီးပြီး ဒုက္ခရောက်ခဲ့တဲ့ မွတ်စလင်တွေကို ရိုဟင်ဂျာတွေအဖြစ် အမေရိကန်သံရုံးက ခေါ်ဝေါ်သုံးနှုန်းခဲ့တာနဲ့ ပတ်သက်ပြီး ဆန္ဒပြခဲ့ကြတာပါ။

ဒါက သမိုင်းကြောင်းတွေ အများကြီး ရှိခဲ့တဲ့ ကိစ္စရပ်ပါ။ နောက်ကွယ်မှာ ပြင်းထန်တဲ့ စိတ်ခံစားချက်တွေလည်း ရှိနေပါတယ်။ လူမှုအဖွဲ့အစည်းတွေကြား ဆက်ဆံရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်ရေးတွေကို လုပ်ဆောင်နေတဲ့ ကျွန်တော်တို့အားလုံးအတွက် ဒါက အထူးဂရုစိုက်ရမယ့် ကိစ္စရပ်ပါ။ ဒါက နိုင်ငံအတွက်လည်း စိန်ခေါ်မှု တစ်ရပ်ပါ။

လူမှုအဖွဲ့အစည်းတွေကြား ဆက်ဆံရေးနဲ့ ပတ်သက်ပြီး စိန်ခေါ်မှုတွေ ရှိနေတာ မြန်မာတစ်နိုင်ငံထဲ မဟုတ်ပါဘူး။ တစ်နေရာမှာ တစ်မျိုးစီ ဖြစ်နေတာပါ။ ဒါက အစိုးရရဲ့ မူဝါဒတစ်ခုထဲကြောင့်လည်း မဟုတ်ပါဘူး။ လူအများမှာ ရှိနေတဲ့ စိတ်ခံစားချက်တွေနဲ့ သက်ဆိုင်တာပါ။ ဟုတ်ပါတယ်။ ခင်ဗျားပြောသလိုဘဲ အထိမခံတဲ့ ကိစ္စရပ်ပါ။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့ အောင်မြင်မှုနဲ့ ပတ်သက်ပြီး တအံ့တသြ ဖြစ်နေကြရတဲ့သူတွေ ရှိကြပါတယ်။ အမေရိကန်နဲ့ မြန်မာရဲ့ ဆက်ဆံရေးမှာလည်း အကောင်းဘက် ပြောင်းလဲမှုတွေ အများကြီး ရှိခဲ့ပါတယ်။ လာမယ့် သုံးနှစ် ခင်ဗျားရဲ့ သံအမတ်သက်တမ်း ကုန်ဆုံးချိန်မှာ ဒီဆက်ဆံရေးကို ဘယ်အခြေအနေအထိ ရောက်စေချင်ပါသလဲ။

ကျွန်တော် ပြောပြီးတာပဲ ပြန်ပြောရမှာဘဲ။ ကျွန်တော်တို့ရဲ့ ချဉ်းကပ်မှုက မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိပြီး ငြိမ်းချမ်းရေးရရှိအောင် တွန်အားပေးဖို့ပါ။ မြန်မာနိုင်ငံနဲ့ စီးပွားရေးဆက်ဆံရေး တိုးမြှင့်ဖို့လည်း ပါဝင်ပါတယ်။ ဒီနယ်ပယ်တွေမှာ မြန်မာနိုင်ငံရဲ့ အောင်မြင်မှုကြောင့် ကျွန်တော်တို့ဟာ မြန်မာနိုင်ငံနဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးမျိုးကို ထားရှိလာနိုင်ပါတယ်။

ကျွန်တော်ရဲ့ မျှော်လင့်ချက်ကတော့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ရရှိအောင်၊ ဒီမိုကရေစီ အားကောင်းလာအောင်၊ ထိရောက်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်ဆောင်နိုင်အောင်၊ ဖွံ့ဖြိုးတိုးတက်လာအောင် မျှော်လင့်ပါတယ်။ မြန်မာ-အမေရိကန် ဆက်ဆံရေးလည်း ပိုမို အားကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။ အစိုးရအချင်းချင်း ဆက်ဆံရေးအပြင် စီးပွားရေး၊ ပညာရေး၊ အဖွဲ့အစည်းများကြား ဆက်ဆံရေး ပိုမိုအားကောင်းလာဖို့လည်း မျှော်လင့်ပါတယ်။

အမေရိကန်နဲ့ မြန်မာနိုင်ငံတို့ကို မိတ်ဖက်အဖြစ် ပြီးခဲ့တဲ့ သြဂုတ်လက သမ္မတအိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က ကြေညာခဲ့တာ ထူးခြားတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ဟာ မိတ်ဖက်အဖြစ် တည်ရှိနေတယ်ဆိုတာ ဒါက ပြသပေးနေပါတယ်။။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရဲ့ တိုးတက်မှုကို အထောက်အကူ ဖြစ်စေမယ့် နည်းလမ်းနဲ့ ဆက်ဆံရေးကို တည်ဆောက်သွားမယ်ဆိုတာကို ပြသပေးနေပါတယ်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.