“ပြီးခဲ့တဲ့အစိုးရတွေက ဥပဒေမဲ့ သုံးစွဲခဲ့တဲ့အရာတွေဟာ မကွေးတိုင်းတင်မကနိုင်ပါဘူး”

မကွေးတိုင်းဒေသကြီးအစိုးရ အကူူးအပြောင်းမှာ ကျပ် ၇ ဒသမ ၄၅၉ ဘီလျံ စာရင်းပျောက်နေခဲ့တဲ့အတွက် ပြည်ထောင်စုအဆင့် စုံစမ်းစစ်ဆေးမှုတွေကို လပေါင်းများစွာပြုလုပ်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ဒီငွေတွေဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွက် အလှူငွေနဲ့ ရွှေသုခ အသေးစားငွေချေးလုပ်ငန်းစတဲ့ အသင်းအဖွဲ့တွေဆီကို နည်းမျိုးစုံနဲ့ ရောက်သွားခဲ့တယ်လို့ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာတွေက ဖော်ပြကြပါတယ်။

ဒီငွေတွေကိုပြန်ပေးဖို့ ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေအပါအဝင် ပါဝင်ပတ်သက်သူတွေထံကို အစိုးရက အကြောင်းကြားခဲ့ပါတယ်။

မကွေးတိုင်းဒေသကြီးက ရေနံလုပ်ငန်းရှင်တွေဆီကရခဲ့တဲ့ အဲဒီစာရင်းပျောက်ဆုံးငွေတွေကို အရစ်ကျပြန်ပေးမယ်လို့ ဝန်ကြီးချုပ်ဟောင်းဦးဘုန်းမော်ရွှေက မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုထံကို ဧပြီ ၂၇ ရက်နေ့က စာပေးပို့ပြီး ကမ်းလှမ်းခဲ့ပါတယ်။

အစိုးရအကူးအပြောင်းနဲ့ မကွေးက ကျပ် ခုနစ်ဘီလျံ အရှုပ်တော်ပုံအကြောင်းနဲ့ပတ်သက်ပြီး  တိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရအဖွဲ့က တာဝန်ရှိသူလည်းဖြစ်၊ မကွေးတိုင်းဒေသကြီးရဲ  အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးလည်းဖြစ်တဲ့ ဦးနေမျိုးကျော်ကို Frontier သတင်းထောက် ထွန်းခိုင်က ဧပြီ ၂၈ ရက်နေ့မှာ သီးသန့်တွေ့ဆုံ မေးမြန်းခွင့်ရခဲ့ပါတယ်။

သူတို့ဘက်က အရစ်ကျနဲ့ပြန်ပေးမယ်လို့ ကမ်းလှမ်းမှုအပေါ် အစိုးရအဖွဲ့ဘက်က သဘောထား ဘယ်လိုရှိပါသလဲ။

ဒါကတော့ ဝန်ကြီးချုပ်ခရီးသွားနေတဲ့အချိန်ဖြစ်တဲ့အတွက် ဝန်ကြီးချုပ်ပြန်လာရင် အစိုးရကတ်ဘိနက်မှာ ဆုံးဖြတ်မှာဖြစ်ပါတယ်။ ဒါကတော့ ဝန်ကြီးချုပ်ရဲ့ ဦးဆောင်စီမံခန့်ခွဲမှုအောက်မှာ ဆောင်ရွက်မှာဖြစ်တဲ့အတွက် အစိုးရအဖွဲ့ ဝန်ကြီးတစ်ဦးအနေနဲ့ ဘယ်လိုလုပ်မယ်ဆိုတဲ့အပိုင်းကိုတော့ မဖြေနိုင်ပါဘူး။ ကျွန်တော့အနေနဲ့ ကျွန်တော့ တာဝန်ပိုင်းအရ ပြောရတာဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်းဘက်က ပြန်တဲ့စာကို တချို့က ဖတ်ရတော့၊ Facebook မှာ ဖတ်ပြီး မှတ်ချက်ပေးတယ်ပေါ့လေ။ ပြန်ပေးရင်ကော ပြီးပြီလားဆိုတဲ့ သဘောမျိုးပေါ့လေ။ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ကရော ဘယ်လောက် အတိုင်းအတာအထိများ ဒီကိစ္စကို ပတ်သက်ပြီး ဆုံးဖြတ်ခွင့်လုပ်ပိုင်ခွင့်ရှိပါသလဲ။

ကျွန်တော့အနေနဲ့ နှစ်ပိုင်းဖြေပါ့မယ်။ နံပါတ်တစ်အပိုင်းက ကျွန်တော်တို့ဟာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဖြစ်ပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့ဟာ ၇ ဒသမ ၄၅၉ ဘီလျံ ပျောက်ဆုံးမှုနဲ့ ပတ်သတ်ပြီး ပြည်ထောင်စုအစိုးရနဲ့ စုံစမ်းစစ်ဆေးမှု စတင်ဆောင်ရွက်စဉ်ကတည်းက တာဝန်ပိုင်းအရ ကူညီခဲ့ရတာတွေ၊ စာရင်းဇယားကိန်းဂဏန်းတွေနဲ့ ပတ်သက်လို့၊ စီမံခန့်ခွဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ ကူညီခဲ့ပြီး အခုစုံစမ်းစစ်ဆေးမှုမှာ ပြည်ထောင်စုအဆင့်ကသာ ဦးဆောင်စစ်ဆေးလို့ ၇ ဒသမ ၄၅၉ ဘီလျံ စာရင်းဇယား၊ ကိန်းဂဏန်း ပေါ်ပေါက်တယ်။ ဒါတွေကို ကျွန်တော်တို့ အစိုးရသစ်ကို လွှဲပြောင်းပေးအပ်ခဲ့ခြင်း မရှိဘူးဆိုတာ ပေါ်ပေါက်ခဲ့တယ်။ ပြည်ထောင်စုအစိုးရကပဲ နိုင်ငံတော်သမ္မတရုံးက တာဝန်ခံပြီးတော့မှ ကျွန်တော်တို့ကို ပြီးခဲ့တဲ့ ဧပြီ ၈ ရက်နေ့ ရက်စွဲနဲ့ ညွှန်ကြားချက် ကျွန်တော်တို့ကို ပေးခဲ့တယ်။ ဒီညွှန်ကြားချက်ကို ဆောင်ရွက်ဖို့က ကျွန်တော်တို့တာဝန် ဖြစ်ပါတယ်။

ပြည်သူတွေက၊ ဒီကိစ္စနဲ့ပတ်သက်လို့ စောင့်ကြည့်နေသူတွေက ညွှန်ကြားချက်ပါ ပြန်လည်တောင်းခံ လွဲပြောင်းရမယ့် အရာတွေကို ပေးရင် ပြီးသွားပြီလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာတာ ကျွန်တော်တို့ ကြားရပါတယ်။ ကျွန်တော့အနေနဲ့ ဒါနဲ့ ပတ်သက်ပြီး ပြောချင်တဲ့အချက်ကတော့ အခုဖြစ်ခဲ့တဲ့ဖြစ်စဉ်မှာ နိုင်ငံတော်ဘဏ္ဍာငွေ၊ ပြည်သူက ပေးဆောင်ခဲ့တဲ့ အခွန်ဘဏ္ဍာငွေကို အခုလိုမျိုး သုံးစွဲခဲ့မှုဟာ ဥပဒေမှာ ခွင့်လွှတ်နိုင်သလားဆိုတာ ဥပဒေရဲ့ ကောက်နှုတ်ချက်မှာကြည့်ရင် သိနိုင်ပါလိမ့်မယ်။

ဥပဒေရှုထောင့်ကနေ သုံးသပ်ရမယ့်အပိုင်းကို ဥပဒေပညာရှင်တွေဆက်ပြီးတော့ ပြောပါလိမ့်မယ်။ ဒီလိုဖြစ်စဉ်မျိုးဟာ ကျင့်ဝတ်ပိုင်းအရကော၊ ဥပဒေမှာ ဖော်ပြထားတဲ့ မှတ်ချက်ပြုမှုအရကော၊ ဘယ်လိုအပြစ်ဖြစ်တယ်၊ ဘယ်လိုပြစ်မှု မြောက်တယ်ဆိုတာ ဥပဒေပညာရှင်တွေက ဆက်ပြောပါလိမ့်မယ်။

ဒီသတင်းတွေထွက်တော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တုံ့ပြန်တာရှိပါတယ်။ သူတို့ရဲ့ အင်တာနက် စာမျက်နှာမှာလဲ တင်ထားပါတယ်။ ဒါကနိုင်ငံရေးအရ တိုက်ခိုက်မှုလို့ တုံ့ပြန်တယ်။ ဒါဟာ နိုင်ငံရေးအရ တိုက်ခိုက်မှုလို့ ပြောတာကို ဘယ်လိုများ တုံ့ပြန်ချင်လဲ။

(ဧပြီလဆန်းပိုင်းတုန်းက DVB Debate အစီအစဉ်မှာ) ကျွန်တော်ပြောခဲ့တဲ့အထဲမှာ ပါပါတယ်။ ကျွန်တော်တို့ ၇ ဒသမ ၄၅၉ ဘီလျံ ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ အစိုးရအဖွဲ့ဟာ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ အတူ ပူးပေါင်းကူညီခဲ့တဲ့ ဒီလုပ်ငန်းတစ်ရပ်လုံးဟာ လူပုဂ္ဂိုလ်ပေါ်မှာ မုန်းတီးမှုကြောင့် ဆောင်ရွက်ခဲ့တာမဟုတ်ဘူး။ အဖွဲ့အစည်းတစ်ခုပေါ်မှာ မုန်းတီးမှုနဲ့၊ အာဃာတနဲ့ ဆောင်ရွက်ခဲ့တာမဟုတ်ဘူး။

ဒီငွေတွေဟာ ဦးဘုန်းမော်ရွှေပိုင် ပိုက်ဆံမဟုတ်ဘူး။ ဒီငွေတွေဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပိုက်ဆံတွေ မဟုတ်ဘူး။ ရေနံလက်ယက်တွင်းတိမ် လုပ်ငန်းရှင်တွေက တရားဝင်ဘဏ္ဍာအဖြစ် ပေးသွင်းထားတဲ့ ငွေတွေဖြစ်တဲ့အတွက်၊ ပြည်သူပိုင် ဘဏ္ဍာငွေတွေဖြစ်တဲ့အတွက် ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ်က ပြည်သူပိုင်ဘဏ္ဍာငွေတွေ အလွဲသုံးစားဖြစ်မှု၊ သို့မဟုတ်ရင် ဥပဒေမဲ့သုံးမှုတွေများ ပေါ်ပေါက်ခဲ့ရင် ပြည်သူ့အစိုးရအနေနဲ့ ဒါကိုပြန်ရအောင် ဆောင်ရွက်ရမယ်ဆိုတာကို တရားဝင်ပြောပြီးဖြစ်တဲ့အတွက် ကျွန်တော်တို့ဘက်ကတော့ ပြည်သူ့အစိုးရတစ်ရပ်အနေနဲ့ ပြည်သူပိုင်ဘဏ္ဍာငွေကို ပြန်လည်ရရှိဖို့ တာဝန်အရဆောင်ရွက်တယ်။

တရားဥပဒေစိုးမိုးရေး စံနမူနာဖြစ်ဖို့အတွက် ဆောင်ရွက်တယ်လို့ ကျွန်တော်တို့ ပြောချင်ပါတယ်။ နောက်ထပ် ပြောချင်တဲ့အချက်တစ်ခုက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို တိုက်ခိုက်တယ်ပြောတဲ့အချက်နဲ့ ပတ်သက်ပြီး ကျွန်တော် ငြင်းပါတယ်။

နောက်တစ်ခု ထပ်သိချင်ပါတယ်။ ဒီ ၇ ဒသမ ၄၅၉ ဘီလျံက ရံပုံငွေရဲ့အစိတ်အပိုင်းလား။ ရံပုံငွေတစ်ခုလုံးလား။

လူတွေသိချင်ဦးမယ့် နောက်ထပ်တစ်ချက်က ၇ ဒသမ ၄၅၉ ဘီလျံကို ရေနံလက်ယက် တွင်းတိမ်လုပ်ငန်းရှင်တွေဆီက ဝန်ဆောင်ခအဖြစ် ကောက်ခံရရှိထားတယ်။ လက်ရှိအစိုးရသစ်ကို လွဲပြောင်းပေးအပ်ခဲ့ခြင်း မရှိဘူး။ ၇ ဒသမ ၄၅၉ ဘီလျံကို ပြန်ရအောင်လုပ်ရမယ်ဆိုတဲ့နေရာမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့က စုံစမ်းစစ်ဆေးမှုအရ ပေါ်ပေါက်မှုဟာ သုံးဘီလျံကျော်ပဲ ရှိတယ်။ လေးဘီလျံကျော် ကျန်ရှိနေပါသေးတယ်။

စုံစမ်းစစ်ဆေးမှုမှာ ကျန်ရှိနေတဲ့အချက်က အဲဒီ ကျန်ရှိတဲ့ လေးဘီလီယံကျော်ဟာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ထားတယ်လို့ စုံစမ်းစစ်ဆေးမှုအဖွဲ့ရဲ့ညွှန်ကြားချက်မှာ ပေါ်လွင်ပါတယ်။ နောက်ထပ် လုပ်ရဦးမယ့်အချက်က ကျန်ရှိနေသေးတဲ့ လေးဘီလျံဟာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်တယ်ဆိုရင် ခေါင်းစဉ်တွေကို သိအောင်လုပ်ဖို့ ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှာ တာဝန်ကျန်ပါသေးတယ်။

ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါဦး။

ကျွန်တော်တို့ အစိုးရသစ်အနေနဲ့ ၇ ဒသမ ၄၅၉ ဘီလျံ ပျောက်ဆုံးမှုမှာ ကြိုးပမ်းခဲ့တဲ့ ကာလတစ်ခုလုံး ပြည်သူတွေက ၇ ဒသမ ၄၅၉ ဘီလျံလို့ မူလကမသိဘူး။ ၂ ဒသမ ၈ ဘီလျံ ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး ဘယ်မှာရောက်နေတယ်။ လုပ်ငန်းစဉ်တွေ ပြီးသွားပြီလား၊ မပြီးသေးဘူးလားလို့ စောင့်ကြည့်နေတဲ့ ပြည်သူတွေရှိပါတယ်။ အခုတော့ ဒီကိစ္စကို တိတိလင်းလင်း ပေါ်ပေါက်သွားခဲ့ပြီ။

အစိုးရသစ်အနေနဲ့ လုပ်စရာရှိတာတွေကို ရဲရဲရင့်ရင့် လုပ်နေပါတယ်။ လုပ်တဲ့အလုပ်တွေမှာ ပြည်သူတွေအတွက် လုံလောက်တဲ့ ကုစားမှုတွေ တစ်နှစ်တာအတွင်းမှာ လုပ်ဆောင်ခဲ့မှုဟာ လုံလောက်ချင်မှ လုံလောက်ပါလိမ့်မယ်။ သို့သော်လည်းပဲ အခု ၇ ဒသမ ၄၅၉ ဘီလျံ ပျောက်ဆုံးမှုကို ပြန်လည်ဖော်ထုတ်တဲ့နေရာမှာ အစိုးရဟာ ပြတ်ပြတ်သားသား လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ခဲ့သလို ဆက်လုပ်သွားတဲ့အခါမှာ ပြည်သူတွေကလည်း ပူးပေါင်းပါဆိုတာကို အဓိကပြောချင်ပါတယ်။

နောက်ထပ်တစ်ချက်ကတော့ မကွေးတိုင်းမှာ ၇ ဒသမ ၄၅၉ ဘီလျံ ပျောက်ဆုံးမှုသတင်းပေါ်မှာ အခြေခံပြီးတော့ ပြီးခဲ့တဲ့အစိုးရတွေက တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲနဲ့ ဥပဒေမဲ့ သုံးစွဲခဲ့တဲ့အရာတွေဟာ မကွေးတိုင်းတင်မကနိုင်ပါဘူးလို့ နိုင်ငံသားတယောက်အနေနဲ့ မြင်ပါတယ်။

ဒီလို မတရားမှုတွေရှိခဲ့တဲ့နေရာမှာ ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရက အခုလို ဖော်ထုတ်ခဲ့တဲ့နေရာမှာ ရပ်တည်ခဲ့တဲ့ စိတ်နေစိတ်ထားမျိုးအတိုင်း လူပုဂ္ဂိုလ်မုန်းတီးလို့ မဟုတ်ဘူး၊ အာဃာတရှိလို့ မဟုတ်ဘူး။ ပြည်သူ့ဘဏ္ဍာငွေတွေ အဟောသိကံ ဖြစ်ခဲ့ရတဲ့၊ ပျောက်ဆုံးခဲ့ရတဲ့၊ အလွဲသုံးစားလုပ်ခဲ့မှုတွေကို ပြန်လည်ဖော်ထုတ်တယ်ဆိုတာ နောက်ကြောင်းပြန်တာ မဟုတ်ဘူးဆိုတာ ပြောချင်ပါတယ်။

ဒါဟာ အစိုးရသစ်တရပ်အနေနဲ့ ရှိခဲ့တဲ့ပြဿနာအဟောင်းတွေထဲမှာ ပြည်သူ့ဘဏ္ဍာငွေတွေကို စည်းမဲ့ကမ်းမဲ့ သုံးစွဲခဲ့မှုတွေကို ပြည်လည်ဖော်ထုတ်ခြင်းဟာ နောက်ကြောင်းပြန်တဲ့အလုပ် မဟုတ်ဘူး။ အမုန်းအာဃာတပေါ်မှာ လုပ်တဲ့အလုပ် မဟုတ်ဘူး။ ဒါဟာဒီမိုကရေစီအစိုးရဟာ ကာလရှည်ကြာစွာ နစ်နာခဲ့မှုအပေါင်း ဖြစ်ခဲ့တဲ့တိုင်းပြည် တစ်ပြည်မှာ တရားမျှတမှု ပြန်လိုချင်လို့ လုပ်တဲ့လုပ်ဆောင်ချက် ဖြစ်တယ်။

ဒီဥပမာကို ယူပြီးတော့ ကျွန်တော်တို့ ပြည်သူတွေ နိုးနိုးကြားကြား၊ ထထကြွကြွနဲ့ လုပ်သင့်လုပ်ထိုက်တာကို ရဲရဲရင့်ရင့်လုပ်ပါလို့ တိုက်တွန်းချင်ပါတယ်။

ခေါင်းစီးဓာတ်ပုံ- ဦးနေမျိုးကျော်က ၎င်း၏ ရုံးခန်းတွင် Frontier သတင်းထောက်ကို လက်ခံ တွေ့ဆုံပြီး မေးခွန်းများအား ပြန်လည်ဖြေကြားနေစဉ်။ ဓာတ်ပုံ- သိမ့်မွန်စိုး (J)

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.