“ဒုက္ခသည်တွေ ပြန်ပို့တာကို အပူတပြင်းနဲ့ အချိန်မတိုင်မီ လုပ်တာမဟုတ်ဖို့ အရေးကြီးပါတယ်”

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလကတည်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့သည့် ဒုက္ခသည်များ ပြန်ပို့ရေး စတင်ရန်အတွက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့မှ အရာရှိများသည် ဇန်နဝါရီ ၁၆ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် အစည်းအဝေးတွင် သဘောတူညီခဲ့ကြသည်။

ဒုက္ခသည်များ ပြန်ပို့ရေးလုပ်ငန်းစဉ်ကို ၎င်းတို့အနေဖြင့် နှစ်နှစ်အတွင်း အပြီးဆောင်ရွက်ရန် စီစဉ်ထားသည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။ သို့သော်လည်း ရခိုင်ပြည်နယ်ရှိ မြေပြင်အခြေအနေမှာ ပြန်လာရန် သင့်တော်သည့် အနေအထားမျိုး မဟုတ်ဘဲ အဓိကအားဖြင့် မူစလင်ကျေးရွာများမှာ အကြီးအကျယ် ပျက်စီးနေခြင်း၊ ဥပဒေစိုးမိုးမှုမရှိခြင်းနှင့် ဒုက္ခသည်များ အန္တရာယ်ကင်းရှင်းရေးအတွက် စိုးရိမ်စရာများ ရှိနေသည်ဟု ဝေဖန်သူများက စောဒကတက်နေကြသည်။

သဘောတူညီချက်ကို ကြေညာပြီးနောက် Frontier မှ အိုလီဗာ ဆလိုးက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်ကြီးရုံး (UNHCR) ၏ အာရှဒေသ ပြောခွင့်ရပုဂ္ဂိုလ် မစ္စဗီဗီယန်တန်ကို ဆက်သွယ်ခဲ့ပြီး ဒုက္ခသည်များ ပြန်ပို့ရေးလုပ်ငန်းစဉ်၊ ဘင်္ဂလားဒေ့ရှ်ရှိ စခန်းများတွင် ကျန်းမာရေးနှင့် အန္တရာယ်ကင်းရှင်းရေး ကိစ္စရပ်များတွင် UNHCR ပါဝင်နိုင်သည့် အခန်းကဏ္ဍအပြင် သဘောတူညီချက်အား နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီစေရန် လိုအပ်ချက်များနှင့် ပတ်သက်ပြီး မေးမြန်းခဲ့သည်။

Ms Vivian Tan, UNHCR Asia spokesperson. (Supplied)

Ms Vivian Tan, UNHCR Asia spokesperson. (Supplied)

ယနေ့အထိ ဒုက္ခသည်ပြန်ပို့ရေး လုပ်ငန်းစဉ်မှာ UNHCR ပါဝင်နေပြီလား၊ အနာဂါတ်မှာ ဘယ်ကဏ္ဍကနေ ပါဝင်နိုင်ပါသလဲ။

ဒီအေဂျင်စီက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကြားက နှစ်ဖက်အစီအစဉ်မှာ မပါဝင်ပါဘူး။ ကျွန်မတို့က ပူးတွဲလုပ်ငန်းအဖွဲ့နဲ့ ညိနှိုင်းပြီး နိုင်ငံတကာစံနှုန်းတွေနဲ့အညီ အစီအစဉ်ရဲ့ ဖြစ်နိုင်ခြေရှိတာတွေကို အကောင်အထည်ဖော်ရာမှာ အပြုသဘောဆောင်တဲ့ကဏ္ဍကနေ ဝင်ရောက်ဆောင်ရွက်ဖို့ အသင့်ပါဘဲ။

ပြန်လာဖို့ ဆုံးဖြတ်ချက်ကိုတော့ ဒုက္ခသည်တွေကိုယ်တိုင်ပဲ ချရမှာ ဖြစ်ပါတယ်။ နောက်ပြီး ဒုက္ခသည်တွေရဲ့ အန္တရာယ်ကင်းရှင်းမှုနဲ့ ဂုဏ်သိက္ခာရှိမှုကို အာမခံနိုင်မှသာ ပြန်ပို့သင့်ပါတယ်။

ကျွန်မတို့ နည်းပညာအကူအညီပေးနိုင်တဲ့အကြောင်း အစိုးရနှစ်ရပ်စလုံးကို UNHCR က ပြောထားပါတယ်။ ဒီအထဲမှာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေ မှတ်ပုံတင်တာနဲ့ ပြန်တဲ့အခါ သူတို့ ဆန္ဒရှိတဲ့အတိုင်း ဆုံးဖြတ်နိုင်ဖို့တွေ ပါဝင်ပါတယ်။ ပြန်လာတဲ့လုပ်ငန်းစဉ်မှာ ကျွန်မတို့ရဲ့ပါဝင်မှုနဲ့ မြန်မာနိုင်ငံက ပြန်လာတဲ့ နေရာတွေကို ကျွန်မတို့ အပြည့်အဝ ဝင်ရောက်ခွင့်ရခြင်းက ဒုက္ခသည်တွေအပါအဝင် ပါဝင်ပတ်သက်သူတွေအားလုံးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ အထောက်အကူ ဖြစ်နိုင်ပါတယ်။

သဘောတူညီချက်အပေါ် ခင်ဗျားရဲ့ နားလည်မှုအရ အဲဒါက နိုင်ငံတကာစံနှုန်းတွေနဲ့ ကိုက်ညီမှုရှိပါသလား။

ဇန်နဝါရီလလယ်လောက်က လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်ကို ကျွန်မတို့ မမြင်ရသေးပါဘူး။ ယေဘုယျအားဖြင့်တော့ ဘယ်လိုပြန်လာမှုမျိုးမဆို ဆန္ဒအလျောက် ဖြစ်ရမှာဖြစ်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်အပေါ် အခြေပြုတယ်ဆိုရင် ကျွန်မတို့က ထောက်ခံပါတယ်။ ဒုက္ခသည်တွေရဲ့အမြင်တွေကို နားထောင်ဖို့နဲ့ ဘင်္ဂလားဒေ့ရှ်မှာ ရှိစဉ်ရော၊ မြန်မာနိုင်ငံကို အပြန်မှာပါ သူတို့ကို အကာအကွယ်ပေးရေးက အရေးကြီးဆုံးပါ။

မြန်မာနိုင်ငံပြန်ရေးနဲ့ပတ်သက်လို့ စိုးရိမ်တဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်အများအပြားက ထုတ်ဖော် ပြောဆိုကြပါတယ်။ သူတို့အန္တရာယ်ကင်းစေဖို့ သဘောတူညီချက်မှာ ဘယ်လိုအရေးယူ ဆောင်ရွက်မှုတွေ လိုအပ်ပါသလဲ။

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးကြတဲ့ ဒုက္ခသည်အများအပြားဟာ အကြမ်းဖက်မှုနဲ့ စိတ်ဒဏ်ရာတွေ ခံစားနေရပါတယ်။ တချို့က သူတို့ချစ်သူတွေ ဆုံးရှုံးပြီး၊ တချို့ကတော့ သူတို့အိမ်တွေ ဖျက်ဆီးခံရပါတယ်။ လူ့အသိုင်းအဝိုင်းနှစ်ခုကြားက နက်ရှိုင်းတဲ့ ကွဲလွဲမှုကို မဖြေရှင်းနိုင်သေးပါဘူး။ လူသားချင်းစာနာမှုအရ ဝင်ရောက်ခွင့်ကလည်း မလုံလောက်သေးပါဘူး။

သူတို့အိမ်ပြန်ရင် အန္တရာယ်ကင်းဖို့နဲ့ အကာအကွယ်ပေးဖို့ အာမခံချက် လိုအပ်သလို သူတို့ရဲ့ တရားဝင် အဆင့်အတန်းနဲ့ နိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်တဲ့ ပြဿနာတွေ ဖြေရှင်းပေးဖို့လိုတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ ဒုက္ခသည်တွေရဲ့ သဘောတူညီချက်မပါဘဲ၊ ဒါမှမဟုတ် ကြာရှည်ခံမဲ့ ဖြေရှင်းချက်တွေအတွက် အခြေခံလိုအပ်ချက်တွေ မပြည့်စုံဘဲ ဒုက္ခသည်တွေ ပြန်လာရေးဟာ အပူတပြင်းလုပ်ဖို့ မလိုသလို၊ အချိန်မတိုင်ခင် မလုပ်ဖို့လည်း အလွန်အရေးကြီးပါတယ်။

မြန်မာဟာ ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အသိအမှတ်ပြုထားတဲ့အကြောင်းလည်း UNHCR က သတိပြုမိပါတယ်။ အကြံပြုထားတဲ့ အရေးယူဆောင်ရွက်စရာတွေကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဖို့ ကျွန်မတို့ တိုက်တွန်းပါတယ်။ အရေးယူဆောင်ရွက်စရာတွေထဲမှာ ရခိုင်ပြည်နယ်က လူ့အသိုင်းအဝိုင်းအားလုံးအတွက် ငြိမ်းချမ်းရေးနဲ့ လုံခြုံမှုရှိရေး၊ လူ့အသိုင်းအဝိုင်းများကြား သဘောကွဲလွဲမှုလျှော့ချရေးနဲ့ မူစလင်လူ့အဖွဲ့အစည်းတွေရဲ့ နိုင်ငံသားဖြစ်မှု အဆင့်အတန်းအတွက် ဖြေရှင်းချက်တွေ ပါဝင်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာရော အခြေအနေဘယ်လိုရှိပါသလဲ။ အဲဒီမှာ ကြီးမားတဲ့ ကျန်းမာရေးပြဿနာတွေ ရှိပါသလား။

ဒုက္ခသည်တွေ ဝင်ရောက်မှုကြောင့် ကူတူပါလောင်ကို ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းအဖြစ် မကြာသေးမီကမှ ချဲ့ထွင်လိုက်ပါတယ်။

လအနည်းငယ်အတွင်း ဒုက္ခသည် ၆၅၅,၀၀၀ လောက်ရောက်လာတော့ ကမ္ဘာ့ဘယ်နေရာကမဆို အကူအညီပေးဖို့ ကြိုးပမ်းမှုတွေ လုံလောက်အောင် လုပ်ပေးဖို့မလွယ်ကူပါဘူး။ UNHCR လို လူသားချင်းစာနာမှု အကူအညီပေးရေး အေဂျင်စီတွေဟာ ဒုက္ခသည်တွေ အကူအညီရရှိရေး၊ အကာအကွယ်ရရေးအတွက် ၂၄ နာရီ အလုပ်လုပ်နေပါတယ်။ ဒါပေမဲ့ အခြေအနေတွေက အရမ်းခက်ခဲနေတယ်ဆိုတာကိုတော့ ငြင်းစရာမရှိပါဘူး။ မြေနေရာ အကန့်အသတ် ရှိတာရယ် တောင်ကုန်းပေါတဲ့နေရာ ဖြစ်နေတာကြောင့် ဒုက္ခသည်တွေ ပြည့်သိပ်နေတဲ့ အနေအထားနဲ့ နေထိုင်ကြရပါတယ်။ ဒါ့ကြောင့် တခြားစိန်ခေါ်မှုတွေအပြင် ရောဂါဘယဖြစ်ပွားမှုနဲ့ လူမှုရေးပြဿနာတွေ ဖြစ်ပွားမှု အန္တရာယ်ကလည်း မြင့်မားပါတယ်။

အကူအညီပေးရေးလုပ်သားတွေက ကာကွယ်ဆေးထိုးမှုတွေတော့ ဆောင်ရွက်ပေးထားပါတယ်။ လောလောဆယ် ဆုံဆို့နာဖြစ်ပွားမှုကို ကိုင်တွယ်နေပါတယ်။ မကြာသေးခင်က ဒုက္ခသည်တွေနဲ့ တိုင်ပင်ဆွေးနွေးမှုအရ သူတို့က စိုးရိမ်စရာ အများအပြားရှိတဲ့အကြောင်း ဖွင့်ဟကြပါတယ်။ ဒီလိုစိုးရိမ်စရာတွေထဲမှာ အမိုးအကာတွေ အားနည်းပြီး အလင်းရောင် မရှိတဲ့အတွက် ညဘက်မှာ မလုံခြုံသလို ခံစားရတာတွေ၊ အိမ်သာတက်ဖို့ အကြာကြီး တန်းစီရတာတွေ၊ နောက်ပြီး အမျိုးသမီးတွေအတွက် သီးသန့်ရေချိုးတဲ့နေရာ မရှိတာတွေ ပါဝင်ပါတယ်။

ပြီးတော့ ကလေးတွေကျောင်းတက်ဖို့နဲ့ သတ်ဖြတ်မှုကို ကိုယ်တွေ့ကြုံရသူတွေ၊ နှိပ်စက်ခံရသူတွေနဲ့ မုဒိမ်းကျင့် ခံရသူတွေအတွက် စိတ်ကျန်းမာရေးဆိုင်ရာ အထောက်အကူရဖို့လည်း ဒုက္ခသည်တွေက အဓိကထားပြီး ပြောကြပါတယ်။ ဒီလိုအပ်ချက်တွေကို တတ်နိုင်သမျှ မြန်မြန်ဆန်ဆန်နဲ့ ကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ်ဖို့ UNHCR က ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ၊ ကျွန်မတို့ရဲ့ မိတ်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။

ရခိုင်ပြည်နယ်ထဲကို လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းတွေ ဝင်ရောက်နိုင်မှု အခြေအနေက ဘယ်လိုရှိပါသလဲ။ အထူးသဖြင့် မြောက်ပိုင်းကိုပေါ့။

အေဂျင်စီအနည်းငယ်ကတော့ မောင်တောဧရိယာကို ဝင်ရောက်မှုအချို့ ပြန်လုပ်နေပေမဲ့ UNHCR ဝန်ထမ်းတွေကတော့ လောလောဆယ် မြို့ပြင်ကို ခရီးသွားလာခွင့် မရသေးပါဘူး။

အခြေအနေကို အကဲဖြတ်ဖို့နဲ့ ဒုက္ခသည်တွေရဲ့ မူလနေရာတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အထောက်အကူ ပေးနိုင်ဖို့ UNHCR နဲ့ ကျွန်မတို့ရဲ့ မိတ်ဖက်တွေကို အနှောက်အယှက်ကင်းကင်းနဲ့ အဆောတလျင် ဝင်ခွင့်ပေးဖို့ လိုအပ်နေပါတယ်။

အောင်ကျော်ဦး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ- ဘင်္ဂလားဒေရှ့်နိုင်ငံ၊ သက္ကလီဒုက္ခသည်စခန်းတွင် စားနပ်ရိက္ခာထုတ်ယူရန် စောင့်ဆိုင်းနေကြသည့် ဒုက္ခသည်များအား တွေ့ရစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.